မယူလိုက်က မိုက်လို့ထင် ယူလိုက်ပြန်က ကြိုက်လို့ထင် (၂)

နာရီကိုကြည့်ရင်း အခန်းထဲကို နွေ ကမန်းကတန်းဝင်လိုက်တော့ အချိန်က ၁၀ နာရီတောင် ထိုးတော့မယ် .. ထင်တဲ့အတိုင်း သတင်း စည်းဝေး စနေပြီ၊ လူက စုံနေပြီ။ တာဝန်ခံ အယ်ဒီတာ ကိုသက်ခိုင်ကို မျက်နှာချိုသွေးတဲ့အနေနဲ့ ပြုံးပြလိုက်တော့ ကိုသက်ခိုင်က မျက်နှာတည်ကြီးနဲ့ ပြန်ကြည့်တယ်။ နွေ့ဇက်ကလေးပုပြီး မြင့်မိုနားမှာ အသာဝင်ထိုင်လိုက်တယ်။

“ဒီနေ့ ဆန်ကုန်သည်ကြီးများအသင်းမှာ အစည်းအဝေးရှိတယ် .. ကျနော်သွားမလို့”

အောင်ထူးက ကွမ်းချေးတွေကြောင့် မည်းနေတဲ့သွားတွေကို လျှာနဲ့ သပ်ရင်းပြောလိုက်တော့ ကိုသက်ခိုင်က “ကဲ နွေကကော ဘာလုပ်မှာလဲ” ဆိုတဲ့ ပုံစံနဲ့ မေးကိုဆတ်ပြတယ်။ အဲဒါမှ ပြဿနာ နွေ ဘာမှ စဉ်းစားလာတာ မရှိဘူး။ နွေက မနက်မိုးလင်းတာနဲ့ ထပြီး တအိမ်လုံးစာ အဝတ်တွေ လျှော်၊ ပြီးတော့ တအိမ်လုံးစာ ထမင်းအိုးတည်ခဲ့ပေးခဲ့ရလို့ ရုံးကိုတောင် မနည်းပြေးလာရတာ။ ဘယ်လိုလုပ် သတင်းကိစ္စစဉ်းစားခဲ့နိုင်မှာလဲ။

နွေထွက်လာတဲ့အချိန်ထိ ကိုအောင်က မထသေးဘူး။ သူ့အတွက်လည်း လက်ဘက်ရည် နဲ့ အီကြာကွေး သွားဝယ်ပေးထား ရသေးတယ်လေ။

“နွေ့မှာ သတင်းမရှိဘူး အစ်ကို” ဆိုတဲ့အသံလေးက ဖျော့တော့နေမှာအမှန်ဘဲ။
“နွေ .. ငါ နင့်ကို မပြောဘူး၊ မပြောဘူးနဲ့ ကြည့်နေတာ။ နင့်ဟာက ဘယ်လိုလဲ။ နောက်လည်း ကျသေးတယ်။ ခု အားလုံး လိုက်မယ့် သတင်းတွေ ပြောပြီးကြပြီ။ နင့်မှာက သတင်းမရှိဘူးတဲ့။ ခုတလောမှာ သွေးလွန်တုပ်ကွေးတွေ အရမ်းဖြစ်နေတယ်၊ အဲဒါ နင် ကလေးဆေးရုံကိုသွား .. ရအောင်လိုက်ခဲ့ ကြားလား”

ကိုသက်ခိုင်က ပြောချင်ရာပြောပြီး နွေတို့နားက ထထွက်သွားတယ်။ သတင်းစည်းဝေးက ပြီးပြီ ..။

“ဒုက္ခပဲ မြင့်မိုရာ .. ဘယ်လိုလုပ် လိုက်လို့ရမှာလဲဟ ..။ အစိုးရဌာနတွေ သတင်းလိုက်ရတာ သိတဲ့ အတိုင်းပဲ .. စာက တင်ရဦးမှာ .. သူတို့ဆီက စာရမှ မေးလို့မြန်းလို့ရမှာဟ”
“မအိ လိုက်ခဲ့မယ်နွေ ..။ ဘာမှမပူနဲ့ .. နွေ့ကို မအိကူမယ်”

တညည်းညည်း တညူညူလုပ်နေတဲ့နွေ့နားကို ဘယ်အချိန်က မအိရောက်နေတယ်မသိဘူး။ မအိက ကိုသက်ခိုင်အောက်က အယ်ဒီတာ။ နွေ့အခက်အခဲကို အမြဲကူညီနေကျ ..။ ခု နွေ လွယ်ထားတဲ့ အိတ်ကလေးက မအိပေးထားတာပဲလေ။ နွေဝတ်ဖို့ ဘောင်းဘီရှည် အပျော့လေး ၂ ထည်လည်း ပေးဖူးတယ်။ အဲဒီဘောင်းဘီရှည် ဝတ်တဲ့နေ့ဆို ကိုကိုက မျက်စောင်းထိုးပြီ။ နွေက အသားမည်းပေမယ့် အရပ်ရှည်ရှည်၊ သွယ်သွယ်နဲ့ ကြည့်ကောင်းနေတာဆိုတော့ ကိုကိုကမနာလိုဘူးတဲ့။

“ကျေးဇူးပဲ မအိရယ် ..”
“ဒါပေမယ့် နွေ အလုပ်တော့လုပ်ရမယ်နော်။ မအိကိုပဲ အမြဲ အားကိုးနေလို့မရဘူး။ ခုက နွေ သိပ်မလုပ်တတ်သေးလို့ မအိကူတာ။ ကလေးဆေးရုံကိုသွားပြီး မေးရင် သူတို့က ဘာမှ ဖြေမှာ မဟုတ်ဘူး ဟုတ်တယ်မဟုတ်လား”
“ဟုတ်တယ်လေ မအိရဲ့ .. အဲဒါကြောင့် နွေက ပြောတာ”
“မဟုတ်နဲ့ဦး မအိပြောမယ်။ သူတို့က ဘာမှ မဖြေဘူး .. ဒါပေမယ့်၊ တို့လုပ်ရမှာက ကလေးဆေးရုံ မှာ ဘာတွေဖြစ်နေတယ်ဆိုတာ သွားကြည့်မယ်။ အဲဒီဝင်းထဲက စားသောက်ဆိုင်မှာ စုံစမ်းမယ်။ သွေးလွန်တုပ်ကွေးနဲ့ သေကြတဲ့ ကလေးတွေ၊ ပြန်ကောင်းပြီး ဆေးရုံက ဆင်းသွားရတဲ့ ကလေး မိဘတွေနဲ့ တွေ့မယ် .. ရသလောက်စကားပြောကြည့်မယ်။ အပြင်ဆေးခန်းပဲ ထိုင်တဲ့ ကလေး ဆရာဝန် တယောက်ယောက်နဲ့ တွေ့တာပေါ့။ နွေ့အမေရဲ့ သူငယ်ချင်းထဲမှာ ပြောနိုင်တဲ့ ဆရာဝန် မရှိဘူးလား”
“ဟာ ဟုတ်တယ် ဟုတ်တယ် မအိ .. နွေ သတိရပြီ။ ရှိတယ်”
“အိုကေ .. ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားလိုက် .. မအိ စဉ်းစားတာက .. သွေးဝင်လှူလိုက်မယ်။ ခုအချိန် ကလေးဆေးရုံမှာ သွေးက လှူသလောက်ကို လိုနေတယ်။ မလောက်ဘူးလို့ ကြားတယ်။ ဒါဆို တို့တွေ ဝင်ရတာ လွယ်တာပေါ့ ဟုတ်လား”

နွေ့ကို ပြောစရာရှိတာတွေ ပြောပြီး မအိ သူ့စားပွဲမှာ သူ စာသွားရေးနေတုန်း မြင့်မိုက လှမ်းစ တယ်။

