မယူလိုက်က မိုက်လို့ထင် ယူလိုက်ပြန်က ကြိုက်လို့ထင် (၃)

“မြင့်မို မျက်နှာလည်း မကောင်းပါလား .. ဘာဖြစ်နေတာလဲ”

မထိုက်မေးလိုက်မှ နွေ သတိထားလိုက်မိတာ .. ကြည့်ပါဦး ဒီလောက် အမြဲတမ်း ပျော်ပျော် ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေတတ်တဲ့ မြင့်မို ငြိမ်နေတာကိုတောင် သတိမထားမိလောက်အောင် နွေ အာရုံတွေ ထွေပြားနေတာလေ။

မေးလိုက်မှ မြင့်မို မျက်ရည်ဝိုင်းသွားတယ်။ ဒါဆိုရင်တော့ ထူးဆန်းပြီ ..

“ငါ ပိုက်ဆံ ၅ သောင်းလောက် အရေးပေါ်လိုလို့ဟ”
“ဘာလုပ်ဖို့လဲ .. ၅ သောင်းတောင်မှလား”

မထိုက်ရဲ့အမေးကို မြင့်မိုက ခေါင်းညိတ်ပြီးပဲ အဖြေပေးတယ် ..။ နွေကတော့ သူတို့ နှစ်ယောက် ဘာပြောကြမလဲ နားစွင့်ရုံပဲ .. ၅ သောင်းဆိုတဲ့ ပိုက်ဆံက နွေတို့လို ဝင်ခါစ သတင်းထောက် ငယ်လေးတွေအတွက် သိပ်ကို များလွန်းပါတယ်။ ဘယ်က ရနိုင်မှာတဲ့လဲ။

“ငါတို့အိမ် စာချုပ်စေ့သွားတာ စာချုပ်ပြန်ချုပ်ရမယ်လေ။ ငါ့ယောင်းမ ရုံးက ချေးတာ တသိန်းပဲ ရတယ် .. အိမ်လခက ဈေးတက်သွားတယ်ဟ။ အဲဒါကြောင့် ၅ သောင်း အသည်းအသန် လိုနေတာ။ ဒါတောင် ၆ လစာချုပ်နော်”
“နင် ဘယ်လိုလုပ်မလဲ မြင့်မိုရာ .. မမူယာဆီက ဝင်ချေးကြည့်ပါလား”

အကြံသာပေးပေမယ့် မဖြစ်နိုင်တာ မထိုက်ကော နွေကော မြင့်မိုကောသိတယ်။ မမူယာ ဆိုတာက သူတို့ ဂျာနယ်တိုက်ရဲ့ ရှယ်ယာရှင်တွေထဲက တယောက်၊ ငွေကိုင်တဲ့သူ။ သူတို့ရတဲ့ လစာလေး ၃ သောင်းခွဲက လကုန်လို့ ၃၊ ၄ ရက်နေရင် ကုန်ကြပြီ .. အဲဒီအချိန်မှာ သူတို့အားလုံးရဲ့ အချေးအငှား သံသရာကြီး စပြီ။ ဒါပေမယ့် တထောင်မျိုး နှစ်ထောင်မျိုးလောက်ပဲ ရတာလေ။ ဒီလောက် အများကြီးတော့ ဘယ်သူကချေးမှာတဲ့လဲ။ မမူယာက ပိုတောင် ဆိုးသေးတယ်။ သူတို့အားလုံးကို ပြောထားပြီးသား လစာ ကြိုထုတ်ပေးမယ် .. ဒါပေမယ့် ၁၅ ရက်နေ့ တရက်ပဲ ထုတ်ပေးမယ်၊ အဲဒါလည်း တဝက်ပဲ အများဆုံးထုတ်ပေးမှာ ..။

သူတို့အားလုံး ၁၅ ရက်နေ့မရောက်မချင်း သူ့ဆီကကိုယ်ချေး .. ကိုယ့်ဆီကသူချေး .. မအိတို့လို ရာထူးကြီးပြီး နားလည်မှုလည်းရှိတဲ့သူဆီက ချေး .. ဒါလည်း အမြဲမရဘူး။ မအိဆီက ချေးတဲ့သူ များတော့ အားလုံးကို ဘယ်ချေးနိုင်မလဲ။

၁၅ ရက်နေ့ရောက်ရင်တော့ အားလုံး မမူယာ အခန်းကို မပြတ်ချောင်းကြရပြီ .. မမူယာ အခန်းထဲ က တယောက်လောက် နမူနာ ထွက်လာပြီဆိုရင် အားလုံး တလှည့်စီ ဝင်ဖို့ ပြင်ကြရပြီ ..။ လစာ တဝက်ကို ကြိုထုတ်ကြ .. လဆန်းက ယူထားတဲ့ အကြွေးအတိုအထွာတွေဆပ်ကြနဲ့ .. ကုန်လု နီးနီး ပိုက်ဆံလေးကို .. တချို့က ဈေးဖိုးလုပ် .. တချို့က ဆေးဖိုးလုပ် .. အားလုံးက ပိန်မသာ လိန်မသာ .. နွေကကော အဲဒီထဲကတယောက်ပဲ .. ဘာထူးမှာတဲ့လဲ။

