အမှတ်တရရက်စွဲများ ၂
ဒီည ကျမ တယောက်တည်း လွမ်းနေတယ် ... ။ ကျမရဲ့ တဦးတည်းသော မောင်လေး နက်ဖြန် မင်္ဂလာ ဆောင် မှာလေ။ အိပ်မက်လိုပဲ .. ။ ကျမက မောင်တွေကို နှမျောပြီး ယောင်းမတွေကို ကြည့်မရတဲ့ အစ်မ အမျိုးအစား ထဲမှာ မပါပါဘူး ...။ ကျမ အဲဒီ အငယ်ကောင်ရဲ့ မင်္ဂလာပွဲမှာ ရှိနေချင်တာသက်သက်ပါ ... ။ သူလည်း ကျမကို သတိရနေမှာ သေချာတယ်...။ ကျမက သူ့ရဲ့ တဦးတည်းသော အစ်မဖြစ်သလို သူကလည်း ကျမရဲ့ တဦး တည်းသော မောင်လေးလေ။ ကျမတို့မြို့ လေးရဲ့ ဘုရားကျောင်း သေးသေးလေးမှာ “ဆင်းရဲသည်ဖြစ်စေ ... ချမ်းသာသည်ဖြစ်စေ ... နာသည်ဖြစ်စေ ... အိုသည်ဖြစ်စေ .. တယောက်ကိုတယောက် သေတပန်သက်တဆုံး ချစ်ခင်ပါမည်ဟု ကတိပြုပါသည်” လို့ ပြောနေမယ့် မောင်နှံကို ကျမ လွမ်းနေပါတယ် ... ။ စန္ဒယားသံ နဲ့ စည်းချက်ညီညီ လျှောက်လှမ်းလာမယ့် မောင်နှံရယ် ပန်းကျဲမယ့် ကလေးမလေးတွေရယ် ပရိသတ်ရယ်.... ဘုရားကျောင်းက ခေါင်းလောင်းသံရယ် ... ပျော်ရွှင်ပြီး ရှက်သွေးဖြာနေမယ့် သတို့ သမီးလေးရယ် ... ကျေးရွာမင်္ဂလာဆောင်လိုပဲ ... အဝကျွေးမယ့် ဒန်ပေါက် ထမင်းရယ် ... ။ အားလုံးကို ကျမ လွမ်းတယ်။ “ယနေ့မှစ၍ ကြင်သူနှစ်ဦးကို အဘဘုရား စောင့်ရှောက်ပါစေ” ဆိုတဲ့ ဓမ္မတေးက ပျံ့လွင့်နေဦးမှာ။ ကိုရဲရေ Endless Love သီချင်းကို ဒီကနေပဲ တိတ်တိတ်လေး မတူး တယောက်တည်း ဆိုပေးတော့မယ်ဟာ ...။
ကြင်နာသူနှစ်ဦး ဆုံနိုင်ရင်
ကျမအသက် ၆ နှစ်ပြည့်ပြီးချိန်မှ အဲဒီကောင်ကိုမွေးတာ။ ကျမမှတ်မိသလောက် အရင်က ကျမတို့ အိမ်မှာ လက်ဖက် အကြော်စုံ ရောင်းပါတယ်။ မေမေက လက်ဖက်တွေကို ဇောင်းလျားသီးနဲ့ သိပ်လို့ ချဉ်စပ်လက်ဖက်ရယ် ... အကြော်စုံရယ် .. နာမည်က ဖွားမိ လက်ဖက်အကြော်စုံတဲ့။ ကျမပါပါက ခဲ တံဆိပ် တုံးလေးလုပ်ပြီး လက်ဖက်အသားနဲ့ အကြော်ထုပ်လေးတွေမှာ ကပ်ပါတယ်။ တော်တော်လေး အောင်မြင်တယ် ဆိုပါတော့။
ဒါပေမယ့် အမေက ဗိုက်ကြီးလာတော့ အဲဒီအလုပ်ကို နားလိုက်တယ်။ ကျမက ၆ နှစ်သမီး ဥာဏ်လေးနဲ့ အမေ့ကို မေးတော့ အမေက “ကလေးလေးမွေးလာရင် အမေတို့ လုပ်နေတာတွေကို နှောင့်ယှက်မှာလေ။ ပြီးတော့ မြေပဲတွေ ပဲကြော်တွေကို နှိုက်စားရင် ဘယ်လိုလုပ်မလဲ” လို့ပြောတယ်။ အဲဒီမှာ ကျမရဲ့ ၆ နှစ်သမီး အတွေးထဲ မွေးလာမယ့်ကောင်က လက်ဖက်အကြော်တွေ နှိုက်စားမယ့် ကောင်ပဲ လို့ စွဲနေခဲ့ပါတယ်။
