ဝတ္ထုတို ၉

“သရဲသကြားလုံး” ဆိုတဲ့ ဝတ္ထုတိုလေးက ၂၀၀၃ ခုနှစ် အတွင်းမှာ ဖက်ရှင်မဂ္ဂဇင်းမှာ ပါခဲ့တာပါ။ သူငယ်ချင်း မိသားစု တစုကို စချင်တဲ့ စိတ်နဲ့ ရေးထားတာ ဖြစ်ပေမယ့် အဲဒီအချိန်က ကျမ အထင်လွဲခံခဲ့ရတယ်။ သူတို့က စ တာလို့မမြင်ဘဲ ကျမက တမင်နှိမ်ချချင်လို့ ရေးခဲ့တယ်ဆိုပြီး ထင်ခဲ့ကြလို့ ကျမကို ၅ လ ၆ လလောက် စကားမပြောဘဲ နေခဲ့ကြတယ်။ သူတို့ ကျမကိုဘာကြောင့် မခေါ် မပြောလဲ ဆိုတာ ကျမလုံးဝ မသိခဲ့ဘူး။ တခြား သူငယ်ချင်း တယောက် ပြောပြမှပဲ သိရတော့ တော်တော် အားနာ ခဲ့ရပါတယ်။ ဒါပေမယ့် ခုချိန်မှာ အဲဒီဝတ္ထု လေးထဲက ဇာတ်ကောင် ကလေးတွေတောင် အရွယ်တွေ ရကုန်ကြပြီဆိုတော့ စိတ်မဆိုးနိုင်တော့ဘဲ ရယ်ရယ် မောမော ပြောနိုင်ကြပြီလို့ ထင်လို့ ဒီဝတ္ထုလေးကို ပြန်တင်ပေးလိုက်တာပါ။ သူငယ်ချင်း ကိုဗိုကယ်ကြီး (ကျမတို့ အခေါ်) နဲ့ စိုးစိုးရယ် သူတို့ သားနှစ်ယောက်ဖြစ်တဲ့ ဝေယံနဲ့ ကွတ်ကွတ်ရယ်ကို သတိရရင်း ဒီဝတ္ထုလေး အတွက် ကျေးဇူးတင်ပါတယ်။
သရဲသကြားလုံး

ကိုကြိုင်ဝင်းတယောက် သူ့ဆိုင် ဆိုင်းဘုတ်ကလေးကို မမြင်ဘူးသလို စိုက်ကြည့်နေသည်။

“ပုံတူပန်းချီ ကြိုင်ဝင်း”
မျက်လုံးကို အောက်နည်းနည်း ရွှေ့လိုက်တော့
“ကာဆင်ဘိုင် ရှပ်အင်္ကျီ အထူးချုပ်သည်”
အဲဒီအောက်ကိုထပ်ရွှေ့တော့
“မာမွတ် ထီးပြင်ဆိုင် မီးခြစ်ဂတ် (စ်) ထည့်သည်”

ကဗျာမဆန်လိုက်တာ။ သူ့ဆိုင်းဘုတ်ကလေး ကြည့်ပြီး ကြည်နူးမလို့ လုပ်တုန်းရှိသေးသည် အောက်က ဆိုင်းဘုတ် ၂ ခုက မျက်စေ့ထဲ ကန့်လန့်ကြီး ဝင်လာ၏။ ဒါပေမယ့် သူ ဘာမှ မတတ်နိုင်ပါ။ ဒီဆိုင်ခန်းလေးကို သူတို့ သုံးဦး စပ်တူငှားထားခြင်း ဖြစ်သည်။

အခန်းလေးထဲမှာ မှန်အထူတင်ထားသည့် သူ ပန်းချီဆွဲသော စားပွဲလေးတလုံး။ ဦးကာဆင် ဘိုင်၏ အပ်ချုပ်စက်တလုံး ချထားသည်။ ကိုမာမွတ်၏ ထီးပြင်လျင် ထိုင်သော ကုလားထိုင် ကတော့ ဆိုင်ဝမှာချထားသည်။ ဆိုင်ဝမှာ ကိုမာမွတ်က သူထီးပြင်သော တံဆာပလာများနှင့် မီးခြစ် အသုံးအဆောင်များထည့်သည့် ပုံးတပုံး ချထားသည်။ မျက်နှာကျက်၏ အဝမှာတော့ ထီးအမိုး အသစ်များ၊ ကိုင်းများနှင့် ထီးရိုးအသစ်များ ချိတ်ဆွဲထားသည်။

