ဝတ္ထုတို ၁၇

နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပြီး နောက်ပိုင်းမှာ ဧရာဝတီတိုင်းက သတင်းတွေ အမျိုးမျိုး ကြားလာရတယ်။ အဲဒီအထဲမှာ စိတ်ဝင်စားစရာလေးတခု တစွန်းတစ ပါလာတဲ့အတွက် အဲဒါလေးကို ယူပြီး ဝတ္ထုလေး အဖြစ် ပြန်ဖန်တီးထားတာပါ။

သေတ္တာထဲမှာပဲ နေမယ်

သားနာမည်က ဖြူဖွေး။ တကယ်က ဖြူဖွေးဆိုတာ မေမေခေါ်တာပါ။ ကျောင်းနာမည်ကတော့ အောင်ကိုဝင်းပေါ့။ ဒါပေမယ့် သူငယ်ချင်းတွေကလည်း ဖြူဖွေးလို့ပဲခေါ်ကြတယ်။ သားရဲ့ အသားက ဖြူဖွေးနေလို့တဲ့။ ဖိုးဖိုးက သားကိုသိပ်ချစ်တာ။ ဖိုးဖိုးမှာက သူများဖိုးဖိုးတွေလို မြေးတွေ အများကြီး မရှိဘူးလေ။ သားရယ် ညီလေးရယ် နှစ်ယောက်ပဲရှိတာ ဆိုတော့ သားကိုချစ်တာပေါ့။ ဖိုးဖိုးက သားကို မုန့်ဖိုးအမြဲပေးတယ်။ မေမေက ပေးပြီးသားဆိုလည်း သားကိုပေးတာပါပဲ။

ညီလေးက ခုမှ မွေးခါစလေးပဲရှိသေးတာလေ။ အဲဒီတော့ မုန့်တွေဘာတွေ ဘယ်စား တတ်ဦးမလဲ။ တကယ်လို့ ကြီးလာမယ်ဆိုရင်တော့ သားက မုန့်တွေ ဝယ်ကျွေးမှာပါ။ သားမှာက ဖိုးဖိုးပေးတဲ့ မုန့်ဖိုးတွေ အများကြီးရှိတယ်။ ဒီစုဗူးလေးထဲမှာ သားစုထားတယ်။ သားက မေမေ့ကိုလည်း ချစ်ပါတယ်။ သားမှာက မေမေရယ်၊ ညီလေးရယ်၊ ဖိုးဖိုးရယ် ဒါပဲရှိတာကို။ ဖေဖေလား။ ဖေဖေက မရှိဘူးတဲ့ အိမ်ကထွက်သွားပြီ။ မေမေ့ကို မေးရင် မေမေက ငိုတယ်လေ။ အဲဒါကြောင့် သား မမေးတော့ဘူး။ ဖိုးဖိုးကတော့ သားအဲလို ဖေဖေ့အကြောင်းမေးရင် အကျယ်ကြီး တောက်ခေါက်တာပဲ။ ဒါနဲ့ သားလည်း မမေးတော့ဘူး။

ဆရာမကိုလည်း သားချစ်ပါတယ်။ သားဆရာမကလည်း သားကိုသိပ်ချစ်တာ။ စာတော်လို့တဲ့။ ဟုတ်တယ် သားက အတန်းထဲမှာ အမြဲပထမပဲ။ သင်္ချာတွက်ခိုင်းရင်လည်း အရင်ဆုံးပြီးတာပဲ။ ဆရာမက တခြားသူတွေကို အမြဲပြောတယ် ဖြူဖွေးလိုတော်အောင်လုပ်တဲ့။ အဲလိုပြောရင် သားရှက်သလိုပဲ။ ဒါပေမယ့် ပျော်တယ်။ အိမ်ပြန်ရောက်လို့ ဖိုးဖိုးကို အဲဒီအကြောင်းပြောပြရင် ဖိုးဖိုးက မုန့်ဖိုးတွေ ထပ်ပေးပြန်ကော။ ဖိုးဖိုးက သူဌေးလားမသိပါဘူး။ ဖိုးဖိုးဆီမှာ ပိုက်ဆံတွေ အများကြီးရှိတယ်။ သားကို ဘယ်လောက်ပေးပေး ဖိုးဖိုးမှာက ဘယ်တော့မှမကုန်ဘူး။ ဖိုးဖိုးရဲ့ အိတ်ထောင်ထဲမှာ ၂၀၀ တန် အသစ်ကလေးတွေ အမြဲရှိတယ်။ ပြီးတော့ ဖိုးဖိုးကပြောတယ် ငါ့မြေးဖြူဖွေး စာကြိုးစားတဲ့ .. ဖိုးဖိုး ပိုက်ဆံတွေအားလုံးငါ့မြေးဖို့ပဲကွတဲ့။ ဖိုးဖိုးပါးစပ်မှာ ကွမ်းနံ့ လေးက မွှေးနေတာပဲ။ သားက ဖိုးဖိုးကို ဖက်နမ်းပစ်လိုက်တာပေါ့။

