မယူလိုက်က မိုက်လို့ထင် ယူလိုက်ပြန်က ကြိုက်လို့ထင် (ဇာတ်သိမ်း)
“လာခေါ်တာ မဟုတ်ဘူးနော်။ မင်း ပြန်လာဦးမလား လာမေးတာ”
“ဟင့်အင်း” ဆိုတဲ့စကားက နွေ့ပါးစပ်က ရှောရှာရှူရှူ ထွက်သွားခဲ့တယ်။ ကိုကိုကသဲ့သဲ့ ပြုံးတယ်။
“ထင်ပါတယ်။ မင်းက သိပ်ကိုလွတ်လပ်တဲ့ ဘဝမှာ ပျော်တတ်နေပြီကိုး။ အိမ်ထောင်သည် မိန်းမ တယောက်လို မင်းဘယ်နေနိုင်ပါတော့မလဲ”
ကျမ မုန်းတာလည်း အဲဒီလို ရိတဲ့ ထေ့တဲ့စကားတွေ ပြောတာကိုပဲလို့ ပြောချင်ပေမယ့် အမေ့အိမ်မှာ ထပ်ပြီး အချင်းမများချင်တော့ဘူး။
“ကောင်းပြီလေ။ ငါ့တာဝန်ကျေပြီ။ သိထားဖို့က ငါ့အတွက် မိန်းမ မရှားဘူးဆိုတာပဲ”
“သိပါတယ်။ အပေါစားတွေကတော့ ဘယ်ရှာရှာရတာပဲဟာ”
နွေလည်း မိန်းမပီပီ သူနာမယ့် စကားတခွန်း ရွေးပြောလိုက်တယ်။ မုန်းကြပြီ ဆိုမှတော့ နာကျင်စေမယ့် စကားလုံးတွေပဲ ရွေးချယ်ပြောကြစမြဲ မဟုတ်လား။
“နေပါဦး မင်းက ဘယ်သူ့အားကိုးနဲ့ တခုလပ် ဘဝကို ရွေးချယ်တာလဲ။ မင်း စဉ်းစားချင် စဉ်းစားဦးနော်။ မင်းက မိန်းကလေး”
အဲဒီစကား ကိုကို့ဆီက ကြားလိုက်တော့ နွေ ပိုသေချာသွားတော့တယ်။
“ကျမ စကားကုန်ပြောတာ။ ကျမ ကိုကို့ကို စိတ်ကုန်သွားပြီ။ ဘယ်လိုနည်းနဲ့မှ မပေါင်းနိုင်တော့ဘူး။ တခုလပ်ဘဝနဲ့ အားငယ်ရမယ်ဆိုရင်လည်း အားအငယ် ခံလိုက်တော့မယ်။ ကျမရဲ့ တန်ဖိုးကို နားမလည်တဲ့ သူနဲ့တော့ အတူမနေနိုင်ဘူး”
“ဘာ၊ တန်ဖိုးဟုတ်လား .. ဟားဟား .. ရယ်စရာကောင်းလိုက်တာ။ မင်းက ဘာတန်ဖိုးတွေများ ရှိနေလို့လဲ။ မင်းဆီက ရွှေထွက်နေလို့လား။ တကယ်တော့ မင်းက တန်ဖိုးရှိတာမဟုတ်ဘူး။ မင်းဘာသာမင်း ဘဝင်တွေ စွတ်စက်မြင့်နေတာကွ။ ကောင်းပြီလေ .. ငါကလည်း မင်းလို ဘဝင် လေဟပ်နေတဲ့ မိန်းမနဲ့ မပေါင်းချင် ပါဘူး။ မိန်းမဆိုတာ မိန်းမလိုပဲ အလှပြင်၊ အတင်းပြော၊ လင်ယောက်ျားကို ပြုစု၊ ထမင်းဟင်းချက်၊ ကလေးမွေး၊ ယောက်ျားစကား တခွန်းဆို တခွန်း နားထောင် … ဒါပဲပေါ့ .. ဘာလဲ .. တန်ဖိုး .. ဘာတန်ဖိုးမှ မလိုဘူး”