သူတို့သုံးယောက်က ဘာသာရပ်မတူသော်လည်း တဦးနှင့်တဦး နားလည်မှုရှိသည်။ တခါတလေ သုံးယောက်ဆုံချိန် အလုပ်လည်း အားနေသည်ဆိုလျင် အမျိုးမျိုးသော ခေါင်းစဉ်ခွဲ များကို ဆွေးနွေးကြသည်။ သည်နေရာမှာတော့ ကိုကြိုင်ဝင်းက ဆရာကြီးဖြစ်သည်။ ကျန်သည့် ၂ ယောက်က ပါးစပ်အဟောင်းသားနှင့် နားထောင်နေရသည်။ ကိုကြိုင်ဝင်း ပြောပြသည့် ကမ္ဘာကြီး ပူနွေးလာခြင်း အကြောင်းများ၊ အိုဇုန်းလွှာ၊ ဂလိုဘယ်လိုက်ဇေးရှင်း၊ အင်တာနက် စသည်တို့ကို သူတို့ ကြားလည်းမကြားဖူး၊ နားလည်းမလည်။ ကိုကြိုင်ဝင်း ပြောပြ လို့သာ သူတို့ သိရခြင်းဖြစ်သည်။

ထို့ကြောင့် ကိုကြိုင်ဝင်းကို သူတို့က အထင်ကြီးသည်။ ကိုကြိုင်ဝင်း ပုံတူ တပုံဆွဲပြီးသွားတိုင်း သူတို့ ၂ ဦး အံ့သြလို့ မဆုံး။

ဒါမျိုးသူတို့မှ မလုပ်တတ်တာပဲ။

ဒီမြို့ကလေးရဲ့ ဈေးလေးထဲက နေ့စွဲတွေထဲမှာ သူတို့ ဆိုင်ကလေးက အလိုက်သင့် ငြိမ်ငြိမ်သက်သက် စီးဝင်မျောပါလျှက်ရှိသည်။ ကိုကြိုင်ဝင်း၏ အလုပ်သဘောကို နားမလည် သော်လည်း နှစ်ရှည်လများ အတူတူနေလာတာ ကြာတော့ ဦးကာဆင်ဘိုင်ကော ကိုမာမွတ်ပါ ကိုကြိုင်ဝင်းမရှိတောင် ပုံတူအပ်မည့်သူများကို လက်ခံထားတတ်ပြီ။ ဘယ်ဆိုဒ်ဆိုရင် ဘယ်လောက် ဆိုတာလောက်တော့ ဈေးစကားပြောတတ်နေပြီ။ ဒီတော့လည်း ကိုကြိုင်ဝင်း တယောက် ဘက်ဖက်ရည်ဆိုင် အေးအေး ဆေးဆေး ထိုင်နိုင်ပြီပေါ့။ သူ လက်ဖက်ရည်ဆိုင် သွားထိုင်တာကို ဟို နှစ်ယောက်က လုံးဝခွင့်လွှတ်သည်။ သူပြန်လာရင် တခုမဟုတ် တခု အသစ်အဆန်း သတင်းများ ကြားရတတ်သောကြောင့် ဖြစ်သည်။ ဒီဆိုင်လေးထဲမှာ သူက ဆရာကြီး။ အရေးပါ အရာရောက်သူ။ သူ တနေ့ ဆိုင်မထွက်လျင် တနေ့ သတင်းများ မသိရ သောကြာင့် ကျန် ၂ ယောက်မှာ သူ့ကိုသာ နေ့တိုင်းမျှော်ကြရသည်။

