အက်ဆေး ၎

တကယ်က ဒီအက်ဆေးလေးကို လွန်ခဲ့တဲ့ ၉ နှစ်ဝန်းကျင်က ရေးခဲ့တာ။ ပြီးတော့ အင်တာဗျူးဂျာနယ်ထဲမှာ ပါပြီးသားပါ။ ဒါပေမယ့် ကျမမှာ ကော်ပီမရှိတော့ဘူး။ ဂျာနယ်ဆိုတော့ ထိန်းသိမ်းဖို့ကလည်းခက်။ ကျမ ကိုယ်နှိုက်ကလည်း စည်းကမ်းမရှိတာပါပါတယ်။ သို့သော် ဒီအကြောင်းအရာလေးက ကျမစိတ်ထဲမှာစွဲနေတာ။ အသစ်ပြန်ပြီး မော်ဒီဖိုင်းလုပ်တာ ဆိုပေမယ့် အရသာကတော့ အရင် အတိုင်းမပျက်လောက်ဘူးလို့ ထင်မိတယ်။ ခေါင်းစဉ်ရယ် အကြောင်းအရာရယ်က တူတူပါပဲ။ တင်ဆက်ပုံကတော့ နည်းနည်းကွာသွားတယ်။ အရင်တုန်း ကတော့ စာလည်း ရေးခါစဖြစ်တော့ တင်ဆက်ပုံက တည့်ဒိုးဆန်ပြီး ပို ရိုးသားမှုရှိမယ် ထင်ပါရဲ့။ ခုကတော့ အရင်လောက် ရိုးသားမှု မရှိတော့ပေမယ့် တက်နိုင်သလောက်တော့ ကြိုးစားရေးပြထားပါတယ်။

ဘေးဖူး

လတ်ဆတ်အေးမြတဲ့လေကိုရှူရင်း မျက်စိရှေ့တင် အပြိုင်းအရိုင်းဖွံ့ထွားလာတဲ့ ဂန္ဓမာပင်တွေကို ငေးကြည့်မိတယ်။ သန်မာတဲ့ရိုးတံတွေနဲ့ လန်းဆတ်တဲ့အရွက်စိမ်းစိမ်းတွေ။ ထိပ်ဖျားမှာတော့ ပြွတ်ခဲနေတဲ့ အဖူးတွေ ... ။

နှင်းစက်တွေကတွဲရရွဲခိုလို့ ...။ ကျမတို့မြို့လေးရဲ့ ဆောင်းနံနက်ခင်းက ဆောင်းပီပီအေးပါတယ်။ အနွေးထည် အင်္ကျီဝတ်ထားတဲ့ကြားက စိမ့်နေအောင်အေးတဲ့ သန်လျင်မြို့လေးရဲ့ ဆောင်းကိုကျမချစ်တယ်။ ကျမလျှောက် လာတဲ့လမ်းကလေးက တက္ကသိုလ်ဘုန်းနိုင်ရဲ့ “သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်” ဝတ္ထုထဲက လမ်းကလေး ပေါ့။ ခိုင်နဲ့မောင် ပြုတ်ကျခဲ့တဲ့ ချောက်ထဲမှာ ခု အိမ်ကလေးတလုံးတောင် ရှိနေပြီ။

လေသန့်သန့်ကိုရှူရင်း မနက်ခင်းမှာ လမ်းလျှောက်ရတဲ့ အရသာ .. ။ သိပ်လှတာပဲ။ မြို့ပြ သိပ်မဆန်တဲ့ မြို့ကလေး။ ကျူရှင်စောစောတက်တဲ့ ကျောင်းသူလေးတသိုက်ရဲ့ ခိုးခိုးခစ်ခစ်ရယ်သံ။ တခွပ်ခွပ် မြည်တဲ့ မြင်းလှည်းလေးတွေ။ ကျမရဲ့အဆုတ်တွေ ပိုသန့်သွားသလိုပဲ။ ဟိုးရှေ့မှာ ကျမတို့က စက်ကန်လို့ခေါ်တဲ့ ကန်ကြီးတွေ ရှိတယ်။ အဲဒီကန်ကြီးတွေကို ဖြတ်တိုက်လာတဲ့လေက ကျမရဲ့မျက်နှာကို ပွတ်တိုက် ကျည်ဆယ်နေလေရဲ့။

