tag 8

အကြိုက်ဆုံး ကဗျာ

ကဗျာလေးတွေအကြောင်း စဉ်းစားလိုက်တာနဲ့ ရင်ခုန်တယ်။ ကျမက ကဗျာလေးတွေကို ရေးဖို့ထက် ဖတ်ဖို့ကို ကြိုက်တာ။ ခု ကိုဂျူလိုင်က အကြိုက်ဆုံး ကဗျာလို့ တက်ဂ်ထားတော့ အတော်ပဲ … ပြောချင်လျှက် လက်တို့ ဆိုသလိုပေါ့။ ကဗျာလေးတွေကို မူကြိုကျောင်းသူ ဘဝကတည်းက ရင်းနှီးခဲ့တာပါ။ ဆရာကြီးမင်းသုဝဏ်ရဲ့ ဆွမ်းအုပ်နီနီ တို့ ဝါဆိုဝါခေါင်တို့ဆို ကျမ အကြိုက်ဆုံး ထိပ်ဆုံးထဲမှာပါပါတယ်။ နောက် တကျော့နှစ်ကျော့ တေးကိုသီ ကိုလည်း ကြိုက်တယ်။ ဒါပေမယ့် အဲဒီကဗျာလေးတွေအကြောင်း ရေးတဲ့သူက ရေးသွားပြီ။ နောက်ပြီး ၁၀ တန်းသင်ရိုးဟောင်းထဲမှာပါတဲ့ ပျဉ်းမငုတ်တိုတို့၊ သူ့မှာတမ်းတို့လည်း ကြိုက်တာပဲ .. အဲဒါတွေလည်း သူများ ဦးသွားပြန်ပြီ။ နောက် မိုးရေးတက်ရေ တဖွေးဖွေး စတဲ့ လယ်စောင့်တဲလေး ကဗျာက နန်းညီဦးသွားပြီ :)။ ကျမတို့ ကိုးတန်း၊ ဆယ်တန်းတုန်းက သင်ခဲ့ရတဲ့ ကဗျာတွေလည်း ကြိုက်တယ်။ “သုစိပုဘာ ဝိလိသိဒါ (ဓာ လား ဒါ လား မမှတ်မိတော့ပြန်ပါ) အက္ခရာစွဲသုံး ဤ ၈ လုံးကို သီကုံးပန်းသွင် နေ့တိုင်းဆင်လော့” အစချီတဲ့ ကဗျာလေး၊ နောက် သိုးကလေ အစချီတဲ့ ရွှေနှင့်ယိုးမှား ပန်းစကား။ နောက်ပြီး စစ်မှာတမူ အဲဒီကဗျာလေးတွေဆို ရွတ်နေရတာကိုက အဓိပ္ပာယ်ရှိသလိုပဲ။ သို့သော် တလုံးမေ့ နှစ်လုံးမေ့ မေ့နေပြန်ရော။ ခေတ်ပေါ် ကဗျာတွေ ကလည်း ကြိုက်ပေမယ့် ကျမအလွတ်မရပြန် ... ။ စာအုပ်ထဲက ကူးရေးတာမျိုးလည်း မလုပ်ချင်ပြန်ဘူး။ ဆရာချောရဲ့ “သစ္စာပန်းများနဲ့ မေလ” ကို ခိုက်တယ်။ ဒါပေမယ့် ဆိုခဲ့သလို အလွတ်မရပါပေါ့လေ။ ခုတလော စိုင်းဝင်းမြင့်ရဲ့ ကဗျာပေါင်းချုပ်ကို မျက်စိတွေ့နေတယ်။ ဒါပေမယ့် ကိုတောကျောင်းက အများကြီး ရေးပြထား ပြီးပြီ။ ကဗျာလေးတွေကို ကိုယ်တိုင် ဖွဲ့သီဖို့ အလှမ်းဝေး သလောက် ဖတ်ရတာတော့ မညည်းမငြူကို ကြိုက်ပါတယ်။ ဝေဖန်နိုင်တဲ့ အင်အားတော့ လုံးဝမရှိဘူး။ ကျမက ကြိုက်ရင် ကြိုက်တယ်ပဲ။ အခေါက်ခေါက် ဖတ်လိုက်တယ်။ ဒါလောက်ပဲ။ ဘလော့ဂါထဲမှာ ကာရန်တွေချိတ်ဆက် ရေးတတ်တဲ့ ကောင်းကင်ကိုရဲ့ ကဗျာတွေကြိုက်တယ်။ ကဲ ကြိုက်တာတွေက များနေပြီ။ တပုဒ်မှလည်း အလွတ် မရဘူးဆို မကောင်းဘူးနော်။ ဘယ်ဟုတ်ပါ့မလဲ ကျမအရမ်းလည်း ကြိုက်ပြီး အလွတ်လည်းရတဲ့ ကဗျာလေးတွေ ရှိတယ်။ အဲဒါကတော့ ကျမအရမ်းကို အားကျလေးစားရတဲ့ ဆရာမင်းလူရဲ့ ကဗျာလေးတွေပါ။ သူ့ရဲ့ “ရင်ခုန်သူများ” ဆိုတဲ့ ဝတ္ထုလုံးချင်းဆိုရင် ဖတ်ဖူးသူတွေ သိမှာပါ တအုပ်လုံး ကဗျာတွေ ချည့်ပြည့်လို့။ အဲ့စာအုပ်ထဲက ကဗျာလေးပါပဲ။

