ဝတ္ထုတို ၁၀

လူတွေက ရင်ထဲမှာမွန်းကြပ်လာရင် တယောက်ယောက်ကို ရင်ဖွင့်ချင်တတ်ကြတယ်။ အဲဒီအချိန်မျိုးမှာ ကိုယ့်စကားကို သေသေချာချာ နားထောင်ပေးတဲ့သူကတော့ တကယ့်သူရဲကောင်းပဲ။ အဲဒီလူကို သိပ်ခင်တာ ပေါ့။ ကိုယ့်ကိုနှစ်သိမ့်ပေးရင် ပိုတောင် ကျေနပ်သေးရဲ့။ နားလည်းထောင်ပေးနိုင်ရမယ်၊ နောက် လျှို့ဝှက် ရမယ့်ကိစ္စဆို လျှို့ဝှက်ပေးရမယ် ...။ တကယ်တော့ အဲလိုလူရဖို့ဆိုတာ သိပ်မလွယ်ဘူးလေ။ လူဆိုတာမျိုးက ကိုယ်ကသာ ပြောချင်တာ သူများပြောတာ နားထောင်ဖို့ကျတော့ တော်တော်လေးခက်ခဲတဲ့ ကိစ္စ မဟုတ်လား။ ကျမတို့ လက်ဘက်ရည်ဆိုင်လေး တဆိုင် ဖွင့်ခဲ့ဖူးပါတယ် ... အဲဒီတုန်းက စဉ်းစားမိတဲ့ အတွေးလေး တစကို အဲဒီတုန်းကပဲ ရေးပြီး ရတီမဂ္ဂဇင်းကို ပို့ခဲ့တာပါ။ “ဟစ်တိုင်” ဆိုတဲ့ ဒီဝတ္ထုလေးကို ၂၀၀၃ ခုနှစ်ထုတ် ရတီ မဂ္ဂဇင်းမှာ ကာတွန်းစောမင်းဝေရဲ့ သရုပ်ဖော်ပုံလေးနဲ့ ဖော်ပြပေးခဲ့ပါတယ်။


ဟစ်တိုင်

သူကလက်တွေ့မှယုံတာ။ ဘယ်အရာပဲဖြစ်ဖြစ် မျက်စေ့ စုံမှိတ်ပစ်ယုံလိုက်တဲ့ထဲမှာ သူမပါဘူး။ ခုတလော သူ့စိတ်ထဲ လက်ဘက်ရည်ဆိုင်တဆိုင် ဖွင့်ချင်နေတယ်။ သူ့မိန်းမကတော့ သူ့ကို မျက်စောင်းခဲတယ်။ အေးအေးဆေးဆေး ထိုင်မနေချင်ရကောင်းလား ဆိုပြီး…။ သူ့မိန်းမ ကတော့ သူ့ကို ယုံကြည်ပြီး အရင်းအနှီး ထောင်ပေးမယ့်ပုံ မရှိဘူး။ ခုတလောမှာ သူဖတ်ဖြစ် တဲ့ ဝတ္ထုကလည်း “ပီတာဇော်မြင့် လက်ဘက်ရည်ဆိုင်ဖွင့်၍ ရူးသွားခြင်း”တဲ့။ ပြီးတော့ လက်ဘက်ရည်ဆိုင်ပိုင်ရှင် သူငယ်ချင်းတယောက်ကလည်း ညည်းလိုက်တာ ခြူသံကိုပါလို့။ အဲဒါကြောင့်ကို သူကလည်းဖွင့်ကြည့်ချင်တာ။ သူက လက်တွေ့သမားလို့ ပြောပါပကောလား။

ဖြစ်ချင်တော့ ကံကြမ္မာကပဲ သူ့ဘက်မှာရှိနေသလား ဘာလားတော့မသိ။ သူ့အဒေါ်တယောက် ရုတ်တရက်ကြီး ကွယ်လွန်သွားတယ်။ သားထောက်သမီးခံ မရှိလို့တဲ့ သူတို့ မောင်နှမတွေ အမွေရလိုက်တယ်။ ကဲ ဘယ်လောက်တိုက်ဆိုင်လဲ။ သူကလည်း လက်ဘက်ရည်ဆိုင် ဖွင့်ချင်နေတဲ့ အချိန် အမွေကလည်း ရ။ ဘာပြောကောင်းမလဲ ဘယ်သူတားတား မရဘူး။ သူ့စိတ်ကူး အကောင်အထည်ဖော်ပြီ။ တကယ်တော့ သူက လက်ဘက်ရည်သာ ကြိုက်တတ် တာ။ အကျရည် ဘယ်လိုနှပ်ရလည်း ဆိုတာတောင် သိတာမဟုတ်ဘူး။ ဒါလွယ်ပါတယ်။ တတ်တဲ့ သူတွေဆီက နည်းနာယူလိုက်တာပေါ့။ ကဲ ဆိုင်ဖွင့်ပြီ။ သူ့ဆိုင်နာမည်ကာ ‘M – Jazz’ တဲ့။ ဘာအဓိပ္ပာယ်လဲ လာမမေးနဲ့။ သူလည်း မသိဘူး။