ကျမတို့သူငယ်ချင်းတွေရဲ့ ဂန္ဓမာခြံက အဲဒီလမ်းပေါ်မှာ။ ကျမရောက်တော့ မနက် ၆ နာရီ စွန်းရုံပဲ ရှိသေးပေမယ့် ကိုချင်းမြင့်က ဆီးဟောက်တယ် .. နောက်ကျလို့တဲ့။ ဂန္ဓမာပင်တွေက အဖူးတွေဝေနေပြီ။ မြေသြဇာနဲ့ ရေ၊ လေ၊ နေ ကောင်းကောင်း ပုံမှန်ရလို့ ပန်းပင်တွေရဲ့ ရိုးတံတွေက ကျစ်လစ်သန်မာလှတယ်။ ကိုချင်းမြင့်ကိုကူတဲ့ ဖိုးခွားလေးက ပန်းပင်တွေကိုရေလောင်းရင်း ကျမတို့ကိုလှမ်းကြည့်တယ်။ “ငါတောင် တော်တော်ပြီးနေပြီဟ” လို့ကိုချင်းမြင့်ကပြောတော့ ကျမ ဘာမှ ပြန်မပြော ဘဲ လုပ်ငန်းစဖို့ပြင်လိုက်တယ်။

အစက သတိမထားမိပါဘူး။ ဒီအလုပ်ကို လုပ်လာခဲ့တာပဲ လေး၊ ငါးရက်မကတော့ဘူး။ မနက်စောစော အိပ်ရာထပြီး လမ်းလျှောက်၊ ဂန္ဓမာခြံထဲကိုလာပြီး ကိုချင်းမြင့်ကို ကူပေးနေခဲ့တာလေ။ ကူပေးတယ်ဆိုတာက သိပ် ကြီးကြီးကျယ်ကျယ်မဟုတ်လှပါဘူး။ ဂန္ဓမာပန်းဖူးလေးတွေခြွေပေးရုံလေးပဲ။ ဒီပန်းပင်တွေ အကုန်လုံး ခုလို သန်မာဖွံ့ဖြိုးလာအောင် ကိုချင်းမြင့်တယောက်ထဲ ပြုစုပျိုးထောင်ခဲ့တာ ဆိုပေမယ့် ပန်းတွေဖူးလာတော့ သူမနိုင် တော့ဘူးလေ။

“ထိပ်ဆုံးက အကြီးဆုံးတဖူးကိုပဲ ချန်ထား။ ဘေးပတ်ပတ်လည်က ဝိုင်းနေတဲ့ အဖူးလေးတွေကို အားလုံးခြွေ လိုက်”

ကိုချင်းမြင့်ပြတဲ့အတိုင်း ပန်းဖူးလေးတဖူးပဲချန်ထားပြီး ဘေးက ဝိုင်းရံနေတဲ့အဖူးတွေကို ကျမလက်နဲ့ ဖဲ့ခြွေချ ရတယ်။ ကျမခြွေချခဲ့တဲ့ ပန်းဖူး စိမ်းစိမ်းလေးတွေက ပန်းပင်တန်းရဲ့တောက်လျှောက် မြေကြီးပေါ်မှာ ကျကျန်ခဲ့တယ်။

