မယူလိုက်က မိုက်လို့ထင် ယူလိုက်ပြန်က ကြိုက်လို့ထင် (၅)

“ကယ်ကြပါဦးဗျို့ .. မနိုင်တော့ဘူး ..”

ဂျာနယ်ထုတ်ကြီးကို ထမ်းပြီး ကိုးယိုးကားယား တက်လာတဲ့ အောင်ထူးကို နွေတို့တွေ သနားရမလို ရယ်ရမလို ဖြစ်နေကြတယ်။ ဒီတိုက်မှာကတော့ ထူးထူးထွေထွေ အလုပ်သမားရယ်လို့ ရှိတာ မဟုတ်ဘူးလေ။ သတင်းထောက်ပေမယ့် ဂျာနယ်ထုတ်လည်း ကူထမ်းချင် ထမ်းရမှာပဲ။ အောင်ထူး ခမျာ .. မြေညီထပ်ကနေ ၇ ထပ်ကို ဒီအထုတ်ကြီးထမ်းတက်လာရတာ မောရှာမှာပေါ့။

သူပစ်ချလိုက်တဲ့ ဂျာနယ်ထုတ်ကို ယူပြီး ကိုသက်ခိုင်က နွေတို့ကို ဝေပေးတယ်။ နွေတို့ရဲ့ သတင်း ရင်းမြစ်တွေကို လက်ဆောင်ပေးဖို့ရယ် .. နွေတို့ကိုတာ တယောက်ကို ၃ စောင်ရယ် ကိုသက်ခိုင်က ပေးတယ်။

“ငါ့သတင်းလေး ပြုတ်တယ်ဟာ”

မြင့်မိုက စိတ်ပျက်လက်ပျက်ညည်းတယ်။ ပြောမယ့်သာပြောတာပါ။ သူ့သတင်း စာပေစိစစ်ရေးက မလွတ်ဘူးဆိုတာ မူကြမ်း ရုံးကျကတည်းက သိပြီးသားပဲ။ နွေတို့တွေအတွက် ဒီ သတင်းလေး တွေက ပိုက်ဆံတွေဆိုလည်း ဟုတ်သလို နာမည်လေးတွေ တည်ဆောက်ခွင့်ရတဲ့ အရာတွေ ဆိုလည်း မမှားဘူးလေ။ ပိုက်ဆံမရရင်တောင် ကိုယ့်နာမည်လေးကို သတင်းနဲ့ ယှဉ်တွဲ တွေ့ခွင့် ရလိုက်ရင် ပျော်ကြတာ မဟုတ်လား။

စာပေစိစစ်ရေးနဲ့ ဂျာနယ်တိုက်ဆိုတာကတော့ သိတဲ့အတိုင်းပဲ။ သူတို့က နွေတို့ရဲ့ သတင်းတွေကို ရှာကြံဖြုတ်မယ်၊ နွေတို့ကလည်း လွတ်အောင် ကြံဖန်ရေးကြမယ်။ ဒါပဲလေ။ ဒီကြားထဲ သူတို့ဟာ သူတို့ ဖြုတ်ဖို့မေ့သွားတာကို သူတို့အထက်ကထောင်းတော့မှ ဘာမဆိုင်ညာမဆိုင် အယ်ဒီတာတွေ ကို ထုခြေလွှာတင်ခိုင်းတာတွေ၊ နောက်မလုပ်ပါဘူးဆိုတဲ့ ခံဝန်ကတိ ထိုးခိုင်းတာတွေက ရှိသေး တယ်။

“နွေ .. သွေးလွန်တုပ်ကွေးသတင်း ရေးဖို့အဆင်သင့် ဖြစ်ပြီလား”

မအိက နွေ့ကိုလှမ်းမေးတယ်။

“ဖြစ်ပြီမအိ။ နွေ အင်တာဗျူးတွေလည်း ဖြည်ချထားတယ်၊ အချက်အလက်တွေလည်း တော်တော် စုံပြီ။ ရေးလို့ရပြီထင်တယ်။ ဒါပေမယ့် မအိနဲ့တူတူရေးမယ်နော်”

နွေ့စကားကို မအိက ပြုံးပြီး နားထောင်နေတယ်။ တကယ်တော့ ဒီသတင်းရေးဖို့ အားလုံး အဆင်သင့် ဖြစ်နေတာ ကြာပြီ။ ဒါပေမယ့် ဘယ်ကဘယ်လို စပြီး ရေးရမှန်း မသိဘူးဖြစ်နေတာ။ ခုလို မအိမေးလိုက်တော့ အတော်ပဲပေါ့။

“အိုကေ .. နွေအားရင် မအိစားပွဲကို လာခဲ့တော့”

နွေ ပျော်ရွှင်စွာနဲ့ မအိစားပွဲနားကို ခုံတလုံးရွှေ့သွားလိုက်တယ်။

သတင်းကို ဘယ် Angle ကထွက်မလဲ၊ စတိုရီ အိုင်ဒီယာက ဘာလဲ၊ သတင်းလိဒ်ကို ဘယ်လို ရေးမလဲ။ မအိရဲ့မေးခွန်းတွေကို နွေ အိုးနင်းခွက်နင်း အဖြေပေးနေမိတယ်။ ဒါပေမယ့် ပြဿနာ မရှိပါဘူး။ မအိက နွေ့အယူအဆတွေကို မငြင်းဘူး။ သူ့အယူအဆတွေနဲ့ ဖြည့်စွက်လိုက်တော့ ဒီ သတင်းဆောင်းပါးလေးက လှလှပပလေးဖြစ်လာတယ်။

“ဒီသတင်းကို Hard news ပုံစံနဲ့ မရေးဘဲ Soft news ပုံစံနဲ့ ရေးကြည့်ရအောင်။ နွေမြင်ခဲ့တဲ့ မြင်ကွင်းနဲ့ စထွက်မယ် ဟုတ်ပြီလား”

နွေ့အတွေးထဲမှာ ကလေးဆေးရုံက မြင်ကွင်း ပြန်ပေါ်လာတယ်။ ကလေးတယောက်ရဲ့ အလောင်းကို တွန်းထုတ်လာတဲ့ အဖေနဲ့ အမေ..။ နွေ့ရင်ထဲမှာ ဆို့ကြပ်သွားတယ်။