* * * *

“ငါလေ အမ်းလို့ရရင် ပြန်အမ်းလိုက်ချင်တယ် ဖိုးသိုက်ရယ်။ မပြောလိုက်ချင်ဘူး။ ငါဆိုတဲ့ ငါက သူ့ကိုချစ်လွန်းလို့ ဟိုကောင်မတွေနဲ့အပြိုင် သူ့ကိုရအောင်ယူခဲ့တာပါ။ နင်လည်း အသိပဲ”

“နေစမ်းပါဦး။ အခု ဟိုကောင်က ဘာဖြစ်နေလို့လဲ”

သူလက်ဘက်ရည်ဖျော်တဲ့ အဖျော်ခုံနားထိ လိုက်လာပြီး တတွတ်တွတ်ပြောနေတဲ့ မိနွယ်ကို လှည့်မကြည့်ဘဲ ပြန်မေးလိုက်တယ်။ မိနွယ်ဆိုတာ သူ့သူငယ်ချင်း အောင်ကြီးရဲ့ မိန်းမ။ ခုတော့ သူနဲ့လည်း သူငယ်ချင်းပါပဲ။

“ဘာဖြစ်ရမလဲ။ ဘာအလုပ်မှမလုပ်ဘူး။ မလုပ်တာ ငါမပြောဘူး။ ငါရှာကျွေးနိုင်တယ်။ အေး … ဘာမှမလုပ်ရင် အေးအေး ဆေးဆေး ထိုင်စားပေါ့။ ခုမဟုတ်ဘူး။ ပြဿနာတွေ တခုပြီး တခု ရှာရှာလာတယ်”

“ကဲ ကဲ လာ။ ခုံမှာ ထိုင်ရင်းပြော”

ဖျော်တဲ့နေရာမှာ လက်ထောက် အဖျော်ဆရာနဲ့ လွှဲထားခဲ့ပြီး လေးနွယ်ဖို့ လက်ဘက်ရည် တခွက် လာချပေးရင်း ခုံမှာ သူပါဝင်ထိုင်လိုက်တယ်။

“နင့်သူငယ်ချင်း စည်းကမ်း မရှိပုံများ မပြောချင်ဘူးသိလား။ အောက်ထပ်မှာ ငါ့အစ်မတွေ နေတာ နင်သိပါတယ်။ အဲဒီအောက်ထပ်က ရေခဲသေတ္တာထဲက ရေပုလင်းတွေကို ယူသောက် တယ်။ ပြီးတော့ ပြန်မဖြည့်ပေးထားဘူး။ အောက်ကလူတွေ ပွစိပွစိလုပ်တာကို ငါကခံရတယ်။ ဘာပဲဖြစ်ဖြစ်လေ။ သူများက ကိုယ့်ယောက်ျားကို မကောင်းပြောတာ ဘယ်သူက ခံချင်ပါ့မလဲ။ ဒါပေမယ့် သူက လွန်တာဆိုတော့ ငါဘာသွားပြောမလဲ ကဲ”

မိနွယ်ကိုကြည့်ရင်း သူရယ်ချင်နေမိတယ်။ မိနွယ်အောင်ကြီးကို ဘယ်လောက်ချစ်လဲ သူအသိ။ အောင်ကြီး ဆိုတဲ့ကောင်က ရုပ်ကဖြောင့်တော့ ကောင်မလေးတွေ ဝိုင်းနေတာ။ အဲဒီကြားက မိနွယ်က ရအောင်ယူခဲ့တာ။

“နောက်တော့ကော” …. သူစကားထောက်ပေးလိုက်တယ်။

“ပြောမယ်။ ပြောမယ်။ မပြီးသေးဘူး။ သူကလေ ငါ့မောင်သူ့ယောက်ဖကို ကြည့်မရဘူးတဲ့။ သူ့အင်္ကျီတွေ ယူမဝတ်စေနဲ့တဲ့။ အဲဒါဆို သူက ကင်းအောင်နေပေါ့။ ဟုတ်တယ်မဟုတ်လား။ ခုတော့ သူက ဟိုကောင့်အင်္ကျီတွေ ယူဝတ်တယ်။ အဲဒီတော့ ဟိုကောင်ကလည်း သူအင်္ကျီတွေ ယူဝတ်တာပေါ့။ အဲဒါကျ မကြိုက်ဘူးတဲ့။ စဉ်းစားကြည့်စမ်း။ ငါ ဘာလုပ်ရမလဲ။ ခုဆို သမီးကအစ သူ့ကို အတုခိုးတတ်နေပြီ။ သမီးရေ မျက်နှာသစ်ရအောင် ဆိုရင် ဖေဖေလည်း သစ်ဘူးတဲ့။ တီဗီကြည့်တာ ခုံမှာထိုင်ကြည့် ဆိုရင် ဖေဖေဆို အိပ်ပြီးကြည့်တာ တဲ့။ သူလည်း အိပ်ပြီးကြည့်မယ်တဲ့။ ကဲ ငါ ကလေးကိုတောင် မသွန်သင်တတ်တော့ဘူး”