လာပြန်ပြီ မထိုက်ရဲ့ ကိုလေးလို လူတယောက်။ ယောက်ျားတွေဟာ ဒီလိုချည်းပဲလား။ ကိုကို့ရဲ့ ရိစကား၊ ထေ့စကားတွေကို အသားတဆတ်ဆတ်တုန်အောင် ဒေါသထွက်ရင်း၊ အဲဒီ ဒေါသတွေကို ကြိတ်မှိတ် မြိုသိပ်ရင်း နားထောင်နေရတယ်။ နွေ ရုံးသွားရတော့မယ်၊ ဒီနေ့ လပတ် ရုံးဝန်ထမ်း အားလုံး အစည်းအဝေး ရှိတယ်။ နွေ မသွားလို့မဖြစ်ဘူး။ နွေ့ဘာသာ ဘာပဲဖြစ်နေဖြစ်နေ .. နွေ ရုံးသွားမယ်။
“ကျမ ရုံးသွားတော့မယ် ကိုအောင်”
သူ့စကားကို ဆုံးအောင် နားထောင်ပြီး ဘာမှပြန်မပြောဘဲ ရုံးသွားမယ် ပြောလိုက်တော့ ကိုကို တော်တော်လေး အောင့်သွားပုံရတယ်။ နွေ့ကို ခပ်စိမ်းစိမ်း တချက်ကြည့်ပြီး .. “ကောင်းပြီလေ .. မင်းနောင်တ မရပါစေနဲ့၊ မင်း ခြေသလုံးဖက်ပြီး လာတောင်းပန်တောင် ငါ ပြန်လက်မခံနိုင်ဘူး” ဆိုတဲ့စကားကို ပြောရင် ထိုင်ရာက ထတယ်။ နွေလည်း ထိုင်ရာက လိုက် ထလိုက်တယ်။ စိတ်ချပါ နွေက တွေဝေတတ်ပေမယ့် ခေါင်းတော့ တော်တော်လေး မာပါတယ် ကိုကို။
“သမီး မျက်ရည်ကျမယ်ထင်တာ” လို့ ပြောလာတဲ့ အမေ့ကို နွေ လှလှပပလေး ပြုံးပြနိုင်ခဲ့တယ်။ ခုချိန်မှာ တခုပဲ နွေသိတယ်။ နွေ ရုံးသွားရမယ်။
* * *
လက်ခုပ်သံတွေ ဆူညံသွားပြီး သူငယ်ချင်းတွေအားလုံးနွေ့ကို လက်ဆွဲနှုတ်ဆက်ကြတယ်။ နွေ လုံးဝ ထင်မထားခဲ့ဘူးလေ။
နွေတို့ရုံးမှာ တလတခါ အကောင်းဆုံးသတင်းထောက်နဲ့ အကောင်းဆုံးဝန်ထမ်းဆု ပေးလေ့ရှိတယ်။ အဲဒီ ဆုတွေကို ခုလို လပတ် အစည်းအဝေးတွေမှာ ကြေညာပြီးပေးတယ်။ ဘာကြောင့် ဒီဆုကိုပေးရသလဲ ဆိုတာပါ ရှင်းပြတာ။ ဒီလ နွေ .. သွေးလွန်တုပ်ကွေး သတင်းနဲ့ အကောင်းဆုံး သတင်းထောက်ဆုကို ရတယ်တဲ့။ နွေ ဘယ်လိုလုပ် ထင်ထားမှာလဲ။ မအိကို လှည့်ကြည့် လိုက်တော့ ပြုံးပြနေတယ်။
ကြည့်စမ်း .. ယောက်ျားနဲ့ ကွဲလာတဲ့နေ့မှာ နွေက အကောင်းဆုံး သတင်းထောက်ဆုကို ရတယ်တဲ့။ ရယ်စရာ မကောင်းဘူးလား။ ဘာပဲဖြစ်ဖြစ် သွေးလွန်တုပ်ကွေးသတင်းကို နွေ အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ရကြိုး နပ်လိုက်တာ။
“ဒီသတင်းက ဘာမှ ဟာကွက်ပျော့ကွက်မရှိဘူး။ Source တွေ စုံတယ်၊ Background တွေလည်း အကုန်ထည့်ထားတယ်။ ရွေးတဲ့ Angle ကလည်း ဘယ်သူမှ ထင်မထားတဲ့ Angle၊ စိစစ်ရေးက ဖြုတ်နိုင်တဲ့ သတင်းတပုဒ်ဖြစ်ပေမယ့် မဖြုတ်အောင် ပါးပါးလေး ရေးပြသွားနိုင်တဲ့ ပညာလည်း ပါတယ်။ အားလုံး အတုယူသင့်တဲ့ သတင်းတပုဒ်ပဲ”
