အမှတ်တရရက်စွဲများ ၆

တခုသောနှစ်သစ်

နှစ်သစ်ကူးဖို့ ဘာမှ မလိုတော့ဘူးဆိုတော့ တခုသော နှစ်သစ်ကူးအချိန်လေးကို သတိရမိတယ်။

ကျမတို့က ငယ်ငယ်ကလေးဘဝတည်းက ၃၁ ရက်နေ့ဆိုရင် ညလယ် ဝတ်ပြုစည်းဝေး အမြဲတက်ရလေ့ ရှိပါတယ်။ ညဦးပိုင်းမှာ ဘုရားကျောင်းထဲက ခုံတွေကို ဘေးကပ်ပြီး အဖွဲ့တွေခွဲ ကစားနည်းပေါင်းစုံအောင် ကစားကြ .. ။ ကစားလို့ပြီးရင် အဲဒီနှစ်အတွက် မဲခွဲပြီး ကင်းနဲ့ကွင်းရွေး၊ ပြီးရင် အမျိုးသမီးအသင်းက ပြင်ဆင် ပေးထားတဲ့ ကောက်ညှင်းပဲပေါင်းနဲ့ လက်ဖက်ရည်ကို တဝကြီးစား .. ၁၁ နာရီ ထိုးပြီ ဆိုတာနဲ့ ခုံတွေပြန်စီပြီး ဝတ်ပြုစည်းဝေး စပါပြီ။

ကလေးဘဝကတည်းက တောက်လျှောက်အဲလိုပုံစံနဲ့ပဲ နှစ်သစ်တွေကို ကျော်လွန်ဖြတ်သမ်းခဲ့တာ အကျင့်ပါ ခဲ့တယ်။ ကျမတို့ ဘုရားကျောင်းရဲ့ လက်ထောက် သင်းအုပ်ဆရာက စာရေးဆရာ သန်လျင်ဖေသွင်ပါ။ ဆရာက တရားဟော ကောင်းသလို နှစ်သစ်ဝင်ခါနီးအချိန်မှာ သူက ဦးဆောင် ဆုတောင်းပါတယ်။ ၁၂ နာရီ ထိုးခါနီး ၅ မိနစ်လောက်အလိုမှာ ဆုစတောင်းပြီး ၁၂ နာရီတိတိ ခေါင်းလောင်းလည်းထိုး သူ့ဆုတောင်းချက် လည်း ပြီး ... ။ ကျမက အဲဒီအချိန်လေးကို သိပ်စွဲမက်ပါတယ်။ ခုတော့ ဆရာလည်း ကွယ်လွန် ခဲ့ပါပြီ။

ကလေးတုန်းက ညဦးပိုင်း ကစားတဲ့အချိန်တွေဆို သိပ်ပျော်ပါတယ်။ ကလေးတွေနဲ့ဆိုင်တဲ့ ကစားနည်းတိုင်း ဝင်ပါခွင့်ရတယ်လေ။ နောက် လူငယ်ဘဝရောက်တော့ ကျမတို့က ဦးဆောင်ကစားရတဲ့ အနေအထား ရောက်လာပြန်တယ်။ လူငယ်တွေ ကလေးတွေကို အဖွဲ့တွေခွဲ .. ကစားနည်းပေါင်းစုံကို ဦးနှောက်ခြောက် အောင်စဉ်းစား .. မမောမပမ်းနဲ့ ကစားခဲ့ပြန်ပါတယ်။ ကျမတို့ ဦးမဆောင်ရတဲ့ နှစ်တွေဆိုရင် သူငယ်ချင်းတွေ စု .. လမ်းဟိုဘက်က တခြား ဘုရားကျောင်းတွေလျှောက်လည်ရတာလည်း ပျော်စရာ သိပ်ကောင်းပါတယ်။ ဘုရားကျောင်းတိုင်းက လူငယ်တွေက ကျမတို့ရဲ့ သူငယ်ချင်းတွေချည်းပဲကိုး။ တယောက်နဲ့တယောက် စကြ နောက်ကြ၊ အော်ဟစ်နှုတ်ဆက်ကြနဲ့ .. ဒီဇင်ဘာ ၃၁ ရက်ညတွေကို ကျမတို့ စွဲလမ်းခဲ့ကြတယ်။ တချို့ ခရစ် ယာန် မဟုတ်တဲ့ သူငယ်ချင်းတွေလည်း ကျမတို့ကိုခင်တော့ ကျမတို့နဲ့အတူ ပါဝင်ဆင်နွှဲကြတယ်။