“မအိတို့က ဘက်လိုက်တယ်နော်။ မြင့်မိုကိုကျ တခါမှ မကူဘူး”

မအိက နားလေးနေတယ်ဟေ့ ဆိုတဲ့ ပုံစံနဲ့ မကြားသလို လုပ်ပြတယ်။ မအိစာရေးတာကို နွေ သိပ်အားကျတာ။ လူတွေ ဒီလောက် ဆူညံနေတဲ့ထဲမှာ စာတွေ ဟောတပုဒ် ဟောတပုဒ် ရေးရေးပြီး စာစီသမားဆီ ချချ ပေးနေတာ စက်နဲ့ လှည့်ထုတ်နေတဲ့အတိုင်းပဲ ..။ နွေလည်း အဲလို ရေးချင်လိုက် တာ။ ခုတော့ နွေက သတင်းတပုဒ်တောင် အပေါက်အလမ်းတည့်အောင် မရေးနိုင်ဘူး။ အင်းလေ နွေ ရအောင်လုပ်မှာပေါ့။

နွေ့ဘေးမှာက ဘာမဆို ရယ်စရာပဲတွေးပြီးရယ်နေတတ်တဲ့ မထိုက်နဲ့ မြင့်မိုတို့ တယောက်ကို တယောက် နောက်ပြောင်နေကြတယ်။ သူတို့မှာ အပူအပင်မရှိသလိုနဲ့ .. အဲဒီတဒင်္ဂလေးမှာ နွေ အရာအားလုံးကို မေ့နေတာ။ ကိုကို့ ကိုကောပေါ့ ..။ ဒါပေမယ့် အလိုက်မသိတဲ့ မြင့်မိုလေ ..။

“ဟဲ့ နွေ .. ဘယ်လိုလဲ နင့်ကိုအောင်ကြီး။ မနေ့က ဟင်းကောင်းကောင်း ဝယ်ကျွေးလိုက်လား”

သူကတော့ မေးချင်ရာမေးပြီး ပြန်အဖြေတောင်မစောင့်ဘဲ မထိုက်နဲ့ တွတ်ထိုးနေတာ။
နွေ့မျက်ဝန်းထဲမှာ မျက်ရည်တွေ ဝေ့တက်လာလို့ မျက်တောင်ပုတ်ခပ်ပြီး သိမ်းလိုက်ရတယ်။ တကယ်တော့ အဲဒီလို သိမ်းဆည်းလိုက်ရပေါင်း များလှပါပြီလေ ..။ မနေ့က နွေအငတ်ခံ ဝယ်လာပေးတဲ့ ဘောင်းဘီကို မကြိုက်ဘူး ဆိုပြီး တချက်တောင်လှည့်မကြည့်ဘဲ .. သူ့ဘာသာ ဂစ်တာထိုင်တီးနေတာ ..။ နွေ့မှာတော့ အဲဒီဘောင်းဘီလေးကို ရင်ခွင်ထဲမှာထည့်ပြီး .. ငိုရင်း အိပ်ပျော်သွားခဲ့တာလေ။ ဒါတွေသူ ဘာမှမသိဘူး။ သူ့ဘာသာ ဂစ်တာတီး သီချင်းဆိုလို့ အားရ တော့ ဘယ်အချိန်က နွေ့ဘေးနား ဝင်အိပ်လိုက်တယ်တောင် မသိဘူး။

“ဟဲ့ နွေ .. ဟိုမှာ မသီတာ ခေါ်နေပြီ .. ခရီးစရိတ်လာထုတ်တော့တဲ့”

အောင်ထူးအသံကြားတော့မှ နွေ့အတွေးတွေ ပြတ်သွားတယ်။ ဟုတ်သားပဲ .. ခရီးစရိတ် ထုတ် ဆိုမှ .. အရင်တပတ်က ခရီးစရိတ် စာရင်းတင်ဖို့ သတိရတယ်။ မြင့်မိုလည်းနွေ့ဘေးမှာ ခရီးစရိတ် တင်ဖို့ စာရင်းချတွက်နေပြီ။

“ပြီးခဲ့တဲ့ အင်္ဂါနေ့က ငါဘယ်တွေသွားလဲဟင် နွေ ..”
“နင် ဘယ်သွားရမှာလဲ .. မြစပယ်မှာ ထိုင်လေပန်းနေတာ မဟုတ်လား၊ ကြံကြံဖန်ဖန် .. ကိုယ့်ဘာသာ ဘယ်သွားလို့သွားမှန်းမမှတ်မိတာကို သူများကို မေးရတယ်လို့ .. ဘယ်သူက နင့်နောက် လိုက်ကြည့်နေနိုင်မှာလဲ။ ဖြည့်လိုက် စိတ်ကူးတည့်ရာသွား လို့”

မြင့်မိုက နွေ့ကိုမေးတာကို မထိုက်က ကြားက ဝင်ဖြေတာ။ အဲလိုပဲ သူတို့နှစ်ယောက်က ပေါက်ကရတွေပြောပြီး ပျော်ရွှင်နေကြပဲ။ နွေသာ ..။

“ဒီနေ့ စက်မှုဇုံသွားရမယ်တဲ့ စိတ်ညစ်ပါတယ်နော်။ နေကပူ .. ဘတ်စ်ကားက မရောက်၊ ဆိုက်ကားခကျ ရုံးကထုတ်မပေးနဲ့”

ပွစိပွစိပြောရင်း ဝေမာ အနားရောက်လာတယ်။

“ဟယ် .. ဝေမာ .. နင်က မင်္ဂလာဈေးသွားပြီး .. စက်မှုဇုန်တန်းသွားပြီဆို”

မထိုက်က မေးလိုက်တာကို ဝေမာ ချက်ချင်းမဖြေသေးဘဲ မဲ့ရွဲ့ပြီး ယပ်တောင် တဖျပ်ဖျပ်ခတ် နေတယ်။ ချွေးတွေလည်း ရွှဲလို့ ..။

“အင်တာဗျူးအတွက် ဖုန်းတခုချိန်းထားတာ မေ့သွားလို့ မထိုက်ရေ ..။ လမ်းထိပ်တောင် ရောက်နေပြီ .. ပြန်လှည့်လာရတာ။ လမ်းဘေးဖုန်းနဲ့ဆက်ရင် .. သိတယ်မဟုတ်လား .. ၁၀၀၊ ၁၅၀ အနည်းဆုံးထွက်မယ်၊ ဖုန်းခက ရုံးကထုတ်ပေးရိုးထုံးစံမရှိ .. ဒီတော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ မိဝေမာခံပေါ့ .. ဓာတ်လှေခါးမရှိသော ၇ ထပ်က ရုံးခန်းကို ပြန်လာ .. ဖုန်းဆက် ..”