ဟုတ်တော့ ဟုတ်တယ်။ အောင်ကြီး စည်းကမ်းမရှိတာ ဖြစ်သလို နေတာ သူတို့လည်း အသိ။ မိနွယ်ပြောတာတွေ အမှန်တွေချည်း။ သူကတော့ရယ်ပဲ ရယ်နေလိုက်တယ်။ ဒါတွေ မိနွယ် မသိခဲ့တာမှ မဟုတ်တာဘဲ။ ပြောနေရာကနေ မိနွယ်မျက်နှာ အုံ့မှိုင်းလာတယ်။ ပြီးတော့ သူ့နား တိုးတိုး ကပ်ပြောတယ်။

“နင့်သူငယ်ချင်းက ဒါတွေတင်မကဘူး ဖိုးသိုက်ရေ” ဆိုပြီး ငိုပါလေရော။

“ဟဲ့ ဘာတွေဖြစ်ကုန်ပြီလဲ။ ဆိုစမ်းပါဦး”
“သူက အငယ်အနှောင်းတွေ ဘာတွေ ထားချင်နေပြီ။ သိလား”
“ဟုတ်ရဲ့လားဟာ။ ဒီကောင် ဒါမျိုး မကြားမိပါဘူး”
“ဟုတ်သမှ သိပ်ဟုတ်။ ခုဆို တခါတလေ ည ပြန်မအိပ်ဘူး။ ငါ့မှာလေ ရင်ထဲမှာ မြိုသိပ်ထားရ လွန်းလို့ မွန်းကျပ်နေတာ ကြာပါပြီ။ ဘယ်သူ့ဆီသွားရင်ဖွင့်ရမှန်းလည်း မသိဘူး။ အားလုံးက ကိုယ့်အလုပ်နဲု့ကိုယ် အားကြတာ မဟုတ်ဘူးဟ။ နောက်မှ နင့်ကို သွားသတရတယ်။ နင်က အထိုင်ကဆိုတော့ ဖမ်းရခက်မှာ မဟုတ်ဘူးဆိုပြီး နင့်ဆီထွက်လာတာ”

သူ့ယောက်ျား ရှုပ်တဲ့အကြောင်းတွေ၊ သူများပစ္စည်းတွေငှားပြီး ပြန်မပေးလို့ ပိုင်ရှင်ကလိုက် လာမှ မျက်နှာပူရတယ် ဆိုတဲ့အကြောင်းတွေ ပြောပြီး နောက်ဆုံး သူ စပြောခဲ့တဲ့ ပြန်အမ်းချင် တယ်ဆိုတာနဲ့ အဆုံးသတ်သွားလေရဲ့။ သူ့မှာတော့ ရင်တွေ မောပြီး ကျန်ခဲ့လို့။

နောက်တော့လည်း အောင်ကြီးရယ်၊ မိနွယ်ရယ်၊ သမီးရယ် မိသားစုသုံးယောက် စက်ဘီး တစီးနဲ့ သူ့ဆီရောက်လာပါတယ်။ မိနွယ်ကလည်း ပြောခဲ့တာ သူမဟုတ်သလို။ ဟိုကောင် အောင်ကြီးကလည်း ဘာမှ မလုပ်ခဲ့သလို မောင်ရေ၊ နွယ်ရေနဲ့။ အင်း … သူတောင် မျက်စိလည်သွားတယ်။

* * * *

“ကိုသိုက်ပဲစဉ်းစားကြည့်ဗျာ။ ကျနော် သေချာပြောထားရက်နဲ့ အဲဒီကောင်တွေ လုပ်ဖြစ်အောင် လုပ်တယ်။ ခုတော့ ခံရပြီလေ။ ခံရတာ နည်းတောင်နည်းသေးတယ်။ သူတို့ခံရတာ အကြောင်း မဟုတ်ဘူး။ အခု ကျနော်တို့ပါ ကြားညပ်တာပေါ့။ ဟိုက မရဘူးဗျ။ သူနဲ့ယှဉ်လိုက်တာနဲ့ ဖောက်တော့တာ”