စားကောင်းသောက်ဖွယ်များ
စားရသောအခါဝယ်
ချစ်သူကိုသတိရ တမ်းတမိတယ်
ခုများတော့ကွယ် မုန်းလို့ရယ်ဟုတ်ဘူး
စားကောင်းသောက်ဖွယ်ဆိုတာ
ဘယ်လိုဟာ မသိတာကြောင့်
မင်းကို မေ့နေရပါကြောင်း
တောင်းပန်စိတ်ကူး …။ ။

ဆိုရှယ်လစ်ခေတ်က တကယ့်ဘဝနဲ့ နီးစပ်တဲ့ ကဗျာလေးပေါ့လေ။ ကဗျာခေါင်းစဉ် မေ့နေပြန်ပြီ။ သတိရသူများရှိရင် အစဖော်ပေးပါဦးနော် :) ကျေးဇူးတင်ပါတယ်။

10 comments:

ATN said...

ဟားဟား... ဖတ်ရင်း ရီရတယ်...
ကဗျာတွေလည်း ကြိုက်လိုက်တာ တပုဒ်မှလည်း အလွတ် မရဘူး... ငါ့ညီမကတော့ စံပါပဲ...
ဒါနဲ့ ကောင်းကင်ကိုကတော့ အကယ်ဒမီ ရသွားပြီ ကြားတာပဲ... ဟုတ် မဟုတ်တော့ မသိဘူး...

JulyDream said...

ကဗျာက အလွတ်မရတာ ရှင်ဗျူးသာ တစ်ယောက်တည်း မဟုတ်ဘူး ခင်ဗျ။ ကျွန်တော်လည်း မရဘူး။ ကြိုက်တာတွေ ရှိပေမယ့် ပြန်မေးရင် တစ်ခုမှ အလွတ်မရဘူး။

PHYO said...

စာဖတ်ပါ ဆိုစာအုပ်ခေါင်းဦး ပီးအိပ်နေတာကိုး
ဘယ်အလွတ် ရမလဲအဟတ်ဟတ်

Anonymous said...

တိုက်တိုက်ဆိုင်ဆိုင်-မနေ.ကဘဲ မောင်ငယ်ရင်သွေး-ကဗျာလေး တစ်ယောက်တည်း ရွတ်ကြည်.နေတာ..တော်တော်ကို မေ.နေပြီ..အဆင်ပြေရင် ထပ်ဆက်ကြည်.ပါအုံး-ရှေးသရောအခါ-ပြည်ဗာရာဝယ်..ဒန်ဒန်ဒန်..ရတော.ဘူးလေ..
ကေလာမမ

Kaung Kin Ko said...

အဲဒီ့ မောင်ငယ်ရင်သွေးကဗျာတော့ အလွတ်ရသလိုပဲဗျ။ mama အတွက် နိုင်သလောက် ဆက်ပေးလိုက်မယ်။ မောင်ငယ်ရင်သွေး..နာဘိသေးလော့...ရှေးသရောခါ...ပြည်ဗာရာဝယ်...ကုဋေကြွယ်အား..သူဌေး(အား/သား)လျှင်..သားတစ်ယောက်ဖြစ်...ချစ်၍တစေ..အိမ်မှာနေ၍..စာပေမကျ..မိဘစုတေ့...ခန္ဒာရွေ့ သော်..အရှေ့ အနောက်...တောင်မြောက်ဘယ်မှာ..မသိပါငြား...သူဌေးသားသည်...အရပ်ရပ်၌..နှံအပ်ဥစ္စာ..ရှိသည်ငှာကို...များစွာကျွန်ပေါင်း..မကောင်းခိုးသူ..ယူ၍ပြေးရှောင်း..အိမ်ကိုရောင်း၍..ထောင်းထောင်းကြေလျက်...ခွက်လက်စွဲကာ...တောင်းစားပါလည်း...နင်သာလူမိုက်..ဒုစရိုက်ဟု...ရိုက်ပုတ်လိုက်ကြ...((ကြားထဲကဟာ မေ့နေပြီ)) ...တောမှသေသည်...ကောင်သေဠင်းတ ကျ၏တည်း။...လို့ ထင်တာပဲ။