သူတို့ကိုကြည့်ရင်းနွေ မောလည်းမော .. ပျော်လည်းပျော် ..။ ဝေမာက အဲလိုပဲ .. အမြဲသွက်လက်၊ ဖျတ်လတ် နေတာ..။ မကျေနပ်ရင် မကျေနပ်တာကို ပါးစပ်က ဖွင့်ပြောလိုက်ရမှ .. သူ့ကို ကြည့်လိုက်ရင် အမြဲ လှုပ်ရှားနေတာပဲ .. ထိုင်နေတာကို မတွေ့ရဘူး။ လူက ပုပု သေးသေးလေး .. ကလေးလေးလိုပဲ .. ဒါပေမယ့် နွေတို့ မြင့်မိုတို့နဲ့ ရွယ်တူပဲ ..။ သတင်းရေးအားက ဘာကောင်း သလဲ မမေးနဲ့ .. သူ့ကိုဆို ဘိုးတော်က သိပ်ချစ်တာ .. တပတ် တပတ်ကို အနည်းဆုံး အပုဒ် ၂၀ လောက်ရေးတာ ..။ ဘိုင်ကတော့ အမြဲပြတ်။ သူ့ကိုကြည့်လိုက်ရင် ပိုက်ဆံ မရှိတာချည်းပဲ။

သူချည်းပဲ ပိုက်ဆံမရှိတာတော့ မဟုတ်ပါဘူးလေ။ ပြောရရင် နွေတို့ အငယ်တန်း သတင်းထောက် တွေ အားလုံး ဘိုင်ပြတ်နေကြတာချည်းပဲ။ လကုန်တဲ့နေ့မှာပဲ ပိုက်ဆံက ကုန်ပြီ .. ကျန်တဲ့ ရက်တွေကတော့ ပိန်လိန်ပြီး လှည့်ပတ် ရှာဖွေစားသောက်နေရတာ။

တကယ်တော့ အားလုံးက သတင်းအလုပ်ကို နားလည်လို့၊ ဝါသနာ ပါလွန်းလို့ ဒီအလုပ်ကို ဝင်လုပ်ကြတာမှမဟုတ်တာ။ အလုပ်တခုအနေနဲ့ ဝင်လုပ်ကြရင်း မနည်း နားလည်အောင် လုပ်နေကြရတာ။ နွေဆိုရင်ပဲ ကြည့်လေ .. ကဗျာတိုကဗျာစလေး ရေးတတ်တာနဲ့ ကိုယ့်ကိုယ် ကိုယ် သတင်းထောက်လုပ်လို့ရမယ် ထင်နေတာ။ တကယ်တော့ ဘာမှ မဆိုင်ဘဲ .. နွေကတော့ ကဗျာလည်း စာပဲ .. သတင်းလည်း စာပဲ .. ရေးလို့ ရမှာပဲလို့ ထင်တာလေ။ ခုမှ မဟုတ်မှန်း သိတာ။

“နွေရေ .. ၂ နာရီလောက်ကျ လစ်မယ်ဟေ့ နော်။ အဆင်သင့်ပြင်ထား။ မအိ သူငယ်ချင်းလာလို့ အောက်ခဏဆင်းဦးမယ်။ မအိ ခု လပ်ကီးမှာရှိမယ် သိလား”

နွေ့အတွေးတွေကို မအိအသံက ဖြတ်တောက်လိုက်တယ်။ ပြောပြောဆိုဆို ထွက်သွားတဲ့ မအိကို ကြည့်ရင်း နွေဗိုက်ဆာလာတယ်။ နွေ့ထမင်းဗူးလေးထဲမှာ ငနီတူ ခြောက်သေးသေးလေးတွေကို ငရုပ်သီးနဲ့ စပ်စပ်ကြော်ထားတဲ့ ဟင်းတခွက်ပဲပါတယ်။ ထမင်းကတော့ သိပ်ထည့်ခဲ့တယ်။ မထိုက်တို့ မြင့်မိုတို့နဲ့ တူတူစားရင် စားလို့ကောင်းမှာပါ။ သူတို့လည်း နွေနဲ့ သိပ်တော့မကွာလှဘူး။ မထိုက်က မျှစ်ကြော်၊ မြင့်မိုက ခရမ်းချဉ်သီး ငပိချက် ..။

ဒီနေ့ ဘိုးတော် စည်းဝေးတခု သွားတက်လို့ နည်းနည်းလွတ်လပ်ရေး ရနေကြတာ။ တကယ်ဆို ဘိုးတော်ရှိတဲ့နေ့ ရုံးမှာ ဒီအချိန်ထိ မနေရဲဘူး။ ဆူခံထိပြီ ..။ သတင်းထောက်လုပ်ပြီး ဘာကိစ္စ ရုံးမှာထိုင်နေရတာလဲ ဆိုပြီး မျက်ထောင့်နီကြီးနဲ့ ကြည့်တာခံရပြီ။ ကိုသက်ခိုင်တို့ လောက်ကတော့ ကြောက်ချင်ယောင်လေး နည်းနည်း ဆောင်ပြလိုက်ပြီးပြီ ..။ တကယ် မကြောက်ပေါင်။

* * *

ပျော့ပြောင်းနူးညံ့တဲ့ ကိုကို့ရဲ့ ဆံပင်ရှည်ရှည်တွေကို တို့ထိ ဆော့ကစားရတာကို နွေ့အတွက် ရင်ခုန်ယစ်မူးစရာ ..။

တကယ်တော့ အဲလို ကိုကိုနဲ့ နှစ်ယောက်တည်း ကြည်ကြည်နူးနူး နေကြဖို့ .. နွေ့ဘက်က ပေးဆပ်လိုက်ရတာတွေ အများကြီးလေ။ ဒါပေမယ့် တန်ရဲ့လား။ ဟင့်အင်း ..

နွေ မသိချင်ဘူး။ နွေ့စိတ်တွေက အမြဲတမ်းပြတ်သားခဲ့တာမှ မဟုတ်ဘဲ။ တခုခုကို လိုချင်ရင် တခုခု အမြဲပေးဆပ်ရမယ်တဲ့ .. အဖေ အမြဲပြောနေကျ စကားလေ။ နွေ .. မိသားစုကို ဆုံးရှုံး လိုက်ရတယ် .. နွေးထွေးချစ်ခင်တဲ့ နွေ့ပတ်ဝန်းကျင် အစား နွေရလိုက်တာက ပူလောင် ဆူညံတဲ့ ပတ်ဝန်းကျင်တခု ..၊ စိတ်ကူးယဉ် ရေယာဉ်ကျောမှာ မျောချင်တိုင်းမျောခွင့်ရတဲ့ ဘဝကနေ ရုတ်တရက် လက်တွေ့ကျတဲ့ မနက်စာ ညစာ မှန်မှန်စားရဖို့ဆိုတဲ့ စကားလုံးအသစ်တွေ။

ကိုကို့ဆံပင်ပျော့ပျော့လေးတွေကို တို့ထိဆော့ကစားရင်း ကိုကိုတီးတဲ့ ဂစ်တာသံနဲ့ ကိုကို့အသံ သြသြ ချိုချိုလေး နားထောင်ရရင် နွေ့ဘဝ ပြီးပြည်စုံပြီလို့ ထင်ခဲ့သမျှ .. ကိုကို့အိမ်လိုက်နေတဲ့ နှစ်ရက်မြောက်နေ့မှာ .. အားလုံးပြိုကွဲပျက်စီးသွားခဲ့တယ်။

နွေ့ရဲ့ မနာလိုမှုတွေ မဟုတ်ဘူး ကိုကို .. နွေ့ရဲ့ အချစ်တွေပါ။

“ကိုကို စားသောက်ဆိုင်မှာ ဂစ်တာတီးတဲ့အလုပ် မလုပ်နဲ့တော့ကွာ .. ကောင်မလေးတွေနဲ့ လုံးလားထွေးလားနေတာ နွေမကြိုက်ဘူး ဒါပဲ”
“ဒါဆို ဘယ်လိုလုပ်မလဲ နွေရဲ့ .. အိမ်အတွက် ဒီအလုပ်ကလေးပဲ ရှိတာလေ။ ကိုကိုမှ အလုပ်မလုပ်ရင် တအိမ်လုံး ငတ်ကုန်မှာပေါ့၊ ပြီးတော့ ကိုကိုက ဂစ်တာတီးတာအပြင် ဘာမှ လုပ်တတ်တဲ့ကောင်မဟုတ်ဘူး .. လုပ်တတ်လည်း လုပ်မှာမဟုတ်ဘူးနော် နွေ”
“နွေသိပါတယ်ကွာ .. ဘာမှ မပူနဲ့ .. နွေ ဖန်တီးပါ့မယ်”