ဒီဆိုင်လေးမှာ မှမဟုတ်။ သူက လက်ဖက်ရည်ဆိုင်မှာလည်း ဆရာကြီးဖြစ်သည်။ လက်ဖက် ရည် ဆိုင်က သူ့သူငယ်ချင်းများ ဖြစ်ကြတဲ့ ထွန်းထွန်းမင်းတို့ သိုက်စိုး တို့လည်း သူ့ကိုပဲ မျှော် ရသည်။ အဲဒီမှာတော့ ခေါင်းစဉ်က တမျိုး။ ဂီတ နှင့် ပတ်သက်သည့် အကြောင်းအရာများ ဆွေးနွေးကြသည်။ ဆွေးနွေးသည် ဆိုခြင်းထက် နာကြားသည် ဆိုလျင် ပိုမှန်မည်။ သူက စာလေးပေလေးလည်း မတောက်တခေါက် ဖတ်ထားတော့ ပြောနိုင်သည်ပေါ့။

စတိဗ်ဗိုင်း၊ ဂျိုးစထရိန်နင်၊ လက်ဇဗလင်၊ အော့ဇီအော့ဇဘွန်း စသည့် အနောက် ဂီတဘိုးအေ များ၏ နာမည်များကို ရွတ်ကာပြောတတ်သည်။ ကမ္ဘာကြီးနှင့် ပတ်သက်သည့် သတင်းများ ဆိုရင်လည်း ကိုကြိုင်ဝင်းကို ဘယ်သူမှမမီ။ ဒီတော့ လက်ဘက်ရည်ဆိုင်မှာလည်း သူက ဆရာကြီးပေါ့။

အိမ်မှာတော့ လေဒီကြိုင်ဝင်းက ဆရာကြီးဖြစ်သည်။ တကယ်တော့ ကိုကြိုင်ဝင်းက ပန်းချီဆရာဆိုသော အမည်ကိုသာ ခံယူထားပြီး အိမ်၏ စီးပွားရေးကို ဟုတ်ဟုတ်ငြားငြား ရှာဖွေပေးသူ မဟုတ်။ သူ ပန်းချီဆွဲလို့ ရသမျှကလေးက သူ့ဆိုင်ခန်းခတောင် အနိုင်နိုင် ဖြစ်သည်။ တကယ်စီးပွားရှာသူက လေဒီကြိုင်ဝင်း။ သူက အထည်များကို မင်္ဂလာဈေးကယူပြီး အိမ်တွေမှာ လပေးနှင့် ပြန်ရောင်းသည်။ ဒီအလုပ်က ခြေတိုသည် ဆိုသော်လည်း မြတ်မြတ် ကလေး စားရသည်။ လေဒီကြိုင်ဝင်းတို့က ယောက်ျားဘာလုပ်နေတယ် ဆိုတာလေး ပြစရာ ရှိအောင် ဆိုင်ဖွင့်ပေးထားခြင်း ဖြစ်၏။ တကယ်က ကိုကြိုင်ဝင်း ဆိုင်မထွက်လည်း အိမ်၏ စားဝတ်နေရေး အဆင်ပြေနေတာ ပါပဲ။

ဒီနေ့တော့ လပြည့်နေ့မို့ ဈေးပိတ်သည်။ ဒီလိုနေ့မျိုးမှာမှ ကိုကြိုင်ဝင်းတို့ အေးအေးဆေးဆေး အနားယူနိုင်သည်။ အသစ်စက်စက် ဝယ်ထားသော ဒီဗီဒီ စက်ကလေးနှင့် သီချင်း ဟစ်လိုက်ဦး မည် ဟု စိတ်ကူးထားသည်။