“တကယ့် စတိုရီက သွေးရောင်းစားတာ နွေရဲ့။ ဒါပေမယ့် ဒါကို လိဒ်သွားထွက်ပြီး အတုံးလိုက် အတစ်လိုက် ရေးပြလိုက်ရင် နွေ့သတင်းတပုဒ်လုံး စိစစ်ရေးက လှီးလိုက်လိမ့်မယ် .. မြန်မာပြည်မှာ ဂျာနယ်လစ် လုပ်နေသရွေ့တော့ အလှီးမခံရအောင် ရေးတတ်ဖို့ လိုတယ်။ ကိုယ်ရေးချင်တာလည်း ရေးရ .. သူတို့လည်း သဘောကျ ပုံစံမျိုးရေးတတ်တာကိုက ပညာပဲ”

မအိရဲ့စကားတွေကို နွေမှတ်ထားလိုက်တယ်။ ဟုတ်တာပဲ၊ အဖြုတ်မခံရအောင် ရေးမှဖြစ်မှာပေါ့။

“သွေးရောင်းစားတာကိုလည်း ထည့်ရေးချင်တယ် မအိရဲ့ .. ဘယ်လိုလုပ်ရမလဲ”
“ထည့်မယ်လေ .. ဒါပေမယ့် အဲဒါကို ပါးပါးလေး လှလှပပလေး ထည့်မယ်။ အဖြုတ်မခံရအောင် ပေါ့”

မအိရှင်းပြတဲ့အတိုင်း သေသေချာချာ မှတ်ထားလိုက်တယ်။ ပြီးရင် မြစံပယ်မှာ သွားရေးဦးမှ။ ရုံးပေါ်မှာက ဆူညံနေတာ။ မအိတို့လို ပါရမီမရှိတော့ မရေးနိုင်ဘူး။ ဒီနေ့လို ဂျာနယ်ထွက်ရက်ဆို ပိုဆိုးသေး။ သတင်းခန်းဆိုတော့လည်း ဘယ်တိတ်ဆိတ်ပါ့မလဲလေ။

“မိနွေရေ .. ဒိုးမယ်ဟေ့ လိုက်မှာလား”

မထိုက်ကလှမ်းမေးလိုက်မှ သတိရသွားတယ်။ ဟုတ်သားပဲ ပန်းဆိုးတန်း လောကနတ်မှာ စိတ်ကူးချိုချိုက စာအုပ်ပြပွဲလုပ်နေတာ။ မထိုက်က သတင်းယူဖို့သွားမလို့ .. နွေကတော့ စာအုပ်တွေကို သွားငေးမလို့။ ကိုကိုနဲ့ယူပြီးမှ စာအုပ် တအုပ်တောင် မဝယ်နိုင်သေးဘူး။ အရင်က အမေတို့ အိမ်မှာ တုန်းကဆိုရင် နွေက မုန့်ဖိုးစုပြီး စာအုပ်တွေ ဝယ်တာ။ နွေမဝယ်လည်း အဖေက ဝယ်ပေးတာပါပဲ။

“ဒေါ်ထိုက် ဘယ်လိုလဲ .. ရည်းစားနဲ့ ပြတ်ပြီဆို” လို့ မအိက လှမ်းမေးတာကို မထိုက်က အပြုံးမပျက် ပြန်ဖြေတယ်။ မထိုက်ရင်ထဲမှာတော့ ငိုနေမှာပေါ့လေ။ နွေကသာ လိုက်ခံစားနေတာ မထိုက်က နွေတို့ကို အဲဒီကိစ္စပြောပြပြီးတဲ့ နေ့ကစပြီး ကိုလေးအကြောင်း တခွန်းတောင် မဟတော့ဘူး။ ပုံမှန်အတိုင်း သတင်းအလုပ်တွေပဲ ဖိလုပ်နေတာ။

“ဟယ် မထိုက်ရည်းစားက ဒီလောက်ချောလည်းချော မထိုက်ကိုလည်း ဒီလောက်ချစ်တဲ့ဟာ ဘာလို့ပြတ်ရတာလဲ။ မထိုက်က မထိန်းလို့ထင်တယ်”

ဘုမသိဘမသိနဲ့ မားကတ်တင်းက ဆွေဆွေက လာဝင်ပြောတယ်။ ဆွေဆွေ့ကို မထိုက်က ဆတ်ခနဲ လှည့်ကြည့်လိုက်ပေမယ့် ဘာမှတော့မပြောဘူး။ ဒါပေမယ့် မအိက ..

“ယောက်ျားဆိုတာ ထိန်းရအောင် ကလေးမှမဟုတ်ဘဲ ဆွေရယ်” လို့ ဝင်ပြောတယ်။
“မဟုတ်ဘူးလေ .. ဆွေဆိုလိုတာက ဒီလို တန်ဖိုးရှိတဲ့ ယောက်ျားမျိုး ရဖို့ မလွယ်ဘူး မဟုတ်လား”
“ဟားဟား .. ဆွေကတော့နောက်ပြီ။ သူပဲတန်ဖိုးရှိတဲ့ ယောက်ျားဖြစ်ရမှာလား။ သူလည်း တန်ဖိုးရှိတဲ့ မထိုက်လို မိန်းမကို ဆုံးရှုံးရတာပဲဟာ၊ သူကမှ တန်ဖိုးကို မသိတာ”
“ဟင် .. မအိစကားတွေကလည်း ရှုပ်နေတာပဲ” လို့ ဆွေဆွေက ချွဲချွဲနွဲ့နွဲ့ပြောရင်း လက်ထဲက မှန်ဝိုင်း သေးသေးလေးနဲ့ သူ့မျက်နှာကို စေ့စေ့စပ်စပ်ကြည့်နေလေရဲ့။

ဆွေဆွေက မှုံနေအောင်လှတဲ့ ကောင်မလေးတယောက်လို့ ပြောလို့ရတယ်။ မားကက်တင်း ဆိုတော့ အဝတ်အစားကိုလည်း ကျော့နေအောင် ဝတ်ရတယ်၊ အလှအပကလည်း ပြင်ရတယ်၊ စကားကိုလည်း ကတ်စတန်မာ ကြိုက်အောင် ချိုချိုလေး ပြောရတယ်၊ နွေတို့လို အချင်းချင်းနဲ့ စကား ပြောရင်တောင် သူ့ဟန်ပန်နဲ့ စကားသံတွေက ကတ်စတန်မာကို ပြောသလို ဟန်လုပ်သံ တွေက ပါနေတတ်တာ။ မြင့်မိုကတော့ “ချွဲပစ်နေတာပဲ ကြည့်မရပါဘူးဟာ၊ အဆံမရှိဘူး ဟန်ပဲရှိတဲ့ဟာတွေ” လို့ အမြဲပြော တတ်တယ်။ နွေကတော့ အလိုက်အထိုက်ဆက်ဆံပါတယ်။