ခုထိတော့ ကိုဇော်ဝင်း ပြောနေတာတွေ သူ တလုံးမှ နားမလည်သေးပါ။ ယှဉ်တာတွေကော၊ ဖောက်တာတွေကော၊ ကြားညပ်တာကော ဘာတွေမှန်းကို မသိ။

“နေပါဦး။ ကိုဇော်ဝင်းရဲ့။ ဘယ်သူက ဘယ်သူ့ကိုယှဉ်လို့ ဘယ်သူက ဖောက်တာလဲ”
“ဟာဗျာ ကိုသိုက်ကလည်း။ ဟိုကောင် ဝင်းမင်းတို့ အုပ်စုလေ။ ဆရာပေးတာကို အသာမယူဘဲ တခြားလူတွေနဲ့ သွားယှဉ်တာ ခံရတာပေါ့ဗျာ”
“ဘယ်ဆရာတုန်းဗျ”
“ဟောဗျာ။ ကိုသိုက်ကလည်း နောက်နေပြန်ပါပြီ။ ဆရာကိုမြင့်စိုးလေ”
“သြော် …. ဟိုဟာ ပေးတဲ့ ဘိုးတော်လား”
“ဒီဆိုင်မှာ အမြဲလာထိုင်တဲ့ဆရာလေ။ သူက ကျုပ်တို့ကိုပေးတယ်မဟုတ်လား။ အဲဒါကို ဟိုကောင် ဝင်းမင်းတို့က ဆရာ့ဂဏန်းနဲ့ တခြားပုဂ္ဂိုလ်တွေရဲ့ ဂဏန်းကို ချိန်ပြီးထိုးတယ်။ အဲဒါကို ဆရာက သိတယ်ဗျ။ သိတော့ဖောက်ရော။ အမှန် မပေးတော့ဘူး။ ကြားက ခံရတာက ကျနော်တို့ဗျ။ စဉ်းစားကြည့်လေ။ ကျနော်တို့က ဘယ်ဘိုးတော်နောက်မှ မလိုက်ဘူး။ သူ့နောက်ပဲ လိုက်တာ။ ဒါနဲ့ ကိုသိုက်။ ဒီလ ၂ တလုံးကောင်းတယ် သိလား။ ခင်ဗျားမို့လို့ ကျုပ်ပြောတာ။ ဟိုကောင်တွေတော့ တော်ပြီ။ ဒီတခါလာလို့ကတော့ နားရင်းရိုက်လွှတ်မှာ”

ပြောပြောဆိုဆို ပိုက်ဆံရှင်းပြီး ထွက်သွားတဲ့ ကိုဇော်ဝင်း သူဘာလုပ်လွှတ်မယ်၊ ညာလုပ်လွှတ် မယ်ဆိုတဲ့ သူတွေနဲ့ တဟီးဟီး တဟားဟား။ ဟို ဆရာဆိုတဲ့ သူ ရောက်လာပြီဆိုရင်တော့ သူတို့ဝိုင်းက အားလုံ ငြိမ်လို့။ အပ်ကျသံတောင် ကြားလောက်ရဲ့။ ဟိုဆရာ့ပါးစပ်က ထွက်လာမယ့် စကားလုံးတိုင်းကို ဖမ်းယူဖို့ မုဆိုးမျက်လုံးတွေနဲ့ ဟိုဆရာ့ပါးစပ်ကိုထိုင်ငေးနေ ကြတာ။ တနာရီကြာကြာ၊ ၂ နာရီကြာကြာ ထိုင်လည်း ထိုင်နိုင်တဲ့သူတွေ။

* * * *

“သူက ကလေးလိုပဲငသိုက်ရေ။ ဘာမှလည်း သိတာမဟုတ်ဘူး။ သိအောင်လည်း မကြိုးစားဘူး။ ငါ့မှာသာ ဒုက္ခတွေ တပြုံတမနဲ့ ပြောရင် ယုံမှာမဟုတ်ဘူး”

သူ့အစ်ကို ဝမ်းကွဲ ကိုစိုးရဲ့ မိန်းမ မမဝင်းက အဆီပြန်နေတဲ့ မျက်နှာကို မွှေးပွ လက်ကိုင်ပုဝါနဲ့ ပွတ်သုတ်ရင်း သူ့ကိုပြောလာတယ်။

