မယူလိုက်က မိုက်လို့ထင် ယူလိုက်ပြန်က ကြိုက်လို့ထင် (၄)

“ကိုကို ဒီမှာကြည့်စမ်း နွေ့နာမည်လေး ဂျာနယ်မှာ ပါလာပြီ”

ပထမဆုံးနွေ့သတင်းလေး ဖော်ပြခံရတဲ့ အပါတ်မှာ ဂျာနယ်လေးကို တယုတယနဲ့ တကိုင်ကိုင် လုပ်နေမိတယ်။ ကိုကို့ကို ကြွားပေမယ့် ကိုကိုက သိပ်စိတ်ဝင်စားတဲ့ပုံမပြဘူး။ ဂစ်တာတောင် အတီး မပျက်ဘူး။ ယောင်းမကတော့ ဂျာနယ်ကို ကိုင်ကြည့်ဖော်ရပါတယ်။ နွေ့နာမည်ကို ပြလိုက်တော့ .. တယ်ဟုတ်ပါလား ဆိုပြီး ဂျာနယ်ကို ကိုင်သွားပြီး ဘေးအိမ်တွေကို လိုက်ကြွား နေတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီနားပတ်ဝန်းကျင်မှာ နွေ ဆရာမကြီးဖြစ်ပြီပေါ့။ ခဏနေမှ ကိုကိုက ဂစ်တာချပြီး ..

“နွေက သတင်းထောက်ကြီးဖြစ်ပြီပေါ့ ဟုတ်လား” လို့ မေးတယ်။
“ဒါပေါ့ ကိုကိုရဲ့ တော်တယ်မဟုတ်လား” ဆိုတော့ ကိုကိုက ညစ်ကျယ်ကျယ်ပြုံးတယ်။
“တော်တယ် .. ကိုကို့မိန်းမ တော်တဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ .. ကိုကို အရက်သောက်မယ်။ ကိုကို့ကို ဂရင်းရွိုင်ယယ် တပြား ဝယ်တိုက် ဟုတ်လား။ နွေ ကိုယ်တိုင် သွားဝယ်ပေးနော်”

အဲဒီနေ့က နွေ ဘာကိုမှ မစဉ်းစားဘူး .. ကိုကို့အတွက် ဂရင်းရွိုင်ရယ် တပြားရယ် .. မြေပဲ ဆားလှော် တထုတ်ရယ် နွေကိုယ်တိုင် သွားဝယ်ပေးလိုက်ပါတယ်။ အမေတို့ သိရင် ဆိုတဲ့ အတွေးကို မတွေးတော့ဘူး .. ။ နွေ့ဘဝမှာ မိန်းကလေးတန်မယ့် အရက်ကို ပထမဆုံးအကြိမ် ဝယ်ဖူးချင်းပဲ .. အဲဒီပထမဆုံးကြောင့် ဒုတိယတွေ တတိယတွေ လာဦးမယ်ဆိုတာ နွေ လုံးဝ ထည့်မစဉ်းစားခဲ့ပါဘူး။

အဲဒီညက နွေ ပျော်လိုက်တာ .. လကလည်း သာလိုက်တာ။ ကိုကို့ကို အလုပ်က အကြောင်းတွေ တတွတ်တွတ် ပြောပြ ..၊ ကိုကိုက အရက် တခွက်ပြီး တခွက်သောက်ရင်း ဘာတခွန်းမှ မပြောဘဲ နားထောင်နေတာ။ ပြီးတော့ အဲဒီညက ကိုကို နွေ့ကို ဂစ်တာ တီးပြီး သီချင်း တပုဒ်ပြီး တပုဒ် ဆိုပြတယ် ..။

ဘာပဲဖြစ်ဖြစ် နွေ .. ငရုပ်သီးမှုန့်သည် ဘဝ၊ အဝတ်လိုက်လျှော်ရတဲ့ဘဝကို ပြန်မရောက်ချင် တော့ဘူး။ နွေ .. ဒီသတင်းထောက် ဘဝလေးကို တော်တော် မြတ်နိုးတယ်။ ကားတိုးစီးရလို့ ပင်ပမ်းပေမယ့်၊ ၇ ထပ်မြင့် တိုက်ကို ဒီတိုင်း တက်လိုက်ဆင်းလိုက် လုပ်ရလို့ ပင်ပမ်း ပေမယ့်၊ တခါတလေ ထမင်းငတ်ပေမယ့်၊ ခြေတိုအောင် နေပူထဲ လျှောက်ရတဲ့ ရက်တွေ ရှိပေမယ့်၊ သတင်း