လောလောဆယ် မြင့်မို ပြဿနာ ဘယ်လိုရှင်းကြမလဲ ..။ နွေတို့မှာလည်း သူ့ကိုချေးဖို့ နေနေ သာသာ ကိုယ့်ဘာသာ သုံးဖို့တောင် မရှိတာ။

“နင်ကြိုးစားကြည့်ဟာ .. မမူယာကို ဝင်ပြီး ငိုပြ .. သူက သနားတတ်ပါတယ်။ ပြီးတော့ သူ့အတွက် ၅ သောင်းဆိုတာ ဘာမှ ဟုတ်တာမှ မဟုတ်ဘဲ”

မထိုက်အကြံပေးတဲ့အတိုင်း လူရှင်းတဲ့အချိန်မှာ မြင့်မို မမူယာအခန်းထဲကို ဝင်သွားတယ်။ သူထွက်လာမယ့် အချိန်ကို ရင်တဖိုဖိုနဲ့ စောင့်နေတဲ့နွေတို့ကို ဘိုးတော်က မျက်စောင်းထိုး ကြည့်တယ်။ “ဒီအချိန်ထိ အပြင်မထွက်ဘဲ ဘာလုပ်နေတာလဲ” ဆိုတဲ့သဘော .. နွေကော မထိုက်ကော ပေပြီးဆက်ထိုင်နေတယ်။

အဲဒီအချိန်မှာ မြင့်မို ထွက်လာတယ်။ သူ့မျက်နှာ မြင်လိုက်ကတည်းက သိလိုက်ပြီ .. အဆင်မပြေခဲ့ဘူး။

“နင်က ဘယ်တော့လိုတာလဲ”
“မနက်ဖြန်ဟ”
“ဒီလိုလုပ်ဟာ .. ငါ့အမေရဲ့အသိ အဒေါ်ကြီးတယောက်ရှိတယ်။ သူက ငွေတိုးပေးစားတာဟ၊ ငါစောစောက မပြောတာက .. သူက ပစ္စည်းမပါဘဲငွေယူရင် ၁၀ တိုးတောင် .. အတိုးများတယ်။ အဲဒါကြောင့် .. ဒါပေမယ့် ဘယ်လိုမှမဖြစ်ရင်တော့ အဲဒီကပဲ ဆွဲပေးမယ်ဟာ”

မထိုက်ရဲ့ အစီအစဉ်ကို မြင့်မိုက သိပ်စဉ်းစားမနေတော့ဘဲ သွားမယ်တဲ့။ အင်းလေ ဘာများစဉ်းစား စရာရှိသေးလို့လဲ .. နွေတို့မှာ ရွေးချယ်စရာက သိပ်မှ မရှိတာဘဲဟာ ..။ နွေလည်း သတင်း လိုက်ချင်စိတ် မရှိဘူး .. ဒါပေမယ့် မဖြစ်သေးဘူး .. အမေ့အသိ ဆရာဝန်ကြီးနဲ့ ဒီနေ့ ချိန်းထားတာ .. အင်တာဗျူးဖို့ သွားရမယ်။

တပတ်စာ ထုတ်ပေးထားတဲ့ လမ်းစရိတ်တွေလည်း မရှိကြတော့ဘူး .. ဘယ်လိုလုပ်ကြမလဲ .. လောလောဆယ်လိုတာ ကားခ ၂၀၀ လောက် .. အဲလောက်ရှိရင်ရပြီ .. ။ အဲလောက်ကတော့ မအိဆီကပဲ ချေးရတော့မှာပဲ။ နက်ဖြန် စာမူခ ထုတ်ရရင်တော့ ၁၅၀၀ လောက်ရမယ် ထင်တယ်။ ဒီတပတ် နွေရေးတာ ပုဒ်ရေ နည်းနည်းများတယ်။ နွေတို့လို အငယ်တန်းသတင်းထောက် တွေက တိုက်ကို သတင်း တပတ်ကို အနည်းဆုံး ၄ ပုဒ်ပေးရတယ်။ အဲဒီ ၄ ပုဒ်ထက် ကျော်ရင် စာမူခ ရတယ်။ မထိုက်ကတော့ စီနီယာ ဆိုတော့ တပတ်ကို အနည်းဆုံး ၆ ပုဒ်ပေးပြီး ပိုမှ စာမူခ ရတယ်။