ကိုချင်းမြင့်ကို ကူညီရုံသက်သက်ပါ။ အဲဒီအချိန်က ကျမက ကျောင်းပြီးကာစ .. ဘာအလုပ်မှ မရှိဘဲ ယောင်ခြောက်ဆယ်ဘဝ။ “နင်အားနေတာပဲ ငါ့ကိုကူညီဟာ” ဆိုလို့ လာလုပ်ပေးခဲ့တာ။ နောက် မနက် စောစော လမ်းထလျှောက် .. နေထွက်လို့ ခဏနားချိန် ကျောင်းလမ်းထဲက အာကြီးရဲ့ အသုတ်ဆိုင်မှာ ကြာဆံသုတ် သွားစား .. ပြီးရင် လပ်ကီးလက်ဘက်ရည်ဆိုင်မှာ လက်ဖက်ရည်ကျဆိမ့်တခွက် သွား သောက် .. အဲဒီအရသာတွေကိုလည်း ကျမက မက်မက်မောမော ဖြစ်နေတာလေ။ ကြာဆံသုတ်နဲ့ လက်ဘက်ရည်ဖိုးကိုတော့ ကိုချင်းမြင့်က ဒကာခံတယ်။ ကျမရဲ့ လုပ်အားခပေါ့တဲ့။

ပန်းပင်ကလေးတွေရဲ့ ဘေးဖူးလေးတွေကို ခြွေတာ ၅ ရက်လောက်ရှိမှ စဉ်းစားမိခဲ့တာ။ ကျမခြွေချခဲ့တဲ့ အဖူးလေးတွေ နည်းမှမနည်းတာပဲ။ ဘာလို့ ဒီအဖူးလေးတွေကို ခြွေတာလဲ။ မခြွေလို့မရဘူးလား ...။

“ဘယ်ရမလဲဟ .. အဲဒီဘေးကအဖူးတွေမခြွေရင် ပန်းတွေက ဘယ်ကြီးတော့မလဲ။ သူတို့ကိုခြွေလိုက်မှ အလယ်က ပန်းတပွင့်ထဲ အကြီးကြီးဖြစ်မှာလေ”

ကိုချင်းမြင့်ကတော့ သူ့ပန်းတွေအတွက် ရိုးရိုးလေးပြောလိုက်တာပါ။ ကျမကသာ ဘေးဖူးလေးတွေကို သနားနေမိတာ။ ပန်းတပွင့်လှဖို့အတွက် အဖူး ၅ ဖူး ၆ ဖူးလောက် ခြွေချပေးဖို့ လိုလို့လား ..။

ကျမရဲ့ လက်ထိပ်တွေ အေးစက်ပြီး ထုံကျင်နေသလောက် မြေကြီးပေါ် လတ်လတ်ဆတ်ဆတ်ကြွေကျနေတဲ့ အဖူးစိမ်းစိမ်းလေးတွေ ဖွေးဖွေးလှုပ်လို့။ ပန်းတခင်းလုံးစာ အဖူးတွေလေ။ နေမထွက်ခင် နှင်းစွတ်တုန်း ခြွေချခံရတဲ့ ဘေးဖူးလေးတွေ။ အပင်တပင်ထဲမှာ ဖူးကြပေမယ့် ပွင့်ခွင့်မရလိုက်တဲ့ အဖူးလေးတွေပေါ့။

“နင်မယုံကြည့်နေ နောက်တပတ်ဆို ငါ့ပန်းခင်းကြီး ဘယ်လောက်တောင်လှလိုက်မလဲလို့ ...”

ကိုချင်းမြင့်ပြောတဲ့အတိုင်း နောက်တပတ်လောက်နေတော့ ဝါထိန်နေတဲ့ပန်းခင်းကြီးက ကျမကို ပြုံးပြတယ်။ နှင်းရည်သောက်ထားပြီး လှချင်တိုင်းလှနေတဲ့ ပန်းတွေ ...။ ရိုးတံမာမာရဲ့ ထိပ်ဖျားမှာ ပြိုင်ဘက်မရှိ တပွင့်ထဲ ပွင့်နေတဲ့ ဂန္ဓမာပန်းတွေ။ ဈေးကွက်က မျက်စေ့ကျမယ့် ပန်းတွေပေါ့။