နွေ ဖန်တီးပါ့မယ် ဆိုတဲ့ စကားက နွေ့ဘဝရဲ့ ပထမဆုံးအကြိမ် ပြောဖြစ်ခဲ့တဲ့ စကားလေ .. ဒါပေမယ့် အဲဒီစကားကို အမြဲတမ်း ပြောနေရလိမ့်မယ်လို့ နွေ အဲဒီတုန်းက ဘယ်သိပါ့မလဲကွယ် …။

အမေ ဆင်ပေးခဲ့တဲ့ ငါးမူးသားဆွဲကြိုးကလေးက ကိုကိုတို့မိသားစုကြီးအတွက် နှစ်ပတ်တောင် မခံပါဘူး .. တကယ်ဆို တပတ်ပဲခံတယ်လို့ ပြောရမှာ .. ဘာလို့ဆိုတော့ ကိုကို့အစ်မက အဲဒီဆွဲကြိုးလေး ရောင်းရတဲ့ ပိုက်ဆံထဲက တော်တော်များများကို နှလုံးထီ သွားကစားလိုက် တာလေ။ ငတုံးမမိနွေက ဘယ်သိပါ့မလဲ။ စီးပွားရေးလုပ်မယ် ဆိုလို့ ထုတ်ပေးလိုက်တာ။

ကိုကိုတို့မောင်နှမ ဖြစ်ကြတဲ့ ပြဿနာထဲမှာ နွေက မြေဇာပင်ပေါ့။ နောက်ဆုံးတော့ သူ့မောင်က နွေ့ကိုယူလို့ ဒီလိုပြဿနာတွေဖြစ်ရတာ ဆိုပြီး မဆိုင်တဲ့ကိစ္စဆွဲထည့်၊ နွေ့ကိုဆူဆောင့်နဲ့ .. အဲဒီညက ကိုကိုက စိတ်ညစ်လို့ဆိုပြီး .. အရက်ဆိုင်ထွက်သွားလိုက်တာ .. ည ၁၂ နာရီကျော်မှ ပြန်လာတယ်။ နွေ့မှာတော့ ယောင်းမရဲ့ ဆူတဲ့ဆဲတဲ့ ဒဏ်ကိုခံစားရင်း ကိုကို့ကိုမျှော်ရင်း .. မျက်ရည်ကိုပဲ အဖော်ပြုလို့ပေါ့။

ကိုကိုတို့ မိသားစုထဲမှာ နွေနားမလည်နိုင်ဆုံးက တယောက်နဲ့တယောက် ဆူပူ အော်ဟစ် ရန်ဖြစ်ကြတာ ..။ ရောက်စက နွေ့အတွက် အားလုံးအဆန်းချည်းပဲ။ မနက် မိုးလင်းတာနဲ့ အဆဲလေးနဲ့ အိပ်ရာက ထတတ်တဲ့ ကိုကို့အစ်မ လင်မယားကို နွေသိပ်ကြောက်ခဲ့တာ။ ဒါပေမယ့် အဲဒီထဲမှာ ကိုကိုကတော့ အဲလိုမဟုတ်ပါဘူးနော်။ တော်တော်လေး သိမ်မွေ့ပါတယ်။ ဒေါသမထွက်မချင်းပေါ့ ..။

ငယ်ငယ် .. ကလေးဘဝတုန်းက ဈေးသည်လုပ်တမ်းကစားရတာ ပျော်စရာကောင်းသလောက် တကယ့်လက်တွေ့ဘဝမှာ ဈေးသည်လုပ်ရတာ ဘယ်လိုမှ ပျော်စရာ မကောင်းပါလားလို့ သိလိုက်ရတဲ့ အချိန်မှာ နွေ အများကြီး နောက်ကျခဲ့ပြီ။

ညောင်ပင်လေး ဈေးကနေ ပိဿာလုံးဝယ်ထားတဲ့ ငရုပ်သီးမှုန့် မျိုးစုံနဲ့၊ နနွင်းမှုန့် ထုတ်တွေကို ကိုယ်တိုင်အလေးခံသယ် .. အထုတ်ကလေးတွေ ထုတ်ပြီး ရပ်ကွက်ဈေးလေးမှာ ဗန်းခင်းရောင်း နေတဲ့ နွေ့ကို အမေသာမြင်ရင် ရင်ကျိုးမယ်ထင်ပါရဲ့။

လက်တညောင်းသယ်ပြီး ဘတ်စ်ကားတိုးစီးလာရတဲ့ နွေ့ကို ကားဂိတ်တောင်လာကြိုဖော် မရတဲ့ ကိုကိုကတော့ ဂစ်တာတီးတောင် မပျက်ဘူးလေ။ ကားဂိတ်ကနေအိမ်ကို ပစ္စည်းအလေးကြီးတွေ သယ်လာရပါလားဆိုတဲ့စိတ်နဲ့တောင် ကြိုဖော်မရတဲ့ ကိုကို့ကို ချစ်တဲ့စိတ်တခုတည်းနဲ့ .. သူက ဒီလိုပဲ နေတတ်လို့ပါလေ ဆိုပြီး နွေ ခွင့်လွှတ်နိုင်ခဲ့တယ်။

နွေ့အကြောင်းကို သူငယ်ချင်းတွေကတဆင့် အမေတို့သိပြီး .. နွေ့ဆီ အမေလိုက်လာတဲ့ နေ့ကို နွေ အမုန်းဆုံးပဲ .. အဲဒီနေ့က .. ဆိုင်နဲ့တောင် မဟုတ်ဘဲ လမ်းဘေးမှာ ဈေးဗန်းလေးချပြီး ရောင်းနေတဲ့ နွေ့ပုံစံကို ကြည့်ရင်း စိတ်ခိုင်တဲ့အမေ မျက်ရည်ဝဲနေတာ နွေမြင်ဖြစ်အောင် မြင်လိုက် သေးတယ်။

“သမီး အမေနဲ့ အိမ်ပြန်လိုက်ခဲ့ပါ .. ညည်းအဖေကလည်း သမီးကို ခွင့်လွှတ်တယ် .. ဟုတ်လား .. လိုက်ခဲ့နော်”
“ဟင့်အင်းအမေ သမီးမလိုက်ဘူး။ သမီးနေတတ်ပါတယ် ..”

အမေ့လိုပဲ ခေါင်းမာတဲ့ သမီးနွေ့ကို အမေက စိတ်မကောင်းဖြစ်ဖြစ်နဲ့ ကြည့်ရုံကလွဲလို့ စိတ်မဆိုး ရှာဘူး။ နွေ့ကိုအမေက အဲဒီနေ့က အဝတ်အစားတွေ ဝယ်ပေးခဲ့ပြီး .. သမီးစားချင်ရာ ဝယ်စားဖို့တဲ့ ပိုက်ဆံ တသောင်းပေးခဲ့တယ် .. အဲဒီပိုက်ဆံတွေကို နွေတယောက်တည်း ဘယ်မျိုကျ လိမ့်မလဲ .. ကိုကိုတို့ အိမ်အတွက် လိုနေတဲ့ ဆန်တွေဆီတွေ ဖြည့်လိုက်တာနဲ့ပဲ ကုန်တာပါပဲ။

အဆိုးဆုံးကနွေ့ဘွားဘွား .. အမေ့မေမေပေါ့။ နွေက မြေးဦးဆိုတော့ အရမ်းချစ် အရမ်းကို အလိုလိုက်ခဲ့တာ .. ။ နွေ့အတွက်ဆို ဘာမဆို အကုန်ဖြစ်စေရမယ် ဆိုတဲ့ဘွားဘွား .. နွေ့သတင်းလည်း ကြားရော .. အိပ်ရာပေါ်လဲပါလေရော .. ။ အမေ့ကိုလည်း ဆူလိုက်တာ မပြောပါနဲ့တော့ .. အဲဒါကြောင့် အမေ နွေ့ဆီ လိုက်လာတာ .. မဟုတ်လို့က ဘယ်လောက်ထိ ပစ်ထားလိုက်မလဲမသိဘူး။