ကျမ မှတ်မိသလောက် အဲလိုပုံစံနဲ့ နှစ်သစ်ကို ကူးခဲ့တာ တောက်လျှောက် တနှစ်မှ မပျက်ခဲ့ရာက ကျမ ဂျီတီအိုင် ပထမနှစ် တက်တဲ့နှစ်မှာ အဲဒီအစဉ်အလာ ပျက်ရတော့မယ့် အနေအထားဖြစ်သွားခဲ့တယ်။ အဲဒီနှစ်က ကျမက ဂျီတီအိုင် ပထမနှစ်၊ ကျမရဲ့ အခင်ဆုံးသူငယ်ချင်း မမိုးစည်က ဂျီတီအိုင် တတိယနှစ်။ ကျမတို့ နှစ်ယောက်စလုံး အင်းစိန် ဂျီတီအိုင်မှာ ကျောင်းဖွင့်ရက်၊ ကြားရက်ကြီးနဲ့ ဆုံနေတော့ အိမ်ပြန်လို့မရဘဲ ဖြစ်နေကြတယ်။

ပထမနှစ်မှာ ကျမက ကျောင်းဆောင်မရသေးဘူး။ ကျောင်းနားကအပြင်ဆောင်တဆောင်မှာ ငှားနေရတယ်။ မမိုးစည်ကတော့ ကျောင်းဆောင်ရနေပြီ။ အဲဒီအချိန်က ရန်ကုန် - သန်လျင်တံတားကြီးလည်း မပြီးသေးတဲ့ သင်္ဘောခေတ်။ ကျမတို့နေတဲ့ သန်လျင်နဲ့ ကျောင်းနဲ့က အဝေးကြီး .. အိမ်ကနေတက်လို့ ဘယ်လိုမှ အဆင် မပြေတဲ့ အနေအထား။ အဆောင်နေမှ အဆင်ပြေတဲ့ အခြေအနေ။ ဂျီတီအိုင်က ကျောင်းပျက်လို့လည်း မဖြစ်တဲ့ ကျောင်းလေ။ တရက်ပျက်ရင် စာက လိုက်လို့မဆုံးတော့ဘူး ဆိုတော့ ဒီဇင်ဘာ ၃၁ ရက်ရဲ့ အစဉ်အလာကို ကျမတို့ စိတ်ညစ်ညစ်နဲ့ ဖျက်ရမလိုဖြစ်ခဲ့တယ်။

ဒါပေမယ့် ကျမကော မမိုးစည်ပါ နှယ်နှယ်ရရတွေမဟုတ်ဘူးလေ။ သူများထက်ထူးလိုက်ရမှ .. ကဲလိုက်ရမှ ဆိုတဲ့ အစားထဲကဆိုတော့ .. မမိုးစည်က စပါတယ်။

“တူး .. ငါတို့ ညကျ Mid Night ဘုရားကျောင်းတက်ရအောင်”
“ဟင် ဘယ်လိုလုပ်တက်မလဲဟ။ တို့က အပြင်ဆောင်မို့လို့ ရတယ်ထားပါဦး။ မမိုးစည်က ဘယ်လိုလုပ်မလဲ”

ကျမမေးတာလည်း မမှားဘူးလေ။ ကျောင်းဆောင်က ညနေ ၆ နာရီဆိုရင် တံခါးပိတ် ဂျိတ် .. လူစစ်တာ မဟုတ်လား။ သူက လုံးဝမလျှော့ဘူး ..။

