မယူလိုက်က မိုက်လို့ထင် ယူလိုက်ပြန်က ကြိုက်လို့ထင်

ချိုးလင်းပြာ မဂ္ဂဇင်းမှာ အခန်းဆက် ဖော်ပြထားတဲ့ ဝတ္ထု မရှည့်တရှည်ပါ။ ကျမလည်း ဘလော့မှာ အခန်းဆက် ဖော်ပြပါမယ်။ ဒါလေးဖော်ပြနေတုန်း စာရေးပျင်းခွင့်ရတာပေါ့လေ ..။

တက္ကစီပေါ်ကို နွေ့ အင်္ကျီထုပ်တွေ တင်ပေးနေတဲ့အချိန် .. အမေ့မျက်နှာက ဘာမှ မဖြစ်သလိုဘဲ။ ဒါပေမယ့် တက္ကစီ စထွက်ပြီး ကျင်းတွေချိုင့်တွေကြောင့် ဖြည်းဖြည်းပဲ မောင်းနေတဲ့အချိန် .. အဲဒီအချိန်မှာ နွေ လှည့်ကြည့်လိုက်တော့ အမေမျက်ရည်သုတ်နေတာ တွေ့ရတယ်။ ရင်ထဲမှာ လှပ်ကနဲဖြစ်သွားပြီး မျက်ရည်တွေ ဒလဟော စီးကျလာလိုက်တာ။ အဲဒါဟာ နွေ့ရဲ့ ဘဝ အစပဲလား … ။

* * *

ဆရာဝန်အမေနဲ့ အင်ဂျင်နီယာအဖေရဲ့ သမီးကြီး တယောက်အနေနဲ့ ပြောရရင် နွေ့ဘဝက လှပ ခဲ့တယ် ဆိုပါတော့။ နွေက အမေနဲ့ အဖေလိုတော့ စာသိပ်မတော်လှဘူး။ အမေကတော့ နွေ့ကို သူတို့လို ဆရာဝန်ဖြစ်ဖြစ် အင်ဂျင်နီယာဖြစ်ဖြစ် လုပ်စေချင်တယ်။ နွေကတော့ အနုပညာပဲ ဝါသနာ ပါတယ်။

အိမ်မှာလည်း အားရင် ဆို .. တီး လုပ်နေတာပဲလေ။ နွေ အနုပညာကို ဝါသနာပါဆို .. အဖေက လည်း အင်ဂျင်နီယာသာ ဆိုတယ် ကဗျာဆရာလည်း ဖြစ်နေတာကိုး။ အဖေက နွေ့ကို သမီးကြီးမို့ သိပ်ချစ်၊ သိပ်အားကိုးတယ်။ ဒါပေမယ့် နွေက စာသိပ်မတော်ဘူး။ အငယ်မကမှ စာတော်တာ။
နွေက စိတ်လှုပ်ရှား ခံစားလွယ်တယ်၊ အငယ်မကတော့ စိတ်ခိုင်မာတယ်။ အမေနဲ့တူတာ ထင်ပါရဲ့။ နွေက ကျောင်းစာအုပ်တွေကြားမှာ ကဗျာစာအုပ်တွေညှပ်ပြီး ခိုးဖတ်နေတဲ့အချိန် .. အငယ်မက စာကိုပဲ အရူးအမူးကျက်နေတာ။

နွေ့အဖေနဲ့ အမေနဲ့က အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေ ဆိုပေမယ့် နွေတို့က အချမ်းသာကြီးတွေ တော့ မဟုတ်ကြဘူး။ ဒါပေမယ့် နွေတို့ ညီအစ်မ နှစ်ယောက်ကိုတော့ အမေနဲ့ အဖေက ဂရုစိုက် တယ်။ ဘာကြောင့်မှ မျက်နှာ မငယ်စေရဘူး။ အထူးသဖြင့်အဖေပေါ့။ နွေပူဆာသမျှ ရအောင် ဝယ်ပေးတာပဲ။
အဲဒါကြောင့်လည်း နွေ ဆယ်တန်းအောင်တော့ လိုချင်တဲ့ ဂစ်တာလေးကို အဖေက ဝယ်ပေး တယ်လေ။ အဲဒီဂစ်တာလေးကြောင့်ပဲ နွေ့ဘဝ ပြောင်းလဲခဲ့တယ် ဆိုပါတော့။
* * *