မရလို့ အယ်ဒီတာက ဆူတာငေါက်တာ ခံရပေမယ့်၊ အပင်ပမ်းခံ လိုက်ထားတဲ့ သတင်းတပုဒ်ကို သူများဦးသွားလို့ဆိုပြီး မသုံးတဲ့အခါ စိတ်ညစ်ရပေမယ့် .. နွေ ပျော်တယ်။

အချိန်ကြာလာတာနဲ့ အမျှ တရစ်ပြီးတရစ် တိုးလာတဲ့ နွေ့ရဲ့ သတင်းအပေါ် စိတ်ဝင်စားမှုတွေ .. နွေ့ရဲ့ ကြိုးစားချင်စိတ်တွေ .. နောက်ပြီး အသိအမှတ်ပြု ခံရမှုတွေ အဲဒါတွေအားလုံးက နွေ့ကို ဖမ်းစားထားလိုက်ပြီ။

မထိုက်တို့ မြင့်မိုတို့ ဝေမာတို့ အောင်ထူးတို့လို သူငယ်ချင်းတွေ ..၊ မအိတို့ မသီတာ တို့လို အစ်မတွေ .. ကိုသက်ခိုင်လို အကိုတွေ နွေ့မှာ အများကြီး ရှိနေမှတော့ ဒီ သတင်းခန်းလေးက နွေ့အတွက် သဲကန္တာရထဲက အိုအေစစ်လေးပါပဲ။ နွေ့ယောက္ခမနဲ့ ယောင်းမတွေရဲ့ ဆူပူသံတွေ ..၊ နွေတို့နေရတဲ့ ရပ်ကွက်လေးရဲ့ ဆင်းရဲတွင်းနက်မှုတွေ .. နောက်ဆုံး ကိုကို့ရဲ့ ဖောက်ပြန်တဲ့ မျက်ဝန်းတွေကိုပါ မေ့ထားလို့ရနိုင်ခဲ့တယ်။

ကိုကိုနဲ့ ဟိုမိန်းမ ပြန်တွဲနေကြတယ်တဲ့ .. ရိုးရိုးပါလို့ ကိုကိုပြောတာကို နွေ ယုံခဲ့ပါတယ်။ ဒါပေမယ့် ကိုကိုတို့ ပတ်ဝန်းကျင်က သိပ်နှုတ်လုံတဲ့ ပတ်ဝန်းကျင်မျိုးမှ မဟုတ်တာဘဲ .. နွေ မကြားချင်မှ အဆုံးပေါ့ ..။

“နွေ .. နင့်ယောက်ျားကို နင်ကြည့်ထိန်းဦး” လို့ ယောင်းမက ထူးထူးဆန်းဆန်း ပြောလာတဲ့နေ့ .. နွေ သိပ်မအံ့သြတော့ဘူး။ နွေ့ရင်ထဲကတော့ ဆစ်ကနဲ နာသွားတယ်။ အဲဒီနေ့က နွေ စောစောပြန် လာတာ ကိုကိုက မရှိဘူး။ နွေ အလုပ်ကို နှစ်ပြီး လုပ်တော့မယ်လို့ ဆုံးဖြတ်ထားတဲ့အချိန်၊ နွေ့ အလုပ်ကို နွေ ဂုဏ်ယူပြီး တိုးတက်မှုတွေ တသီကြီးရအောင် လုပ်မယ်လို့ အားတင်းထားတဲ့ အချိန်မှာ ကိုကိုက နွေ့အနားကနေ ထွက်ပြေးဖို့ ကြိုးစားနေပြီလား။

“ကိုကို ဂစ်တာပြန်တီးတော့မလား လို့ပါ နွေရာ” ဆိုတဲ့စကားကို နွေယုံရမှာလား။ ကိုကို့ကိုကော အဲဒီဆိုင်မှာ ပြန်ပေးတီးရမှာလား။ နွေ့ခေါင်းထဲမှာ သိပ်ရှုပ်ထွေးနေတယ်။