“ရတယ် .. ဒီလိုလုပ်ဟာ .. နင်က ၁၀ နာရီကျော်လောက်မှာ စောင့်နေလိုက်။ နင့်ကို မြင့်ထွန်းဝင်းနဲ့ မြင့်ဇော် လာခေါ်လိမ့်မယ်။ သူတို့နဲ့လိုက်ခဲ့ပြီး ငါ့အဆောင်ကို လာခဲ့ကြ”
“ဖြစ်ပါ့မလားဟ ဘယ်လိုထွက်မှာလဲ”
“ဖြစ်တယ်ဟာ ငါပြောသလိုသာလုပ်”

ဒီလိုနဲ့ ကျမတို့ရဲ့ ဘုရားကျောင်းတက်ရေး စီမံကိန်းကြီး စတင်ပါတော့တယ်။ ညကျတော့ ကျမအဆောင်ကို မမိုးစည်ရဲ့ သူငယ်ချင်း ကိုမြင့်ထွန်းဝင်းနဲ့ ကိုမြင့်ဇော်က လာခေါ်တယ်။ ကျမအဆောင်က ကျောင်းရှေ့တင် ပဲလေ။ မမိုးစည်နေတဲ့ သပြေဆောင်က ကျောင်းဝင်းထဲမှာ။ ကျောင်းရောက်ပြီးမှ ညဘက် တခါမှ မထွက်ဘူးလို့လား မသိဘူး စိတ်ထဲမှာ ပျော်လည်းပျော် ကြောက်လည်းကြောက်။ မမိုးစည် ဘယ်လိုလုပ်မလဲ ဆိုတာလည်း စိတ်ဝင်စားပေါ့ ..။

ကျမတို့ သပြေဆောင်ရှေ့ရောက်တော့ အဆောင်ရှေ့မှာ ကျောင်းသားတွေ တန်းစီနေတာပဲ ...။ သီချင်းဆို နေကြတာလေ ..။ အောင်နိုင်ရဲ့ “ယု” သီချင်းကို ဆိုနေကြတာ။ အဆောင်ထဲမှာက ကျမတို့နှစ်၊ ကျမတို့ မေဂျာက မကွေးသူ ယုယုကြိုင်နဲ့ ထားဝယ်သူ ယုယုနွဲ့ရှိလို့ “ယု” သီချင်းကို ဆိုကြတာ။ နောက်ဆုံးအပိုင်း “အချစ်ဆုံး .. ယု .. ယု .. ရယ် .. အကြင်နာဆုံး .. ယု .. ယု ရယ် ..” ဆိုတဲ့နေရာမှာ “အချစ်ဆုံး ယု .. ယု နွဲ့ .. အကြင်နာဆုံး ယု .. ယု ကြိုင်” ဆိုပြီး အဲဒါကိုပဲ ပတ်ဆိုနေကြတယ်။

ကျမက နည်းနည်းတော့ လန့်သွားတယ်။ ဘာလို့လဲ ဆိုတော့ အားလုံးက ယောက်ျားလေးတွေချည်းလေ။ ကျမ တယောက်ထဲ မိန်းကလေးပါလာတာဆိုတော့ လန့်တာ အမှန်ပဲ။ ဒါပေမယ့် ကျမ ပါလာတာကို သီချင်းဆိုနေတဲ့ သူတွေ တယောက်မှ မအံ့သြကြဘူး။ သူတို့က အဲဒီအစီအစဉ်ကို သိပြီးသားကိုး။ ကိုမြင့်ဇော်နဲ့ ကိုမြင့်ထွန်းဝင်း တို့က ပြောထားခဲ့ပြီးသား။ သူတို့အားလုံး သီချင်းဆိုချင်ယောင် ဆောင်ပြီး စောင့်နေကြတာ။ အဲဒီအုပ်ထဲမှာ ကျမရဲ့ အခင်ဆုံးသယ်ယင်း ဂျပိန်ကောင်တောင် ပါနေသေး ..။