“ဟဲ့နွေ .. ဒါ ကိုအောင်တဲ့။ ငါနင့်ကို ပြောပြဖူးတဲ့ .. ငါ့ဆရာ ဆိုတာလေ”

အဲလို ပိုင်စိုးက မိတ်ဆက်ပေးတဲ့အချိန်မှာ နွေ့ရင်တွေ တဒိုင်းဒိုင်း ခုန်နေခဲ့တာပေါ့။ ကိုအောင် ဆိုတာ တချိန်မှာ နွေ့ရဲ့ ကိုကို ဖြစ်လာမယ်လို့ မသိသေးပေမယ့် နွေ့ရင်ထဲမှာ တခုခု အလိုလို သိလိုက်သလိုပဲ။ အဲဒီကိုအောင်ရဲ့ ဆွဲငင်အားကောင်းတဲ့ မျက်လုံးတွေကို နွေ .. ရင်မဆိုင်ရဲဘူး။

“ဟာ နွေ .. စကားလေး ဘာလေး ပြောဦးလေ။ နင့်ကို ဂစ်တာသင်ပေးမယ့် ဆရာဟ”
“နွေက .. စကားနည်းတယ် ထင်တယ် ဟုတ်လား”
ကိုအောင်က ဝင်ပြောလေ .. နွေမျက်နှာ မထားတတ်လေပဲ။ နွေကစကားနည်းတယ်တဲ့ .. ပိုင်စိုး ဆိုတာ တဟားဟား ဝင်အော်ရယ်တော့တာပဲ။ နွေ့လောက် စကားပြောတာ နွေပဲလေ။ စကားက ဘာများသလဲမမေးနဲ့ …။ ခုက ကိုအောင့်ကြောင့်၊ သူ့ကိုရှက်လို့ မပြောတာကို .. ။ နွေ .. ပိုင်စိုးကို မျက်စောင်းထိုးလိုက်တယ်။

သက်သက်နွေဆိုတဲ့ သောကြာသမီးအကြောင်း မကြာခင် ကိုအောင်သိရမှာပါ။ ဒါကတော့ စိတ်ထဲကပဲ ပြောလိုက်တာ။ ခေါင်းကို တွင်တွင်ငုံ့ပြီး နွေ့ရဲ့ မည်းနက်သန်စွမ်းပြီး ဖြောင့်စင်းတဲ့ ဆံပင်ရှည်တွေနဲ့ မျက်နှာကို ကွယ်ထားလိုက်ရတယ်။ နွေ သူ့ကို ရှက်လို့ပါ .. ။

“နွေ ဂစ်တာတီး တကယ်တတ်ချင်တာဆိုရင် ဒီလို ရှက်နေလို့ မရဘူးနော်”
သူ့စကားကိုတော့ နွေက “ဟုတ်ကဲ့” လို့ ပြန်ဖြေလိုက်တယ်။ အဲဒီနေ့က ကံ့ကော်ပန်းတွေ ပွင့်လိုက်တာ ဖွေးဖွေးလှုပ်ပဲ။ နွေတို့ခြံထဲက ကံ့ကော်ပင်ကြီးမှာ ပွင့်နေလိုက်တာ ဆိုတာလေ။ ညအထိ ပန်းနံ့ကကြိုင်လှောက်နေတာ ..။

အဲဒီညက နွေ ခြံထဲဆင်းထိုင်ပြီး စိတ်ကူးတွေကို ရွက်လွှင့်ပစ်လိုက်တယ်။ မနက်ဖြန်က စပြီး ဂစ်တာတီးသွားသင်ရတော့မှာ .. ။ ဘယ်လောက် ပျော်စရာ ကောင်းလိုက်သလဲနော်။ နွေ့ရင်တွေ ခုန်နေတယ်သိလား … ။