အဲဒီကောင်လေးရဲ့ မွေးနေ့က နိုဝင်ဘာ ၁၆ ရက်။ လာမယ့် တနင်္ဂနွေနေ့မှာ ဒီကောင့်အသက် ၃၁ နှစ် တင်းတင်းပြည့်ပြီပေါ့။ ၃၁ နှစ်ဆိုတဲ့ အသက်အရွယ်က အိမ်ထောင်ပြုဖို့ လွန်တောင် လွန်နေပြီလို့ ပြောကြပေမယ့် ကျမအတွက်ကတော့ တကယ့်ပီဘိ အဖြူထည် မောင်ငယ်လေးပါ။ ဒါကတော့ အစ်မတိုင်း ဖြစ်တတ်ပါတယ်လို့ ပြောကြဦးမယ်။ ဟင့်အင်း .. ကျမမောင်က တခြားသူတွေနဲ့ တူကို မတူတာ ... သူ့ကို ကျမက အိမ်ထောင်ပြုမယ့်သူလို့ကို ထင်မထားတာလေ ..။ ဒီကောင် ရည်းစားတွေ ထားချင်ထားမယ် ... ပွေချင်ပွေမယ်။ ဒါပေမယ့် အိမ်ထောင်ပြုမယ့်ကောင်လို့ ကျမထင်မထားဘူး။ (သူ့သူငယ်ချင်းတချို့လည်း အဲလိုပဲ ထင်ထားကြတယ်)
ကျမက ... ရဲ လို့ ခေါ်တဲ့ ဒီကောင်က ငယ်ငယ်ကတည်း ပိုက်ဆံစကား တခါမှ မပြောဖူးခဲ့တာ။ ပိုက်ဆံ လိုတယ် ... ပိုက်ဆံကြောင့် စိတ်ညစ်တယ် ဆိုတာ သူ့ဘဝမှာ တခါမှ မရှိဖူးတာ။ တယောလေး ထိုးလိုက်၊ သီချင်းလေးဆိုလိုက်၊ ပန်းချီလေးဆွဲလိုက် နေတဲ့ကောင်လေ။ အဲဒီကောင်က ခု ပိုက်ဆံလို တယ်ဟာတဲ့။ ကျမ တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ ပြီးတော့ ဒီကောင် အိမ်ထောင့် တာဝန်ဆိုတာကို သိပါ့မလား။ သူ့ကောင်မလေးတော့ ဒုက္ခပဲ ဆိုပြီး တသီတတန်းကြီး စဉ်းစားနေ မိကော။
သူ့ကိုမွေးတုန်းက ပါပါက ရဲနောင်ဆိုတဲ့နာမည်ပေးမလို့တဲ့။ အဲဒီအချိန်က ကျမပါပါရဲ့ ညီ ဦးလေး ဦးအောင်ပြည့်က ထောင်ထဲမှာပါ။ ဦးလေးရဲ့ မိန်းမ ဒေါ်ဒေါ်နွယ်ကလည်း တချိန်တည်း လပဲခြားပြီး ယောက်ျားလေးမွေးတော့ ဦးလေးက ထောင်ထဲကနေပြီးနာမည် လှမ်းပေးတယ် “ရဲနောင်ဖွေး” တဲ့။ အဲဒါနဲ့ ပါပါက သူ့သားအငယ်ကို “ရဲနှောင်း” လို့ ပေးလိုက်ပါတယ်။ ကျမတို့က သူ့ကို ရဲ၊ ကိုရဲ၊ ရဲလေး လို့ ခေါ်ကြသလို ဦးအောင်ပြည့်ရဲ့ သားငယ်ကိုလည်း ရဲ၊ ကိုရဲ၊ ရဲလေးလို့ ခေါ်ကြတာ ခုထိပါပဲ။