“ကိုစိုး ဘာဖြစ်လို့လဲ မမဝင်း”
“သူက ဘာမှမဖြစ်ပါဘူး။ ဖြစ်တာက ငါ ငသိုက်ရဲ့။ နင့်အစ်ကိုကလေ။ မိန်းမဘာဖြစ်နေလဲ။ ဘယ်လိုတွေ ဒုက္ခတွေ့နေလဲဆိုတာ လုံးလုံးမသိဘူး။ သူသိတာ တီဗီဂိမ်းကစားမယ်။ ပြီးရင် သူ့ရဲ့ ဒုန်းဒုန်းဒိုင်းဒိုင်း အခွေတွေ နားထောင်မယ် ဒါပဲ။ ငါ့မှာ ကြွေးတွေ ပတ်ပတ်လည် ဝိုင်းနေ တယ် ငသိုက်ရဲ့။ ဒီကြားထဲမှာ သူက တီဗီလိုချင်တယ်တဲ့ ပူဆာတယ်”
“မမဝင်းက ပြောမပြဘူးလား”
“ပြောရင်လည်း သူပဲစိတ်ဆင်းရဲရုံရှိမှာလေ။ သူက ဖြေရှင်းတတ်တဲ့သူမှ မဟုတ်ဘဲ။ ငါ့ဟာ ငါပဲ ဖြေရှင်းရမယ့်တူတူ လေကုန်ခံ ပြောမနေတော့ဘူး။ သူက ဘာပြောတယ်မှတ်လဲ။ အိမ်မှာ တီဗီ ဝယ်မပေးရင် ရတယ်တဲ့။ နင့်ဆီမှာတီဗီရှိတယ်ဆိုတော့ နင့်ကိုပဲ ဂိမ်းစက်ဝယ်ခိုင်းပြီး နင့်ဆိုင်မှာ တနေကုန်လာဆော့မယ်တဲ့။ ငါ့ကိုခြိမ်းခြောက်တယ် နင့်အစ်ကိုက”

“တဖြည်းဖြည်း သဘောပေါက်အောင်ပြောပေါ့ မမဝင်းရယ်”
“အောင်မယ်လေး မထင်ပေါင်။ ငါ့မှာ ယောက်ျားလည်း တိုင်ပင်လို့မရ။ အိမ်က အဖေအမေကို ပြောပြရင်လည်း ကိုယ်ကြိုက်လို့ ယူထားတဲ့ယောက်ျား သိက္ခာကျဦးမယ်။ အဲဒီတော့ ရင်ဖွင့်ချင် လာရင် နင့်ဆီပဲ လာလိုက်တယ်။ နင်က အထိုင်ကဆိုတော့ အဆင်ပြေတယ်လေ။ တခြား လူတွေဆို စကားလေး ပြောရဖို့ အရေး လိုက်ဖမ်းရဦးမယ်။ ကဲ ကဲ သွားမယ်ဟေ့”

လက်ပွေ့အိတ် အမည်းကြီး ကောက်ပွေ့ပြီး လှုပ်လှုပ် လှုပ်လှုပ်နဲ့ ထွက်သွားတဲ့ မမဝင်းကို သူ မသက်မသာနဲ့ ကြည့်မိတယ်။ သူ့အချစ်လွန် ရောဂါကလည်း မသေးပါလား။

* * * *

“တော်ပြီ ဖိုးသိုက်ရေ။ တော်ပြီကွာ။ ငါ အဲဒီစေ့စပ်ပွဲကို ဖျက်လိုက်တော့မယ်”
“ဘယ်လိုဖြစ်ရတာလဲ ကိုနိုင်ရာ။ အရက်တွေလည်း မူးလို့။ သောက်ဖူးတာလည်း မဟုတ်ဘဲနဲ့ ဗျာ”
“ငါ့ကို ဘလက်ကော်ဖီ တခွက်ဖျော်ပေးစမ်းကွာ။ ပြောမယ်။ ပြောမယ်။ ပြောချင်လွန်းလို့ကို မင်းဆီလာတာ”

သူကိုယ်တိုင် ဘလက်ကော်ဖီ ဖျော်ပြီး ယူလာတော့ ကိုနိုင် ဇက်ကျိုးနေပြီ။
“ကိုနိုင်၊ ကိုနိုင် ထ ထ။ ဒီမှာ ကော်ဖီရပြီ”

ခေါင်းပြန်ထောင်လာပြီး ကော်ဖီကို တကျိုက်ကျိုက်တယ်။ ကိုနိုင်က လူပျိုကြီး။ အသက်ကြီးမှ ငယ်သူငယ်ချင်း မသက်နဲ့ ချစ်သူဖြစ်ပြီး လက်ထပ်ကြမှာ။ သူတို့နှစ်ယောက်က လွန်လိုက်ဖက် တဲ့ စုံတွဲ။ မသက်ကလည်း သူ့အပေါ်မှာ အရမ်းနားလည်မှုရှိတဲ့ မိန်းမ။ ပြဿနာမရှိနိုင်ဘူးလို့ ထင်ထားတာ အခု ဘာပြဿနာ တတ်လာပြန်ပြီလဲမသိ။

