ကမ္ဘာကြီးလား ... ငါဖျားနေတယ်
ခုတလော ၂၀၁၂ ကမ္ဘာပျက်မယ့်ကိစ္စ လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေလေရဲ့ ... ။ လူတိုင်းပါးစပ်မှာ ရေပန်းစား မှတော့ ဘလော့ဂါတွေဆီရောက်တာ အထူးအဆန်းမဟုတ်တော့ဘူးပေါ့။ ကျမရဲ့ ဇာတ်လိုက်ကျော်ကြီး ကိုဟန်ဆို အဲဒီ ၂၀၁၂ အကြောင်း ပြောနေတာ ကြာလှပေါ့။ သူ့အဆို ဟဲလ်မက် ကလေးဆောင်းထားဖို့ လူတိုင်းကို လိုက်ပြော မိတာ မိတ်ပျက်တာတောင် ရှိတယ်ဆိုပဲ။ ခုတော့ ကိုဟန် တယောက်တည်းမဟုတ်ဘူးဗျို့ ... အားလုံး ကမ္ဘာပျက် ကုန်တာတဲ့။ ကိုကြီးသာက ကျမကို တက်ဂ်လေတယ်။ သူက ပြောလိုက်သေးတယ် ... ရယ်ရအောင် ရေးပါတဲ့။ ကြံကြံ ဖန်ဖန် ကျမက ကိုဇာနည်မှ မဟုတ်တာ ဘယ်လိုလုပ် ရယ်ရအောင် ရေးတတ်ပါ့မလဲ ... နောက်ပြီး ကမ္ဘာ ပျက်ပါတယ်ဆိုမှ ဘယ်လိုလုပ်ပြီး ရယ်ရမှာတဲ့တုန်း။ သို့သော် တက်ဂ်ပြီဆိုမှတော့ ရေးရတော့မပေါ့လေ။ ကိုင်း ရေးပြီ ..။ ကမ္ဘာပျက်ရင် ...
၁။ ဘယ်သူတွေနဲ့ ရှိနေချင်လဲ ...
ကြံဖန်ပြီး ချက်ပြုတ်စားသောက်တတ်တဲ့ သူတွေနဲ့ အတူရှိချင်တယ်။ ကျွေးချင်မွေးချင်စိတ်လည်း ရှိတဲ့ သူတွေပေါ့။ ကမ္ဘာကြီးက ရုတ်တရက် ဝုန်းခနဲ ပျက်ချင်မှ ပျက်မှာဆိုတော့ ... တော်ကြာ ကြားထဲမှာ ငတ်မွတ် ခေါင်းပါးတာတွေ ဘာတွေ ဖြစ်ခဲ့သည်ရှိသော် ကြံဖန် စားသောက်တတ်တဲ့သူနဲ့ဆို ကိုယ်လည်း ငတ်ကိန်းမကြုံဘဲ အူစိုမယ် မဟုတ်လား။
၂။ ဘာတွေ ခံစား နေရမလဲ ...
ဒေါသထွက်နေမှာပေါ့။ ကမ္ဘာကြီးက သူ့ဘာသူ ပျက်မယ့်ကိစ္စကို ဘာလို့ သုတေသနလုပ်ပြီး ကြိုတင်သိအောင် လုပ်ရတာလဲ။ ကြိုသိတော့ ကြိုစိတ်ညစ်ကြတာပေါ့။ ကိုယ်က စိတ်မညစ်ပေမယ့် ညစ်တဲ့သူတွေ ကြားမှာ ရောက်နေရင် ကိုယ်ပါ ရောကောသောကော စိတ်ညစ်ရမယ် မဟုတ်ဘူးလား။ အဲလို ဘာမဆိုကြိုသိအောင် လုပ်တဲ့ သိပ္ပံပညာရှင်ဆိုတဲ့သူတွေကို ဒေါသထွက်မိမယ်ထင်တယ်။ ခုတောင် တော်တော် ဒေါသထွက်နေပြီ။
၃။ ဘာတွေ ပြင်ဆင်ထားမလဲ ...