ဒီကောင် ငယ်ငယ်က ၁၁ လသားမှာ ဆုံဆို့နာဖြစ်တာ သေကောင်ပေါင်းလဲပဲ။ အဲဒီတုန်းက မေမေက ကန်တော်လေး ကူးစက်ဆေးရုံမှာ သွားတက်ပြီး ကုခဲ့ရပါတယ်။ သေကံမရောက်လို့ သက်မပျောက်ခဲ့ ဘူးပေါ့။ သူ မူကြိုကျောင်းထားရမယ့် အရွယ်မှာ ဘယ်မူကြိုမှာမှ အဆင်မပြေဘူး။ သူက မနေချင်ဘူး လေ။ ကျမတို့ အကြီးနှစ်ယောက်က မူကြိုကျောင်းတွေနဲ့ အကျွမ်းတဝင် ရှိခဲ့သလောက် သူကတော့ အဖွား (မေမေ့အမေ) နဲ့ ကြီးခဲ့ရတာပါ။
ကျမတို့က မာမီကြီးလို့ ခေါ်တဲ့အဖွားက တကယ့်ဘိုမကြီးအတိုင်းပဲ။ သူက အိုင်းရစ်ခ်ျသွေး ငါးမူးဖိုး ပါတော့ စကားပြောရင် ဘိုလိုက လေးပုံ သုံးပုံလောက်ပါတာ။ သူ့ကိုထိန်းရင်း အဖွားက ဘိုလိုတွေ ပြောတယ်ထင်ပါရဲ့ ဒီကောင်က ငယ်ငယ်လေးနဲ့ ဘိုလိုတွေ ပြောတယ် “Yes .. No A B C D” “My name is on the table” ... အဲလိုတွေ ပြောတာ။ ပြီးတော့ “Senta Clause is coming to town” ဆိုတဲ့ သီချင်းကိုလည်း သူက “Senta Clause is ကော်ရုပ် ကော်ဖိနပ် အပြတ်တွေဝယ်တယ်” လို့ ဆိုချင် ဆိုနေပြန်ရော။ နောက်တော့ ခရစ္စမတ်သီချင်း “Joy to the world the Lord is come” ကို သူက “Joy to the world ဘုရားကြွလာ” ဆိုပြီး တပိုင်းစီဆိုတာ။
အဲဒီကောင်က ကျမထက် ၆ နှစ် ငယ်တယ်။ အစ်ကိုကြီးထက် ၁၀ နှစ်တိတိငယ်တယ်လေ။ ကျမတို့ အကြီး ၂ ယောက်က တတွဲတွဲ။ သူက သင်းကွဲမျောက်ပေါ့။ ကျမက သူ့ကို အမြဲတမ်း “သင်းကွဲ တေလေမျောက်” လို့ စလေ့ရှိတယ်။
သူက ကလေးတုန်းက မိန်းကလေးတယောက်လိုကို ချောတာ။ ကျမတို့အိမ်နဲ့ ကျောချင်းကပ်အိမ်က ခိုင်ခိုင်ဗိုလ် ဆိုတဲ့ ကောင်မလေးက သူနဲ့ရွယ်တူ ... သူနဲ့ မျက်နှာပေါက်ချင်း တော်တော်လေး ဆင်တာ ဆိုတော့ .. တရက် အဲ့ကောင်မလေး အိမ်ကိုရောက်နေတုန်း ကျမ ဘကြီးတယောက်လည်း လာရော ကျမအမေကို ဆူပါလေရော ... ကလေးကို ဂါဝန် ဆင်ရပါ့မလား ဆိုပြီးလေ။ မနည်းကို ရှင်းပြရတာ။
ငယ်ငယ်က ကျမတို့ အကြီး ၂ ယောက်က တကယ့် ငဆိုးတွေ။ ၂ ယောက်ပေါင်းလောင်းကျော်။ မေမေနဲ့ ပါပါက အစိုးရဝန်ထမ်းတွေဆိုတော့ ကျမတို့ကို ဒီတိုင်းထားခဲ့ရတာပဲလေ။ နွေရာသီ ကျောင်းပိတ်ရက်ဆို ပိုဆိုးပေါ့။ မေမေတို့သွားတာနဲ့ ကျမတို့မောင်နှမ ဆော့နည်းပေါင်း တထောင် မကုန်မချင်းဆော့ကြ၊ ကာတွန်းတွေ ငှားဖတ်ကြ .. လုပ်ကြတော့တာလေ။ တရက်တော့ ကိုရဲလေးကို ဘာလို့လည်းမသိဘူး ကျမတို့ အကြီး ၂ ယောက်နဲ့ ထားခဲ့ရော။ ကျမက ၁၀ နှစ်ကျော်ကျော် ... အစ်ကိုက ၁၄ နှစ်လောက် ဒီကောင်က ၄ နှစ်ပဲ ရှိဦးမယ်။