သားကသူငယ်ချင်းထဲမှာတော့ ပေစိနဲ့ မိဂွက်ကို အခင်ဆုံးပဲ။ သူတို့ကိုဆို သား မုန့်အမြဲ ဝယ်ကျွေးတယ်။ သူတို့ဆီကတော့ ပြန်မစားရပါဘူး။ ဒါပေမယ့် သူတို့အိမ်မှာ သား တခါတလေ ထမင်းသွားစားတယ် သိပ်စားကောင်းတာပဲ။ ငါးဟင်းနဲ့လေ။ မိဂွက်က သားကို သူ့ခြံထဲက မာလကာသီးကျွေးတယ်။ ပေစိကကျတော့ လောက်စာလုံးတွေပေးတယ်။ သူတို့ကိုသားက သင်္ချာတွက်ပေးရတယ်။ ဒါပေမယ့် ဆရာမကဆူလို့ နောက်တော့ မတွက်ပေးရဲတော့ဘူး။ သူတို့ ၂ ယောက် အမြဲ အရိုက်ခံရတာပဲ။ စာမပြီးလို့လေ။ ဒါပေမယ့် သူတို့ ၂ ယောက်က ကစားတဲ့နေရာမှာတော့ သားထက်တော်တယ်။ ပေစိဆို ဂွပစ်တာ သိပ်လက်ဖြောင့်တာပဲ။ မိဂွက်ကကျတော့ မိန်းကလေးဖြစ်ပြီး သစ်ပင်တက်တာ အရမ်းတော်တယ်။ သားကလား သားကတော့ ဂွလည်း မပစ်တတ်ဘူး၊ သစ်ပင်တက်ရမှာလည်း အရမ်းကြောက်တာ။ သူတို့ ၂ ယောက်ကို မုန့်တွေဝယ်ကျွေးပြီး သူတို့ကစားတာပဲ ထိုင်ကြည့်ရတာပဲ။ ဒါပေမယ့် သူတို့က သားပုံဆွဲပြရင်တော့ ငြိမ်နေတာပဲ။ သားက ကားပုံတို့ သင်္ဘောပုံတို့ လေယာဉ်ပျံပုံတို့ ဆွဲဆွဲပြ ရင် သူတို့က ဖြူဖွေးက သိပ်တော်တာပဲလို့ ပြောတယ်။ ဒါပေမယ့် ဒီ ၂ ယောက်ကကြာကြာ အငြိမ်မနေနိုင်ပါဘူး။ ခဏပဲငြိမ်တာ။ ခဏပဲသားနားမှာနေပြီး ထွက်ပြေးကြတာပဲ။ သားမုန့်တွေ လည်း ကုန်အောင်စားသွားကြတာပဲ။

သားကလား … သားက ၇ နှစ်ရှိပြီ။ တတန်းအောင်တယ်လေ။ ဒါပေမယ့် သား ကျောင်းမတက် ချင်တော့ဘူး။ ကျောင်းတက်ရင် ဒီသေတ္တာထဲကထွက်ရမှာပေါ့။ ဒီသေတ္တာထဲကထွက်ရင် သား သေသွားမှာ။ ဟုတ်တယ်။ သေတ္တာထဲမှာ မနေလို့ ပေစိကော မိဂွက်ကော သေသွားတယ် လေ။