ကိုကြိုင်ဝင်းက သီချင်းဆိုလည်းကောင်းသည်။ လူပျိုတုန်းကဆို ပွဲမရှိလိုက်နဲ့ ကြိုင်ဝင်းတို့ ပါပြီးသား ဆိုတာမျိုး။ သူ့အသံကို သူငယ်ချင်းများက လေးဖြူနဲ့တူသည်တဲ့။ သူကလည်း လေးဖြူသီချင်းဆို စီးရီးတိုင်း အလွတ်ရပြီးသား။ သူငယ်ချင်းများက သူ့ကို “လေးမဲ” ဟု အမည်ပေးထားသည်။ သူကလည်း ကျေနပ်သည်။ ဒီ ဒီဗီဒီ စက်ကလေးကိုလည်း မိန်းမကို အတင်းမရမက ပူဆာပြီး ဝယ်ခိုင်းထားရခြင်း ဖြစ်သည်။ လေဒီကြိုင်ဝင်းကလည်း သူ့ယောက်ျား သီချင်းဆိုတာ ဝါသနာပါတာသိတော့ အိမ်ကပ် ပြီးရော ဆိုပြီး ဝယ်ထားပေးလိုက်ခြင်း ဖြစ်သည်။

သီချင်းတပုဒ် စဆိုပြီး တဝက်တောင် မရောက်သေး လေဒီကြိုင်ဝင်း သူ့ရှေ့မှာ လာရပ်သည်။

“ဒီမှာ ကိုကြိုင်ဝင်း ရှင်သီချင်းဆိုနေတာ ခဏရပ်ပါဦး။ ကျမ ဒီနေ့ ကြွေးတွေ လိုက်တောင်းစရာ ရှိတယ်။ အဲဒါ ကလေး ၂ ယောက် ကြည့်ထားလိုက်ဦး နော်”

ကိုကြိုင်ဝင်း ခေါင်းညိတ်လိုက်ရသည်ပေါ့။ ဘာများ တတ်နိုင်ဦးမည်နည်းပေါ့လေ။ ဒါတောင် လေဒီကြိုင်ဝင်းက မပြီးသေး။

“ရှင်ဈေးပိတ်တဲ့ နေ့ကလေးပဲ အိမ်ကို စိတ်ချလက်ချ ထားခဲ့ရတာ။ ရှင့်ကို စိတ်ချပါရစေနော်”
“အေးပါဆိုကွာ မင်းကလည်း”
“မင်းကမလည်းနဲ့ ဒီမှာ နှစ်ကောင်လုံး ချောင်းတွေ တဟွတ်ဟွတ်နဲ့။ သကြားလုံးတွေ အချို တွေ မကြွေးနဲ့သိလား”
“ဟုတ်ပြီ။ နောက်တော့ကော”
“နောက်သလို ပြောင်သလို လုပ်မနေနဲ့။ အကြီးကောင်ကို စာကျက်ခိုင်း။ ပြီးမှ ဆော့ပစေ။ အငယ်ကောင်ကိုတော့ နေ့ခင်းတရေး သိပ်လိုက်ဦးနော်။ ကဲကဲ နောက်ကျနေပြီ။ သွားမယ်”

ပြောပြောဆိုဆို လေဒီကြိုင်ဝင်း ထွက်သွားသည်။
“အိပ်မက် …. ကဗျာ”

စက်ကိုပြန်ဖွင့်ပြီး လေးဖြူ၏ အိပ်မက်ကဗျာကို ဆိုရင်း ခိုးရပ်စ်ပိုဒ် အရောက်မှာ အနားကို အကြီးကောင် ဝေယံ ရောက်လာသည်။

“ဖေဖေ”
“ဟေ ဘာတုန်းကွာ”
“ဖေ့ စက်ကြီး ပိတ်ထားလိုက်ဦး။ ဒီမှာ သား စာမေးမလို့”
“အေး အေး ပြော ဘာမေးမှာလဲ”
“အဖြူရောင် ပန်းဆယ်မျိုး ကို ရေးပြပါတဲ့”
“ဒါများကွာ။ လွယ်လွယ်လေးပါ။ တစ် စပယ်ပန်း”
“ဟာ ဒါတော့ သားလည်းသိသားပဲ”
“နှစ် .. နှစ်က စကားဖြူပန်း”
“နောက်တော့ကော”
“သုံး … သုံးက ဟိုအိမ်ရှေ့က ပန်းလေးတွေကွာ။ သိပြီ စကြာပန်း”
“လေးကကော ဖေဖေ”
“လေးက သဇင်ပန်း၊ ငါးက ဇွန်ပန်း”
“ဇွန်ပန်းဆိုတာ ဘယ်လိုဟာလဲ”
“ဇွန်ပန်းဆိုတာလား။ အဖြူရောင် အပွင့်သေးသေးလေးတွေ။ မွှေးတယ်ကွ။ နောက်တော့ ဖေဖေတွေ့ရင် သားကိုပြမယ်။ အခုတော့မှတ်ထားလိုက်ဦးနော်”