နွေတို့ မိသားစုကို ကိုကိုက စိတ်နာတယ်တဲ့ …

အမေက “လိုတာရှိရင် အိမ်ကို သမီးအချိန်မရွေးလာခဲ့ .. ဒါပေမယ့် တယောက်တည်းလာနော် .. အမေ သမီးယောက်ျားမျက်နှာ မမြင်ချင်ဘူး” လို့ ပြောခဲ့တာကိုး .. အဲဒီစကားကို နွေက ကိုကို စိတ်မကောင်းမှာစိုးလို့ ပြန်မပြောခဲ့ပေမယ့် ကိုကိုက သူ့ကို အမေတို့ မလိုလားဘူးဆိုတာ ရိပ်မိပါတယ်။

နွေတို့နေတဲ့ အိမ်ထဲ အမေ မဝင်ဘူးလေ။ နွေ့ပုံစံကလည်း အမေ မျက်ရည်ဝိုင်းလောက်အောင် စုတ်ပြတ် နွမ်းဖတ်နေပြီ။ အမေဆင်ပေးထားသမျှ .. ဆွဲကြိုးနဲ့ လက်ကောက်လည်း နွေ့မှာ မရှိတော့သလို .. အမေတို့ ဆင်ပေးလိုက်တဲ့ အဝတ်အစားတွေကလည်း နွေ့ကိုယ်ပေါ်မှာ အရောင် မပေါ်တော့တဲ့ အနေအထားဖြစ်နေပြီ ..။

အမေသိတာ .. နွေ .. လမ်းဘေးပျံကျညနေပိုင်း ဈေးသည် ဆိုတာလောက်ပဲရှိသေးတယ်။ တကယ်က နွေ မနက်ပိုင်းဘာတွေ လုပ်ရတယ်ဆိုတာသာသိရင် အမေ ရင်ကျိုးရုံမကဘူး နေရာမှာတင် ပုံလဲသွားလောက်တယ်။ ကိုကို့အမေနဲ့ အစ်မလုပ်တဲ့ အလုပ်ကို ကူလုပ်ရတာပေါ့။ တခြားမဟုတ်ပါဘူး .. ရပ်ကွက်ထဲက အဝတ်တွေ ယူပြီး ရပ်ကွက်ရေတွင်းမှာ လျှော်ရတဲ့ အလုပ်ပါ။ နွေ့တသက် တခါမှ မစဉ်းစားဘူးတဲ့အလုပ်ပေါ့။

နွေ အိမ်မှာနေတုန်းက အမေက စာကျက်ပျက်မှာစိုးလို့ဆိုပြီး အဝတ်အစားတွေကို ကိုယ်တိုင် တောင် ပေးမလျှော်ဘူး .. ရပ်ကွက်ထဲက အဒေါ်ကြီးတယောက်ကို ပိုက်ဆံပေးပြီး လျှော်ခိုင်းခဲ့တာ .. ခု နွေက သူများအဝတ်တွေကို ယူလျှော်နေတယ်။

ကိုကိုလား .. ကိုကိုကတော့ နွေ့ကြောင့် သူလုပ်ချင်တဲ့ ဂစ်တာတီးတဲ့အလုပ် မလုပ်ရလို့ ဆိုပြီး .. မကျေနပ်ဘူး။ အဲဒါကြောင့် နွေလုပ်သမျှအလုပ်တွေ တခုမှ ဝင်မလုပ်ဘူးလေ။ ကိုကို့ကို နွေက ဂစ်တာတီးတဲ့အလုပ် ပေးမလုပ်ဘူးဆိုတာ နောက်ထပ်အကြောင်းတခု ရှိသေးတယ် …။

တကယ်က ကိုကိုသာ နွေ့အနားမှာ အမြဲရှိနေရင် နွေဘယ်လောက်ပင်ပမ်း ပင်ပမ်း ပင်ပမ်းတယ် မထင်ပါဘူး .. အဲဒီလောက်ထိ ကိုကို့ကို ချစ်တာပါ။

* * *

အဲဒီနေ့က မိုးတွေ သည်းသည်းမည်းမည်းရွာလို့ .. နွေတယောက်တည်း ညနေဈေးခင်းဖို့ မသွားနိုင် ဖြစ်နေတုန်း .. ကိုကိုတို့ တဲရှေ့ကို ကိုယ်ပိုင်ကားလေး တစီး ထိုးဆိုက်လာတယ်။ ကိုကိုတို့ အိမ်ကို လာစရာ ကားမှ မရှိတာလေ .. နွေ့အမေလားဆိုတော့လည်း မဟုတ်ဘူး။ အမေလာရင် တက္ကစီ နဲ့ပဲလာမှာ ..။

ကားပေါ်က ဆင်းလာတဲ့ သူကို တွေ့မှ နွေသဘောပေါက်တယ် .. ကိုကို့ ရည်းစားဟောင်းလည်း ဖြစ်သလို .. ကိုကို ဂစ်တာ တီးနေတဲ့ဆိုင်ရှင်ရဲ့ ဘယ်နှဝမ်းကွဲတော်တဲ့ ညီမဆိုလဲ မသိပါဘူး။

ကိုကိုက သူ့ကို မမ လို့ခေါ်တာနွေသိတယ်။ နွေနဲ့ မကြိုက်ခင် အဲဒီတယောက်နဲ့ ရည်းစားဖြစ်တယ် ဆိုတာလည်း သိတယ် .. အဲဒီတယောက်က ကိုကိုနဲ့ကြိုက်နေရင်း တခြားတယောက်နဲ့ တွဲလို့ ဆိုလားမသိဘူး ခဏပြတ်နေကြတုန်း နွေနဲ့ ကိုကိုကြိုက်ကြရင်း ယူဖြစ်တဲ့ဆီ ရောက်သွားတာ။

အဲဒီတယောက်က အရမ်းလည်းချမ်းသာ .. အရမ်းလည်း ခေတ်ဆန်တာဆိုတော့ ကိုကို့ အစ်မနဲ့ အမေဆိုတာ ပျာပျာသလဲကိုဖြစ်နေတာပဲ ..။ အဲဒီအမျိုးသမီးက ကိုကို့ကို စီးရီးထုတ်ပေးမှာတဲ့ .. ။ သူတို့ဆိုင်မှာ ပြန်လာတီးဖို့ လာခေါ်တာ ..။ အဲဒီအမျိုးသမီးနဲ့ ပြန်ဆက်မိမှာစိုးလို့ နွေက ဆိုင်မှာ ဂစ်တာလုံးဝဆက်မတီးဖို့ တားထားတာလေ ..။ အဲဒါကို သူက လိုက်ခေါ်တာ။

လက်ဖက်ရည်ဆိုင်ကို ခဏ ဆိုပြီး နွေ့ရှေ့မှာတင် ကိုကိုက အဲဒီအမျိုးသမီးကားနဲ့ ကောက် ကောက်ပါအောင် လိုက်သွားတော့ နွေ့ရင်တွေ ပူပြီးကျန်ခဲ့တာ .. အဲဒီနေ့က နွေ ဈေးမထွက်နိုင် ဘူး။ ကိုကို့အမေနဲ့ အစ်မရဲ့စောင်းမြောင်း ပြောဆိုတာတွေကိုလည်း နွေ ကျိတ်မှိတ်ခံစား နေရတယ်။ အဲဒီတယောက်နဲ့သာယူရင် သူတို့သား၊ သူတို့ မောင် သူဌေးဖြစ်မှာ .. အဲလိုဆို သူတို့လည်း သူဌေးဖြစ်မှာနဲ့ မစားရဝမခန်းတွေ နွေ စိတ်ဆင်းရဲအောင် အမျိုးမျိုးပြောနေတဲ့ အချိန်မှာ ကိုကိုကတော့ လက်ဖက်ရည်ဆိုင်မှာ ဟိုမိန်းမနဲ့ ကြည်နူးနေမှာပေါ့ ..။