ဆွေဆွေကတော့ သူ့ရည်းစားက ဘယ်လိုအရည်အချင်းရှိတာ၊ သူ့ကို ဘယ်လိုချစ်ပြီး ဘယ်လောက်ထိ ဂရုစိုက်တာ၊ ယောက္ခမလောင်းတွေက ဘယ်လို သဘောကောင်းတာ၊ ပိုက်ဆံလည်း ဘယ်လို ချမ်းသာတာ၊ မင်္ဂလာဆောင်ရင် ဘယ်ဟိုတယ်မှာ ဆောင်မှာ ဆိုတာတွေ အမြဲ ပြောတတ်တယ်။ အဲဒါကိုပဲ မြင့်မိုက ကြည့်မရတာလေ။

“ယောက်ျားတွေ ဂရုစိုက်တယ်၊ အလိုလိုက်တယ် ဆိုတာများ သူမို့လို့ ယုံကြည်တယ်။ သူ့ဘဲကြီးကို ငါတွေ့သားပဲ .. ကောင်မလေးတယောက်နဲ့ တွဲနေတာ။ သူကတော့ သူ့ကိုသိပ်ချစ်တယ် ထင်နေပုံ ရတယ်။ ငါ ရယ်ချင်လိုက်တာ” လို့ မြင့်မိုပြောတုန်းကဆို ဆွေဆွေကြားသွားမှာစိုးလို့ မနည်းကို မျက်နှာရိပ်မျက်နှာကဲနဲ့ ပြရတယ်။ ဟုတ်တော့ဟုတ်တယ်၊ နွေတို့က သတင်းထောက်တွေ ဆိုတော့ နေရာပေါင်းစုံကိုရောက်ပြီး လူပေါင်းစုံနဲ့တွေ့ရတာ။ တခါတလေ မြင်ရကြားရ မသက်သာတာ တွေလည်း ရှိတာပေါ့လေ။

နွေကတော့ ဒါတွေမသိတော့ပါဘူး။ ဘယ်တုန်းကမှလည်း မင်္ဂလာဆောင်ဖို့ ဆိုတာကို မတွေး ဖူးဘူး။ ကိုကိုနဲ့က အတူသာနေတယ် မင်္ဂလာဆွမ်းတောင် ကျွေးလိုက်ရတာမဟုတ်ဘူး။ ကိုကို ကလည်း လုပ်ချင်လားလို့ တခါမှ မမေးပါဘူး။ သူ့မှာ တာဝန်မရှိတဲ့အတိုင်း ..။

နွေ့ အတွေးကို နွေပြန်လန့်သွားတယ်။ ခုတလောမှာ ကိုကို့ကို အပြစ်မြင်စိတ်တွေ တော်တော်လေး များနေသလိုပဲ။ ညကလည်း ကိုကိုက ပြောသေးတယ် “မင်းပုံစံက အရင်နဲ့ကိုမတူဘူး၊ တခုခု ကြောင့် မာန်တက်နေသလိုပဲ” တဲ့။ ဖြစ်နိုင်ပါတယ်။ နွေ့အနေနဲ့ မာန်တက်နေတာ ဟုတ်လား၊ မဟုတ်ဘူးလား မပြောနိုင်ပေမယ့် နွေ့အလုပ်ကို နွေကျေနပ် ပျော်ရွှင်နေတာတော့ သေချာတယ်။

“ကဲ မိနွေ .. လိုက်မယ်ဆို သွားမယ်ဟေ့” လို့ မထိုက်ဆော်သြလိုက်မှ နွေ့အတွေးပြတ်သွားတယ်။ လောကနတ်က ပြန်လာမှပဲ ဆောင်းပါးရေးတော့မယ်လေ။

* * *

ခုတလောမှာ နွေတို့ အထက်တန်းတုန်းက သင်ရတဲ့ ရှေး ကဗျာလေး တပုဒ်ထဲက စာသားတချို့ .. ဘယ်လိုက ဘယ်လို နွေ့ခေါင်းထဲ ဝင်နေတယ်မသိဘူး ..

“မယူလိုက်က မိုက်လို့ထင် .. ယူလိုက်ပြန်က ကြိုက်လို့ထင်” တဲ့ … မိန်းကလေးတွေရဲ့ ဘဝကို ရေးထားတာလေ။ သိပ်ကို ပေါ်လွင်တာပဲ။ ယောက်ျားတယောက်က ပေးလာတဲ့ အခွင့်အရေးကို ငြင်းပြန်ရင်လည်း .. (အဲဒီ အခွင့်အရေးက တကယ့်စေတနာမှန်နဲ့ ပေးတာဖြစ်နေရင်) မိုက်လိုက်တာ အပြောခံရမယ်၊ တကယ်လို့ ယူလိုက်ပြန်ရင်လည်း တလွဲတွေးတတ်သော သကောင့်သားများက သူတို့ကိုကြိုက်လို့ပဲလို့ လိုရာဆွဲတွေးကြတယ်တဲ့။ ဟုတ်သားနော်။

ခုခေတ် စပွန်စာဆိုတဲ့ ဘဘကြီးတွေ၊ အန်ကယ်ကြီးတွေနဲ့ ပတ်သက်မိတဲ့ မိန်းကလေးတွေကို အဲဒီ ကဗျာရွတ်ပြရမယ် ထင်ပါရဲ့။