ဆရာက ရှင်းပြနေတော့ နွေ မျက်နှာတွေ ပူလိုက်တာ။ ဒါ မအိကျေးဇူးကြောင့်မဟုတ်လား။ မအိသာ မပါရင် နွေ ဘယ်လိုလုပ် ဒီလို သတင်းကို ရေးနိုင်မှာလဲ။
“အဲဒီလိုလည်း မတွေးပါနဲ့ နွေရယ် .. မအိက နွေ ဘယ်လိုလုပ်သင့်တယ်ဆိုတာ ညွှန်ပြရုံ လေးပါ။ တကယ်က Source တွေအားလုံးကို နွေပဲ အင်တာဗျူးလုပ်တာလေ။ ရေးတော့လည်း နွေ ရေးတာပဲ မဟုတ်လား။ မအိက အက်ဒစ် လုပ်ပေးရုံလေးဥစ္စာ” လို့ ပြုံးပြုံးလေး ပြောနေတဲ့ မအိကို နွေ သိပ်လေးစားတာပဲ။
မအိက နွေ့ မျက်နှာရိပ်မျက်နှာကဲကိုလည်း ဖတ်တတ်သေးတယ်။ “နွေ ဘာဖြစ်နေလဲ” တဲ့။ နွေ တချက် တချက် ငိုင်သွားတာကို ရိပ်မိမှာပေါ့။ ကိုကို့ကို နွေ ပြန်မလွမ်းပေမယ့် တခုလပ်ဆိုတဲ့ နာမည်ဆိုးကြီးနဲ့ နွေ ဘယ်လိုစခန်းသွားမလဲ ဆိုတာ .. တချက်တချက်တော့ ရင်လေးမိတာ အမှန်ပဲလေ။
မအိကိုတော့ နွေ အသေးစိတ်ပြောပြလိုက်တယ်။ မအိကလည်း အမေပြောသလိုပဲ နွေ့ကို ပြန်ပြောတယ်။
“မျှဝေ ခံစားမပေးနိုင်တဲ့ လူတယောက်နဲ့ ဘဝခရီး အတူတူသွားမယ့်အတူတူ တယောက်တည်းပဲ သွားမှာပေါ့ နွေရဲ့။ ဘာအားငယ်စရာရှိလဲ၊ နွေက အားရှိတဲ့ မိန်းကလေး တယောက်ပဲ။ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု ရှိစမ်းပါ” တဲ့ နွေ့ကို အားပေးတာ။
နွေ့သူငယ်ချင်းတွေကို ပြောပြတော့ အောင်ထူးတယောက်ကလွဲရင် ကျန်တဲ့သူတွေက အားပေးတယ်။ အောင်ထူးကတော့ “နင်တို့ကိုက ကြောင်တာပါဟာ။ ငါတော့ ကိုအောင်ပြောတာ လက်ခံတယ်။ မိန်းမဆိုတာ တော်စရာ မလိုဘူး၊ လှရင်ပြီးပြီ” ဆိုတဲ့စကားကို နောက်သလိုလို အတည် လိုလိုပြောနေလို့ ကျန်တဲ့သူတွေက သူ့ကို ဝိုင်းဆဲကြသေးတယ်။ ဒါပေမယ့်ဒီကောင်လည်း ခဏပါ မထိုက်က “အောင်ထူးရယ် .. နင်ကော လှရုံလှပြီး ဘာဦးနှောက်မှ မရှိတဲ့ မိန်းမကို ယူမလား” ဆိုပြီး မေးလိုက်တော့ ငြိမ်သွားတယ်။