အဲဒီမှာလည်း သတင်းက အေ၊ ဘီ၊ စီ၊ ဒီ ဆိုပြီး အဆင့်တွေခွဲထားတော့ စာမူခ မတူဘူး။ အေကတော့ ရခဲပါတယ်။ မျက်နှာဖုံးမှာပါမှ ရတာ တပုဒ်ကို ၂၀၀၀၊ ၃၀၀၀ အစားစားပဲ။ မျက်နှာဖုံးပါတာတောင် .. ပိုအရေးကြီးတဲ့ သတင်းဆို ၃၀၀၀ ရတယ်။ အတွင်းမှာတော့ ဘီ ဆိုရင် ၁၀၀၀၊ ဒါလည်း ရခဲပါတယ်။ နွေတို့ရတဲ့သတင်းတွေက စီတို့ ဒီတို့ပဲ။ ဒီကတော့ ပွဲသတင်းလေ .. ပွဲတက်ပြီးရေးတဲ့သတင်း တပုဒ်မှ ၃၀၀ ပဲရတာ။ စီက ၆၀၀ ရတယ်။ သူကတော့ ဈေးကွက် သတင်းလေး ဘာလေးပေါ့။

“နွေ ..နင်ကော လိုက်မှာလား”

မြင့်မိုအမေးကို ခေါင်းယမ်းပြလိုက်တယ်။

“လိုက်လို့ မဖြစ်သေးဘူး .. ငါ ကလေး ဆရာဝန်ကြီးနဲ့ ချိန်းထားသေးတယ်။ လမ်းစရိတ်ချေးမလို့ မအိကို စောင့်နေတာ။ ဘယ်သွားလဲ မသိဘူးဟာ”
“ဒါဆို လက်ဖက်ရည်ဆိုင်သာ လိုက်သွားတော့ .. ဟိုမှာ ဘိုးတော်က အထဲဝင်လိုက် အပြင်ထွက် လိုက်နဲ့ ငါတို့ကို မကျေနပ်ကြောင်း ပြနေပြီ .. လစ်စို့ ..”

မထိုက်ပြောတာလည်း ဟုတ်တယ်။ နွေတို့က ဘိုးတော်လို့ ခေါ်တဲ့ အယ်ဒီတာချုပ်လည်းဖြစ် တိုက်ပိုင်လည်းဖြစ်တဲ့ ဆရာက နွေတို့ရှေ့မှာ ကောင်းကောင်းလမ်းသလားပြနေပြီ .. ခဏနေလို့ သူ့မျက်စိရှေ့က ထွက်မသွားရင် အော်တော့မှာ သေချာတယ်။

နွေတို့ သုံးယောက်သား အစတော့ ခပ်ကုပ်ကုပ်နဲ့ အခန်းပြင် ထွက်လိုက်တယ် .. လှေခါး ၄၊ ၅ ထစ် ဆင်းပြီးတဲ့ အချိန်မှာတော့ ကလေးတွေလို အော်ဟစ်ပြီး ရယ်မောနောက်ပြောင်နိုင်ကြပြီ။ မြင့်မိုတောင် ခုဏက စိတ်ညစ်နေပါလားလို့ မထင်ရအောင် နွေ့ခါးကိုလိုက်တို့ပြီး စနေတယ်။ မအိလည်း လှေခါးက တက်လာပြီ .. မအိနဲ့ နွေတို့ ၃ ထပ်မြောက်မှာ ဆုံတော့ နွေတို့က ပိုက်ဆံချေး .. မအိက ပွစိပွစိ ပြောချင်ယောင်ဆောင်ပြီး နွေတို့ချေးတဲ့ လမ်းစရိတ် ထုတ်ပေးတယ်။

“ပိုက်ဆံချေးရုံနဲ့ မရဘူးနော် မအိ .. ညနေ လက်ဖက်ရည်တိုက်ဦး”

ဒီလောက် ပူပင်စရာရှိနေတာတောင် နောက်နိုင်သေးတဲ့ မြင့်မိုကို နွေ သိပ်အားကျတာပဲ .. ။

* * *

“ဘုန်း”

ပုခုံးသိုင်းအိတ်ကို စားပွဲပေါ် ရုတ်တရက်ပစ်ချလိုက်တဲ့ မထိုက်ကြောင့် နွေတို့အားလုံး လန့်သွားတယ်။

“တောက် .. မုန်းဖို့ကောင်းလိုက်တာဟာ .. ငါ အဲဒီလူကြီးကို အသေသတ်ချင်တယ် သိလား”
“ဘယ်သူလဲ .. ဘာဖြစ်တာလဲ မထိုက်ရဲ့ .. မထိတ်သာ မလန့်သာဟာ .. နင့်ကို ဘယ်သူက ဘာလုပ်လိုက်လို့လဲ”