* * *

“နွေ့မျက်လုံးလေးတွေက သိပ်လှတာပဲ”

အဲဒီနှစ်သင်္ကြန်မှာ နွေ့ကို ရေလောင်းရင်းနဲ့ ကိုကို ပြောတာလေ။ နွေလား .. ပီတိတွေဖြာတာပေါ့။ ကိုယ့်ကို လှတယ်ပြောတာကို မကြိုက်တဲ့ မိန်းကလေးများ ရှိသေးလို့လားနော် … ။

ကိုကိုကမှ တကယ်ချောတာပါ။ နွေက အသားကလည်း ညိုသေးတယ်။ ကိုကိုဆိုရင် ယောက်ျား လေး ဖြစ်ပြီး အသားလေးတွေ ဝင်းနေတာပဲ။ ကိုကို့ ဆံပင်ရှည် ပျော့ပျော့တွေက အမြဲ မွှေးမြ နေမယ်လို့ ထင်ရတယ်။ ပြီးတော့ ကိုကိုက ဂစ်တာတီးတာ သိပ်တော်တာပဲလေ။ နွေကလား .. ကိုကို တီးပြတာပဲ နားထောင်ရင်း ဘာတခုမှ ကောင်းကောင်း မတီးတတ်ပါဘူး။ ကော့ဒ်လေး ၂ ခုလား ၃ ခုလား ကိုင်တတ်သေးတာ။ အသံကောင်းကောင်းထွက်အောင်တောင် မတီးတတ်ဘူး။

အင်း .. ကိုကိုပြောတာ ဟုတ်တော့ဟုတ်တယ်။ နွေ့မှာ လှတာဆိုလို့ အဲဒီမျက်လုံးလေးတွေပဲ ရှိတာလေ။ တကယ်တော့ နွေ့ကိုက သိပ်ကိုညွတ်နူးလွယ်၊ စိတ်ခံစားလွယ်တာပါ .. ပြီးတော့ စိတ်ကူးတွေ သိပ်ယဉ်လွန်းတယ်ပဲ ပြောရမလားမသိဘူး။

တကယ်ဆို ကိုကို့မှာ ချစ်သူရှိတယ် ဆိုတာလည်း သိတယ်၊ ချစ်သူမှ တယောက် မကဘူး ဆိုတာ လည်းသိတာပဲ။ ပြီးတော့ ကိုကိုက ဂစ်တာတီးတာကလွဲလို့ ဘာမှ မလုပ်တတ်ဘူး ဆိုတာရယ်၊ ကိုကိုတို့က သိပ်ဆင်းရဲတယ် .. ကိုကိုကလွဲရင် .. ကျန်တဲ့ ကိုကို့ အမေတို့ .. ကိုကို့ အစ်မတွေတို့ .. ကိုကို့ အဒေါ်တွေ .. အဲဒီလူတွေအားလုံး စရိုက်ကြမ်းကြတယ် ဆိုတာရယ် .. ကိုကို့အိမ်မှာ ဂစ်တာ သွားသင်တဲ့ ၃ လ အတွင်း နွေကောင်းကောင်း သိခဲ့ပါတယ်။

ကိုကိုတို့ အိမ် .. လို့သာ ပြောရတယ်။ တကယ်က တဲသာသာပါ။ လှိုင်သာယာရဲ့ အစွန်အဖျား တနေရာက မြေစိုက် ဓနိမိုး၊ ထရံကာ တဲကြီးပေါ့။ အဲဒီမှာမှ .. အောက်က ဝါး ကွပ်ပြစ်ခင်းထားတာ။ အခန်းရယ်လို့တော့ သိပ်မယ်မယ်ရရ မရှိလှပါဘူး .. အဆင်ပြေသလို ဝါးထရံနဲ့ ကန့်လိုကန့် .. စပ်ချုပ်ထားတဲ့ ပိတ်စနဲ့ ကာလိုကာပါပဲ။

အဲဒီတုန်းက ကိုကိုနဲ့ နွေ ချစ်သူတွေ မဖြစ်သေးဘူးလေ။ ဒါပေမယ့် ဖြစ်ဖို့ အလားအလာတွေတော့ မြင်နေပြီ။ ပိုင်စိုးကတော့ ပြောပါတယ် ..