ထူးထူးဆန်းဆန်း မြင့်မိုက “နွေ .. နင် တကယ် မခံစားရဘူးလား” လို့ မေးတယ်။ အဲဒီစကား အတွက်တော့ နွေ ခဏလေးဆွံ့အသွားတာ အမှန်ပဲ။ ဘာလို့ဆိုတော့ ကိုကို့ကို နွေ တကယ်ချစ်ခဲ့တာကိုး။ ပြီးတော့ သံယောဇဉ်လည်း တကယ်ရှိတယ်လေ။ ဒါပေမယ့် နွေ ခေါင်းခါပြလိုက် ပါတယ်။
မထိုက်ကတော့ “ငါတို့တတွေလည်း ဘာတွေဖြစ်နေကြလည်း မသိဘူးနော်။ အချစ်ရေးနဲ့ ပတ်သက်လာရင် ဂြိုဟ်ဆိုး ဝင်နေတယ် ထင်ပါရဲ့ဟာ” လို့ ညည်းတယ်။ မထိုက်ကော ခံစားနေရလား။ မခံစားဘဲ ဘယ်နေ ပါ့မလဲလေ .. နှစ်ရှည်လများ တတွဲတွဲ နေခဲ့တဲ့သူပဲဟာ။ မထိုက်က သူ့ ဘေးလွယ်အိတ်ထဲက ကတ်ပြားလေး တခု ထုတ်ပြတယ်။
သြော် ကိုလေးတောင် မင်္ဂလာဆောင်တော့မှာကိုး .. မြန်လိုက်တာ။ သူပြောတဲ့ သဘောဖြူတောသူ လေးပဲ ဖြစ်ပါစေလို့ နွေတို့ ဆုတောင်းရမှာလား မပြောတတ်တော့ဘူး။
“ဒီနေ့ လက်ဘက်ရည်ဖိုးကို နင်ရှင်းရမှာနော်နွေ” လို့ မြင့်မိုက ခပ်သွက်သွက်ပြောလာတယ်။ အားလုံးရဲ့ ပူပင်သောကတွေ မေ့လျော့သွားအောင် စကားလမ်းကြောင်းလွှဲတယ် ဆိုတာ သိသိ ကြီးနဲ့ပဲ အားလုံး သူ့စကားကို စိတ်ဝင်စားသယောင် လုပ်လိုက်ကြတယ်။
အောင်ထူးကတော့ “ဟုတ်တယ် နွေ၊ နင် တခါမှ မကျွေးဖူးဘူး .. ဒီနေ့တော့ နင်ဂုဏ်ယူစွာနဲ့ ငါ့ကို ထမင်းပါကျွေးတော့”
“အောင်မာ ..ကောင်စုတ် .. လက်ဘက်ရည်ပဲ တိုက်နိုင်မယ်။ သတင်း ပထမဆုက ဘယ်လောက်များ ရလို့လဲ”
“ဟင် နင် အရင်လို ကိုအောင့်အတွက် ဘောင်းဘီတို့ ဝက်ခေါင်းသုတ်တို့မှ ဝယ်သွားစရာမလိုတော့တာ”
မထိုက်က လှမ်းဟန့်ပေမယ့် မရတော့ဘူး။ အောင်ထူးစကားက ကျွံသွားပြီ။ တကယ်တော့ အဲဒီ စကားက အတိတ်ကို ပြန်အောက်မေ့ပြီး လွမ်းစရာဆိုပေမယ့် နွေ လုံးဝကို မလွမ်းတော့တာ။ နွေ့နှလုံးသားတွေပဲ ထုံသွားတာလား။
“နေစမ်းပါဦး .. နင်တို့က ငါယောက်ျားနဲ့ ကွဲတဲ့ကိစ္စကို ပျော်စရာများ မှတ်နေကြလားဟင်။ ဟိုဟာကျွေးခိုင်း ဒီဟာတိုက်ခိုင်းနဲ့” လို့ နွေ သူတို့ကို ပေါ့ပေါ့ပါးပါး ပြန်နောက်ပြောင်နိုင်နေပြီ။