ဒါက .. ရွေးစရာလမ်းမရှိတဲ့ သဘောကို ပြောတာလား၊ ရှေးခေတ်က အခြေအနေကြောင့်လား၊ ဒါမှမဟုတ် ဘယ်ခေတ်ဖြစ်ဖြစ် မိန်းကလေး ဆိုရင် ဒီလိုချည်းပဲလား။ ဟင့်အင်း .. မဖြစ်ရဘူး။ ဘာဆိုင်လို့လဲ မိန်းမနဲ့ ယောက်ျား ဆက်ဆံရေးမှာ မိန်းမဘက်က ဘာလို့ ဒီလောက်တောင် အောက်ကျ နောက်ကျ နိုင်ရတာလဲ။ အခွင့်အရေးက သတ်သတ်ပဲ .. အချစ်က သတ်သတ်ပဲ မဟုတ်ဘူးလား။ အခွင့်အရေးပေးမှ ချစ်တာမျိုး မဖြစ်သင့်သလို၊ ချစ်လို့ အခွင့်အရေး ပေးမယ် ဆိုတာကော အပေးအယူ မဆန်လွန်းဘူးလား။ ထူးဆန်းလိုက် တာ .. ဘယ်တုန်းကမှ နွေ အဲဒီလို တွေ မတွေးခဲ့၊ မစဉ်းစားခဲ့ ဖူးဘူး။

နွေသိခဲ့တာက မိန်းကလေး ဆိုတာ နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့နေ၊ ကိုယ့်ချစ်သူ၊ ကိုယ့်ခင်ပွန်းကို ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး ပြုစု။ သူတို့ပြုသမျှနု ဒါပဲလို့ ထင်ထားတာ။ ခု အဲဒီအထင်တွေကို နွေကိုယ်တိုင် ပြောင်းပြန်လှန်ချင်နေမိတယ်။ အဖေနဲ့ အမေကို နွေပြန်စဉ်းစားမိတော့လည်း ပထမဆုံးအကြိမ် နွေ မကျေ မချမ်းဖြစ်မိတယ်။ ပင်ပမ်းတာချင်းတူတူ၊ အိမ်အတွက် ဝင်ငွေရှာရ တာချင်းတူတူ၊ ပညာတတ်တာချင်းလည်း တူတူ (သာချင်းသာ အမေကတောင် ပိုသာသေးတယ်၊ ပြီးတော့ အလုပ်ချိန်အားဖြင့်လည်း အမေကပိုတယ်) အဲဒါကို အဖေ့ကို အမေက ပြုစုရတယ်၊ ထမင်းဟင်းချက်ကျွေးရတယ်၊ ခူးကျွေးရတယ်။ အိမ်ကိစ္စ၊ သားသမီး ကိစ္စတွေကို အမေက ပိုယူရတယ်။ အဲဒါဘာကြောင့်လဲ။ အချစ်ကြောင့်လား။

ယောက်ျားတွေက အချစ်ဆိုတာ တခုတည်းနဲ့ မိန်းမတွေရဲ့ ဘဝကို ပိုင်စိုးမှာလား။ နွေကော .. အချစ် ဆိုတာရဲ့ ဖမ်းစားမှုကြောင့် ကိုကိုရဲ့ ကျေးကျွန်ဖြစ်နေရမှာလား ..။ ဒါဆိုရင်တော့ ကြောက် စရာကြီးပဲ။ နွေ အဲဒီလို မဖြစ်ချင်ဘူး။

“နင်တို့က ငါ့အတွက် ပူနေကြတယ်။ ငါက ပျော်နေတာဟ၊ ခုမှ ငါ လွတ်လပ်သွားတာ” လို့ ပြောခဲ့တဲ့ မထိုက်ကို နွေပြန်မြင်ယောင်ကြည့်မိတယ်။ “မိန်းကလေးတယောက်ရဲ့ အောင်မြင်မှုကို မုဒိတာ မပွားနိုင်လောက်အောင် မနာလို စိတ်ကြီးတဲ့ ယောက်ျားတွေကို ငါလန့်သွားပြီ။ သူကတော့ ငါ့ကို အလုပ်မလုပ်စေချင်တာ ချစ်လို့လို့ ပြောမှာပေါ့ဟာ၊ ဒါပေမယ့် အဲဒါချစ်တာမဟုတ်ဘူး ဆိုတာ ငါသိနေတယ်၊ အဲဒါ ငါ့ရဲ့ အောင်မြင်မှုကို သူ မနာလိုတာဟ”

ချစ်သူနှစ်ယောက်ကြားမှာ အဲဒါတွေရှိလား။ နွေသိပ်လန့်သွားတယ်။ ဟုတ်တယ်၊ ရှိနေတယ်လေ။ နွေ့ကိုကြည့်တဲ့ ကိုကို့မျက်လုံးတွေက စိမ်းကားအေးစက်လာတာ နွေခံစားနေရတယ်။

အမြဲတမ်း အိမ်မှာ ဖရောင်းတိုင်မီးနဲ့ စာရေးတတ်တဲ့ နွေ့ကို နောက်ပိုင်းမှာ သိသိသာသာ ကန့်ကွက် လာခဲ့တယ်။

“အိမ်ကို အလုပ်တွေယူမလာနဲ့ကွာ။ မင်းဟာက အလုပ်ချည်းပဲ၊ ဘယ်မှာလဲ နားချိန်”

စေတနာနဲ့ နွေပင်ပမ်းမှာစိုးလို့ ပြောသလိုလိုနဲ့ နွေ့အလုပ်မှာ အောင်မြင်မှုနည်းအောင် ပြောနေတာ လို့ ဘာလို့ နွေတွေးမိတာလဲ။ တကယ်ဆို ကိုကိုက ငါ့ကို စေတနာနဲ့ ပြောတာပါလေလို့ ဘာလို့ မတွေးမိတာလဲ။

သေချာတာက နွေတို့ကြားမှာ အက်ကြောင်းတခုက တဖြည်းဖြည်း အရာထင်လာပြီ။ ကိုကို့ရဲ့ ဂစ်တာသံကို ကြည်နူးတာထက် အနှောင့်အယှက်တခုလို့ နွေမြင်တတ်နေပြီ။ ကိုကိုရဲ့ အသုံးမဝင်မှု တွေကို နွေ စိတ်ကုန်စ ပြုလာတာကကော ကိုကို့ကို နွေမချစ်တော့တာလား။