“ကိုအောင်က ရှုပ်တယ်ဟ .. ပြီးတော့ သူတို့ အသိုင်း အဝန်းနဲ့ နင်တို့ အသိုင်းအဝန်း ဘာမှ မဆိုင်ဘူးနော် .. သူတို့က စရိုက်တော်တော်ကြမ်းတာ”

ပိုင်စိုးက သတိပေးသလို ပြောတာကိုတောင် နွေက သိပ်မကြိုက်ချင်ဘူး။ ဒီကောင်က နွေ့ကို ကြိုက်နေတာ သိသားပဲ။ တမင် ကိုကို့ကို ချိုးဖဲ့တာလို့ ထင်တယ်။ တကယ်က နွေကိုယ်တိုင်လည်း ကိုကိုတို့ အကြောင်းတွေ မသိတာ မဟုတ်ပါဘူး။ သိပ်သိတာပေါ့။ သိသိကြီးနဲ့ကို နွေ့မျက်လုံးတွေ၊ နွေ့စိတ်တွေက အမှောင်ဖုံးနေခဲ့တာပဲ ..။

ကိုကို ဂစ်တာတီးတဲ့ စားသောက်ဆိုင်ကို လိုက်သွားတဲ့ညက နွေတို့ ချစ်သူတွေ ဖြစ်ခဲ့ကြတာ .. ။
အဲဒီညမှာ ကိုကို့နားမှာ သိပ်လှတဲ့ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတယ် ဆိုတာ သိလိုက်ရပြီး .. နွေ့ရင်ထဲက မနာလို စိတ်တွေ .. ရုန်းကြွလာခဲ့ရာက နွေတို့ ချစ်သူတွေ ဖြစ်သွားခဲ့တယ်။

* * *

အဲဒီကာလကလေးကတော့ နွေ့ဘဝမှာ ပျော်စရာ အကောင်းဆုံးပဲ .. ။ အဲဒီလို ပျော်စရာ ကောင်းတဲ့ အချိန်မျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးသလို .. နောက်ထပ်လည်း ဘယ်တော့မှ ထပ်မရ တော့ဘူး။
လွပ်လပ်မှုတွေ အပြည့်ရှိတဲ့ ကိုကိုတို့ အိမ်က ကွပ်ပြစ်လေးပေါ်မှာ .. ကိုကိုက ဂစ်တာတီး .. နွေက သီချင်းလေးတွေ ဆိုလို့ပေါ့။ နောက်တော့ ကိုကိုက နွေ့အတွက်လည်း သီချင်းလေးတွေ စပ်ပေး သေးတာ။
နွေရတဲ့ မုန့်ဖိုးလေးတွေနဲ့ ခပ်ကြမ်းကြမ်းချက်ထားတဲ့ ကိုကိုတို့ရပ်ကွက် ထိပ် လမ်းဘေး ထမင်းဆိုင်က ဟင်းတထုတ်ဝယ်ပြီး ကိုကို့အိမ်က ထမင်းနဲ့ နှစ်ယောက်သား ခေါင်းချင်းဆိုင် စားရတဲ့ အရသာကလည်း ဘာနဲ့မှ မလဲနိုင်ဘူးလေ ..။