မြင့်မိုမေးခွန်းမဆုံးခင်မှာ မထိုက် ချုံးပွဲချပြီး ငိုတော့တာပဲ ..။ နွေတို့ အားလုံးလည်း လန့်သွား ကြတယ်။

“… ဌာနက ညွှန်မှူးဆိုတဲ့ လူကြီးပေါ့ .. ငါ့ကို အင်တာဗျူးပေးမယ် ဆိုလို့ သွားတာ .. ငါ့ကို .. ငါ့ကို .. တောက် .. မိုက်ရိုင်းတယ်ဟာ”
“ဘာ မထိုက် .. နင်ကပါးဆွဲမတီးလိုက်ဘူးလား .. နင်က သူလုပ်သမျှ ခံလာတာလားဟ”
“သူက ဘာမှ လုပ်တဲ့ဆီတော့ မရောက်ပါဘူး .. ဒါပေမယ့် ငါ့ကို သူ့အရွယ်ကြီးနဲ့ .. ညီမလေးက သိပ်လှတာပဲ .. ဘာလို့ သတင်းထောက်လုပ်တာလဲ .. အစ်ကိုကြီးဆီမှာ အတွင်းရေးမှူး လုပ်မလား .. တိုက်ခန်းတခန်း ငှားပေးထားမယ် .. ဟန်းဖုန်းလည်း ပေးထားမယ် ဆိုပြီး ရုပ်ကလည်း ပြီတီတီနဲ့ .. မဟန်ဘူးဆိုတာသိတာနဲ့ ငါလည်း .. ထပြန်မယ် လုပ်ရော .. ငါ့လက်ကို အတင်းဆွဲထားတာလေ .. ငါက ဆရာနဲ့ ပြန်တိုင်မယ် .. အော်လိုက်မယ် ဆိုမှ လွှတ်ပေးတာ”
“တောက် .. ဒါ အချောင်ရမလားလို့ လုပ်ကြည့်တာဟာ။ အဲဒီလူကြီးငါသိတယ် .. ကြောင်သူတော် ကြီး”

မထိုက်ပြောသမျှ .. မြင့်မိုပြောသမျှကို နွေ ပါးစပ်အဟောင်းသားနဲ့ပဲ နားထောင်နေမိတယ်။ သူတို့ ပြောတာတွေ ကြားရတာ ရင်တုန်လိုက်တာ။ မထိုက် သနားပါတယ်။ အင်းလေ နွေတို့အားလုံးက ရုပ်ကလေးတွေ သနားကမားပေမယ့် အဝတ်အစားလေးတွေက စုတ်တိ စုတ်ပြတ်လေးတွေ ဆိုတော့ လူအထင်သေးတာပေါ့။ ငွေရရင် ဘာမဆို လုပ်မယ့်သူတွေ လို့လည်း ထင်လားမသိဘူး။ နွေ့ရင်ထဲက အဲဒီညွှန်မှူးဆိုတဲ့သူကြီးကို အော့နှလုံး နာလိုက်တာ။

“ငါတို့ ပုံစံတွေကိုကလည်း စုတ်ပြတ်ပါတယ်ဟာ။ လူအထင်သေးမယ်ဆိုလည်း သေးလောက် တယ်။ အဝတ်အစားလည်း တလနေလို့ တထည် ဝယ်မဝတ်နိုင်တဲ့ဘဝ။ မထိုက်ရာ နောက်တခါ အဲဒီ နေရာမျိုးသွားရင် တယောက်တည်း ဘယ်တော့မှ မသွားပါနဲ့ အန္တရာယ်များတယ် သိလား”

မြင့်မိုရဲ့ စေတနာစကားကို မထိုက်မျက်စောင်းက တားဆီးလိုက်သလိုပဲ။ ဟုတ်တာပေါ့ .. နွေတို့ကို တိုက်က မှာထားပြီးသား .. သတင်းလိုက်ရင် ဘယ်တော့မှ ၂ ယောက်မသွားပါနဲ့တဲ့။ သွားရင် လိုက်သွားတဲ့သူကို အလုပ်ထုတ်မယ်တဲ့။ နွေ့ကိုတောင် မအိက မတတ်သေးလို့ နားလည်မှုနဲ့ လိုက်ပေးနေတာ။ နွေကျွမ်းကျင်သွားရင် မအိ လိုက်တော့မှာ မဟုတ်ဘူး။

နွေတို့ ဘဝတွေက ဒီလောက်တောင်ပဲ ဆိုးရွားလား ..