နွေ့အထင်မှားသွားတယ် .. လက်ဖက်ရည်ဆိုင်မှာ မဟုတ်ဘူး .. ကိုကိုတို့ထိုင်ခဲ့ကြတာ ဘီယာ ဆိုင်မှာတဲ့ .. မူးပြီး ပြန်ရောက်လာတဲ့ ကိုကိုက နွေ ဝမ်းနည်းနေတာတောင် အဖတ်မလုပ်ဘဲ .. တန်းပြီး အိပ်ရာဝင်သွားတာလေ ..။ တကယ်တော့လည်း နွေ့ပုံစံက လူရုပ်တောင် မပေါ်တော့တဲ့ အနေအထား .. အဲဒီတယောက်က တောက်ပ စိုပြေလို့ .. ကိုကို့ရင်ထဲ ဘာတွေ ခံစားနေရလဲ .. နွေလည်းမသိချင်တော့ဘူး .. နွေသိတာ ငိုဖို့ တခုထဲ ..၊ နွေကမှ အဲဒီမိန်းမနဲ့ မယှဉ်နိုင်ဘဲ။

နွေက အစွမ်းအစမရှိတဲ့ မိန်းမ .. ညံ့တဲ့ မိန်းမ .. ယောက်ျားကိုချစ်ဖို့ တခုပဲ သိတဲ့မိန်းမတဲ့ .. ပြီးတော့ ယောက်ျားရဲ့ ဘဝ မြင့်ဖို့အတွက်ကို လမ်းပိတ်ထားတဲ့သူတဲ့လား ..။

နောက်တနေ့ နွေနဲ့ အကြီးအကျယ်စကားများကြပြီး ကိုကိုပြောတာတွေ .. အဲဒီနေ့က ပထမဆုံး အမေ့အိမ်ကို သတိရလိုက်တဲ့နေ့ .. အမေ့အိမ်ကို ပြန်ချင်သွားတဲ့ နေ့ပါ .. စိတ်ညစ်ညစ်နဲ့ အိမ်ပြင်ကို ထွက်သွားပြီး .. မရည်ရွယ်ဘဲ အမေ့အိမ်ထိအောင် ဘတ်စ်ကား စီးသွားလိုက်မိတယ်။ နွေ့အတွက် ကားကျပ်တာတွေ ဘာတွေလည်း မသိတော့ဘူး .. မျက်စိထဲမှာ ကိုကိုနဲ့ ဟိုမိန်းမ ကိုပဲ ယှဉ်တွဲမြင်နေမိတယ် .. ဘယ်လောက်ရူးလိုက်တဲ့ နွေလည်းဆိုတာ .. ကိုကိုစိတ်ချမ်းသာဖို့ နွေ နောက်ဆုတ်ပေးရမလား လို့တောင် စဉ်းစားလိုက်သေးတာ ..။

အမေ့အိမ်ရောက်တော့ နွေ အမောပြေပါတယ် .. အဖေကော အမေကော အငယ်မကော နွေ့ကို နွေးနွေးထွေးထွေးကြိုကြတယ်။ နွေကြိုက်တဲ့ဟင်းကို အမေက ချက်ကျွေးတယ် ..နွေ ဘာဖြစ်လာ လဲ ဘယ်သူကမှ ဘာမှ မမေးဘူး .. အဖေဆို နွေ အရင်က အပြင်ခဏသွားပြီး ပြန်လာသလို ပုံစံနဲ့ ကြိုတာ .. အဲဒါတွေ မြင်ရလေ နွေ ငိုချင်လေ .. ဒါပေမယ့် နွေမငိုခဲ့ပါဘူး .. နွေ ကိုကို့ကို စိတ်နာလား ဆိုတော့ လုံးဝ စိတ်မနာသေးဘူး ..။ အမေက တခွန်းပဲမေးတယ်

“သမီး ဒီမှာအိပ်မှာလား” တဲ့ .. နွေ့မှာ အဖြေမရှိတာ အမှန်ပဲ .. ညနေထိ နွေ ဘာကိုမှ ဝေခွဲလို့ မရဘူး .. ဒါပေမယ့် ..

“မမ နင့်ယောက်ျား .. အိမ်ရှေ့မှာ” ဆိုတဲ့ အငယ်မရဲ့ အသံကို ကြားလိုက်တဲ့အချိန်မှာ .. နွေ့စိတ်တွေ ထူးဆန်းစွာ အရည်ပျော်ကျသွားတယ် .. ကိုကိုလိုက်လာတာပဲ .. ကိုကို ငါ့ကို ချစ်သားပဲ .. ကိုကိုက ငါ့ကို ခွဲမှ မခွဲနိုင်ဘဲ ဆိုတဲ့စိတ်နဲ့ နွေ ကိုကို့နောက် ကောက်ကောက် ပါအောင် လိုက်သွားမိတယ် ..။

ဒါတွေဟာ အချစ်မဟုတ်ဘူး .. ဒါတွေအားလုံး အတ္တတွေလို့ အဲဒီတုန်းက နွေ ဘယ်တွေးခဲ့ မိမှာလဲ ကွယ် ..။

“ကိုကို နောက်ကို နွေ့ရှေ့မှာ ဘယ်မိန်းမနဲ့မှ အရောမဝင်ရဘူးနော်”
“နွေကလွဲရင် ဘယ်သူ့ကိုမှ မချစ်ရဘူးနော်”
“ဟို မိန်းမရှိတဲ့ဆိုင်မှာလည်း မတီးရဘူးနော်”

အဲဒီ နော်ပေါင်းများစွာကို တတွတ်တွတ် ရွတ်လာခဲ့တဲ့ နွေ့ကို ကိုကိုက လိုက်လျောတဲ့ ဟန်နဲ့ ခေါင်းညိတ် အဖြေပေးတယ် .. နွေ့ကိုယ်နွေ အထင်ကြီးမိတာတွေဟာ ရူးသွပ်မှု သက်သက်ပါလား လို့ အဲဒီတုန်းကနွေ ဘယ်တွေးမိမှာတဲ့လဲ ..။

အဲဒီဆိုင်မှာ ဆက်မတီးဘူး ဆိုတာ နွေ့ကိုလိုက်လျောတာ မဟုတ်ဘဲ ကိုကို့ဘာသာ အပျင်းကြီးမှု သက်သက်ပဲလို့ နွေ မှ မသိခဲ့တာ ..။ ဟို မိန်းမ ဆိုတာကလည်း ကိုကိုနဲ့ ရှုပ်ရုံတင်ရှုပ်ပြီး တခြား ယောက်ျားတွေ တယောက်ပြီး တယောက်နဲ့ တွဲနေတယ်ဆိုတာ ကိုကို သိထားပြီးသား .. ကိုကို့လို လူတယောက်ဆီက တခုခု မရဘဲနဲ့ ပြန်လာစရာ အကြောင်းမရှိတဲ့ မိန်းမပဲ။ ကိုကိုကကော အဲဒီ မိန်းမကို ဘာများ ထွေထွေထူးထူး ပေးမှာမို့လို့လဲ။ တကယ်တော့ ကိုကို့မှ ဘာအစွမ်းအစမှ မရှိတာ .. နွေသာ အဲဒါတွေ မသိလောက်အောင် အမိုက်တိုက် ဖုန်းနေခဲ့တာပါ။