နောက်ဆုံး ကိုကို ဘယ်မိန်းကလေးနဲ့ တွဲနေ တွဲနေ စိတ်သိပ်မဝင်စားတော့တဲ့ထိ ဖြစ်လာတဲ့ အချိန် မှာတော့ နွေ ကိုယ့်ကိုယ်ကိုယ် အမြင့်ဆုံး အတိုင်းအတာအထိ ထိတ်လန့်သွားတော့တယ်။ ကိုကိုနဲ့ နွေ တယောက်နဲ့ တယောက် စကားများ ရန်ဖြစ်တာမျိုးလည်း တော်တော်နည်းသွားတယ်၊ ဒါပေမယ့် နွေးထွေးမှုလည်း တော်တော်လေး နည်းသွားပြီ။

ဆူညံပွက်လောရိုက်နေတဲ့ ပတ်ဝန်းကျင်ကို နွေစိတ်ပျက်စပြုလာပြီ။ အရင်က ကိုကို့ကြောင့် ဘာပဲဖြစ်ဖြစ် ပျော်ရွှင်လို့ရတဲ့ နေရာမှာ ခု နွေမပျော်တော့ဘူး။ အိမ်ထက် အလုပ်ထဲမှာ နွေ ပိုပျော်တယ်။

“ယောက်ျားတွေက အလကားပါဟာ၊ မိန်းမတွေကို သူတို့က အပေါ်ယံအလှတမျိုးပဲ စိတ်ဝင်စား တာ၊ ဒီမိန်းမရဲ့ ဦးနှောက် ဘယ်လောက်ကောင်းတယ်ဆိုတာ သူတို့ အတွက် အရေးမကြီးဘူး၊ ဒီမိန်းမရဲ့ အတွေးအခေါ်၊ ဒီမိန်းမရဲ့ နှလုံးသား ဒါတွေကို သူတို့ ထည့်မတွက်ဘူး”

စိတ်နာနာနဲ့ ပြောနေတဲ့ ဝေမာ့စကားသံကိုလည်း နွေပြန်ကြားယောင်နေမိတယ်။ ဝေမာက သိပ်ထက်တဲ့ မိန်းကလေး၊ သိပ်လည်းတော်တယ်၊ စိတ်ကောင်းလည်း ရှိတယ်၊ ဒါပေမယ့် ရုပ်ကလေးက မလှရှာတော့ ယောက်ျားတွေက မြင်တာနဲ့ လန်လန်သွားကြတာ။ ချက်တင်မှာ ပြောနေတဲ့အချိန် ဖြူးနေပေမယ့် လူချင်းတွေ့ဖို့ ချိန်းလိုက်ပြီဆိုရင် ဝေမာ အသည်းကွဲရတာပဲ။ ခုတော့ ဝေမာလည်း တော်တော်လေး ငြိမ်သွားပြီ။ သူ့ကို တကယ်ချစ်တဲ့၊ သူ အခြေအနေမှန်ကို လက်ခံနိုင်တဲ့သူမျိုးကိုပဲ သူစဉ်းစားတော့မယ်တဲ့။ မြင့်မိုရဲ့ လက်ချာတွေ မိသွားတာလည်း ပါတာပေါ့။

မြင့်မို ကျပြန်တော့လည်းတမျိုး ..။ ရုပ်ကလေးက ချစ်စရာလေး၊ ဒါပေမယ့်သူက ယောက်ျားတွေကို သိပ်အထင်သေးတာ၊ သူ့ကိုချဉ်းကပ်လာတဲ့သူမှန်သမျှကို ကောလွှတ်တာချည်းပဲ။ စိတ်မဝင်စားဘူး တဲ့။ အသည်း တော်တော်မာတဲ့မိန်းမ၊ နွေသာသူ့နေရာမှာဆို မလွယ်ဘူး။ နွေက စိတ်ပျော့တယ် လေ။

စိတ်ပျော့လို့လည်း ကိုကို့ရဲ့ စကားလုံးတွေအောက်မှာ မိန်းမူးရင်း အမေတို့ တခါမှ တွေးထင် မထားခဲ့ဘူးတဲ့ နေရာမျိုးကို ကောက်ကောက်ပါအောင် လိုက်ခဲ့မိတာပေါ့။ ခုအချိန်မှာတော့ “ကိုကိုတို့ ကလေးမယူချင်သေး ဘူးကွာ” လို့ ပြောခဲ့တာကိုပဲ ကျေးဇူးတင်ရတော့မလားမသိဘူး။ နွေ့ဘာသာနွေဆို မိုက်မိုက်မဲမဲနဲ့ ကလေးတယောက် ယူဖို့ ကြိုးစားမိဦးမှာ။ ကလေးရှိတာက သံယောဇဉ်ကြိုးကို ပိုခိုင်စေတယ်ဆိုတဲ့ ရှေးလူကြီးတွေစကားကို ယုံလို့ပေါ့။ တကယ်က ကလေး ရှိတာဟာ ခိုင်ပြီးသားသံယောဇဉ်ကြိုးကိုပဲ ပိုခိုင်စေမှာပါ .. မခိုင်လက်စ သံယောဇဉ်ကြိုး ဆိုရင် တော့ ဘယ်လောက်ပဲ ကလေးတွေရှိရှိ ပြတ်မှာပဲ။ အဲဒီလို ပြတ်ကြတဲ့အခါကျ ကလေးတွေပဲ ကြားက မြေစာပင် ဖြစ်ကြရမှာလေ။

မြင့်မိုက အမြဲပြောလေ့ရှိတယ် “ငါက Problem child ဟ” တဲ့။ ဟုတ်တယ် .. မြင့်မိုရဲ့ ဖေဖေက သူတို့ ငယ်ငယ်ကတည်းက မြင့်မိုမေမေကို ထားသွားခဲ့တာလေ။ မြင့်မိုက သူ့ဖေဖေ အပါအဝင် ယောက်ျားတွေကို အထင်မကြီးတာ၊ စိတ်နာတာ ခုထိ စွဲနေတာတဲ့။

“ငါက ၁၂ နှစ်သမီးလောက်ပဲ ရှိသေးတယ်။ ဖေဖေက မေ့မေ့မှာ ဘာအပြစ်မှမရှိဘဲ တခြား မိန်းမ တယောက်ကို ယူသွားတာဟ။ အဲဒါ ငါသိတယ်။ ပိုဆိုးတာက မေမေတယောက်တည်း ငါတို့ကို ရုန်းကန်ကျွေးခဲ့ရတာလေ၊ ဖေဖေက တချက်လေးတောင် လှည့်ကြည့်ခဲ့တာ မဟုတ်ဘူး။ အဲဒီကတည်းက ဖေဖေ့ကို ငါအရမ်းမုန်းခဲ့တာ။ ခု သိတတ်ချိန်မှာ မမုန်းတော့ပေမယ့် ယောက်ျား တွေကို အထင်မကြီးတဲ့ စိတ်ကတော့ စွဲနေခဲ့တယ်” လို့ မြင့်မိုက တခါတလေ သူ့အကြောင်းကို စိတ်လိုလက်ရ ပြောပြတတ်တယ်။