မသောက်တာကြာပြီဖြစ်တဲ့ လက်ဖက်ရည် ကျဆိမ့်ကို တငုံငုံရင်း “မယူလိုက်က မိုက်လို့ထင် .. ယူလိုက်ပြန်က ကြိုက်လို့ထင်” ဆိုတဲ့ ကဗျာလေးက ခေါင်းထဲ ပြန်ရောက်လာပြန်တယ်။ မိုက်တယ်ပဲ ထင်ထင်၊ ကြိုက်လို့ပဲထင်ထင် .. နွေကတော့ ယူသင့်ရင်ယူမယ် .. မယူသင့်ရင်လည်း ထားခဲ့ လိုက်မယ်။ အဲဒီအတွက် ထိုးလာမယ့် လက်ညှိုးပေါင်းများစွာကိုလည်း ရင်ဆိုင်မယ်၊ ကဲ့ရဲ့ စကားတင်းဆိုလာမယ့် ပါးစပ်ပေါင်းများစွာ ကိုလည်း နွေမကြောက်ဘူး ..။ ချီးကျူးစကားတွေ ကိုလည်း နွေ မယစ်မူးဘူး။
နွေကြောက်တာ တခုတည်း .. အဲဒါကတော့ လက်ညှိုးတွေကြောင့်တော့ .. ကိုယ်မြတ်နိုးတဲ့ ကိုယ့်ဝါသနာ၊ ကိုယ်တည်ဆောက်ထားရတဲ့ အောင်မြင်တဲ့ အနေအထားတွေကို စွန့်လွှတ်ပြီး တသက်လုံး ဖြစ်ချင်ရာဖြစ် ဆိုတဲ့ဘဝကြီးထဲ ခေါင်းငုံ့ ခံနေရမှာကိုပါ။ အဲဒီလို မဖြစ်ချင်တဲ့အတွက် ပေးဆပ်ရမယ့် အရင်းအနှီး ကတော့ တော်တော်လေးကြီးတယ် .. နွေဆိုရင် နှလုံးသားနဲ့ မိန်းမသားဘဝ တခုလုံး ပေးလိုက်ရတာ။
ဒါပေမယ့် ပြန်ရတဲ့ သင်္ခန်းစာတွေနဲ့ တွက်ရင် .. တန်ပါတယ်လေ။ ။
(ပြီးပါပြီ)
“မယူလိုက်က မိုက်လို့ထင် ယူလိုက်ပြန်က ကြိုက်လို့ ထင်” နှင့် ပတ်သက်သမျှ
တကယ်တော့ ပြောဖို့ သိပ်မလိုလှပါဘူး။ ဒါပေမယ့်လည်း စာဖတ်သူဆိုတာက စာဖတ်မိပြီဆိုရင် ဒါ စာရေးသူရဲ့ ဘဝအကြောင်းများလားလို့ ထင်တတ်ကြပါတယ် (ကျမ ကိုယ်တိုင်တောင် အဲဒီလို တွေးဖူးခဲ့တာကိုး) ခု ကျမရဲ့ “မယူလိုက်က မိုက်လို့ထင် ယူလိုက်ပြန်က ကြိုက်လို့ ထင်” ကိုလည်း ကျမရဲ့ အဖြစ်အပျက်လေလားလို့ တချို့က မေးလာပါတယ်။ ကျမအကြောင်း မဟုတ်ဘူးလို့ ရဲရဲကြီး ပြောလို့ရပါတယ်။ ဒါပေမယ့် နွေ့ကိုတော့ ကျမကိုယ်တိုင် ဖြစ်စေချင်တဲ့အတိုင်း ပုံသွင်းမိတာ အမှန်ပါပဲ။ အဲဒါကို ဝန်ခံပါတယ်။ ကျမရဲ့ ထုံးစံအတိုင်း တကယ့်အပြင်က ဇာတ်ကောင်ကို ဝတ္ထုထဲမှာ အသက်သွင်းထား တာပါ။
နောက်တခုကတော့ ကျမ ပြည်တွင်းက မီဒီယာလောကမှာ ကျင်လည်ခဲ့ကတည်းက သတင်းသမားတွေနဲ့ ပတ်သက်တဲ့ ဝတ္ထုရှည်တပုဒ် ဖန်တီးချင်တဲ့ အာသီသ ရှိခဲ့ပါတယ်။ ဒါကလည်း အကြောင်းရှိပါတယ်၊ ဘာကြောင့်ဆိုတော့ နောက်ပိုင်း မြန်မာဗီဒီယို ဇာတ်ကားတွေမှာ စာနယ်ဇင်းသမားတို့၊ သတင်းထောက်တို့ အကြောင်းတွေကို ရိုက်ပြတာတွေ တွေ့ရတော့ တော်တော်လေး ဘဝင်မကျ ဖြစ်မိလို့ပါ။ တချို့ကလည်း လွယ်အိတ်လွယ် ကျွဲကော်ကိုင်း မျက်မှန်တပ်လိုက်တာနဲ့ စာနယ်ဇင်းသမား ဖြစ်သွားလေရဲ့။ တချို့ သတင်းထောက် တွေကျပြန်တော့ စုံထောက်လိုလို၊ မှုခင်းကျဆင်းရေးရဲလိုလိုနဲ့ တကယ့် သတင်းထောက်တွေရဲ့ ဘဝကို ပုံဖော်ထားတာ မတွေ့ရဘူး။ နောက်တခါ အခြေခံရိုက်ထားတဲ့နေရာ ကျပြန်တော့လည်း တကယ့် သတင်းခန်းနဲ့ မတူပြန်ဘူးလေ။ ကြည့်ရတာ ရုပ်ရှင်သမားတွေက တကယ့်သတင်းခန်းကို ရောက်ဖူးပုံမရဘူး။ ဒါလည်း ဖြစ်နိုင်ပါတယ်။ သူတို့က သူတို့နဲ့ ဆက်ဆံဖူးတဲ့ pop ဂျာနယ်၊ မဂ္ဂဇင်းလောက်ကိုပဲ သိကြတာကိုး။ အဲဒီတော့ သတင်းထောက်တွေ ဘယ်လိုရုန်းကန်ရတယ်၊ သတင်းခန်းမှာ ဘယ်လို ဖြစ်နေတယ် ဆိုတာကို သိပ်ရေးချင်ခဲ့မိတာပါ။
ကျမကိုယ်တိုင်လည်း ဒီပတ်ဝန်းကျင်မှာ ဖြတ်သန်းခဲ့ရတဲ့အတွက် သတင်းထောက်လေးတွေရဲ့ ပြဿနာတွေ၊ ဘဝတွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာခွင့်ရခဲ့တော့ ဒီထဲကမှ “နွေ” ဆိုတာကို ကျမ ဆွဲထုတ်မိတာပါ။ နွေ့လိုပဲ တခြားတခြားသော သူတွေရဲ့ စိတ်ဝင်စားစရာ၊ အားမရစရာ၊ စိတ်ဆင်းရဲစရာ အဖြစ်အပျက်တွေ၊ ဒုက္ခတွေ၊ ဘဝတွေ အများကြီးရှိပါသေးတယ်။
ချိုးလင်းပြာ မဂ္ဂဇင်းက ပြည်ပမှာ ထုတ်တဲ့ မဂ္ဂဇင်းတအုပ်ဖြစ်ပါတယ်။ နောက်ပြီး အမျိုးသမီးမဂ္ဂဇင်းလည်း ဖြစ်လေတော့ ... ကျမ အားမရတဲ့ အမျိုးသမီးလေးတွေအတွက် အင်အားတရပ် ဖြစ်စေချင်လို့ ဒီဝတ္ထုကို ဖန်တီး ဖြစ်ပါတယ်။ ဒါပေမယ့် ကျမရဲ့ လောကြီးမှုကြောင့် ဆိုလိုရင်း မရောက်ဘဲ တလွဲဖြစ်သွားခဲ့ရင် ကျမရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါတယ်။
ကျမရဲ့ “နွေ” ကတော့ ခုဆို သူ့ကိုကိုနဲ့ သားလေးလား၊ သမီးလေးလား တယောက်တောင် ရနေရောပေါ့ :P
လေးစားစွာ
တူးတူးသာ

Wednesday, October 07, 2009
|
Labels:
ဝတ္ထုရှည်
|
This entry was posted on Wednesday, October 07, 2009
and is filed under
ဝတ္ထုရှည်
.
You can follow any responses to this entry through
the RSS 2.0 feed.
You can leave a response,
or trackback from your own site.