ကိုကိုကတော့ ဘိုင်အမြဲပြတ်နေတာပဲ။ ကိုကိုရတဲ့ တီးခက အိမ်ကို အကုန်ပေးရတာ မဟုတ်လား။ သနားစရာကောင်းတဲ့ ကိုကိုပါလေ .. ။ ကိုကို့အမေရယ်၊ နေမကောင်းတဲ့ ကိုကို့အဖေရယ်၊ အစ်မ နှစ်ယောက်နဲ့ သူတို့ ကလေးတွေရယ် (ကိုကိုယောက္ဖတွေကလည်း ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ကြဘူး) အားလုံးက ကိုကို့ဝင်ငွေကို မီခိုနေရတာတဲ့။ ဒီတော့ ကိုကို့ကို နွေကပဲ လက်ဘက် ရည် တိုက်ရတာပါပဲ။ နွေတို့က မချမ်းသာပေမယ့် မုန့်ဖိုးတော့ လုံလုံလောက်လောက်ရတယ်လေ။

နွေတို့ရဲ့ ပျော်ရွှင်မှု .. သေချာပြောမယ်ဆိုရင် နွေ့ရဲ့ ပျော်ရွှင်မှုက သိပ်တာရှည် မခံလှပါဘူး။ လေပွေလေးလို အမြဲလွင့်ချင်နေတဲ့ ကိုကိုက ဖောက်တာပါပဲ။ ကိုကို ချစ်သူဟောင်းနဲ့ ပြန်ဆက် တာ .. သိလိုက်ရတယ်။ တကယ်တော့ ကိုကိုက လှေနံ နှစ်ဘက်နင်းနေတာပါ။ နွေ့ကိုလည်း မစွန့်နိုင်ဘူး ချစ်တယ် .. ဟိုတယောက်က ပြန်ဆက်နေတော့ အဲဒါကိုလည်း သနားတယ် ဖြစ်နေတာ။
အဲဒီရက်တွေကဖြင့် နွေ့မှာ ဖျပ်ဖျပ်လူး ခံစားခဲ့ရတာပါ။ ကိုကို့ အရင်ရည်းစား မမက လှတယ်လေ။ နွေ့ထက် အပုံကြီးလှတယ်။ အဲဒီတော့ နွေ ပိုခံစားရတာပေါ့။

ဒီကြားထဲ ပိုင်စိုးက အငယ်မကို နွေ့အကြောင်း သတင်းပေးလိုက်တော့ အဲဒီကိစ္စကို အမေတို့ပါ သိသွားပြီး နွေ့ကို ဂစ်တာသင်တန်း တက်ခွင့် ပိတ်လိုက်တယ်။

* * *

အားလုံးရဲ့ သက်ပြင်းချသံတွေက လိုတာထက်ပိုကျယ် သွားသလိုပဲ … ။ ကော်ဖီဆိုင်ရဲ့ အထပ်ခိုး လေးက ကျဉ်းကျဉ်းလေး၊ ပြီးတော့ မီးမလာလို့ အဲကွန်းလည်း မရတော့ ပူစပ်လှောင်အိုက်လို့ .. ။ ချွေးတွေ ဒီးဒီး ကျနေတယ်။

“ဟော .. ဟိုမှာ မထိုက်လာပြီ”
တယောက်က အသံပြုလိုက်လို့ သူတို့အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။ ခုဏက ငြိမ်ကျ သွားတဲ့ စကားဝိုင်းက အသက်ပြန်ဝင်လာတယ်။

“အဆင်ပြေခဲ့လားဟင် မထိုက်”
မျှော်လင့်တကြီး မေးလိုက်တဲ့ နွေ့အသံက ခုဏက သူ့အကြောင်းပြောပြနေတာနဲ့ တခြားစီပဲ။ ခုဏက ချစ်ခြင်းတွေနဲ့ .. လောင်မြိုက်နွမ်းလျ နေသလောက် ခုက အသက်ဆက်ဖို့ မျှော်လင့် စိတ်လှုပ်ရှားနေရတာ။
“အင်း .. ငါ ၅ ထောင် ကြိုထုတ်ခဲ့တယ်။ နင် ၂ ထောင်ယူလေ ဟုတ်လား။ မိနွေရယ် .. ကိုယ့်ကိုယ် ကိုယ်လည်း နည်းနည်းပါးပါး ဂရုစိုက်ဦး .. လူလည်း အရိုးချည်းပဲ”
မထိုက်ဆီက ပိုက်ဆံ ၂ ထောင်ကို ကမန်းကတန်း လှမ်းယူရင်း ပုခုံးသိုင်းအိတ် အပေါစားလေးကို ကောက်လွယ်လိုက်တယ်။