ကျမရဲ့ ထုံးစံအတိုင်းဆိုရင်တော့ ဘာမှမပြင်ဘူး။ ပေးစရာရှိတဲ့ စာမူတောင် ဒက်လိုင်းရောက်မှ ကောက်ရေး တာလေ။
၎။ ဝမ်းနည်းမိမှာက ...
ဘာလို့ လူအဖြစ်နဲ့ ကမ္ဘာပျက်တာကို ကြုံရတာလဲ ...။ တကယ်လို့ ကျမသာ မျောက်တကောင်ဆိုရင် ကမ္ဘာပျက်မယ့်ကိစ္စ ကြိုသိနေတဲ့ သိပ္ပံပညာရှင်တွေ ဘာပြောပြော နားလည်မှာ မဟုတ်ဘူးလေ။ ပျက်မှသာ ပျက်ကရော ...။ ဒီလို ရေးနေစရာလည်း မလိုတော့ဘူးပေါ့။
၅။ ကြောက်လန့်မိမှာက ...
အောင်မလေး ကမ္ဘာပျက်ပြီး လူတွေအကုန်သေကုန်လို့ .. ငါတယောက်တည်းကျန်ခဲ့ရင် ဒုက္ခ၊ သရဲများ ချောက်မလားမသိဘူး။
၆။ ဆောင်ထားချင်တာက ...
ဓားတလက်။ တမျိုးမထင်ပါနဲ့ ... ပုံပြင်တွေထဲကလို ကမ္ဘာကြီးပေါ်မှာ ခြုံနွယ်ပိတ်ပေါင်းတွေ ဖုန်းအုပ်ပြီး ဘယ်သူမှလည်း မရှိတော့ဘူးဆိုရင် ကိုယ့်ဘာသာပဲ ခြုံရှင်းရမှာမဟုတ်လား။ (ဒါကတော့ ဘယ်သူမဆို ဗားရှင်းအမျိုးမျိုးနဲ့ ကမ္ဘာပျက်ခွင့်ရှိတယ် ထင်လို့ ... ကျမက သက်သက်ညှာညှာနဲ့ပဲ ခြုံတွေပိတ်လိုက်ရတာ)
၇။ ဘာတွေရေးမိမလဲ ...
ဘယ်ပေါ်မှာ ဘာနဲ့ရေးရင်ကောင်းမလဲ ... ကျောက်ပေါ်မှာထွင်းလို့ ကြေမွသွားရင် ဘယ်လိုလုပ်မလဲ၊ သံပေါ်မှာ ရေးတော့ကော ... သံတွေပါ ပျော်ကျသွားရင် ရေးတာပဲ အဖတ်တင်မယ် ... အဲဂလို ကျမရဲ့ ထုံးစံအတိုင်း ယောင်ခြောက်ဆယ်လုပ်ရင်း ကမ္ဘာကြီးပျက်သွားတာနဲ့ ရေးတဲ့ဆီတောင် ရောက်မှာမဟုတ်လို့ ဘာရေးမလဲ ပြောတော့ဘူး။
၈။ တွေးမိတွေးရာတွေ ...
ကြွေးရှင်တွေကို သနားလိုက်တာ၊ ဒီလို ဖြစ်မယ်မှန်းသိ ဒီထက် ၂ ဆလောက်ချေးထားပါတယ် ... ။ ခုလို ဖြစ်မယ်သာသိရင် ငါယူထားတဲ့ အကြွေးတွေ ဘယ်ပြန်ဆပ်ပါ့မလဲ ... တောက် (ဒါကတော့ ကိုဇာနည့်ဆီက ခိုးချပြီး နည်းနည်း မော်ဒီဖိုင်းလုပ်ထားတာ)
၉။ ဂုဏ်ယူချင်တာက ...
နာမည်ကျော် ငပေါဂေဟာကြီးကို ထူထောင်သူထဲမှာ ငါဟာ တဦးအပါအဝင်ပေါ့ .. ဟဲဟဲ။
၁၀။ ရှာကြံဖြေသိမ့်မိတာ ...