မြင့်မိုပြောတာလည်း ဟုတ်တော့ ဟုတ်သလိုလိုပဲ။ နွေ့ပတ်ဝန်းကျင်က ယောက်ျားတွေကိုပဲ ကြည့်လေ .. အားလုံးကို ရောပြီး ရမ်းတာ မဟုတ်ပါဘူး .. မထိုက်ချစ်သူ ကိုလေး ..၊ နောက် ဆွေဆွေရည်းစား၊ နောက်တော့ ကိုကို .. ဝေမာနဲ့ တွေ့ခဲ့တဲ့ ယောက်ျားတွေ .. ဘယ်သူကများ အထင်ကြီးစရာ ကောင်းလို့လဲ။

ဒီအချိန်မှာ ဘာလို့ နွေ ဒါတွေကို စဉ်းစားနေမိတာလဲ။ နွေ .. ကိုကို့ ကို ပြတ်ချင်နေပြီလား ..။ ကိုကို နဲ့ ကွဲပြတ်ဖို့ဆိုတဲ့ မိုးကြိုးကို စကားလုံး ထန်းလက်တွေနဲ့ ကာဖို့ ကြိုးစားနေတာလား။

သေချာတာက နွေနဲ့ကိုကို့ အခြေအနေက ပေါက်ကွဲခါနီး ဗုံးတလုံးလိုပဲ ..။ ဘယ်အချိန်မှာ ကွဲမလဲ ဆိုတာ စောင့်နေရတဲ့ အနေအထားဖြစ်နေပြီဆိုရင် ပိုမှန်မယ်။

ဒါပေမယ့် ကွဲဖို့ ပြတ်ဖို့ဆိုတာက နွေတို့ မြန်မာ့လူနေမှုစနစ်ထဲမှာ ထင်သလောက်တော့မလွယ် လှဘူး။ နွေ ယောက်ျားနဲ့ ကွဲမယ်ဆိုရင် မေမေတို့ကလည်း (ကိုကို့ကို ကြည့်မရသည့်တိုင်အောင်) လက်ခံမှာမဟုတ်ဘူး။ ဒါဆို နွေက ဒီပုံစံအတိုင်း တသက်လုံး နေသွားရမှာလား။ ကိုကိုကလည်း ငါ့ကို ဘယ်တော့မှ ကွဲနိုင်မယ့်မိန်းမ မဟုတ်ဘူးဆိုပြီး လုပ်ချင်ရာလုပ်နေမှာလား။ အဲဒါကို နွေက ကျေကျေနပ်နပ် လက်ခံနေရမှာလား ..။

လောလောဆယ်တော့ နွေခေါင်းခြောက်တာပဲ သိတယ်။ ည ၁၂ နာရီထိုးပြီ .. ကိုကို ပြန်မလာ သေးဘူး။ မီးလည်း မလာဘူး .. နွေ အိပ်လို့လည်း မရဘူးလေ ..။

* * *

“သမီးယောက်ျားနဲ့ တကယ်ပြတ်နိုင်တယ်ဆိုရင် ကွဲခဲ့လိုက်တော့။ မေမေ လက်ခံမယ်”
“ရှင်”

အမေ့စကားကို နွေ အရမ်းအံ့သြသွားတယ်။ နွေ့အဖြစ်အပျက်တွေကို ပြောပြတဲ့အချိန်မှာ .. မေမေက “ကိုယ်ရွေးချယ်တဲ့လမ်းပဲ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဆက်လျှောက် ရမှာပဲ” လို့ပဲ ပြန်ပြောလိမ့်မယ်လို့ နွေ မျှော်လင့်ထားခဲ့တာ။ ဒါမှမဟုတ် “မိန်းကလေးဆိုတာ ဖက်ပေါ် ဆူးကျလည်း ဖက်ပေါက်၊ ဆူးပေါ်ဖက်ကျလည်း ဖက်ပဲပေါက်” ဆိုတဲ့ စကားလုံးတွေနဲ့ ဆုံးမ လိမ့်မယ်လို့ ထင်ထားတာ။ တကယ်တမ်း အမေ ပြန်ပြောလိုက်တဲ့စကားက နွေ့အတွက် တော်တော်လေး ထူးဆန်းနေတယ်။

ညက အနေအထားကတော့ နွေနဲ့ ကိုကို့ကြားက အကြီးမားဆုံး ပေါက်ကွဲမှုကြီးပဲ။ ညဥ့် ၁ နာရီ ထိုးခါနီးလောက်မှ ပြန်လာပြီး လိုက်ပို့တဲ့ကားပေါ်မှာ ပါလာတဲ့ စားသောက်ဆိုင်က ကောင်မလေး တအုပ်နဲ့ အိမ်ရှေ့မှာ အကြာကြီး ဟေးလားဝါးလား လုပ်နေတာ။ နွေထွက်ကြည့်တာကိုတောင် အရေးမလုပ်ဘဲ ကောင်မလေးတွေနဲ့ သားပြောသမီးပြောတွေ နားရှက်စရာကောင်းလောက်အောင် ပြောနေကြတာလေ။

အဲဒါကို နွေက ပေါက်ကွဲတော့ နွေက လူမှုရေးမသိဘူးတဲ့ .. အဲဒီကောင်မလေးတွေကို ထွက် နှုတ်ဆက်သင့်တယ်တဲ့။ ကိုကိုတို့ဆိုင် တခါလိုက်သွားတုန်းက နွေ့ကို ကိုကို မိန်းမမှန်းသိသိကြီးနဲ့ နွေက ပြုံးပြတာတောင် တချက်လေး ပြုံးရယ်မပြဘဲ ကိုကို့ကိုကျတော့ ချွဲချွဲပစ်ပစ် စကားတွေ ပြောနေတတ်တဲ့ မိန်းကလေးမျိုးတွေကို နွေက ဘာကိစ္စထွက်နှုတ်ဆက်ရမှာလဲ။ အဲဒါ နွေ သဝန်တို တာမဟုတ်ဘူး။ ခုလည်း ရပ်ကွက်ထဲမှာ နွေ့ဂုဏ်သိက္ခာကျလောက်အောင် ရုပ်ပျက်ဆင်းပျက် လုပ်နေတာတွေ့လို့ နွေ ပြောမိတာ။