ကျမတို့ရောက်ပြီး ခဏနေတော့ မမိုးစည်နဲ့ နောက်အစ်မကြီး ၃ ယောက် အဆောင်ထဲက ထွက်လာတယ်။ အဆောင်က တထပ်တိုက်ပုအရှည်လေး။ ရှေ့မှာကပါလာ .. ပါလာနဲ့ကပ်ရပ်က အုတ်တံတိုင်းပေါ့။ အပြင်က ဂစ်တာတီးတဲ့ကောင်တွေ ကြားမှာ ယောက်ျားစီး စက်ဘီးတစီး ထောင်ထားတယ်။ မမိုးစီကို အထဲကနေ အစ်မကြီး ၃ ယောက်က ခွေးခြေကနေတဆင့် အုတ်တံတိုင်းကို ကျော်နိုင်အောင် ပင့်ပေးကြတယ်။ တကယ်တော့ တော်တော်မလွယ်တဲ့ကိစ္စ။ မမိုးစည်ဆိုတာ နည်းတဲ့ ခန္တာကိုယ်ကြီး မဟုတ်ဘူး။ ဝတာတင်မဟုတ်ဘူး .. သူက ထွားကြိုင်းတာ။ အရပ်ကလည်းရှည် .. ခန္တာကိုယ်ကလည်း ထွားဆိုတော့ အထဲက သူ့ကိုပင့်ပေးရတဲ့ အစ်မတွေ တော်တော် ဒုက္ခရောက်ကြတယ်။ အပြင်ဘက်က ယောက်ျားလေးတွေက စက်ဘီးပေါ်တက်ပြီး သူ့ကို ဆွဲချရတယ်။ အောက်ကတော့ စက်ဘီးကို သေချာထိန်းထားကြတာပေါ့။ ဒီလိုနဲ့ မမိုးစည် အပြင်ရောက်လာ ပါတော့တယ်။

အဲဒီအချိန်မှာ ၁၁ နာရီ ထိုးခါနီးနေပြီ။ ကျမတို့ ၂ ယောက်ကို ကိုမြင့်ဇော်တို့က ရွာမ ဘုရားကျောင်းထိ လိုက်ပို့တယ်။ အဲဒီနှစ်က ကျမတို့ ဘုရားကျောင်းတက်လိုက်ရတယ် ဆိုပါတော့လေ။ ဘာရယ်မဟုတ်ဘူး .. ကျမတို့ ၂ ယောက်စလုံးက တခုခု လုပ်ချင်ရင် လုပ်လိုက်ရမှ။ မဖြစ်ဖြစ်အောင် ထလုပ်ချင်တာကို မမိုးစည်ရဲ့ သူငယ်ချင်းတွေကလည်း ဝိုင်းကူပေးခဲ့တာ။

ဘုရားကျောင်းတက်ပြီး အပြန်ကျတော့ တခါ မမိုးစည်ကို ဒီဘက်က ပြန်ပင့်ပေး၊ ဟိုဘက်က မအိပ်ဘဲ စောင့်နေတဲ့ အစ်မတွေက ခွေးခြေလေး ခုပြီး ပြန်ခေါ်နဲ့ .. အဲဒီအချိန်မှာ ယောက်ျားလေးတွေက သီချင်းကို အဆက် မပြတ် ဆိုပေးနေပါတယ်။ ခါတိုင်းညတွေလည်း သီချင်းလာဆိုနေကျ ဆိုတော့ ဆရာမအတွက် မထူးဆန်းတော့ဘူးပေါ့။ အဲဒီညက မမိုးစည် အဆောင်က ခိုးထွက်ပြီး ကျမတို့ ဘုရားကျောင်း သွားတက် ကြတာကို အဆောင်မှူး ဆရာမ ဒီနေ့ထိမသိခဲ့ဘူး။

အဲဒီတခါသာပါပဲ .. နောက် တခြား ဘယ်သူမှ အဆောင်က ကျော်ထွက်တာမျိုး မကြားဖူးခဲ့ပါဘူး။ မိရင်လည်း တော်တော် မလွယ်မယ့် ကိစ္စလေ။ နောက်ပြီး ဟိုးလေး တကျော်ကျော်ဖြစ်မှာလေ။ အဲဒီညကတော့ ကျမတို့ကို ယောက်ျားလေး သူငယ်ချင်းတွေကလည်း ကူညီဖုံးဖိပေးခဲ့တာပါ။