ဘာပဲပြောပြော ငါအသက်ရှင်ချိန်အတွင်းမှာ နည်းနည်းပါးပါးတော့ ပေါတောတော နေခဲ့ရပါတယ်လေ။ ငါ့လောက် မပေါရဲတဲ့သူတွေ ထက်စာရင် ငါက အများကြီး တော်သေးတာပေါ့။
၁၁။ ကျူးရင့်ချင်တဲ့ဥဒါန်း ...
ကမ္ဘာဆိုတာကို ငါကြုံခဲ့ရတယ်ဟေ့ .... (ပြောမယ့်သာပြောတာ အဲ့အချိန်ကျ ကြောက်သေးပါပြီး ဘာဥဒါန်းမှ ကျူးရင့်နိုင်မယ် မထင်ပါဘူး)
ကဲ ကိုကြီးသာရေ ရေးပြီးပြီ ... ကျမကတော့ ငပေါ ဂေဟာကြီးကို တနှစ်ပြည့်အထိန်းအမှတ်အဖြစ် ဆက် တက်ဂ်မယ် ကြုံတဲ့ ဘုတ်များ ဝန်ဂျီးများ ရေးပေတော့ ...။ တခုတော့ရှိတယ် ငပေါဂေဟာ ဖြစ်တဲ့အတွက် ဒီပုံစံအတိုင်းမဟုတ်ဘဲ ရေးချင်သလို ရေးနိုင်တယ် (:P)

Wednesday, October 28, 2009
|
Labels:
tag
|
This entry was posted on Wednesday, October 28, 2009
and is filed under
tag
.
You can follow any responses to this entry through
the RSS 2.0 feed.
You can leave a response,
or trackback from your own site.
Subscribe to:
Post Comments (Atom)
4 comments:
ရီရတယ် အစ်မရယ် သဘောကျတယ်။
မပန်နဲ့ အစ်မရေးတာ အရီရဆုံးပဲ။
ကမ္ဘာကြီးက သူ့ဘာသူ ပျက်မယ့်ကိစ္စကို ဘာလို့ သုတေသနလုပ်ပြီး ကြိုတင်သိအောင် လုပ်ရတာလဲ။ ကြိုသိတော့ ကြိုစိတ်ညစ်ကြတာပေါ့။ ကိုယ်က စိတ်မညစ်ပေမယ့် ညစ်တဲ့သူတွေ ကြားမှာ ရောက်နေရင် ကိုယ်ပါ ရောကောသောကော စိတ်ညစ်ရမယ် မဟုတ်ဘူးလား။ အဲလို ဘာမဆိုကြိုသိအောင် လုပ်တဲ့ သိပ္ပံပညာရှင်ဆိုတဲ့သူတွေကို ဒေါသထွက်မိမယ်ထင်တယ်။ ခုတောင် တော်တော် ဒေါသထွက်နေပြီ။
ဟုတ်ပါ့...
အဲကောင်တွေ လုပ်တာနဲ့ ကိုယ်တွေပါ မဆီမဆိုင် Tag ပို့စ်တွေ ရေးနေရပါပကော...
ရေးပေးတာ ကျေးဇူး ညီမကြီးရေ့...
ဒေါသထွက်တာ အစားပုပ်တာ.. တယ်ဟုတ်တဲ့ အတွေးတွေပဲ.. :P
ကောင်းလိုက်လေ အစ်မရေ..
ကမ္ဘာပျက်မယ်ဆိုတာကြီးကို သရော်တွေးတွေ၊ တရားတွေးတွေနဲ့ ပုံစံအမျိုးမျိုး၊ ရသအစုံစုံ ဖတ်ရတာ (သေခြင်းတရားအတွက်) စိတ်ဓါတ်ခွန်အား ပိုပို ရလာတာ အမြတ်ပဲ..
ပေါတို့တိုင်းပြည်က ဘယ်လို ကြံကြံဖန်ဖန် (ကြောက်နေသူတွေ မထိတ်လန့်တော့အောင်) ရေးမလဲ ဆိုတာ စိတ်ဝင်တစား စောင့်ဖတ်နေပါတယ်..
ခင်မင်လေးစားချစ်ခြင်းအားဖြင့်..
ကိုရင်နော်
Post a Comment