သားကို ဖိုးဖိုးက သေချာပြောတာ။ သားလေးတဲ့ ဒီသေတ္တာကြီးထဲက မထွက်နဲ့နော်တဲ့။ ပြီးတော့ အဖုံးပိတ်ပေးလိုက်တယ်။ သား အစကမကြောက်ပါဘူး။ လေတွေအရမ်းတိုက်ပြီး ရေတွေအိမ်ထဲ ဝင်လာတော့ သားသိသားပဲ။ သားတို့ အိမ်ကြီးက ခိုင်တာပဲ၊ ရပါတယ်လို့ ဖိုးဖိုးကို ပြောတော့ ဖိုးဖိုးက မရဘူးသားလေးတဲ့။ ဒီသေတ္တာထဲဝင်နေတဲ့။ မဝင်ရင် သားသေ သွားမယ် တဲ့။ အဲဒီတော့မှ သားကြောက်တာ။ ငိုလည်း ငိုတယ်။ ပြီးတော့ သား မောပြီး အိပ်ပျော်သွားတာပဲ။ နိုးလာတော့ သားသေတ္တာက လှေလိုပဲ ရေထဲမှာ မျောနေတယ် ထင်တယ်။ သားလဲ အော်ပြီး ထပ်ငိုပြန်ရော။

နောက်တော့ သားပြန်အိပ်ပျော်သွားတာလားမသိဘူး။ နိုးလာတော့ သားကို လူတွေဝိုင်းကြည့် နေကြတယ်။ ဒီသေတ္တာထဲက ထွက်ခိုင်းတယ်။ သားဘယ်သူ့ကိုမှ မသိဘူး။ မထွက်တော့ဘူး လေ။ နောက်တော့မှ မိဂွက်အမေကို သားတွေ့တယ်။ မိဂွက်အမေက ပြောတယ်။ မိဂွက် သေသွားပြီ ဖြူဖွေးရေတဲ့။ သားက သေတ္တာထဲမှာနေလို့ မသေဘူးတဲ့။

နောက်တော့ သားကို ဦးအောင်ကြီးက ခေါ်သွားတယ်။ လှေလေးနဲ့လိုက်သွားရတာ။ ဒါပေမယ့် သား ဒီသေတ္တာထဲကတော့ မထွက်ဘူး။ ဦးအောင်ကြီးက ဖိုးဖိုးတပည့်ပဲလေ။ သားတို့အိမ် ခဏ ခဏ လာနေကျ။ သားသိတယ်။ သူ့ရွာကဘာမှ မဖြစ်ဘူးတဲ့။ သားပထမတော့ မလိုက်ချင်ဘူး။ နောက်တော့ ဒီနေရာကိုလည်း သားမသိဘူး။ ဖိုးဖိုးလည်း သေသွားပြီတဲ့။ မေမေနဲ့ ညီလေးလည်း သေသွားပြီတဲ့။ ပေစိလည်းသေပြီတဲ့။ အဲဒါနဲ့ သားလည်း လိုက်မယ်လို့ ပြောလိုက်တယ်။ ဒါပေမယ့် ဒီသေတ္တာထဲက မထွက်ဘဲ လိုက်မှာလေ။ သား ဒီသေတ္တာထဲက ထွက်ရင် သေသွားမှာစိုးလို့။

ဖိုးဖိုးလို၊ မေမေနဲ့ ညီလေးလို ပြီးတော့ မိဂွက်တို့ ပေစိတို့လိုပေါ့။ သားမှာ ခု ဖိုးဖိုးပေးထားတဲ့ စုဗူးလေးရှိတယ်။ ဒီစုဗူးလေးကို သေတ္တာထဲ ဝင်ခါနီးမှာ သားယူခဲ့တာလေ။ ဖိုးဖိုးကသေပြီ ဆိုတော့ သားကို မုန့်ဖိုးပေးတော့မှာ မဟုတ်ဘူး။ မနေ့က ဆရာမလာတယ်။ သားကို လာကြည့်တာလေ။ ဖြူဖွေးလေး ကျောင်းတွေဖွင့်ပြီ။ ကျောင်းတက်ရမယ်နော်တဲ့။ ဟင့်အင်း သား ကျောင်းမတက်ချင်ဘူး။ ကျောင်းတက်ရင် ဒီသေတ္တာထဲကထွက်ရမှာ။ အဲဒီလိုဆို သား သေသွားလိမ့်မယ်။