အဲဒီအချိန်မှာ အောင်ထူးတယောက် ချွေးသံ တရွှဲရွှဲနဲ့ ပြန်ရောက်လာတယ် .. ပြီးတော့ နွေ့ဘေးမှာ စိတ်ပျက်လက်ပျက် ထိုင်ချလိုက်တယ်။

“ဘာလဲ သတင်းမရဘူးလား” ဆိုတဲ့ မြင့်မိုရဲ့ အမေးကို အောင်ထူးက ခေါင်းပဲယမ်းပြနိုင်တယ်။
“စိတ်ကုန်တယ် နှာဗူးတွေ” ဆိုပြီး စားပွဲကို ဒုန်းကနဲ ထုတယ်။

အောင်ထူး သတင်းသွားယူတဲ့ ဌာနဆိုင်ရာက အရာရှိက အောင်ထူးကို သတင်းမပေးဘဲ တခြားတိုက်က အလုပ်သင် သတင်းထောက်မ ပေါက်စလေးကို သတင်းပေးလိုက်တာလေ။ အဲဒါကို အောင်ထူးက ခံပြင်းနေတာ။

“တောက် .. အဲဒီအချိန်မှာ ငါ့ရဲ့ ယောက်ျားဖြစ်ရတဲ့ ဘဝကို စိတ်အနာဆုံးပဲဟာ”

အောင်ထူးရဲ့စကားက ငိုအားထက် ရယ်အားသန် ..

ဒီနေ့ နွေတို့အားလုံး ရုံးမှာ ဖင်မြဲနေကြတာ အကြောင်းရှိတယ်။ မဟုတ်လို့ကတော့ ဒီအချိန် သတင်းရေးရင်တောင် မြစံပယ်မှာ ထိုင်ရေးကြမှာ ..။ ဒီနေ့က ဂျာနယ် ထွက်ရက် ဆိုတော့ စာမူခ ရမှာလေ။ စာမူခ ထုတ်ပေးပြီးမှ လက်ဖက်ရည်ဆိုင်သွားကြဖို့ အားလုံး သဘောတူ ထားကြတာ။ နွေကတော့ ရတဲ့စာမူခလေးထဲက ကိုကိုကြိုက်တတ်တာလေး တခုခု ဝယ်သွားဖို့ စဉ်းစားနေတယ်။

လက်ဖက်ရည်ကို နွေကြိုက်ပေမယ့် တခွက် ၂၅၀ ကတော့ မဖြုန်းရက်တာ အမှန်ပဲ။ သူများတိုက် တာ ဆိုရင်လည်း တခါတလေပဲ ကောင်းတာလေ။ ကိုယ့်အလှည့်ကျလည်း ပြန်တိုက်မှ ကောင်းမှာ ပေါ့။ ဒီတော့ နွေက မြင့်မိုတို့နဲ့ လက်ဖက်ရည်ဆိုင် လိုက်ထိုင်လည်း ရေနွေးပဲ တခွက်ပြီး တခွက် သောက်နေလိုက်တာပဲ .. မရှက်ပါဘူး။

ဒီတပတ်တော့ မထိုက်သတင်း ကာဗာမှာ ပါတာဆိုတော့ သူက တိုက်မှာပါ ..။ အဲဒီအချိန်မှာ ဧည့်ကြိုကောင်တာက စုမြတ်က “မထိုက်ရေ ဖုန်း” တဲ့ .. မထိုက် အသည်းအသန် ပြေးသွားတယ်။ ပြေးမှာပေါ့ .. ဒီအချိန်လာတဲ့ဖုန်းက သူ့ကိုလေးကလွဲရင် ဘယ်သူဖြစ်ရဦးမှာလဲ ..။

လူကတော့စုံပြီ .. ဝေမာလည်း ပြန်ရောက်လာပြီ .. မျက်နှာကရွှင်နေပုံထောက်တော့ သတင်း ရခဲ့တယ်နဲ့ တူပါရဲ့ ..။

“နွေ .. ငါ .. ဟိုတယောက်နဲ့ ချိန်းထားတယ်သိလား။ စနေနေ့ ညနေ မွန်းဘိတ်ခရီမှာ တွေ့ကြမယ်”

ဝေမာရွှင်နေတာ ဒါကြောင့်ကိုး ..။

“ဘယ်တယောက်လဲဟ”

နွေ့ကို တုံးရန်ကောဆိုတဲ့အကြည့်နဲ့ ဝေမာကြည့်တယ်။ ဝေမာ့မျက်နှာလေးက ကလေး ဆန်ပေမယ့် သိပ်မလှရှာဘူး။ အရပ်ကလေးကလည်းပု .. ကိုယ်လုံးကိုယ်ပေါက်ကလည်း မလှ ဆိုတော့ ခုထိ ရည်းစားမရနိုင်ဘူး။ ဒီကောင်မလေးက သတင်းလိုက်တော်သလောက် .. ဒီဘက်မှကျ တော်တော် လေး မစွန်ဘူး ပြောရမယ်။