Subscribe to:
Post Comments (Atom)
12 comments:
စာလုံးတိုင်း စာလုံးတိုင်းက အရမ်းကို ထိမိလှတယ်။ အမရာ။
ဖတ်နေရင်းနဲ့ကို စိတ်တိုင်းကျလိုက်တာ။
ဒါ မိန်းမတွေမှာ ရှိသင့်ရှိထိုက်တဲ့ အတွေးအခေါ်တွေပဲ။
အစကနေအဆုံး ဟာကွက်မရှိ အကုန်ကြိုက်တယ်။
ဖတ်ရတာ အရမ်းကျေးဇူးတင်ပါတယ်..အမရာ။
ဖတ်ရတာ စိတ်ထဲမှာကျေနပ်ပြီး ကျန်ခဲ့တယ်။
အပြင်က အစ်မရဲ့ "နွေ" အကြောင်းတော့ ဆက်မတွေးနေတော့ပါဘူးနော်...:P
ကိုသက်ပိုင်သူ ရေးထားတာ သွားသတိရတယ်
“ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာပွဲတွေဟာ မိန်းမတစ်ယောက်ရဲ့ အနုပညာ ကျဆုံးခန်း” ဆိုလား..
ဒီကလေးမလည်း မင်္ဂလာပွဲမခမ်းနားခဲ့ပေမယ့် သူ့ တန်ဖိုးတွေ ပျောက်သွားခဲ့ရတာ.. ဒီလိုလေး ပြန်ရှာဖွေတွေ့ရှိသွားတာ ကျေနပ်စရာ..
ဒါမယ့် မှတ်ချက်အရဆို အပြင်က ကလေးမက အထဲက ကလေးမထက် မိုက်တာပေါ့နော်..
ကောင်းတယ်ဗျ ... အမရေ အဲ့ဒါပဲပြောနိုင်တော့တယ် ..
အမဇာတ်လိုက်မက သဘာဝကျကျလေး ဟီးရိုးလည်းမဟုတ် ...း)
ဖြစ်သင့်ဖြစ်ထိုက်တယ့်ပုံလေးနဲ့ သဘာဝကျကျသိမ်းသွားတဲ့ ဇာတ်လေး ..း)
ကောင်းချက်တော် ငါ့အစ်မ
သဘာဝကျတဲ့ ၀တ္ထုလေးကို အဆုံးအထိ သေသေချာချာ ဖတ်လိုက်ရလို့ ကျေနပ်တယ်။
နောက်ထပ်ရေးပါဦး လို့ပဲ ပြောချင်ပါတယ်နော်။
i really like this story ....thanks for sharing...
ဇာတ်သိမ်းလေး သိပ်လှတယ်..
မိန်းမတစ်ယောက်ရဲ့ အားမာန်ပေါ်လွင်တယ်..
နားလည်မှုမရှိတဲ့ ယောက်ျားတွေကို မလွမ်းသင့်ပါဘူး..
သတင်းထောက်တွေရဲ့ ဘ၀ကို တစေ့တစောင်း သိလိုက်ရပါတယ်။ အတွေ့အကြုံလေးတွေ မျှဝေပါဦး။ အားပေးနေတယ် မတူးတူးသာ။
ဇာတ်သိမ်းတော့မှပဲ ကျလိကျလိပျောက်သွားတယ် အစ်မရေ။
ကျေနပ်တယ် အားရတယ် ယောကျားတွေကို အဲလိုလေးမာန ပြမှ မဟုတ်၇င် တယ်မလွယ်ဘူး
နောက်ဆုံးခန်းဖတ်ပီးမှ ဘဲ စိတ်ချမ်းသာသွားတယ်။
မိန်းမ ယူရင် ထမင်းချက်ဖို့ သူတို့ပြုစုဖို့ဆိုတာဘဲ ၇ှိတယ်။ ခုခေတ်အိမ်ထောင်ရှင်တွေကပိုသနားစရာကောင်းတယ်။ တအိမ်လုံးတာဝန်လည်းယူရ ကလေးတာဝန်လည်းယူရ ယောကျားကိုလည်းပြုစုရ နောက် တော့လည်းအလုပ်လည်းထွက်လုပ်ရသေးတယ်။ အားတဲ့သူက လုပ်ကြေးမ၇ှိဘူး အဲဒီစိတ်က မြန်မာ ယောကျာ;တွေ အတွေးမှာ ရှိနေသေးတယ်။
လာဖတ်သွား
Post a Comment