ခဏနေတော့ ကိုနိုင် ခေါင်းပြန်ထောင်လာပြီး ကော်ဖီကို တကျိုက်ကျိုက်တယ်။
“ငါစိတ်ကုန်တယ်ကွာ”
“မသက်နဲ့ ဘာဖြစ်လာပြန်တာလဲ။ ကိုနိုင်ကလည်းဗျာ။ မင်္ဂလာဆောင်ဖို့ ဒီလောက်တောင် နီးနေပြီ ဥစ္စာ”
“မင်း မသက်နဲ့ ဘာမှ မဖြစ်ဘူးဟေ့။ ဖြစ်တာက သူ့ညီမနဲ့။ မင်းစဉ်းစားကြည့်စမ်း။ သူ့ အစ်မနဲ့ ငါ့ကို သဘောမတူဘူးတဲ့။ ငါက ဘာမို့လို့လဲ။ ငါတို့က ကလေးတွေလည်း မဟုတ်ကြတော့ဘူး။ ထားပါတော့။ သဘောမတူ ဘာအရေးလဲ။ သူ့အမေနဲ့ အဖေ သဘောတူ ပြီးပြီ။ ခုဟာက ငါတို့ကို လိုက်နှောင့်ယှက်သလိုကြီး ဖြစ်နေတယ်။ သူ့အစ်မ အိမ်မှာ မနေချင်အောင် ဆောင့်လား အောင့်လားတွေ လုပ်တယ်ကွာ”
“ဒါလေးများ ကိုကြီးရာ ဂရုစိုက်လို့”
“ဒါလေးမများနဲ့ဟေ့ကောင်။ ခုဟာက ငါ့ပါ ထိလာပြီကွ။ ဒီညနေ ငါက မိသက်ကို လိုက်ပို့တယ်။ အိမ်ဝမှာ သူနဲ့ စကားရပ်ပြောနေတာပေါ့ကွာ။ ဒါကလည်း သူ့အိမ်ပေါ် မတက်ချင်လို့။ တက်ရင် ငါ့ကို ပြဿနာ လုပ်မှာစိုးလို့ မတက်တာ။ အဲဒါကို အိမ်ပေါ်ကနေ ငိုကြီးချက်မနဲ့ကွာ။ သူ့ကိုငါတို့က နှိပ်စက်နေပါတယ်ဆိုပြီး ရင်ဗတ်တွေ ထု ထုငိုတာ တရပ်ကွက်လုံး ကြားမယ်။ ငါ့မှာ ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး။ အိမ်တွေက ထွက်ကြည့် တော့ ရှက်လိုက်တာကွာ။ အဲဒါနဲ့ ငါလည်း မိသက်ကို ဘာမှ မပြောဘဲ တချိုးထဲ လစ်ပြေး ခဲ့ရတာ။ တော်ပြီကွာ စေ့စပ်ပွဲကိုလည်း ငါမသွားတော့ဘူး။ စေ့စပ်ပွဲမှာ သူ အဲလိုတွေ ထလုပ် နေရင် ငါ့ဘက်က လူကြီးတွေ အရှက်ကွဲမှာကွ”

စကားအရှည်ကြီးပြောပြီး မောသွားသလို ရေနွေးငှဲ့ပြီး တကျိုက်ကျိုက်တယ်။ အမူးလည်း တော်တော်ပြေသွားပုံပဲ။

“ကိုနိုင်တို့ စေ့စပ်ပွဲက ဘယ်တော့လဲ”
“မနက်ဖြန် မနက်”
“ဟာ မဟုတ်တာ ကိုနိုင်ရာ။ မလုပ်ပါနဲ့။ မသက် ရွာလည်နေမှာပေါ့။ သွားလိုက်ပါဗျာ”
“မသွားဘူးကွာ။ ငါစိတ်ညစ်တယ်”
“ကဲပါ ကိုနိုင်ရာ။ မျက်နှာပျက်စရာ မလုပ်ပါနဲ့။ မသက် ရွာလည်မှာပေါ့။ သွားလိုက်ပါဗျာ”
“မသွားဘူးကွာ။ ငါစိတ်ညစ်တယ်”
“ကဲပါကိုနိုင်ရာ။ မျက်နှာ ပျက်စရာတွေတော့ မလုပ်ပါနဲ့။ ကလေးတွေမှ မဟုတ်တာ။ ခုည ကျနော်လိုက်ပို့မယ်။ အိမ်ပြန်လိုက်။ ကျနော်အပြန်ကျ မသက်ဆီဝင်ပြီး မနက်ကို လမ်းကြောင်း ရှင်းထားဖို့ ဝင်ပြောပေးမယ်။ ကျနော်စီစဉ်မယ်ဗျာ။ ဘာမှ မပူနဲ့ စိတ်ချလက်ချပြန်။ ဟုတ်ပြီလား”