“ဟာ နွေကလည်း .. ဟိုနေ့ကပဲ နင့်ကို ငါပြောပြတယ်လေ။ ငါနဲ့ အွန်လိုင်းမှာ သိတာလေ။ မှတ်မိလား .. ခု အပြင်မှာတွေ့ဖို့ ချိန်းထားပြီ .. ဒီတခါတော့ အိုကေမယ် ထင်ပါရဲ့ .. ဟီး”
“ဝေမာကလည်းဟာ .. မမှတ်သေးဘူးလား .. တော်ကြာ နင် ခံစားရဦးမယ်”
“အောင်မာ .. ဟိုအရင်ဟာတွေက အချစ်စစ်အချစ်မှန်မှ မဟုတ်တာ။ ခုကမှ တကယ့်အချစ်စစ် အချစ်မှန် သဘောပေါက်”

ဝေမာတယောက် အွန်လိုင်းချက်တင်ကနေ ရည်းစားတယောက် ရလိုက် .. အပြင်မှ ချိန်းတွေ့တော့ သူ့ကို ဟိုက မကြိုက်ဘဲ .. လန်သွားလိုက် .. သူက မကြိုက်လို့ လန်သွားလိုက်နဲ့ .. ဘယ်နှယောက် မှန်းတောင် မသိတော့ဘူး။ မြင့်မို မကြားလို့ .. ကြားများကြားလို့က ဝေမာတို့ အဆဲခံရဦးမှာ။

မမူယာ အခန်းထဲက ကိုသက်ခိုင်ထွက်လာပြီ .. ပြုံးရွှင်လို့ .. စာမူခရတော့မယ်။

* * *

လမ်းဘေးဈေးတန်းလေးက ဈေးသည်တွေကြားထဲမှာ ကြုံ့ကြုံ့လေးထိုင်ပြီး ငရုပ်သီးမှုန့် ရောင်းနေတဲ့ နွေ့ရှေ့မှာ ပုဆိုးအကွက်ကြဲတထည် လာရပ်တယ် ..။ ဒီပုဆိုးကို နွေ သိတာပေါ့ ..။ နွေကိုယ်တိုင် ရွေးပေးထားတာပဲဟာ ..

“အဖေ”

အဖေက မပြုံးမရယ် နွေ့ကို စိုက်ကြည့်နေတယ်။

“သမီးကြီး .. အလုပ်တခု အဖေလျှောက်ထားပေးတယ် .. နက်ဖြန် အင်တာဗျူး ဝင်ရမယ် .. အဖေလာခေါ်မယ် .. မနက် ၉ နာရီ လမ်းထိပ်ထွက်စောင့်နေ ကြားလား”
“ဘာအလုပ်လဲ အဖေ”

ဒီတော့မှပဲ အဖေ ပြုံးဖော်ရတယ်။

“သမီး သဘောကျမှာပါ။ သမီးဝါသနာပါတဲ့အလုပ်နဲ့ နည်းနည်း နီးစပ်တယ်။ သတင်းထောက် အလုပ်လေ .. အရှေ့ရပ်ဝန်း သတင်းဂျာနယ်မှာ .. အဲဒီက စီအီးအိုက အဖေ့သူငယ်ချင်းလေ .. အဲဒါ အငယ်တန်းသတင်းထောက်လိုတယ် ဆိုလို့ သမီးအတွက် လျှောက်လွှာတင်ပေးခဲ့တယ်။ အင်တာဗျူးကတော့ ကိုယ့်ဘာသာဖြေရမယ်တဲ့ .. ရော့ အဲဒီဂျာနယ် လိုလိုမယ်မယ် အဖေ ယူလာတာ .. ဖတ်ထားလိုက်ပေါ့”

သတင်းထောက် ဆိုပါလား။ နွေတခါမှ မစဉ်းစားဘူးတဲ့အလုပ် ..။ ဖြစ်ပါ့မလား အဖေရယ်လို့ မေးချင်ပေမယ့် နွေမမေးရက်ဘူး။ တော်ကြာ အဖေ စိတ်ညစ်သွားဦးမယ်။ အဖေက နွေ ခုလိုတွေ လုပ်နေရတာကို မကြည့်ရက်လို့ တကူးတက အလုပ်ရှာပြီး လာပြောတာလေ။

ကိုကို့ကို ပြောပြတော့ စိတ်မဝင်စားသလို လုပ်နေတယ်။ ဖေဖေ့ကို မကြည်တာလည်း ပါမှာပေါ့။ ဘာပဲဖြစ်ဖြစ် နွေကတော့ ရှိသမျှထဲက အကောင်းဆုံးဆိုတဲ့ အဝတ်အစားလေးတွေ ထုတ်ထား လိုက်တယ်။ ပြီးတော့ ဖေဖေပေးခဲ့တဲ့ အရှေ့ရပ်ဝန်းဂျာနယ်ကို သေချာဖတ်နေလိုက်တယ်။