ညလယ် ဝတ်ပြုစည်းဝေးအပြီး ရွာမဘုရားကျောင်းက ပြန်လာတော့ ကျမတို့ သူငယ်ချင်းနှစ်ယောက် ကျမတို့ သန်လျင် ဘုရားကျောင်းမှာ နှစ်သစ် ဝတ်ပြုစည်းဝေးပြီးတိုင်း ဂစ်တာနဲ့ဆိုကြတဲ့ သီချင်းလေးကို တိုးတိုး ညည်းခဲ့ကြပါတယ်။ အဲဒီသီချင်းက ကျမ ငယ်ငယ်ကတည်းက ကြားဖူး၊ ဆိုဖူးတဲ့ သီချင်းလေးပါ . ... .. လွမ်းလို့ အမှတ်တရ စာသားလေးတွေ ပြန်ရေးပေးလိုက်ပါမယ် ... ၃၁ ရက်ညလယ် ဝတ်ပြုစည်းဝေး ပြီးချိန်မှာ ကျမ သူငယ်ချင်းတွေ အဲဒီသီချင်းလေးကို ဆိုနေကြလိမ့်မယ် .. ဘုရားကျောင်းဝန်းကျင်က အိမ်တွေ ရှေ့မှာလိုက်ပြီး Happy New Year အော်ရင်းပေါ့ .. ကျမလည်း တယောက်တည်း အဲဒီ သီချင်းလေးကို ညည်းနေမှာပါ ..။

{ကျွန်ုပ်တို့အတွက် ကျေးဇူးတော်နှစ်သည် .. ပြီးဆုံးလုပြီ .. ကျေးဇူးတော်ကို ချီးမွမ်းကြကုန် ...။ နောင်လာမည့် အသစ်သောနှစ်အား .. ကိုယ်တော်အတွက် .. ဆပ်ကပ်လျှက် ကျွန်ုပ်တို့၏ အသက်တာ ပူဇော်မည် ..။ အပြစ်၌ ပျော်မွေ့ခဲ့သော စိတ်အတွက် ဝမ်းနည်းလျှက်ရှိပါ .. နောင်တနှင့်ဆိုင်သော ဆုကို ပေးမူပါ .. }

နှစ်သစ်ကို ကြိုဆိုရတိုင်း စိတ်လှုပ်ရှား ပျော်ရွှင်ခဲ့ရတဲ့ အဲဒီ တခုသော နှစ်သစ်ကို ကျမပြန်ပြန် လွမ်းနေ မိတယ်။ အစွန်းအထင်းတွေ အတော်လေးနည်းသေးတဲ့ အချိန်တွေပေါ့ .. အဲဒီတုန်းက အပြစ်တွေ ကျူးလွန်ခဲ့ မိလို့ ဝမ်းနည်းတယ် ဆိုတာ ခုချိန်၊ ခုအသက်အရွယ်နဲ့ယှဉ်ရင် ဘာမှ မဟုတ်တော့ပါလား ဆိုတာကို တွေးမိတယ် ..။ အဲဒီကာလတွေတုန်းက ဘယ်သူ့ကိုမဆို ခွင့်လွှတ်နိုင်၊ လက်ဆွဲနှုတ်ဆက်နိုင်ခဲ့ပေမယ့် ခုအချိန်မှာ လုံးဝ ခွင့်မလွှတ်၊ လက်ဆွဲ မနှုတ်ဆက် နိုင်ဘူး ဆိုတဲ့သူ နည်းနည်းတော့ ရှိနေပါလားလို့ သတိရမိတော့ တုန်လှုပ်မိတယ်။

ဘာပဲဖြစ်ဖြစ် ဟိုးတုန်းက ချစ်စရာ အတိတ်ကလေးတွေကို တွေးလိုက်ရတာ ကျမရဲ့စိတ်ကို ပေါ့ပါး ပျော်ရွှင်စေတာ အမှန်ပဲ။ အဲဒီအတိတ်တွေကို ပြန်ပြန်တွေးရင်း အနည်းဆုံးတော့ နှစ်သစ်မှာ ကျမကပဲဖြစ်ဖြစ် ကျမကိုပဲဖြစ်ဖြစ် အထင်လွဲမှုတွေ နည်းနိုင်သလောက်နည်းအောင် ကြိုးစားပြီး မုန်းတဲ့သူ နည်းနိုင်သလောက် နည်းအောင် နေဖြစ်လိမ့်မယ် ထင်ပါရဲ့။






9 comments:

ပန်းခရမ်းပြာ said...