ကိုချင်းမြင့် ချိုးပြလိုက်တဲ့ ပန်းကြီးတပွင့်ဆို လက်ဘက်ရည်ပန်းကန်ပြား နီးပါးတောင်ရှိမလားပဲ။

“ဘေးဖူးတွေကိုသာ ပွင့်ခွင့်ပေးရင် ဒီပန်းကြီးက ဒီလောက်ဘယ်ကြီးတော့မလဲဟ”

ပန်းတွေရဲ့အလှကို ခံစားရင်းကြည်နူးနေတဲ့ ကျမစိတ်က ရုတ်တရက် ဘေးဖူးလေးတွေဆီရောက်သွားတယ်။ ဟုတ်သားပဲ .. သူတို့ခမျာ ... သူတို့ရဲ့ဆန္ဒမပါဘဲ ကြွေသွားရရှာပြီ။ မဆီမဆိုင် ကျမရဲ့အတွေးထဲကို အနန္ဒသူရိယ အမတ်ကြီး နောက်ဆုံးရေးခဲ့တဲ့ လင်္ကာလေး ဝင်လာတယ်။

“သူတည်းတယောက် ကောင်းဖို့ရောက်မူ
သူတယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း ..”

ဘယ်ကမလဲနော်..ခုဟာက ပန်းလေးတပွင့်လှဖို့ ... ပန်းဖူးတွေ တသုတ်ကြီး ဖဲ့ခြွေခံလိုက်ရတာ ...။ ။


နောက်ဆက်တွဲအတွေး။ ။ ခုနောက်ပိုင်းတော့ ဂန္ဓမာပန်းအခိုင်လိုက်တွေ ခေတ်စားလာတာ တွေ့ရတယ်။ ရိုးတံတချောင်းမှာ ပန်းတပွင့်ထဲမဟုတ်တော့ဘဲ .. အခိုင်လိုက်ပွင့်တာမျိုး။ တခိုင်မှာ လေးငါးပွင့်ရွယ်တူပေါ့။ ဘေးဖူးတွေချိုးဖဲ့ဖို့ အလုပ်မရှုပ်တော့ဘူး၊ ပြီးတော့ ဘေးဖူးလေးတွေ ကြွေတာမြင်ရလို့ ဝမ်းနည်းစရာ မလိုတော့ဘူးပေါ့။ ဒါပေမယ့် အပွင့်လေးတွေက ခပ်သေးသေးလေးတွေ ... ။ တခါတခါတော့လည်း တကယ့်လိုအပ်လို့ ဘေးဖူးလေးတွေကို ခြွေရတာလားလို့ စဉ်းစားမိပါရဲ့။ ။



6 comments:

ATN said...

ဘ၀ဆိုတာ အဲလိုပဲလား မသိ...

JulyDream said...

လောလောဆယ် ကျွန်တော်တို့လည်း ဘေးဖူးတွေပါပဲ။ ကိုယ့်မွေးရပ်မှာ နေခွင့်မရပဲ အခြွေခံလိုက်ရတဲ့ ဘေးဖူး ဘ၀တွေပေါ့။

မဆုမွန် said...

အေး အစ်မရယ်..
စိတ်ထဲ မကောင်းဘူး...
ဘေးဖူးလေးတွေ အများကြီးပဲ...မြန်မာပြည်ထဲမှာ....

Kaung Kin Ko said...

နောက်ဆုံး စာကြောင်းကို အကြိုက်ဆုံးပဲဗျာ။

ဒူကဘာ said...

ဒီပို့(စ်)လေးကို ဖတ်ပြီး ဒူကဘာလဲ ငယ်ငယ်က ဒေလီယာပန်းတွေ အဖူးချိုးပြီး ပြည်ထောင်စု အလံရောက်တဲ့ အချိန် ပြိုင်ပွဲဝင်တာ ဆုရတဲ့ အဖြစ်ကို တွေးမိတော့တာပါပဲ။

Han Thit Nyeim said...

အတွေးစလေးက ကောင်းတယ်ဗျို့ အစ်မရေ...