သတင်းဆိုတာကို တခါမှ သေချာဖတ်ဖူးတဲ့သူမှမဟုတ်ဘဲ .. ဒါပေမယ့် စာပေနဲ့တော့ နွေက နီးစပ်ပြီးသားပါ။ အဲဒီ ဂျာနယ်တိုက်ရဲ့ အယ်ဒီတာချုပ်နာမည်ကိုလည်း နွေကြားဖူးတာပဲ။ ဖြစ်မယ် ထင်တာပဲ မပြောတတ်ဘူး။

စိတ်စောပြီး နွေက အရင်ရောက်နေပေမယ့် အဖေ့ကိုသိပ်မစောင့်လိုက်ရပါဘူး။ ရန်ကုန်မြို့လယ် ခေါင်က တိုက်ခန်းတခန်း ဆိုပေမယ့် တိုက်ခန်းက အကျယ်ကြီးပဲ။ လူတွေလည်း အများကြီးပဲ .. ဝင်လိုက်ထွက်လိုက်နဲ့ ..။ နွေ့လို သတင်းထောက် အင်တာဗျူးလာဖြေတဲ့သူတွေလည်း အများကြီးပဲ။ လူတွေအများကြီး ခန့်မှာလို့လည်းပြောကြတယ်။ ကောင်မလေး ချောချောလေးတွေ လည်းတွေ့တယ်။ သူတို့ကတော့ ကြော်ငြာမားကက်တင်းလာလျှောက်တာတဲ့။

နွေ့အလှည့် .. အဖေက အားပေးသလို ပြုံးပြတယ်။

“ကိုလွမ်းမောင်မောင်ရဲ့ သမီး ဟုတ်လား”
“ဟုတ်ပါတယ်ရှင့်”
“စာ အတော်ဖတ်လား”
“တော်တော်များများတော့ ဖတ်ပါတယ် .. စာဖတ်လည်း ဝါသနာပါပါတယ်”
“မြသန်းတင့်သိလား .. သူ အခုဘယ်မှာနေလဲ”

သုံးယောက် ဝိုင်းမေးနေတဲ့အထဲက ခပ်ပေစုတ်စုတ်တယောက်က ဖြတ်မေးလိုက်တာ ..။ နွေ့ကိုများ .. အချဉ်မှတ်နေသေးတယ်.. နွေ ပြုံးလိုက်တယ်။

“ဆရာကြီး မြသန်းတင့်က ဆုံးသွားပါပြီရှင့် သူ့ရဲ့ လေရူးသုန်သုန်ကိုတော့ တော်တော်လေး ကြိုက်ပါတယ်”
“ဒီတိုက်က အယ်ဒီတာချုပ်နာမည် ဘယ်လိုခေါ်လဲ”

ဒါကတော့ ခပ်ဝဝ အသားဖြူဖြူနဲ့ လူက မေးတာ။ မျက်နှာတော့ချိုသားပဲ။

“ဦးမျိုးမြင့်မောင်ပါ ..သူ့ရဲ့ အယ်ဒီတာ့အာဘော်တွေ သဘောကျပါတယ်”

ဘယ်ရမလဲ .. ခုဏကမှ ဂျာနယ်တွေလှန်ပြီး အယ်ဒီတာ့အာဘော်တွေချည်း ဖတ်လိုက်တာ။ အသက်အကြီးဆုံး တောက်တောက်ပပ လူကြီးက သဘောကျသွားပုံရတယ်။ ဦးမျိုးမြင့်မောင် ဆိုတာ သူပဲဖြစ်မယ်ထင်တယ်။ သေချာတာပေါ့ ..။

“အင်း သမီးက မဆိုးဘူးပဲ။ တခုတော့ရှိတယ်။ သတင်းထောက်လုပ်ဖို့က လေရူးသုန်သုန် ဖတ်ရုံနဲ့တော့ မဖြစ်ဘူး။ သမီး ဘ ခြောက်လုံးကို သိလား”
“ဟုတ်ကဲ့ သိပါတယ်။ သတင်းရေးတဲ့အခါ အရင်ဆုံးစထွက်ရမယ့် အပိုဒ်မှာ ထည့်သင့်တဲ့ ဘယ်သူက ဘယ်သူ့ကို ဘယ်နေရာ ဘယ်အချိန်မှာ ဘာ့ကြောင့် ဘယ်လိုဖြစ်တယ် ဆိုတဲ့ အရေးကြီးတဲ့ မေးခွန်းတွေပါ။ အင်္ဂလိပ်မှာတော့ 5 W and H ပါ”