အဲဒီမှာ ကျမက ဒီကောင့်ကို စမ်းသပ်ချက်တွေ လုပ်တော့တာ ... ။ အချိုမှုန့်တွေကို သကြားဆိုပြီး ကျွေးလို ကျွေး ... ထန်းလျှက်စိုစိုလေးကို လေးထောင့်တုံးလေးလုပ်ပြီး ချောကလက်ဆို ညာကျွေး ... အဲဒါက တော်သေးတယ်နော် ... ပဲငံပြာရည် (ကြာညို့) ကိုကျတော့ ထန်းလျှက်ရည်ဆိုပြီး လျှက်ခိုင်း။ နောက်ဆုံး မာမီကြီး ရောက်လာပြီး ခေါ်သွားမှပဲ ဒီကောင် ဝဋ်ကျွတ်ရှာတာ။ သူ ခုထိ ပြောလို့မဆုံးဘူး ... မတူးတို့ ဒုက္ခပေး ပုံများ ဆိုပြီးတော့ပေါ့။
သူမူလတန်းစတက်တော့ ကျမတို့ ရပ်ကွက် ဘေးကပ်ရပ် ဒါရ်ဂါဆိုတဲ့ ကုလားရပ်ကွက်က မူလတန်း ကျောင်းလေးမှာထားတယ်။ မာမီကြီးအိမ်နဲ့ ကျောင်းလေးနဲ့က ဖင်ချင်းပေါက်မို့လို့ စိတ်ချရအောင် ထားတာပါ။ အဲဒီကျောင်းမှာ သူက အနူတော လူချောပဲ။ သူငယ်တန်းကနေ လေးတန်းထိ ကုလားလေးတွေကြားမှာ ပထမ၊ ဒုတိယကို ခုဏပြောတဲ့ ခိုင်ခိုင်ဗိုလ်နဲ့သူ တလှည့်စီ ယူကြတာလေ။
သူ့အကြောင်းတွေက ပြောမယ်ဆိုရင် ပြောစရာအများကြီးပဲ။ သူက မောင်နှမထဲမှာ အငယ်ဆုံး ဖြစ်သလို မေမေ့အသည်းကျော်ပေါ့။ ပါပါ ဆုံးတော့ ဝမ်းနည်းမှတ်တမ်း စာအုပ်မှာ သူက တလုံးထဲ ရေးတယ် ... “တောက်” ဆိုပြီး။ အဲဒီတုန်းက သူ ၈ တန်းပဲရှိဦးမယ်။
သူ ၁၀ တန်းအောင်တော့ ယဉ်ကျေးမှု တက္ကသိုလ်တက်ပါတယ်။ ပန်းချီမေဂျာနဲ့လေ။ အဲဒီမှာ သူ့သူငယ်ချင်းတွေ အားလုံးက ကျမရဲ့ မောင်တွေ ဖြစ်ကုန်တော့တာပဲ။
အဲဒီတုန်းက ကျမက ဆမ်ဆောင်းအီလက်ထရောနစ်စင်တာမှာ ဆားဗစ် အင်ဂျင်နီယာဆိုတော့ ဝင်ငွေ လေးက နည်းနည်းကောင်းတဲ့အချိန်။ ကျမရဲ့ ပိုက်ဆံတော်တော်များများက ပန်းဆိုးတန်းစာအုပ်ဆိုင် တွေကို ရောက်ပြီး ကျန်တာတွေက ဒီကောင်တွေကို သွားပြုစုလို့ ကုန်တာပဲ။
ထုံးစံအတိုင်း အဆောင်နေ ငပွေးတွေ ဆိုတော့ ငတ်တလှည့် ပြတ်တလှည့်ကောင်တွေလေ။ ကျမက အားတာနဲ့ သူတို့ကျောင်းသွား လက်ဖက်ရည်တိုက်၊ စနေတနင်္ဂနွေတွေဆို ကျမတို့ သန်လျင်အိမ်ကို တပျော်တပါးကြီး လိုက်လာ ... ကျမချက်ကျွေးတဲ့ဟင်းတွေစား ... လက်ဖက်ရည်ဆိုင်ထိုင်ကြနဲ့ တကယ့်ကို ပျော်စရာ။( အဲဒီအကြောင်းတွေက သီးသန့် အသေးစိတ်ရေးမှ လုံလောက်မှာပါ)