လွမ်းလိုက်တာ အင်းစိန် GTI ရယ်၊ သပြေဆောင်ရယ်...။ အဆောင်မှုး ဒေါ်ခင်မှတ်လား.. ဒေါ်မြင့်မြင့်အေးလားတော့ မမှတ်မိတော့ဘူး.... သိရင်တော့ ရင်ကျိုးမယ် ...။ ဒါ ...ဒို့ကျောင်းသူတွေ သွေးက အဲဒီလို နီတယ်လေ ..။

ခင်မင်စွာဖြင့်

EC ကျောင်းသူဟောင်း မချို

Andy said...

ံဖြစ်ရမယ် မတူးတို့ကတော့

tututha said...

ဒေါ်မြင့်မြင့်အေးလက်ထက်ပါ အစ်မရေ။ အီးစီ ကျောင်းသူဟောင်းဆိုတော့ တူးရဲ့ စီနီယာကြီးထင်ပါ့။ ဒေါ်ခင်မှတ်ကို မီတယ်ဆိုရင်တော့ အစ်မကြီးပဲ ဖြစ်မယ် ထင်တယ်။ လာလည်သွားတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။ အင်းစိန်ဂျီတီအိုင် လွမ်းဘွယ် တွေ အေးဆေး ရေးပါဦးမယ်။ အစ်မလည်း သွေးနီခဲ့တယ် ထင်ပါ့ အဟီး။

အန်ဒီရေ ဒီထက်ဆိုးတာတွေ ရှိသေးတယ် ဟီဟိ။

sin dan lar said...

လူဆိုးလေး.....
ဆရာမဒေါ်မြင့်မြင့်အေး ဆိုတာ Civil ကလားဟင်

ပန်းခရမ်းပြာ said...

ဟုတ်ပါ့ တူးရယ်။ ပေါ်ကုန်ပြီ ...။ စီနီယာကြီးပေါ့ ... အသက်တွေလည်း ကြီးပြီကိုး ...အဟဲ .... ဖေဖေ့ကိုလည်း တူးနှုတ်ဆက်တဲ့ အကြောင်း ပြောပြလိုက်ပါမယ်။ သူ့ပုံ နဲ့ ပို့စ်တင်ဦးမှာပါ။ လောလောဆယ် အလုပ်ရှုတ်လွန်းလို့ မရေးနှိုင်သေးတာပါ။
တူးဘလော့ကို မကြာခဏ လာဖတ်ပါဖြစ်တယ်။ ခြေရာသာ မချန်ခဲ့တာ။ sg ကို နောက်တခါလာမယ် ဆိုရင် ကြိုပြောနော် ၀ိုင်ကောင်းကောင်း အသင့်ပြင်ထားမယ်။

မီယာ said...

ပျော်စရာလည်းကောင်း ရင်တုန်စရာလည်းကောင်း ပါတယ် အမရေ။ Midnight service အပြီး ကျွေးတဲ့ ဆန်ပြုတ်၊ ကြာဇံချက် တွေကို သတိရတယ်။

မောင်လူအေး said...

ပျော်ရွှင်ဖွယ်ရာ နှစ်သစ် မင်္ဂလာပါ...

:)

စာတော့ နောက်နေ့မှ လာဖတ်တော့မယ်..

လောလောဆယ် ဘလော့တွေ လည်ပြီး လှည့်ပတ် နှုတ်ဆက်နေလို့....

:P

JulyDream said...

"When you're lonely, I wish you Love!
When you're down, I wish you Joy!
When you're troubled, I wish you Peace!
When things seem empty, I wish you Hope!
Have a Happy New Year!"

ကောင်းကင်ကို said...

သြော။ မတူးလည်း အင်ဂျင်နီယောင်ကို..အဲ..မှားလို့ ..အင်ဂျင်နီယာကိုး။ :D