“အိမ်မှာ ဒီတိုင်းထိုင်နေရင် ပျင်းပြီး စိတ်လေနေဦးမယ်၊ ဆိုင်မှာတီးတော့ အလုပ်ကလေးရှိတယ် ဆိုတာလေးနဲ့ ပျင်းချိန်မရဘူးပေါ့” ဆိုတဲ့ ယောင်းမရဲ့ စကားကို နွေ နားယောင်မိတာလည်း ပါတာ ပေါ့လေ။ တကယ်တော့ ဆိုင်မှာ ဂစ်တာပြန်တီးတာက နည်းနည်း ကိုကို လမ်းရှာတာက များများ ဆိုတာကို ခပ်တုံးတုံး နွေက ဘယ်သိပါ့မလဲ။

ကိုကို ဂစ်တာတီးလို့ရတဲ့ ပိုက်ဆံက နွေရတဲ့ပိုက်ဆံထက် များပါတယ် .. ဒါပေမယ့် နွေလည်း နွေရတဲ့ ပိုက်ဆံလေးကို ကိုယ့်ဘာသာ မြတ်နိုးတယ်။ ဆိုင်က ပိုက်ဆံရလာတဲ့ နေ့မျိုးမှာ ကိုကို ဒေါင်ချာဆိုင်းအောင် မူးလာတတ်ခဲ့ပြီ ..။ နွေဝယ်ပေးတဲ့ ဂရင်းရွိုင်ယယ် အမည်းရောင် ပြားလေး ကိုကို မသောက်တော့ဘူး .. ဂရန်းရွိုင်ယယ်တောင် ရွှေပတ်မှ ဆိုတာမျိုး လုပ်လာပြီ။

လက်ထဲက ပိုက်ဆံထုတ်ကို ဘုန်းခနဲပစ်ချပြီး “နွေ့သတင်းထောက်အလုပ်က ပင်ပမ်းပါတယ်ကွာ .. ပိုက်ဆံလည်း ဘယ်လောက်မှ ရတာမဟုတ်ဘဲနဲ့ .. ထွက်လိုက် .. အိမ်မှာပဲ ထမင်းချက် .. အဝတ်လျှော်လုပ် ဟုတ်လား” ဆိုပြီး ကိုကို ပြောတတ်လာပြီ။

အဲဒီလို ပြောတဲ့နေ့မျိုးဆို နွေ့အသားတွေ ဆတ်ဆတ်ခါတုန်အောင် စိတ်ဆိုးပေမယ့် .. သူ မူးလို့ ပြောတာပါ ဆိုတဲ့ စိတ်နဲ့ နွေ့စိတ်ကို နွေ ချိုးနှိမ်ပြီး .. တိတ်တဆိတ်ပဲ ငိုကျွေးရတဲ့ ညတွေ မနည်း တော့ပါဘူး။

နွေ ဒီအလုပ်လေးကို မြတ်နိုးတယ်၊ ချစ်တယ် ဆိုတာ သိရက်နဲ့ ကိုကိုပြောတာ။ တဖြည်းဖြည်းနဲ့ နွေ့သတင်းလေးတွေ ကာဗာမှာ ဖော်ပြခံလာရတာ .. အဖွဲ့လိုက်ရေးတဲ့ သတင်းဆောင်းပါး ရှည်ကြီးတွေမှာ ဝင်ပြီး လက်စွမ်းပြခွင့်ရလို့ နွေပျော်ရတဲ့ အပျော်တွေကို ကိုကိုက မျှဝေခံစားဖို့ ဝေးလို့ စိတ်မဝင်စားတဲ့ပုံနဲ့ တုံနိဘာဝေ နေတာ ဘာကြောင့်လဲ။ ကိုကို့ပျော်ရွှင်မှုတွေကို နွေက မျှဝေခံစားသလောက် နွေ့ပျော်ရွှင်မှုတွေကို ကိုကို ဘာလို့ ဝင်မပျော်ပေးနိုင်ရတာလဲ။ အငယ်တန်း သတင်းထောက်ကနေ အကြီးတန်းသတင်းထောက်အဖြစ် ခန့်အပ်ခံရပြီး လစာလည်း တိုးတဲ့ နေ့က နွေ ကိုကို့အတွက် ဘောင်းဘီရှည် တထည် အမှတ်မရှိ ဝယ်ခဲ့မိသေးတယ်။

တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က ကိုကို့မှာ ဘောင်းဘီအသစ်တထည် ပါလာတယ်။