* * *

“ဒီက ညီမက သွေးပေါင်သိပ်ကျနေတယ် သွေးလှူလို့ မရဘူး”

သူနာပြုဆရာမက ငြင်းလိုက်တော့ နွေစိတ်မကောင်းဘူး .. တကယ်ဆို မအိတောင် လှူလို့ ရသေးတာပဲ .. နွေလည်း လှူချင်တာပေါ့ ..။ ကလေးဆေးရုံမှာ နေမကောင်းတဲ့ ကလေးလေးတွေ ကိုကြည့်ရင်း တကယ်ကို သွေးလှူချင်စိတ်ပေါက် သွားတာလေ .. ။ အစကတော့ ဒီဆေးရုံထဲ ဝင်လို့ကောင်းရုံ သွေးလှူမလို့ .. ခု စိတ်ပါလက်ပါ လှူချင်သွားတော့ သွေးက လှူလို့ မရပြန်ဘူး။

သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးလူတွေကြောင့် ကလေးဆေးရုံမှာ ကုတင်တွေတောင် မဆန့်တော့ဘူး .. စကြံင်္န်တွေပေါ်မှာပါ ခုံတန်းရှည်တွေနဲ့ ကလေးတွေကို ထားနေရတယ်။ သူနာပြု ဆရာမတွေ ဆိုတာလည်း ခု အေသွေး .. ခု ဘီသွေး .. ခု အေဘီသွေးနဲ့ အော်ရင်း ဟစ်ရင်း လူးလာ ခေါက်တုံ့ အလုပ်များနေကြတယ် ..။

အရေးပေါ်ခန်းထဲ သွင်းခံဖို့ စောင့်နေတဲ့ ကလေးတွေရဲ့ ဖျော့တော့တဲ့ မျက်နှာလေးတွေ .. ကလေး မိဘတွေရဲ့ စိုးရိမ်တကြီး မျက်နှာတွေ .. ဖိတ်စဉ်သွားတဲ့ ကလေးတွေရဲ့ မိဘ ဆွေမျိုးသားချင်းတွေ .. သူတို့ မျက်နှာပေါ်က အပူသောကတွေ .. ရောဂါ ပျောက်သွားလို့ အိမ်ပြန်ရတော့မယ့် ကလေးတွေ ..

မစည်ကားအပ်တဲ့ ဆေးရုံလို နေရာမှာ ဘာလို့လူတွေစည်ကား နေရတာတဲ့လဲ ..။

သွေးလှူနေတဲ့ မအိကိုစောင့်ရင်း နွေ့ဘာသာ တယောက်တည်း ဆေးရုံထဲ လျှောက်သွား နေမိတယ် .. ရောဂါဖြစ်နေတဲ့ ကလေးအများစုက နွမ်းပါးသူတွေလေ .. မအိက မြင်ကွင်းတွေ လျှောက်ကြည့်ထား ဆိုပေမယ့် နွေပါ ကလေးတွေနဲ့ အတူ ဝေဒနာတွေ ရောခံစားနေမိတယ်။

သတင်းသမားဆိုတာ ဖီလင်ပါလို့ မရဘူး လို့ မအိက ပြောပေမယ့် .. နွေ့ရင်ထဲမှာ ခံစားချက်တွေ အပြည့်နဲ့ .. ဒီသတင်းကို နွေ ဘယ်လိုရေးရမှာပါလိမ့် ..။ နွေ့မျက်စိရှေ့တင် ဖိတ်စဉ်သွားတဲ့ ကလေးလေးတယောက်ရဲ့ ရုပ်အလောင်းကို သယ်လာတယ် .. ကလေးအမေရဲ့ ရူးမတတ် ငိုသံက နွေ့ရင်ထဲ ဟိုး အနက်ရှိုင်းဆုံးအထိ ဝင်သွားတယ် ..။

“အဆင့် သုံးကျမှ ဆေးရုံကို ရောက်လာတော့ မမီတော့ဘူး”

ဘယ်သူမှန်းမသိ ပြောလိုက်တဲ့အသံ ..

“တကယ်က သွေးလွန်တုပ်ကွေးဖြစ်တယ် ဆိုတာ သိတာနဲ့ ဘယ်ဆေးခန်းမှ သွားမနေဘဲ ဆေးရုံကို လာသင့်တာ။ တချို့က ဆေးရုံသွားရမှာ သေမတတ်ကြောက်တာလေ”

အပြာဝတ် သူနာပြုဆရာမကြီးတယောက်က ပြောလိုက်တာ .. ။

ဆေးရုံသွားရမှာ သေမတတ် ကြောက် တာပေါ့ .. ဆေးရုံတခါလာဖို့ဆိုတာ လွယ်တာမှ မဟုတ်ဘဲ .. ကုန်ကျစရိတ်က .. စရိတ်မျှပေးသာဆိုတယ် .. ပလာစတာတခုက အစ ဝယ်ရတာလေ .. ။ ကားခတွေရှိသေးတယ်။ ဆေးရုံတက်တဲ့ ကလေးနဲ့ အမေက လိုက်နေရမှာဆိုတော့ အလုပ်ပျက်ရင် ဝင်ငွေကမရှိ .. ကျန်တဲ့အိမ်ကလူတွေ စားဖို့ ဘယ်လိုလုပ်မလဲ ဆိုတာကအစတွက်ရတယ် ..။ ဒီတော့ ကွမ်းယာဆိုင်က ပါရာစီတမောလေး၊ ဘာမီတွန်လေးတိုက်ပြီး အဖျားပျောက်လိုပျောက်ငြား ကု .. မပျောက်တော့မှ ဆေးခန်းသွား .. ဆေးခန်းကဆရာဝန်က ၂ ရက်လောက်ဆက်ကု .. နောက်ဆုံး မသက်သာတော့မှ .. ဆေးရုံရောက် .. အဲဒီမှာ သွေးလွန်တဲ့ အဆင့်ရောက်နေပြီ ..။

လူနာရှင်တွေဆီက အသံတွေက စိတ်ဝင်စားစရာကောင်းလိုက်တာ .. နွေ .. အိမ်ကိုတောင် မေ့သလိုဖြစ်သွားတယ်။ မေ့သလိုဖြစ်တယ် ဆိုမှ ကိုကိုများ ဟိုကောင်မလေးကို သီချင်းစောင်း ဆိုနေမလားလို့ တွေးဖြစ်အောင် တွေးမိလိုက်သေးတယ်။ မဖြစ်သေးပါဘူး ကိုကို့ကို ဒီနေ့ ပြန်ချော့တဲ့အနေနဲ့ ညနေစာ ကောင်းကောင်းဝယ်ကျွေးရမယ်။

ကိုကိုနဲ့ ညနေစာဘာစားရင်ကောင်းမလဲ ..။

သွေးရောင်းစားတာတဲ့ .. ဘယ်လိုလူတွေလဲ .. သွေးဆိုတာ ရောင်းလို့ရလို့လား ..။ နွေ့အတွေး ထဲက ကိုကို ခဏထွက်သွားတယ်ထင်တယ်။

“ရတာပေါ့ နွေရဲ့ မယုံကြည့်နေ .. ဒီရှေ့မှာ ရစ်သီရစ်သီ လုပ်နေတဲ့သူတွေအားလုံး သွေးရောင်း စားနေကြတာ။ ပွဲစားတောင်ရှိသေး .. ဟိုလက်ဖက်ရည်ဆိုင်က စားပွဲထိုးလေး တွေ့လား .. အဲဒါလေးက ပွဲစားလေ။ သူ့ဆီမှာ လူနာရှင်က သွေးလိုချင်တယ် သွားပြော ဘာသွေးလို့သာ ပြော .. လိုတဲ့သွေး ရောင်းစားမယ့်သူကို သူ ခေါ်လာပေးလိမ့်မယ် .. ဟော ဟော ပြောရင်းဆိုရင်း တွေ့လား”