ဝေယံသိပ်ကျေနပ်ပုံမရပါ။ တကယ်တော့ ကိုကြိုင်ဝင်း ကိုယ်တိုင်လည်း ဇွန်ပန်းကို သေသေချာချာ မသိ။

“ထားပါတော့ ဒါဆို ခြောက်”
“ခြောက်က ဂန္ဓမာပန်း အဖြူ”
“ဟာ အဲဒါရပါ့မလား”
“မင်းကလည်း အဖြူရောင်ပန်း ဖြစ်ရင်ပြီးရောပေါ့”
“ဒါဆို သားသိပြီ နှင်းဆီပန်းအဖြူတို့ မေမြို့ပန်း အဖြူတို့ …။ ရပြီ ဖေဖေ ဆက်ဆိုချင် ဆိုတော့”

ဝေယံအနားက ထွက်သွားလို့ မိုက်ကို ပြန်ကိုင်မည်အလုပ်တွင် …

“ဖေဖေ”
အနားကို အငယ်ကောင် ကွတ်ကွတ် ရောက်လာပြန်သည်။ ကွတ်ကွတ်က ကိုကြိုင်ဝင်း လက်ထဲက မိုက်ကို အတင်းလုသည်။ ကိုကြိုင်ဝင်း ဘာမှ လုပ်မရတော့။ ကွတ်ကွတ်က ခုမှ သုံးနှစ်တောင် မပြည့်သေးဘူး ဆိုတော့ ဘာမှ သိပ်နားမလည်သေး။ ဆော့ဖို့ပဲ သိသည်။ ကိုကြိုင်ဝင်း၏ သီဆိုဖျော်ဖြေမှု အစီအစဉ်ကို ဒီမှာပင် ရပ်နားထားလိုက်ရသည်။

ဒါပေမယ့် လက်တော့မလျော့နိုင်သေး။ တခုရှိသေးသည်။ ကွတ်ကွတ်ကို သိပ်လိုက်လျင် သူ ဆက်ဆိုလို့ ရပြီ။ ကွတ်ကွတ်ကို ပွေ့ချီပြီး ပုခက်ထဲ ထည့်ကာ “အမ် ပလပ်” အစီအစဉ် စတင်လိုက်သည်။ ကွတ်ကွတ်က ငြိမ်ငြိမ်မနေ။ ပုခက်ထဲမှာ လှုပ်ရွပြီး ဆော့ချင်နေသည်။ တော်တော်နှင့် မအိပ်။ ကိုကြိုင်ဝင်းရသမျှ သားချော့တေး ကုန်သလောက်ရှိပြီ။ ဒီတော့ ဖခင် တို့၏ အာဏာပြမှ ဖြစ်တော့မည် …။

“ဟေ့ကောင် အိပ်တော့ မင်း ငါ့အကြောင်း သိတယ်မဟုတ်လား”
“သိတယ် ဖေဖေ့ကျောင်းက အမှတ် ၁”
“ကောင်းကွာ”

သူက “အကြောင်း” လို့ပြောတာကို ကလေးက “ကျောင်း” ဟု ကြားသည်။ လေဒီကြိုင်ဝင်းသာ ရှိရင် မျက်စောင်းအထိုး ခံရဦးမည်။ ကဲ တနည်း ပြန်လှည့် ချော့ကြည့်မည်။ ကွတ်ကွတ်က သူ့ကို လူကြီးဖြစ်ပြီဟု ပြောလျင် သဘောကျသည်။