“ဒီမှာကြည့် ဒါမျိုးကိုမှ အဝတ်အစားလို့ ခေါ်တာကွ .. အကောင်းစားလည်း မဝယ်တတ် .. ဘယ်လို မိန်းမလဲကွာ”

ကိုကို ကိုယ့်ဘာသာ ဝယ်လာတာလား .. တယောက်ယောက်က ဝယ်ပေးလိုက်တာလား နွေ မမေးတော့ပါဘူး။ နွေ့ဝယ်လာတဲ့ ဘောင်းဘီလေး နောက်တထည်လည်း ချောင်ထိုး ခံထား လိုက်ရပြန်ပြီ။ နွေ .. ကိုကို့ကို ချစ်နိုင်သေးရဲ့လား .. ။ အဲဒီမေးခွန်းက ဘာလို့ ခုတလော နွေ့စိတ်ထဲ ရောက်ရောက်လာရတယ် မသိဘူး။

ကိုကို ဂစ်တာ ပြန်တီးတဲ့နောက်ပိုင်း ကိုကိုနဲ့နွေ ဆုံတဲ့အချိန်လည်း တော်တော်လေး နည်း လာတယ်။ ညနေ နွေပြန်ရောက်ရင် ကိုကိုက မရှိတော့တာပဲဖြစ်ဖြစ် .. ဒါမှမဟုတ် .. ဆိုင်ကို သွားဖို့ အဆင်သင့် ဖြစ်နေတာပဲဖြစ်ဖြစ် .. အဝင်အထွက် လောက်ပဲ ဆုံတော့တယ်။ မနက် နွေ အလုပ်သွားချိန်ကျတော့ ကိုကိုက ညဥ့်နက်မှ အိပ်ထားလို့ မထနိုင်ဖြစ်နေပြီ။

“မင်းတို့ အသိုင်းအဝန်းကို ငါကြည့်မရဘူးကွာ၊ တကယ့် ဖင်ခေါင်းတွေ၊ ဆန်မရှိ သောက်စားကြီး နေကြတာ” ဆိုတဲ့စကားက ကိုကို နွေတို့ အသိုင်းအဝန်းကြား ဝင်မဆံ့တာကို မိုးကြိုးပစ် ထန်းလက်နဲ့ ကာလိုက်တာပဲလို့ နွေသိပါတယ်။

ဂျာနယ်တိုက် နှစ်ပတ်လည်ပွဲကို ဟိုတယ်ကြီးတခုမှာ ကျင်းပတော့ အသီးသီးအသက၊ အသက ကိုယ့်ချစ်သူ .. ကိုယ့် ဇနီး၊ ကိုယ့်ခင်ပွန်းကို ခေါ်ခွင့်ပေးခဲ့တယ်။ နွေ အတင်းပူဆာလို့ ပထမပိုင်း ကိုကိုလိုက်ခဲ့ပေမယ့် .. နွေတို့ကြားမှာ ကိုကို မနေနိုင်ဘူး။ ကိုကိုတို့ အသိုင်းအဝန်းလို မော်ဒယ် တွေ၊ အဆိုတော် မဖြစ်တဖြစ်တွေ .. အဆိုတော်ဖြစ်ချင်လို့ လမ်းခင်းပေးနေတဲ့ ကောင်မလေးတွေ၊ အဆိုတော်ဖြစ်ဖို့ထက် ပိုက်ဆံရဖို့ ဘာမဆိုလုပ်မယ်ဆိုတဲ့ သူတွေမှ မဟုတ်တာပဲ။

ခပ်ပေါ့ပေါ့ စကားလုံးတွေနဲ့ ကျင့်သားရနေတဲ့ ကိုကိုက အဆင့်အတန်းမြင့်မြင့် ပျော်ရွှင်နေတဲ့ အသိုင်းအဝန်းကို မနာလို မရှုစိမ့်နိုင်တာလို့ နွေ မတွေးချင်ဘဲ တွေးမိပြီ ကိုကို။ နွေ့မျက်နှာကို တောင် မထောက်ဘဲ ပွဲတဝက်တပျက်မှာ ထထွက်သွားခဲ့တဲ့ ကိုကို့ကို နွေ လုံးဝ နားမလည်ချင် တော့တာ ..။