ကိုနိုင် ဘာမှ ပြန်မပြောဘဲ ငူငူကြီး ထိုင်နေတယ်။ ခဏနေတော့မှ

“ငသိုက်။ ငါ့ကိုလိုက်ပို့ကွာ။ မင်းပြောသလိုပဲ လုပ်ပေးတော့” တဲ့

မိန်းမနဲ့ ဆိုင်ကိုထားခဲ့ပြီး ကိုနိုင့်ကို ပြန်ပို့ဖို့ စက်ဘီးထုတ်လိုက်တယ်။ သူ့မိန်းမကတော့ မျက်စောင်း တခဲခဲနဲ့ပေါ့။ နေရာတကာ ပါလေရာ လုပ်ချင်တဲ့ သူ့ကို သိပ်မကြည်ချင်ဘူး။

* * * *

“နင့်အစ်ကို အကြောင်းတော့ မပြောချင်ပါဘူး သားရယ်”

ခုမှ ဝင်ထိုင်ပြီးပြီးချင်း ချွေးတောင် မသုတ်ဘဲ အမေကပြောတော့ သူက …

“ကိုကြီး ဘာဖြစ်ပြန်ပြီလဲ”
“ဘာဖြစ်ရမှာလဲ။ ထုံးစံအတိုင်းပေါ့။ အမေကို မိုက်ရိုင်းတာလေ။ ငါ့မှာ ဒီတကောင်ပဲ လူပျိုမို့လို့ သူနဲ့ နေပါတယ်။ သူ့ဒုက္ခခံရတာနဲ့ သေလိမ့်မယ်”
“ဘယ်လိုဖြစ်လို့လဲ”
“သူ့ ဗိုက်ထဲမှာ အရက်ရှိနေရင် အရမ်းသဘောကောင်းသလောက် အရက်မဝင်ရသေးရင် ငါ့ကိုပဲ ပြဿနာရှာချင်နေတာလေ။ မနေ့က ငါ အပြင်ခဏသွားတာကို အပြင်ချည်းထွက် နေတာပဲ ဘာပဲနဲ့ ဆူလိုက် ပြောလိုက်တာများ ငါ့ကိုသူသမီးကျနေတာပဲ”
“ကိုကြီးအကြောင်းလည်း သိသားနဲ့အမေရာ။ သူက မပြောတတ် မဆိုတတ်တာကလွဲရင် သဘောကောင်းပါတယ်။ ကဲ ကဲ အမေလက်ဘက်ရည် သောက်လိုက်ဦး”
“အေးဟယ်။ အမေ့မှာလည်း ကျန်တဲ့ဟာတွေက အိမ်ထောင်တွေခွဲ၊ မအားမလပ်နဲ့ အမေ့ဆီကို လည်း မလာနိုင်၊ ငါသွားလည်း မရှိနဲ့ သားဆီကိုပဲ လာ လာ ပြောရတယ်။ သားကတော့ အထိုင်ကကိုးကွယ်”

အမေက လက်ဘက်ရည်သောက်ရင်း သူ့ဆိုင်က လက်ဘက်ရည် ကောင်းတာကော၊ အစ်ကိုကြီးက အရက်တွေ အရမ်းသောက်တာကော၊ အစ်ကိုကြီး ရည်းစားနဲ့တွဲနေတာ ကြာပြီ ခုထိမယူကြသေးဘူး ဆိုကော၊ တရစပ် ပြောနေလေရဲ့။ သူကတော့ ကြားဖူးပြီးသား အကြောင်းအရာတွေမို့ အမေ စိတ်ချမ်းသာအောင် အင်း လိုက်ယုံမှတပါး ….။

* * * *

သူ့ကို မိန်းမက နာမည်ပေးထားတယ် ဟစ်တိုင်ကြီးတဲ့။ ဟုတ်လည်း ဟုတ်တယ်။ အရင်က သူ့ကို ဒီလောက်ရင်ဖွင့်စကားတွေ မပြောကြဘူး။ ဒီလက်ဘက်ရည်ဆိုင် ဖွင့်မှပဲ တချို့ဆို ငိုယို နေလို့ မနည်းချော့ရတာ ရှိသေး။ ကြာရင် သူ ရူးလိမ့်မယ်။