“သားက လိမ်မာပါတယ်ကွာ။ လူကြီးဆိုတာ ဒီအချိန်အိပ်ရတယ်ကွ”
“ဖေဖေပဲ ပြောပြီးတော့ လူကြီးဆိုရင် ချိုင်းမွှေးပေါက်တယ်ဆို” ဆိုပြီး သူ့ချိုင်းကိုလှန်ပြ နေပြန်သည်။ ကိုကြိုင်ဝင်းနဲ့ ကွတ်ကွတ်တို့ရဲ့ ချာချာလည် ဇာတ်လမ်းကို ကွတ်ကွတ်တို့ အဘွား ကိုကြိုင်ဝင်းရဲ့ အမေရောက်လာပြီး ဖြေရှင်းပေးလိုက်သည်။ သူ့အဘွား သိပ်တော့ လည်း ခဏလေးနှင့် အိပ်ပျော်သွားသည်။ ခုမှပဲ စိတ်အေးလက်အေး သီချင်းဆို ရတော့မည်။ ကွတ်ကွတ်က သီချင်းသံကြောင့်တော့ မနိုးတတ်။ သီချင်းစဆိုမည် ဆိုပြန်တော့ ဝေယံက တစခန်း ထပြန်သည်။

“ဖေဖေ သား သကြားလုံး စားချင်တယ်”
“မင်းကို မင်းအမေက သကြားလုံး မစားရဘူးလို့ မှာထားတယ် မဟုတ်လား။ မင်းတို့ ချောင်းဆိုး နေတယ်ဆို”
“တလုံးထဲပါ ဖေဖေရာ။ ကွတ်ကွတ်လည်း အိပ်နေတုန်း သားကို တလုံးလောက် ဝယ်ကျွေး ပါနော်”

ဝေယံက သနားစဖွယ် တောင်းပန်သည်။ ဒီကောင်က အချိုသိပ်ကြိုက်သည်။ သကြားလုံးဆို အသေအလဲ။ ဒါကြောင့်လည်း သူ့သွားတွေက ပိုးစားပြီးမဲနေလေသည်။ ဝေယံ၏ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကိုကြိုင်ဝင်း အကြံရပြီ …. ။

“ဒါဆို သားခဏနေဦး ဖေဖေ သွားဝယ်လိုက်ဦးမယ်”
ကိုကြိုင်ဝင်း အပြင်ခဏထွက်သွားပြီး ပြန်လာတော့ လက်ထဲမှာ သကြားလုံး ပါလာသည်။ ဝေယံ ဆန္ဒ ပြည့်သွားပြီ။ သကြားလုံးကို ဖောက်ပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ ဝေယံ၏ မျက်နှာမှာ သရဲတကောင်နှင့် ဆုံတွေ့လိုက်ရသလို ရုတ်တရက် ရှုံ့တွသွား၏။

“အား ချဉ်လိုက်တာ”
“အေး အဲဒါ သရဲသကြားလုံး လို့ ခေါ်တယ်။ အပြင်က အရမ်းချဉ်တယ်ကွ။ ဒါပေမယ့် အထဲကျရင် ချိုသွားရော”

ဝေယံက အထဲမှာ အချိုရှိသည် ဆိုတော့ ကျိတ်မှိတ်ပြီး စုပ်နေသည်။ ခဏနေတော့ ကိုကြိုင်ဝင်းက …
“သားရေ ချိုပြီလားဟေ့”
“မချိုသေးဘူး ဖေဖေ”
“သားရေ ချိုပြီလား”
“မချိုသေးဘူး ဖေဖေ”
ခဏကြာတော့ ဝေယံဆီမှ ဝမ်းသာအားရနှင့် အသံထွက်လာသည်။း
“ဟာ ဟုတ်တယ်။ ချိုပြီဖေဖေ။ ချိုပြီ”
“အေး ဒါဆို မင်းပါးစပ်ထဲက ထုတ်လိုက်တော့”
ဝေယံက သူ့အဖေကို ခပ်ကြောင်ကြောင် တချက်ကြည့်ပြီး ပါးစပ်ထဲက သကြားလုံးကို ထုတ်ပေးလိုက်သည်။ ကိုကြိုင်ဝင်းက သကြားလုံးကိုယူပြီး သူ့ပါးစပ်ထဲ ပစ်ထည့်ကာ ဝါးစား လိုက်သည်။