“ဟင် .. နွေက သွားတော့မလို့လား .. ဆက်ပြောလေ .. ဇာတ်လမ်းက ကောင်းခန်းရောက်နေတာ”
“သွားတော့မယ် မြင့်မိုရယ် .. ငါပြန်မှ အိမ်မှာ ဆန်ဝယ်ရမှာလေ ..။ နောက်နေ့မှ ဆက်ပြောပြမယ် နော် .. ကဲ .. အားလုံးပဲ လစ်ပြီဟေ့ .. မနက်မှ တွေ့တာပေါ့”
ပြောပြောဆိုဆိုနဲ့ ပါးလှပ်လှပ်ခန္တာကိုယ်လေးကို သယ်ဆောင်ရင်း ထွက်သွားတဲ့ နွေ့ကျောပြင်ကို မြင့်မိုက မကျေမနပ် ကြည့်ရင်းကျန်ခဲ့တယ် .. ။

သူတို့အားလုံး ရေးလက်စ သတင်းတွေကို လက်စမသတ်နိုင်သေးဘဲ နွေ့ဇာတ်လမ်းမှာ မျောခဲ့ကြ တာ .. ။ လေးနာရီမထိုးခင် တိုက်ကိုပြန်ပြီး အယ်ဒီတာကို သတင်းအပ်ရမယ် .. ။ သူတို့အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။

“ဒီတပတ်အတွက် ငါ့မှာ သတင်းမရှိသေးဘူး လုပ်ပါဦး”
“ဘိုးတော်က မနက်က ငါ့ကို မျက်နှာထိကြီးနဲ့ ကြည့်သွားတယ်ဟ”
“ငါတော့ ဒီတပတ် တာဝန်ကျေပဲ ရေးနိုင်မယ် .. လက်ကုန် ၅ ပုဒ်ပဲ”
“အား .. မထိုက်က ၅ ပုဒ် ရေးနိုင်သေးတယ်။ တော်တာပေါ့”
“ဟဲ့ ရေးနိုင်တာ မဟုတ်ဘူး .. ခုမှ ရေးဖို့ လျာထားတာ .. သတင်းက ရှိ မရှိ မသိသေးဘူး”
“ဘိုင်ကလည်း ပြတ်နေပြီ .. ဒီလအတွက် နောက်တခါကြိုထုတ်လို့လည်း မရတော့ဘူး … စာမူခကလည်း ရဖို့မမြင်ဘူး။ သတင်းရှားတာနဲ့ တာဝန်ကျေပဲ ရေးနိုင်တာနဲ့”
“ဟူး .. ဘယ်တော့များမှ လစာ တိုးမှာပါလိမ့် ..”

အပြင်မှာ နေက ကျဲကျဲတောက်ပူလို့ … ။ ထောင်တန် နှစ်ရွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း နေပူထဲမှာ အဆောင်းမပါဘဲ မပူသလို လျှောက်သွားတဲ့ နွေ့ကျောပြင်ကို သူတို့ မမြင်ရပါဘူး။ သူတို့ကိုယ်တိုင်လည်း နွေ့ထက် မလျော့တဲ့ အပူတွေနဲ့ ပြည့်နေတာလေ … ။

(ဆက်လက်ဖော်ပြပါမည်)

1 comments:

ဧပရယ်လ်ပူး@ပူးတေ said...

ပထမဆုံးအကြိမ် လာလည်သွားပါတယ်။ နွေ့အကြောင်း စိတ်ဝင်စားစွာဖတ်သွားတယ်။ ဇာတ်သိမ်းလေးလဲ သိချင်နေတယ်။ မြန်မြန်ရေးနော်။ စောင့်နေမယ်။
ပူးတေ