Kaung Kin Ko said...

ဟာ။ ကြားထဲက ရေးတဲ့ဟာတွေ ပျက်သွားတယ်။ ကွန်မန့် မှာ အပြည့်လည်းမပေါ်ပါလား။

Anonymous said...

ရှေးသရောအခါ..ပြည်ဗာရာဝယ်.ကုဋေကြွယ်သား သူဌေးသားသည်...ရတော.ဘူး.ဘာဘဲဖြစ်ဖြစ်.အဲလို
ဆက်ပေးတဲ.စိတ်ကူးကိုလေးစားပါတယ်..တွေ.တဲ.လူတေါ
ဟိုလူနည်းနည်း-ဒီလူနည်းနည်း နဲ. တစ်နေ.ကျရင်
တစ်ပုဒ်လုံး ပြည်.သွားမှာပါနဲ.တူပါတယ်.ကျေးဇူးပါ.
ကေလာမမ

Kaung Kin Ko said...

မောင်ငယ်ရင်သွေး..နာဘိသေးလော့...ရှေးသရောခါ...
ပြည်ဗာရာဝယ်...ကုဋေကြွယ်အား..
သူဌေး(အား/သား)လျှင်..သားတစ်ယောက်ဖြစ်...
ချစ်၍တစေ..အိမ်မှာနေ၍..စာပေမကျ..မိဘစုတေ့.
..ခန္ဒာရွေ့ သော်..အရှေ့ အနောက်...တောင်မြောက်ဘယ်မှာ..မသိပါငြား...
သူဌေးသားသည်...အရပ်ရပ်၌..နှံအပ်ဥစ္စာ..
ရှိသည်ငှာကို...များစွာကျွန်ပေါင်း..မကောင်းခိုးသူ..
ယူ၍ပြေးရှောင်း..အိမ်ကိုရောင်း၍..
ထောင်းထောင်းကြေလျက်...ခွက်လက်စွဲကာ...
တောင်းစားပါလည်း...နင်သာလူမိုက်..ဒုစရိုက်ဟု..
.ရိုက်ပုတ်လိုက်ကြ...((ကြားထဲကဟာ မေ့နေပြီ)) ...တောမှသေသည်...ကောင်သေဠင်းတ ကျ၏တည်း။...လို့ ထင်တာပဲ။

tututha said...

ရိုက်ပုတ်လိုက်ကြ ရွာမှထွက်ကာ (ကာလားလျှင်လားမသိ) တောမှာသေသည်

Kaung Kin Ko said...

ကျေးဇူးအစ်မ။ သူဌေးသားသည်...နဲ့ အရပ်ရပ်၌
ကြားထဲမှာလည်း ကျွန်တော်ကျန်ခဲ့သေးတယ်။

သူဌေးသားသည်..သိုထားမတတ်..အရပ်ရပ်၌...
နှံအပ်ဥစ္စာ......ဗျ။

ကျွန်တော်တို့ ငယ်ငယ်က ကဗျာတွေကော
တခြားစာပိုဒ်တွေကော အမေက အလွတ်ကျက်ခိုင်းလို့ 
မှတ်မိနေတာဗျ။ မှတ်မိသေးတယ်။ ကျွန်တော့်ညီ
ဆေးရုံမှာ မေ့ဆေးပေးပြီး ခွဲစိတ်မှုလုပ်တော့
သူခွဲပြီးလို့ သတိပြန်ရတဲ့ အချိန်မှာ သူမှတ်ဥာဏ်
ကောင်းသေးလား မကောင်းတော့ဘူးလားလို့ 
ကျွန်တော်က ဒီကဗျာ ရွတ်ပြီး စမ်းတာဗျ။ :D
အဲဒီ့တုန်းက ကျွန်တော်က လေးတန်းလောက်ပဲ
ရှိသေးတယ်။