နွေ့ကို ကိုကိုက အလကား မာန်တက်နေတဲ့မိန်းမဆိုပြီး နွေ့အလုပ်ထဲက ရှိသမျှ ယောက်ျား တွေနဲ့ ပေးစားတော့ နွေမခံနိုင်တော့ဘူး။ နွေ သူ့ကို ချစ်ခဲ့သမျှ ဒီတညတည်းနဲ့ စိတ်ကုန်သွားပြီ ..။ အစွမ်း ကုန် မိုက်ရိုင်းတဲ့စကားတွေ ပြောနေတာ ကိုကို မဟုတ်သလိုပဲ။ အားလုံး သဲထဲရေသွန် လိုက်သလို ပဲ .. နွေ သူ့ကို ဆက်မချစ်နိုင်တော့ဘူး။ နွေ့မှာ ရင်ဖွင့်စရာဆိုလို့ အမေပဲ ရှိတာ၊ နွေ့စကားကို ကောင်းကောင်း ဆိုးဆိုး နားထောင်ပေးမယ့်သူ ဆိုလို့လည်း အမေပဲ ရှိတာ ဆိုတော့ မိုးလင်းတာနဲ့ နွေ အမေ့ခြေရင်းကို အပြေး ရောက်ခဲ့ပါတယ်။

“သမီး အံ့သြသွားလား”

အံ့သြတာပေါ့ .. နွေ အမေ့ဆီက မျှော်လင့်ထားတဲ့စကားလုံးတွေက ဒါမျိုးမှ မဟုတ်ဘဲ။ နွေ့ကို နှစ်သိမ့်ပြီး ပြန်လွှတ်မယ်လို့ပဲ ထင်ခဲ့တာ။

“တကယ်ဆို အမေ့အနေနဲ့ အရင်ကတည်းက၊ သမီး ယောက်ျားနဲ့ တညသွားနေခဲ့ပြီး နောင်တ ရပါပြီလို့ ပြောပြီး ပြန်လာခဲ့တဲ့ မနက်ကတည်းက ပြန်လက်ခံသင်တာပါ။ မေမေ မှားတာပါ သမီးရယ်”

ဟင် .. အမေ မမှားပါဘူး .. ဘာလို့ မေမေမှားရမှာလဲ။ အဲဒီတုန်းကသာ နွေ့ကိုမေမေ ပြန် လက်ခံ ခဲ့မယ်ဆိုရင် .. နွေ နောက်တခါ ထပ်မမိုက်ဘူးလို့ ပြောနိုင်လား။ အဲဒီတုန်းက နွေ .. ကိုကိုတို့ ပတ် ဝန်းကျင်ကိုသာ ကြောက်ခဲ့ပြီး ကိုကို့ကိုမှ မကြောက်သေးတာ၊ ပြီးတော့ ကိုကို့ကို နွေ အဲဒီတုန်းက ဘာပဲဖြစ်ဖြစ် ချစ်နေတုန်း .. အပြစ်မမြင်သေးတဲ့ အချိန်လေ .. ဒီစကားတွေကို နွေ စိတ်ထဲကပဲ ပြောနေမိတယ်။ ဘာပဲဖြစ်ဖြစ် မေမေ့ကို နွေ ကျေးဇူးတင်ပါတယ်။

နွေ့ပါးစပ်ကတော့ “သမီး တခုလပ်ဖြစ်သွားတာကို အမေ စိတ်မညစ်ဘူးလားဟင်” လို့ပဲ ပြန်ပြောမိတယ်။ အမေက ပြုံးပြီး “ဘာလို့ ညစ်ရမှာလဲ။ သမီးဘာသာ ဘာပဲဖြစ်ဖြစ် မေမေ့ သမီးက မေမေ့သမီးပဲလေ” တဲ့။

“မိန်းကလေးဖြစ်တာနဲ့ပဲ .. ကောင်းကောင်း ဆိုးဆိုး ဒီ ယောက်ျားတယောက်ထဲကို ကျိတ်မှိတ် ပေါင်းရမယ်ဆိုတဲ့ အမေတို့ ထုံးတမ်းစဉ်လာတွေက ကောင်းတဲ့နေရာတွေရှိသလို .. တချို့နေရာ ကျတော့ အမေတို့ မိန်းမတွေအတွက် တော်တော် ခံရခက်တဲ့ ကိစ္စတွေပဲ သမီးရယ်”

ဆွေးဆွေးမြေ့မြေ့ပြောနေတဲ့ အမေ့ကိုကြည့်ရင်း နွေ့ရင်ထဲမှာ မေးခွန်းတွေ ပေါ်လာတယ်။ အမေကော အဲဒီထုံးတမ်းစဉ်လာတွေကို တော်လှန်ချင်စိတ် ဖြစ်ခဲ့ဖူးလားလို့ပေါ့။ နွေ့ရင်ထဲက စကားတွေကို အမေ ကြားသွားလားမသိဘူး ..။

“တခုတော့ရှိတယ် သမီး .. သမီးမှာက သားသမီး မရှိသေးဘူးလေ။ အဲဒါကြောင့် သမီး စိတ်ဆင်းရဲ နေတာကို အမေ ဖြေရှင်းပေးတာ။ တကယ်လို့ သမီးမှာသာ ကလေးရှိနေမယ်ဆိုရင် သမီးရဲ့ ကလေး စိတ်ချမ်းသာဖို့ကိုပဲ အမေ ပိုဦးစားပေးရမှာ” လို့ အမေက ပြောတယ်။