လက်ဘက်ရည်ဆိုင်ဖွင့်ပြီး တနှစ်အကြာမှာ သူ တော်တော်စိတ်ညစ်နေပြီ။ သူကိုက ဖင်မငြိမ် ချင်တာလည်း ပါတယ်။ အဲဒါနဲ့ ပီတာဇော်မြင့်ကို ထောက်ခံသောအားဖြင့် သူကိုယ်တိုင် မရူးခင် လက်ဘက်ရည်ဆိုင်လေးကို ပိတ်လိုက်တယ်။ ပိတ်လိုက်တယ်ဆိုတာထက် လွှဲရောင်းလိုက် တာပါ။ သူ့မိတ်ဆွေ ကိုဝကြီးကို လျှော့လျှော့ ပေါ့ပေါ့နဲ့ပဲ ပစ္စည်းအကုန် ဆိုင်ခန်းပါ လွှဲရောင်း လိုက်တယ်။
အဲဒီကစပြီး သူ့ဆီ ဘယ်သူမှ လာရင်မဖွင့်တော့ဘူး။ သူ တော်တော်စိတ်ချမ်းသာ နေတယ်။ ဘာအလုပ်မှ မလုပ်ဘဲ ရှိတာလေး ထိုင်စားနေရတာက အရသာ ရှိလိုက်ပါဘိချင်း။ တခုပဲ။ သူ့မိန်းမ …. ။ တော်တော်နားပူတဲ့ မိန်းမပေါ့။ တနေ့တနေ့ သူ အလုပ် မလုပ်ရကောင်းလား၊ ထိုင်နေရ ကောင်းလားနဲ့ တဆူဆူ တပူပူ ဆိုတော့ နားညည်းလာရော။ တရက် … မခံနိုင် လွန်းတာနဲ့ ရန်ထဖြစ်ကြရော ….။

မိန်းမလည်း ငိုယိုပြီး အိမ်ပေါ်က ဆင်းသွားလေရဲ့။ ရင်ထဲမှာ မွန်းကျပ်နေတယ်။ အဲဒီလောက် တောင် နားလည်မှု မရှိတဲ့ မိန်းမအကြောင်း တယောက်ယောက်ကို ပြန်ပြောပြချင်နေတယ်။ သူ့အတွေးထဲ ပထမဆုံးရောက်လာတဲ့ သူက အောင်နိုင်ကြီး။ ဒါပေမယ့် မဖြစ်နိုင်ဘူး။ အဲဒီကောင်ကို ဖမ်းရတာထက်စာရင် လေကိုဖမ်းရတာကမှ လွယ်ဦးမယ်။ နောက်ထပ် အတွေးထဲကို ဆက်တိုက်ရောက်လာတယ်။ ကိုထွန်းထွန်းမင်း … သူက ယောက္ခမအိမ်မှာ နေရတာဆိုတော့ သူ့ကိုပယ်တယ်။ တရုတ်ကြီး ဆိုတဲ့ ကောင်ကလည်း မိန်းမ ကြောက်ရတဲ့ ကောင်။ အပြင်ကို ခေါ်ထုတ်ဖို့ မလွယ်ဘူး။ ကိုနောင်ကြီး၊ ကိုအောင်မိုး၊ ကိုချင်းမြင့် … ဒီလူပျို ကြီးတွေကျတော့ ရင်ဖွင့်ဖို့အရေး အရက်တိုက်ရဦးမယ်။

ကိုဝကြီး … ဟော သူခုမှ သတိရတယ်။ ခုဏက ဘာလို့ မေ့နေပါလိမ့်။ သူ့လက်ဘက်ရည်ဆိုင် လက်လွှဲရောင်းလိုက်တဲ့ ကိုဝကြီး။ ပျော်ရွှင်စွာနဲ့ ရင်ထဲမှာ စကားလုံးတွေစီပြီး ကိုဝကြီးရဲ့ ဆိုင်ကို ထွက်လာခဲ့တော့တယ်။

ဟိုရောက်တော့ သူ့ရှေ့မှာ သူ့လိုပဲ ရင်ဖွင့်နေတဲ့ မိန်းမတယောက်ရှိလို့ လက်ဘက်ရည် တခွက်သောက်ရင်း မရိုးမရွနဲ့ ထိုင်စောင့်နေလိုက်ရသေးတယ်။

တကယ် … တကယ် … ။ သူက ဘာမဆို လက်တွေ့မှယုံတာ။ လက်တွေ့သမားလေ …။

2 comments:

Moe Cho Thinn said...

ညီမရေ
နောက်ဆုံးတော့ ကိုယ်လဲ ရင်ဖွင့်သူ ဖြစ်ပါရောလား။ သံသရာများ တပတ်လည်တယ်နော်။
ဝတ္ထုလေးတွေ ကောင်းတယ် ညီမ။ အမ ခဏခဏ လာဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်လုပ်ရင်း ဖတ်တော့ ပြတ်တောင်း ပြတ်တောင်းနဲ့မို့။ ညီမ ၀တ္ထုတွေကျတော့ အေးအေးဆေးဆေး ဖတ်ချင်လို့ပါ။

ဂျစ်တူး - gyit_tu said...

အမရေ .. ဒီဝတ္ထုလေးလည်း ကြိုက်တယ်း) လူ့ သဘာဝကို ကွက်၂ကွင်း၂ မြင်လို့ရတယ် ။ အချိတ်အဆက်လေးမိတယ် ။