လောလောဆည်တော့ မနက်ဖြနှ်မှာ ကျင်းပမယ့် သူ့မင်္ဂလာပွဲလေးကို စဉ်းစားကြည့်နေမိတယ်။ ကျမကတော့ ယောင်းမတော်ရမယ့် ညီမလေးကိုပဲ သနားတာပါ။ သူ့ခမျာကိုရဲကို တော်တော်လေး ချစ်ရှာလွန်းလို့ ယူတာနေမယ်လို့ စဉ်းစားမိတယ်။ ဘာအတွက်မှ စိတ်ရှုပ်၊ ခေါင်းရှုပ်မခံတဲ့ ကောင် ဘယ်လိုများ အိမ်ထောင့်တာဝန်ဆိုတဲ့ ဝန်ထုပ်ကြီးကို ထမ်းမှာပါလိမ့်။
တခုတော့ရှိတယ် ... ကျမမောင်လေးက စိတ်ထားနူးညံ့ပြီး တဖက်လူကို သနားတတ်တယ် ... စိတ်ကောင်း ရှိတယ် ... လိမ်မာရေးခြားတော့မရှိဘူး။ ... ငယ်ငယ်ကတည်းက လေးဘက်နာဖြစ်ဖူးပြီး ကားစီးရင်တောင် မူးတတ်ပေမယ့် အရက်ကျ အလွန်ကြိုက်တဲ့ကောင်လေး :P
အရက်ကို အရသာခံပြီးသောက်တဲ့ကောင် ...။ ခါးတဲ့အရသာကို ကြိုက်လို့ဆိုပြီး တပြတ်ပြတ်နဲ့ ကလေးတွေ ချောကလတ်စားနေသလိုလေ ... အဲလိုကို သောက်တာ ...။
ကျမနဲ့က မောင်နှမလိုထက် သူငယ်ချင်းလိုပေါင်းကြတာပေါ့။ လက်ဖက်ရည်ဆိုင် အတူထိုင် ...။ သီချင်းအတူဆို ... ဂစ်တာအတူတွဲတီး ... စာအုပ်တွေဆို ကိုယ်ဖတ်ပြီး သူ့ပေးဖတ် ... သူဖတ်ပြီး ကိုယ့်ပေးဖတ် အဲလို နေကြတာ။ ပြီးတော့ ကျမက အစ်ကိုနဲ့ မောင်နဲ့ မဟုတ်တာလုပ်သမျှ လုံးဝ အိမ်ပြန်တိုင်တဲ့သူ မဟုတ်။ မေမေဆို ဒီနေ့ထိ သူ့သားငယ် အရက်အရမ်းကြိုက်တယ်ဆိုတာ လုံးဝ မသိ။
ခု ဒီစာကို ကျမရေးနေတဲ့အချိန် သူတို့ ဘာလုပ်နေမှာပါလိမ့် ...။ သူ့သူငယ်ချင်း ရဲမာန် (ကာတွန်းဝလုံး) ကတော့ ကျမကို လိုင်းပေါ်ကနေ လှမ်းပြောတယ်။ သူသွားမယ်တဲ့။ ဘတ်ချလာနိုက် သွားကျင်းပမယ်တဲ့။ မင်္ဂလာပွဲအတွက် ပြင်ဆင်ရင်း သူတို့တွေ သောက်နေကြရောပေါ့။ သိန်းစွန်ဆိုတဲ့ မွန်လေးကတော့ လှမ်းပြောတယ် ... မတူးမောင်ကို မပြောတော့ဘူးလားတဲ့။ သူမို့မကြောက်မရွံ့တဲ့။ ကျမက ဟ ငါပြောလို့ ရမလား သူ့ဟာသူ ရွေးချယ်တာလေ လို့ ပြန်ပြောလိုက်တယ်။ အဲဒီ သိန်းစွန်ဆိုတဲ့ မောင်တကောင်လည်း ရုပ် ချောချောလေးနဲ့ မိန်းမယူဖို့ စိတ်ကူးရှိပုံမရဘူး ... (ဟိုတလောကတော့ အိန္ဒြာကျော်ဇင်နဲ့ ချိန်းထားတယ်ဗျ တဲ့ :P) ကိုရဲ မိန်းမယူတော့ သူ ဘက်ပဲ့ပြီလေ ... အဲဒါကြောင့် ရူးချင်သလို ဖြစ်နေတာ။