သားကို ဒီသေတ္တာထဲက မထုတ်ကြပါနဲ့။ ရေတွေက အများကြီးပဲ။ သေတ္တာကြီးက လှုပ်နေ တယ်။ ဘာတွေနဲ့လည်း မသိဘူး ဝင်တိုက်တယ်။ ညီလေးကြီးရင် သားက ဒီစုဗူးလေး ဖောက်ပြီး မုန့်ဝယ်ကျွေးမှာလေ။ သား ဒီသေတ္တာထဲကထွက်လိုက်လို့ သေသွားရင် ညီလေးကို မုန့်ဝယ်ကျွေးလို့မရတော့ဘူးပေါ့။ မဟုတ်ဘူး။ ညီလေးက သေပြီတဲ့။ သေပြီဆိုရင် လူကြီး မဖြစ်တော့ဘူးပေါ့။ သားက လူကြီးဖြစ်ဦးမှာ။ အဲဒီအခါကျ ဒီသေတ္တာနဲ့ဆံ့ပါမလား မသိဘူး။ ဖိုးဖိုးကတော့ သားလေးနဲ့ ဒီသေတ္တာနဲ့ အံကိုက်ပဲတဲ့။ လုံးဝမထွက်နဲ့ သေသွားလိမ့်မယ်တဲ့။

ဟုတ်တယ်။ သားမထွက်ဘူး။ ဒီသေတ္တာထဲကထွက်ရင် သား … သေ … သွား … မှာ …။ ။




12 comments:

အောင်သာငယ် said...

ကောင်းတယ်ဗျာ....
တော်တော်လေး ပြတ်ရှသွားတယ်...

ခင်မင်းဇော် said...

တူး..
ကောင်းလိုက်တာ.. စကားတောင်မပြောချင်တော့ဘူး..

pandora said...

အစ်မရေ ဘာပြောရမလဲဟင်။
ဒီလိုအဖြစ်တွေ အများကြီး တွေ့ခဲ့ မြင်ခဲ့ ကြားခဲ့။
ဒဏ်ရာရသွားတဲ့ နှလုံးသားနုနုလးတွေရဲ့ အနာဂတ်အတွက် တတ်နိုင်သမျှ လုပ်ပေးကြတာပေါ့နော်။

JulyDream said...

နာဂစ်ကို ကိုယ်တိုင် ကြုံခဲ့တဲ့တစ်ဦးအနေနဲ့ ကိုယ်ချင်းစာပါတယ်။ သူတို့လေးတွေအတွက် နိုင်တဲ့တာဝန် ကိုယ်စီ ထမ်းကြပါဗျာ။

Taungoo said...

ဘယ်လိုစကားလုံးမျိုး ရွေးပြီးပြောရမှန်းတောင် မသိတော့ဘူး။ မယုံနိုင်လောက်အောင်ပေမဲ့ အပြင်မှာ ဒါလိုကိစ္စမျိုးတွေ တကယ်ဖြစ်ခဲ့တယ်။

Han Thit Nyeim said...

အင်း... ပြောစရာ စကားမရှိအောင် ခံစားရပါတယ်ဗျို့။

Andy said...

.................................
.................................
ဘာပြောရမှန်းကို မသိတော့ပါဘူးအမရယ်.....
:(

ဂျစ်တူး - gyit_tu said...

:((((

ဒါဖတ်ပြီး ခံစားရတယ် ။ ကြိုက်လွန်းလို့ ဘလောဂ့်မှာ ပြန် ရှယ် ထားတယ် ။

ပုံရိပ် / Pon Yate said...

ဖတ်ပြီး စိတ်မကောင်းဘူး။။

sin dan lar said...

အစ်မရယ်....
မျက်ရည်လည်မိတယ်

Taw Win said...

I almost cried after reading this post. Whenever I read about narggis and victims, I feel really so sorry for people who survive with severe psychological trauma.

Taw Win said...

I almost cried after reading this post. Whenever I read the article mentioning about narggis and its victims, I feel so sorry for the people who survive with severe psychological trauma.