“ရယ်စရာတော့ ကောင်းသားသမီးရဲ့ .. အမေတို့ မြန်မာ လူမှုဝန်းကျင်က မတရားဘူးလေ။ သမီးကို မြှောက်ပေးတာတော့ မဟုတ်ပါဘူး။ ယောက်ျားလေးကျတော့ လှေခါးသုံးထစ် ဆင်းတာနဲ့ လူပျိုဖြစ်တယ်တဲ့။ မိန်းကလေးကျတော့ လင်မရှိတဲ့ မိန်းမက တံခွန်မရှိတဲ့ ရထားလို မတင့်တယ်ဘူး ဆိုပဲ ဟားဟား”

အမေ့ရယ်သံမှာ စိတ်နာသံစွက်နေသလိုပဲ။ အမေ ဘာတွေ ခံစားနေရပါလိမ့် နွေသိချင်လိုက်တာ။ ဒီလိုစကားမျိုးတွေ အမေ့ဆီက မကြားဘူးတာတော့ အမှန်ပဲ။

“တကယ့်တကယ် ဖြစ်လာကြတော့ .. ကိုယ့်သားသမီးကို ငဲ့ညှာရတာနဲ့၊ ကိုယ့်မိဘဆွေမျိုး အသိုင်းအဝန်း ကိုယ့်ကြောင့် ဂုဏ်ငယ်မှာကို ငဲ့ကွက်ရတာနဲ့ .. အမေတို့ မိန်းမတွေမှာ .. ကိုယ် မချစ်တော့တဲ့ .. မသဒီတော့ တဲ့ ယောက်ျားကို ကျိတ်မှိတ်ပေါင်းသင်းနေကြရပြန်ရော”
“ဒါဆို .. ဟို .. အမေက .. အဖေ့ကို ..”

နွေ့ရဲ့ ထစ်အတဲ့ မေးခွန်းတွေကို အမေက ကမန်းကတန်း ပြန်အဖြေပေးတယ် .. “အို .. သမီး အဖေကို သမီး မပြစ်မှားနဲ့နော်၊ အဖေက အမေတို့အတွက်၊ အမေတို့ မိသားစုအတွက်၊ သမီးတို့ အတွက် သိပ်ကို ကောင်းတဲ့ အဖေ၊ အမေ့အတွက် သိပ်ကို ချစ်စရာကောင်းတဲ့ လေးစားရတဲ့ လင်ယောက်ျားပါ သမီးရယ်။ အမေက အဖေ့ကို စိတ်နာပြီး ဒီစကားတွေ ပြောနေတာမဟုတ်ပါဘူး။ မိန်းမတွေ အားလုံးအတွက် ခြုံပြီး ပြောနေတာပါ”

ကြည့်စမ်း အမေက ဘယ်လောက် ချစ်စရာ ကောင်းလိုက်သလဲ။ ဒါ .. နွေ့ အမေပါပဲ။ သိပ်ကို သတ္တိရှိ၊ ရိုးသားပြီး အမှန်ကို မြင်တဲ့အမေ၊ ပြီးတော့ နွေ့ကို အင်အားတွေ အများကြီး ထည့်ပေးတဲ့ အမေ၊ သိပ်တော်တဲ့အမေ၊ နွေ့အတွက် စံပြမိန်းမဟာ အမေပါ ..။

အဲဒီနေ့က နွေ့ဆီကို ကိုကိုလိုက်မလာပါဘူး။ ထူးဆန်းစွာပဲ နွေ အရမ်းကို လွတ်လပ်ပေါ့ပါး နေတယ် ..။ ကိုကို့ကို နွေမလွမ်းဘူး။ နောက်တနေ့မှာတော့ နွေ ရုံးသွားဖို့ ပြင်နေတုန်း ကိုကို ရောက်လာတယ်။

“မမ နင့်ယောက်ျား လာတယ်” ဆိုတဲ့ ညီမလေးစကားကိုကြားတော့ နည်းနည်းအံ့သြမိ သွားသေးတယ်။ နွေအိမ်ရှေ့ကို ထွက်လိုက်တော့ အမေက သူ့ကို ဧည့်ခန်းထဲ ထိုင်ခိုင်းထား နှင့်ပြီ။ ကိုကို့မျက်နှာမြင်လိုက်တော့ နွေ့အတွက်အချစ်တွေ မကျန်တော့ဘူးဆိုတာ သေချာသွားပြီ။

(ဇာတ်သိမ်းခန်း မနက်ဖြန်လာမည်)

6 comments:

:P said...

အစ်မရေ..
ဂျာနယ်သတင်းထောက်တွေအကြောင်းရော၊ ဖတ်ရတော့ ပိုကြိုက်မိတယ်..။

:P said...

ဒီဝတ္ထုကို ဖတ်ပြီးသားလိုလို ခံစားရလို့ အပိုင်း(၁)ကို သွားပြန်ဖတ်ကြည့်တာ ချိုးလင်းပြာ မဂ္ဂဇင်းမှာ ပါဖူးတယ်ရေးထားတယ်.. တကယ်တော့ ချိုးလင်းပြာ မဂ္ဂဇင်းကို ညီမ သိပ်မမှတ်မိတော့ဘူး.. ဒီအပိုင်းမှာ စိစစ်ရေးအကြောင်းတွေပါ ရေးထားတာတွေ့တော့ ပြည်တွင်းထုတ် မဂ္ဂဇင်းမဟုတ်ဘူးထင်တယ်နော်..။

မြတ်နိုး said...

ama, thanks ama yae..


i ll comment later.
this post is totally gd.
If possible, i wanna copy a pdf file and sending to all my friend.

မဆုမွန် said...

မနာလိုချင်းများစွာနဲ့ မိန်းမတစ်ယောက်ကို ချစ်တဲ့ ယောက်ကျားတွေ တကယ်ရှိတယ် အစ်မ သိလား..ညီမလေးကို စောင်းပြောထားသလားတောင် ထင်ရတယ်..ဟိဟိ ကွတ်တိပဲ

တော်သေးတယ်နော် သတင်းထောက်မလေးက ကိုယ်က ဦးအောင် ခွာချပစ်ခဲ့မိလို့ :):)

Unknown said...

eagerly waiting for the ending - hope it turns out the way I wanted :D

NangNyi said...

ကလေးရှိရင်သံယောဇဉ်ရှိမယ်ဆိုတဲ့ ရှေးစကား မယုံမိတာ အဲ့ကလေးမ မှန်သွားတယ်
ရှေးလူကြီးတွေကလေ
စွတ်ရွတ်ပြောတာပဲ
တခါတလေလည်း သောက်တလွဲတွေ