ဝေယံက ပထမတော့ နားမလည်သလို ကြည့်နေရာက ဒေါသထွက်ကာ သူ့အဖေဆီက သကြားလုံးကို ပြန်တောင်းတော့၏။ ကိုကြိုင်ဝင်းက အိမ်ထဲတွင် ပတ်ပြေး၊ ဝေယံက နောက်က ပြေးလိုက်ကာ အော်ငိုနှင့် အတော်ကလေး ပွက်လောရိုက်သွားရာ ကွတ်ကွတ် လန့်နိုးသွား တော့သည်။ အိပ်ရေးမဝသော ကွတ်ကွတ်ကပါ ဂျီကျပြီး အော်ငိုနေသောကြောင့် ကိုကြိုင်ဝင်း ကြံရာမရ ဖြစ်နေစဉ် လေဒီကြိုင်ဝင်း အပြင်က ပြန်ဝင်လာသည်။ ထို့နောက် သရဲ သကြားလုံး ဇာတ်လမ်းနှင့်တကွ အဖြစ်အပျက်များကို ဝေယံက သူ့အမေအား ပြန်လည် တိုင်ကြား လေတော့သည်။

“ကိုကြိုင်ဝင်း ရှင်တမင်များ လုပ်နေတာလား ဟင်”
“မဟုတ်ရပါဘူးကွာ။ မင်းပဲ ကလေးကို အချိုမကျွေးနဲ့ ဆိုလို့ ငါက အချဉ်ကုန်အောင် ကျွေးပြီး ပြန်ယူလိုက်တာပါ”
လေဒီကြိုင်ဝင်း၏ မျက်စောင်း အစင်းတသောင်းလောက် ကိုကြိုင်ဝင်းကိုယ်ပေါ် ကျရောက်လာ သည်။
“အဲဒါကို ပြောတာမဟုတ်ဘူး။ ရှင့်ကို တနေ့တလေ ကလေးတွေနဲ့ နေခိုင်းတာ အဆင်ပြေ အောင် မနေနိုင်လို့ ပြောနေတာ။ တော်ပြီ တော်ပြီ။ ခါတိုင်းလို သူတို့အဘွားနဲ့ပဲ ထားခဲ့တော့မယ်။ ကဲ ရှင်လည်း ကြွချင်ရာ ကြွတော့”

မိန်းမဆီက အမိန့်ရလိုက်တာနဲ့ တပြိုင်နက်တည်း ကိုကြိုင်ဝင်းတယောက် ဇောင်းထဲက လွှတ်လိုက်သော မြင်းလို တချိုးတည်း လစ်ခဲ့တော့သည်။

လက်ဘက်ရည်ဆိုင်မှာ သူ့သူငယ်ချင်း အပေါင်းအသင်းများက သူအလာကို စောင့်မျှော် နေကြသည်။ ဒီနေ့ ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတယ်ဆိုတာ သူလာမှ အားလုံးက သိရမှာ မဟုတ်လား။

လက်ဘက်ရည်ဆိုင်နှင့် ဈေးက သူ့ဆိုင်လေးမှာတော့ ကိုကြိုင်ဝင်းတို့က သရဲ သကြားလုံး တလုံးဖြစ်သည်။ အချဉ်မကုန်သေး သရွေ့ပေါ့လေ ….။ ။





3 comments:

myatnoe said...

ဟားဟား
ရီရတယ်အမရေ့ ..အမြဲဖတ်ဖြစ်ပေမဲ့ အခုတခါမှ ပြန်ကော်မန့်ခဲ့တယ်။

ဂျစ်တူး - gyit_tu said...

အဟိ ရယ်ရတယ် ။ သူတို့က ဘာလို့ သူတို့ကို နှိမ်တယ်လို့ ထင်တာပါလိမ့် ။

alexandar said...

မိုက်တယ်နော်။နောက်လည်းလာခဲ့ပါမယ်နော်