တယောက်ရဲ့ ပျော်ရွှင်မှုကို နောက်တယောက်က မနာလို မရှုစိမ့်နိုင်တာ .. အချစ်မဟုတ်တော့ ဘူးပေါ့ ကိုကိုရယ် .. အဲဒီနှစ်ယောက်ဟာ နှစ်ယောက်ပေါင်းမှ တဘဝလို့ ဆိုနိုင်တဲ့ လင်မယား အဖြစ်နဲ့ ဘယ်လို ပျော်ရွှင်မှုတွေ ရယူနိုင်မှာတဲ့လဲ။

* * *

“ငါနဲ့ ကိုလေးနဲ့ ပြတ်ပြီ”
“ဘာ”

မြစံပယ်မှာ စောင့်နေလို့ ဖုန်းဆက်လို့ နွေနဲ့မြင့်မို စောင့်နေကြတာ။ မထိုက် တယောက် ခရီး မဆိုက် ပြောလိုက်တဲ့ စကားကြောင့် နွေတို့ လန့်သွားတယ်။ ဘယ်လိုဖြစ်တာလဲ .. ကိုလေးက မထိုက်ကို တော်တော် ချစ်တာလေ။ ပြီးတော့ အလိုလည်း တော်တော်လေး လိုက်တယ် မဟုတ်ဘူးလား။

“ဟုတ်တယ် .. ဒါပေမယ့် သူက ငါ့ကို ဒီအလုပ်က ထွက်ခိုင်းတယ်ဟ”

နွေတို့ ထပ်အံ့သြရပြန်ပြီ။ ကိုလေးက မထိုက်ရဲ့ သတင်းထောက်အလုပ်ကို တော်တော်လေး ဂုဏ်ယူတယ်လို့ သိထားတာ။ နောက်ပြီး ကိုလေးက မထိုက်ကို တော်တော် ကူညီပေးတာ။ သူ ကိုယ်တိုင်က ကုမဏီ တခုက မန်နေဂျာ ဆိုပေမယ့် မထိုက်သွားတဲ့နေရာတွေမှာ အဖော်လိုတာ ပဲဖြစ်ဖြစ် .. မထိုက်ရဲ့ သတင်းတွေအတွက် လိုအပ်တဲ့ ဒေတာတွေ ရှာတာပဲဖြစ်ဖြစ် ကူညီ နေကျ။ ညနေ ဆိုရင် ဖုန်းဆက်ပြီး .. တရက်မပြတ် လာကြိုနေကျ။ နွေတို့က မထိုက်ကို ကံကောင်းတဲ့သူ လို့ ထင်ထားကြတာ။

“ဘယ်လိုဖြစ်ပြန်တာလဲဟယ် .. နင်က ဘာသွားလုပ်လိုက်လို့လဲ”

မြင့်မိုရဲ့ အမေးကို မထိုက်က ဘာမှ ပြန်မဖြေဘဲ ငြိမ်နေတယ်။ သူ့ပုံစံက ရည်းစားနဲ့ ကွဲလာတာနဲ့ မတူဘူး .. တခုခုကို ခံပြင်းနေသလိုပဲ။

“ဒီလိုပါပဲဟာ .. ယောက်ျားတွေက သူတို့ လိုအပ်ချက် ပြည့်ကို မပြည့်နိုင်ဘူး”

ဒီတခါမှာတော့ တချိန်လုံးငြိမ်နေတဲ့ အောင်ထူး ခေါင်းထောင်ထလာတယ်။

“ဟေ့ ဟေ့ ဒီမှာလည်း ယောက်ျားကြီး တယောက်လုံး ငုတ်တုတ်ထိုင်နေတာနော် .. ပြောချင်ရင် ငါမရှိမှပြော .. မထိုက်ကလည်း ရည်းစားနဲ့ ကွဲလာတာ၊ ဘေးအိမ်နဲ့ ရန်ဖြစ်လာတာကျနေတာပဲ .. မျက်နှာကြီးက စူပုတ်လို့”
“ဟဲ့ ငါက မစူပုတ်လို့ သွားဖြဲပြနေရမှာလား။ ငါ့ကိုသူပြောလိုက်တာ မခံနိုင်လို့ဟာ”
“ကိုလေးက ဘာပြောလို့လဲ .. နင်ကိုက အချိုးမပြေတာ ဖြစ်မှာပါဟာ”

မထိုက် မခံချင်အောင်ပြောတဲ့ အောင်ထူးကို နွေတို့ တယောက်တပေါက် ပါးစပ်နဲ့ ဝိုင်း သမလိုက်ကြတယ်။