ဟုတ်ပါရဲ့ .. မအိပြောမှ နွေ သတိထားမိတယ်။ အရောင်းအဝယ်ဆိုတာ ဒီလိုလည်း ဖြစ်တာပဲ။ ဆရာဖေမြင့်ရဲ့ လူသုံးပစ္စည်း ရောင်းသူများ ဆိုတဲ့ ဝတ္ထုတိုရယ် .. ဒေါမနစ်လာပီယားရဲ့ City of Joy ကို ဆရာမြသန်းတင့်က သုခမြို့တော်ဆိုပြီး ဘာသာပြန်ထားတဲ့ ဝတ္ထုရယ် .. နွေ့အတွေးထဲ ဝင်လာတယ်။ ဒီလူတွေ သူတို့သွေးတွေ ရောင်းပြီး သူတို့ မိသားစုတွေအတွက် ဆန်ဝယ်ရမယ် ထင်ပါရဲ့။

ဆေးရုံရှေ့က ဆိုက်ကားသမားတွေက ဆိုက်ကားနင်းရုံတင်မဟုတ်ဘူး လိုအပ်ရင် သွေးလည်း ရောင်းစား သေးတယ်ဆိုပဲ။ တချို့ဆို ဆိုက်ကားတောင် ပင်ပင် ပမ်းပမ်း မနင်းတော့ဘူးတဲ့။ ဒါတွေက မအိစကားနဲ့ ပြောရရင် စတိုရီ အိုင်ဒီယာတွေပဲပေါ့။

ခုလို မိုးတွင်းမှာ တနေ့တနေ့ကို သွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံရောက်လာတဲ့ ကလေးလူနာ အယောက် ၃၀ လောက်ရှိတယ်တဲ့ .. ။ အဲဒီကမှ ဖိတ်စင်တဲ့အရေအတွက်က တနေ့ကို ၃ ယောက် ၄ ယောက်လောက် ရှိတယ်တဲ့ ..။ သွေးလွန်တုပ်ကွေးကို ထိန်းထားနိုင်တာ ကလေးဆေးရုံကြီး တနေရာပဲရှိတယ် .. တခြား အပြင်ဆေးခန်းတွေမှာ ကုရင် စိတ်မချရဘူးဆိုပဲ .. ပိုက်ဆံ ရှိပေမယ့် ဗဟုသုတ မရှိတဲ့သူတွေထဲကလည်း ဖိတ်စဉ်တာမျိုးတွေ ကြုံရတယ်တဲ့ ..

“ဒါတွေကို ကလေးမိဘတွေ သိအောင် ပညာပေးနိုင်ရမယ် နွေ သိလား။ သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ ခြင်က နေ့ခင်းဘက်ကိုက်တဲ့ခြင် ဆိုတာလည်း မသိတဲ့သူတွေ အများကြီးပဲ”
“ဟုတ်ကဲ့ မအိ .. နွေ မှတ်ထားပါတယ် .. ကလေးအမေတယောက်ကိုလည်းအင်တာဗျူး လုပ်ထားတယ် .. ပြီးတော့ နွေ့အမေရဲ့သူငယ်ချင်း ကလေးအထူးကု တယောက်ကိုလည်း နွေ တွေ့မှာပါ”
“အင်း ကောင်းတယ် နွေ .. ဒါပေမယ့် နွေအရမ်းအားနည်းနေတဲ့ ပုံပေါက်တယ်နော်။ ခုဏ သွေးလှူ တာတောင် လက်မခံလိုက်ဘူး။ အားဆေးလေး ဘာလေး သောက်ဦး။ ဒါမှ မဟုတ် အားရှိတဲ့ အစား အစာ စားပေါ့”

ဘယ်လိုလုပ် စားနိုင်မှာလဲ မအိရယ် လို့ ပြန်မပြောတော့ပါဘူး .. ။ နွေ့ရင်ထဲမှာ အပူတွေ ကိန်းအောင်းနေတာရော .. အားဆေးဝယ်သောက်ဖို့ထက် ကိုကို လက်ဖက်ရည်ဖိုးရဖို့ ပိုအရေးကြီး တာရောပေါ့။ ခုတလော ထမင်းလည်း စားမဝင်ဘူး။ ကိုကိုက အရင်လိုမဟုတ်တော့ဘူးလေ .. ဘာ အလုပ်တခုမှ မရှိဘဲ .. စိတ်က များနေတာ နွေသိတာပေါ့။ ဂစ်တာလေး တီးလိုက် .. လက်ဖက် ရည်ဆိုင်ထိုင်လိုက် .. ရပ်ကွက်ထဲက ကောင်မလေးတွေနဲ့ လုံးလားထွေးလား လုပ်လိုက်နဲ့ ..။

နွေက တနေ့လုံးလိုက်ခဲ့တဲ့ သတင်းတွေကို ညဘက် ဖရောင်းတိုင်မီးနဲ့ ပြန်ရေးဖို့ အလုပ်ရှုပ်နေချိန် ကိုကိုကလည်း သူ့ဂစ်တာနဲ့ အလုပ်ရှုပ်နေပြီ .. ကိုကိုရဲ့ ဂစ်တာသံက နွေ့အတွက် မဟုတ်တော့ တာလည်း ကြာပါပြီ .. ။ သူငယ်ချင်းတွေနဲ့ ဂစ်တာသွားတီးမယ် ဆိုပြီး လမ်းထိပ်အုတ်ခုံမှာ .. တခါတလေ ရပ်ကွက်ထဲက အထည်ချုပ်စက်ရုံ အလုပ်သမတွေ နေတဲ့ အဆောင်ရှေ့မှာ ကိုကိုတို့ အဖွဲ့ ဂစ်တာသွားသွားတီးကြတယ်ဆိုတာ နွေပြန်ကြားပါတယ် .. ပြီးတော့ အဲဒီထဲမှာ ကိုကိုက မင်းသား တဲ့ ..။

“နွေ .. မအိမေးနေတာ ကြားရဲ့လား”
“ဟင် မအိ ဘာပြောလိုက်တာလဲ နွေမကြားလိုက်ဘူး”
“နွေတို့ အိမ်ထောင်ရေးကော အဆင်ပြေရဲ့လားလို့”

မအိ အမေးကို နွေ အဖြေမပေးဖြစ်ဘူး။ နွေ့သက်ပြင်းချသံကို မအိ သဘောပေါက်မှာပါလေ။

(ဆက်ပါဦးမည်)



6 comments:

NangNyi said...

၁ ရော ၂ ရော တထိုင်ထဲ ဖတ်ထားတယ်..

ကတောက်.. အမိုက်မ !!

မဆုမွန် said...

အစ်မရေ အရင်တုန်းက အစည်းအဝေးထိုင်တာတွေ ခရီးစားရိတ်တင်တာတွေကို ဖတ်ရတော့ သတင်းထောက်ဘ၀လေးကို ကွက်ကွက်ကွင်းကွင်း ပြန်မြင်လိုက်ရသလိုပဲ အစ်မရေးထားတာလေး သိပ်ဖတ်လို့ကောင်းတယ်။။

မြတ်နိုး said...

love to read.

Thanks for sharing.

:P said...

ရင်မောလိုက်တာနော်.....။

Andy said...

ဒါလဲ ကျလိကျလိဖြစ်ရတာပဲ

Anonymous said...

သက်ပြင်းကြီးပဲလှိမ့်လှိမ့်ချမိတယ်ဗျ .. နားမလည်ဘူး ဘ၀ .. နားမလည်ချင်တော့ဘူး ဘ၀ ..