ဘယ်ရမလဲ .. လမ်းမှာ အဖေ လက်ပူတိုက်သင်ပေးထားလို့ သိတာ။ တကယ်ဆို အဲဒါတွေ တလုံးမှ နွေနားလည်တာမဟုတ်ဘူး။

“ဘယ်ဆိုးလို့လဲ။ မင်း သတင်းရေးဖူးလား”
“မရေးဖူးပါဘူးရှင့် .. စာရေးတာတော့ ဝါသနာပါပါတယ်။ သင်ပေးမယ်ဆိုရင်တော့ ဖြစ်အောင် လုပ်မှာပါ”
“ဒါနဲ့ သမီးက အိမ်ထောင်နဲ့ပေါ့ ဟုတ်လား .. အမျိုးသား ဘာလုပ်လဲ”

ဒီမေးခွန်းကို နွေမဖြေချင်ဆုံးပဲ .. နွေညာလည်း မညာချင်ဘူး .. ဒါပေမယ့် ..။

“သူက အိမ်မှာ ဂစ်တာသင်တန်းပေးပါတယ် ဆရာ”
“သြော ဟုတ်ပြီ .. သမီးကို ခန့်ဖြစ်ရင် အကြောင်းကြားမယ် ဟုတ်လား ..။ လစာကတော့ ဝင်ဝင်ချင်း အငယ်တန်းသတင်းထောက်လစာ ၃ သောင်းခွဲ ခံစားခွင့်ရှိမယ်။ တပတ်ကို သတင်း အနည်းဆုံး ၄ ပုဒ်ရေးရမယ်။ အဲဒီထက် ကျော်ရင် စာမူခရမယ်။ ကဲကဲ .. သမီးအဖေကို ဆရာက နှုတ်ဆက်တယ် ပြောလိုက်ဦး ဟုတ်လား”

သမီးဘယ်လိုထင်လဲ ဆိုတဲ့ အဖေ့အမေးကို ဖြေဖို့ စိတ်ထဲက ပိုင်နိုင်နေသလိုပဲ။ ဘာလို့လဲ ဆိုတော့ နွေ အခန်းထဲက ထွက်လာတော့ အထဲက ပြောနေသံ သဲ့သဲ့ ကြားလိုက်ရတယ်။

“မဆိုးဘူးနော် ဆရာ .. သူ့အရင် မေးလိုက်သမျှ .. မြသန်းတင့်လည်းမသိ .. မဟာဆွေလည်းမသိ၊ ဇဝနလည်း မသိနဲ့ ဟားဟား၊ အရှေ့ရပ်ဝန်းမှာ အလုပ်လာလျှောက်ပြီး အယ်ဒီတာချုပ်တောင် မသိဘူး .. တော်တော် ညံ့တဲ့ကလေးတွေ” တဲ့။

(ဆက်ပါဦးမည်)

3 comments:

chanye` said...

ရင်မောတယ်.. ဖတ်ရတာ။
ကျွန်တော်က သမိန်ပေါသွပ် နဲ့ မောင်မောင်ဇာ လောက်ပဲဖတ်ချင်တာ :P

မဆုမွန် said...

အင်တာာဗျူးဝင်တာ အမှတ်ရသွားတယ် အစ်မ
ဝိုင်အမ်စီအေ ရှေ့က ခြေင်္သေ့ရုပ်ကြီး ဘယ်ဘက်လှည့်လဲလို့ အယ်ဒီတာမင်းက အင်တာဗျူးလာတဲ့သူတွေမေးတော့ ဟိုဘက် ဒီဘက်လှည့်တယ် ဖြေကြတယ် ညီမက မမြင်ပါဘူး စဥ့်ပန်းအိုးကြီးပဲ ရှိတယ်ဆိုတော့ ခြင်္သေ့ရှိပါတယ်တဲ့ မရှိပါဘူး ရှိပါတယ်နဲ့ သူနဲ့ အင်တာဗျုးဖြေတာတောင် မေ့သွားတယ် အသေ
ငြင်းတာ အောက်ရောက်တော့ ကမမ်းကတမ်း ကြည့်တော့ ဟုတ်တယ် ..စဥ့်အိုးကြီးပဲရှိတယ်..ဟိဟိ

Anonymous said...

အော် မိန်းမကပင်ပန်း ကိုကိုအနုပညာသမားကြီးက ဂစ်လေးခေါက် ..
နွေကျေနပ်ရင် ပြီးတာပဲ ... ယောက္ခမကိုပဲ သူကမကြည်မလင်ရှိရသေး ... တိန် လက်ရာကောင်းကောင်းသီချင်းလေးဘာလေးတစ်ပုဒ်တောင် မထွက်လာရင်တော့ တွေ့ကြသေးတာပေါ့ကွာ ...