မက်သဒစ် ဘုရားကျောင်းဝင်းထဲမှာ တောမင်္ဂလာဆောင်လေးလို ... ပျိုးပျိုးပြက်ပြက် ပကာသနတွေ မပါ ... ဒါပေမယ့် ဆရာစောနဲ့ အဖွဲ့ရဲ့ တရောသံတွေတော့ ပါလိမ့်မယ် ... ။ ဦးပီက Wedding March တီးမယ် ထင်ရဲ့ .. ။ မက်သဒစ် ဘုရားကျောင်းလေး ညွတ်သွားတဲ့ထိ ပရိသတ်တွေ လာကြမှာပေါ့။ ကလေးတွေက ဖုန်ထူထူမှာ ကစားကြ။ ဒန်ပေါက်နံ့က တသင်းသင်း ... ။
လက်မှတ်ထိုးအပြီးမှာ အဖြူရောင် ဝတ်စုံလေးနဲ့ သတို့သမီးရဲ့ မျက်နှာကိုအုပ်ထားတဲ့ ပုဝါလေး လှန်ပေးလိုက်တဲ့အချိန် ... ရဲရေ .. ရင်ခုန်နေမှာလား။ အဲဒါ ဘဝတခု စတာနော် ... ။ ကျွံပစ်လိုက်မယ့် ခြေတလှမ်းအတွက် နောင်တမရဘူးလို့ မတူးမျှော်လင့်နေမယ် ... သိလား။
သတို့သမီးရဲ့လက်ကိုတွဲထွက်လာရင်း တခြားတနေရာမှာ တယောက်တည်း အိပ်ပျော်ချင် ပျော်နေမယ့် .. ဒါမှမဟုတ် မြင်ကွင်းတွေကို ပုံဖော်ရင်း သတိရနေမယ့် မတူးကို တချက်ကလေး သတိရလိုက်ပေါ့ ဟာ။
ညီမလေး ခိုင်ခိုင်အေး ခေါ် ပူတူး ခေါ် ကျောင်းအုပ်ကြီးရေ အဲ့ကောင်ကို နှိပ်ကွပ်ဖို့သာ ပြင်ထားဟေ့။ ။
Saturday, November 15, 2008
|
Labels:
အမှတ်တရ
|
This entry was posted on Saturday, November 15, 2008
and is filed under
အမှတ်တရ
.
You can follow any responses to this entry through
the RSS 2.0 feed.
You can leave a response,
or trackback from your own site.
Subscribe to:
Post Comments (Atom)
12 comments:
မောင်တယောက်ရဲ့ မင်္ဂလာဆောင်ကို ရေးတာကလဲ ချစ်စရာကောင်းလိုက်တာ။ တူးပြောတာနဲ့ တူးမောင်လေးကို ခင်သွားပြီ။ တို့မှာလဲ ခပ်ဆိုးဆိုး မောင်လေးတယောက် ရှိပါရဲ့။ အခုတော့ ဆုံးရှာပြီ။
တချို့များ တသက်လုံး အိမ်ထောင်ပြုမှာ မဟုတ်ဘူး ထင်ထားတဲ့လူတွေလဲ တခါတလေတော့ ဘ၀ကို အတူရင်ဆိုင်ချင်တဲ့ အားမာန်တွေ အချစ်က မွေးဖွားပေးတယ် ထင်ပါရဲ့။
မင်္ဂလာမောင်နှံကို ဆုတောင်းပေးလိုက်ပါတယ် တူးရေ..
Good Luck!!