“ငါ့ကို သူက ကြာလေကြောက်လေ ဖြစ်လာပြီတဲ့။ ငါက တော်ပါတယ်တဲ့ .. ဒါပေမယ့် အိမ်ထောင် ရှင်မတယောက် ဖြစ်ဖို့ မလွယ်ဘူးတဲ့ ..၊ ဒီအလုပ်ကို ဒီလောက်တောင် ချစ်နေတဲ့ မိန်းမတယောက် ကို လက်ထပ်ဖို့ သူ အဆင်သင့်မဖြစ်ဘူးတဲ့”
“ဟင် အစကတော့ သူပဲ .. နင်ဒီလို တော်တာကို ချစ်တာဆို၊ နင့်ကို ပံ့ပိုးပေးမှာဆို”

မြင့်မိုရဲ့ အမေးကို မထိုက်က အေးအေးပဲ ပြန်ဖြေတယ်။

“ဟုတ်တယ် .. အခုတော့သူက ငါ့ကို ဒီအလုပ်ကထွက်ပါတဲ့၊ သူ ငွေကို လုံလောက်အောင် ရှာပေးမယ်တဲ့၊ ငါက အိမ်မှာ အိမ်ရှင်မပီပီသသနေပြီး သူ့ကို ပြုစုပါတဲ့။ မဟုတ်ရင်တော့ သူ ငါ့ကို ယူမယ့်အစား စာမတတ်တဲ့ တောသူ မိန်းကလေးတယောက်ကိုပဲ သွားရှာယူရလိမ့်မယ်တဲ့”

မထိုက် နှလုံးသားတွေ ဘယ်လောက်တောင် နာကျင်လိုက်မလဲ .. ၊ နွေတောင် သူ့အစား ငိုချင်တယ်၊ သူကတော့ အေးအေးဆေးဆေးပဲ .. နာကျည်းနေတာတော့ သူ့မျက်နှာမှာ မြင်နေရတယ်။ ပေါ်လွင်တဲ့နှာတံ .. ပိရိတဲ့နှုတ်ခမ်းတွေနဲ့ .. မျက်လုံးတောက်တောက် တွေကို ပိုင်ဆိုင်ထားတဲ့ မထိုက်မျက်နှာလေးက မသိမသာ နွမ်းနယ်နေတယ်။ တော်လည်းတော် လှလည်းလှ .. ထက်လည်းထက်တဲ့ မိန်းမတယောက်ကို ဘာလို့ ဒီလို လွယ်လွယ် လမ်းခွဲစကား ပြောရတာလဲ။

“ငါပြန်ပြောလိုက်တယ်။ ဒီအလုပ်ကတော့ မထွက်နိုင်ဘူး။ ငါ တသက်လုံး သတင်းထောက်လုပ်မှာ လို့ .. အဲဒီအတွက် ရှင် .. ခုဏပြောတဲ့ တောသူကို ရှာယူလိုက်ပါလို့ ပြောပြီး ငါထွက်လာခဲ့တယ်။ ငါ သူ့ကို သိပ်ချစ်တယ်ဆိုတာသိတော့ အပိုင်တွက်တာပေါ့ဟာ .. ယူဖို့အထိ ပြောကြပြီးမှ ငါ့ကို ရိုက်ချတာ”

မိန်းမတွေက ဒီလိုပဲလား .. သူတို့ မျက်ရည်တွေနဲ့ ခင်းပြီးလျှောက်မှ လိုတဲ့ပန်းတိုင်ကို ရောက်တာတဲ့လား ..၊ နွေကော .. ၊ နွေလည်း မိန်းမတယောက်ပဲလေ ..။

(ဆက်ပါဦးမည်)

5 comments:

:P said...

ိုနွေ့ ကိုကိုကို တဖြည်းဖြည်း ရိုက်သတ်ချင်လာပြီနော်...။

Anonymous said...

ဟုတ်တယ် မမကြီးဆင်းဒလားကို ထောက်ခံသဘောတူတယ် .. ရိုက်ဗျ ..

မြတ်နိုး said...

မြန်မြန်လေးဆက်ပါအမ

ပုံရိပ် / Pon Yate said...

လာလာဖတ်ပါတယ်။ နွေ့ကိုကိုကို မကြိုက်သလို နွေ့ကိုလည်း အားမရဘူး။

sait phay yar said...

ရိုက်တာမဟုတ်သတ်ကိုသတ်ချင်နေတာ....အီး