မောင်ဆိုးလေးတွေကမိန်းမရရင်အရမ်းကောင်းသွားတတ်
တယ်မတူးရေ၊ ကိုယ်တွေ့ပဲ။
တူးမောင်လေး၇ဲ့ မင်္ဂလာရက်မြတ်မှသည်
နှစ်တရာတိုင် ပျော်ရွှင်နိုင်ပါစေ...
မင်္ဂလာမောင်နှံကို ထာဝရပျော်ရွှင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။
အင်း မောင်လေးတယောက်ရှိသူချင်းအတူတူ ခုလို မောင်လေး နဲ့ အမ အကြောင်းဖတ်မိတော့ စိတ်ချမ်းသာပ ။ ဒါနဲ့ အမတို့ မိသားစုထဲ ဘယ်သူမှ ကာတွန်းမဆွဲကြဖူးလား ။
တားတား မင်္ဂလာဆောင်ကျရင်လဲ အဲံလို.ပိုစ့်ရးရမယ်နော်။ တားတားလဲ မတူးတူးရဲ့မောင်လေး ဖိုးဂျယ်လေ တားတား သူ့အစားပျော်လို့စတာပါ။ ဖိုးဂျယ်လေးမှာ အကို၂ယောက်ပဲရှိတာ။ ကိုရဲရေ နောင်နှစ်ပေါင်းများစွာ အထိပျော်ရွှင်စွာ၊ ရိုးမြေကျပေါင်းသင်းနိုင်ပါစေဗျာ။ ကိုရဲရဲ့ ညီလေး ဖိုးဂျယ်
ဝင်ဆုတောင်းပေးသွားသူတွေကို ကျေးဇူးတင်ပါတယ်။ မင်္ဂလာဆောင်က အရမ်းစည်သတဲ့ .. ။ :D
မတူတို့မောင်နှမ ငယ်ငယ်က အကြောင်းတွေ ဆက်ဖတ်ချင်သေးတယ်
အစ်မနဲ့ ကျွန်တော် တူတယ် သိလား အစ်မ
မောင်လေး ရည်းစားရနေပြီဆိုတော့ ဟယ်ပျော်စရာကြီး ငါ့မောင်လေးမှာ ချစ်စရာတိုးပြီဆိုပြီး ညီမလေးလဲ အဲ့အတိုင်းပဲ ရည်းစားနဲ့တွေ့ တယ်ဆိုတော့ အမလေး တော်သေးတယ် သူချစ်တတ်လာပြီလို့  ခိခိ
အစ်မမောင်လေးတို့ ဇနီးမောင်နှံကို ဘုရားသခင် ကောင်းချီးပေးပါစေ.(အာမင်)
ဒန်ပေါက်လေး စားချင်တယ်။ ရန်ကုန်ရောက်ရင် အကြွေးမှတ်ပြီး ပြန်ဝယ်ကျွေးပါလား ခင်ဗျ။
ကိုရဲကတော့ သိမှာတောင်မဟုတ်ဘူး ... ဒါပေမယ့် ဒီပို့စ်ကလေးမှာပို့ထားတဲ့ မေတ္တာဆုတွေ သူတို့ဆီ ရောက်မှာပါ။ ဂျစ်ရေ အမတို့မောင်နှမထဲမှာ အစ်မက စာရေးဆရာ ဂျာနယ်လစ် ... မောင်လေးက အာ့တစ်စ် (ပန်းချီဆွဲ၊ တယောထိုး၊ စန္ဒရားတီး) .. အစ်ကိုကြီးက နေမကောင်းဘူး ... ကာတွန်းဘယ်သူမှ မဆွဲကြဘူး .. ။ ဂျူလိုင်ရေ ရန်ကုန်ရောက်ရင် ကြက်လျှာစွန်းဒန်ပေါက် အကြွေးသွားစားထားလိုက် အစ်မရောက်တော့ ပိုက်ဆံ သွားပေးလိုက်မယ်နော်။ sindanlar ရေ အမှတ်တရနေ့ တွေ ရေးတဲ့အခါ မောင်နှမတွေ အကြောင်း ဆက်ရေး မှာပါ ... အားပေးတာ ကျေးဇူးတင်ပါတယ်။
ဒန်ပေါက်စားချင်တယ်ဗျို့
Post a Comment