စာအုပ်အညွှန်း ၂

စာအုပ်အညွှန်းကို ကျမရေးခဲပါတယ်။ မှတ်မှတ်ရရ ၁ အုပ်ပဲရေးဖူးပါသေးတယ်။ ကျမ စာအုပ်အညွှန်းကို ရေးတယ်ဆိုတဲ့နေရာမှာ တခြားသူတွေနဲ့ တူချင်မှ တူပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ကျမရေးဖြစ်တဲ့ စာအုပ်က အသစ်၊ လတ်တလောထွက်ထားတာ မဟုတ်ပါဘူး (ဟုတ်ချင်လည်း ဟုတ်ပါလိမ့်မယ်) လတ်တလောထွက်တာ မဟုတ်ပေမယ့် ကျမ လတ်တလော ဖတ်ဖြစ် (ပြန်ဖတ်ဖြစ်) တဲ့ စာအုပ်ပါ။ နောက်တချက်ကတော့ စာအုပ် ဟောင်းဟောင်း၊ သစ်သစ် အဲဒီစာအုပ်ရဲ့ အရသာကို ဖတ်ဖူးသူတွေနဲ့ သဘောထားချင်း ဝေမျှရင်း .. မဖတ်ရသေးသူတွေကို ဖတ်ကြည့်စမ်းပါ ... ဒီလိုကောင်းတာပါလို့ လက်တို့ ချင်တာပါ။ ဒါကြောင့် ဖတ်ပြီးသူတွေအနေနဲ့ ကျမနဲ့ သဘောထားခြင်း တူမတူ ဝေမျှခံစားပြီး မဖတ်ရသေးသူတွေ ဖတ်ကြည့်ကြပါလို့ ..။

ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ

ဆရာမ နုနုရည် အင်းဝ ကို ပင်ကိုယ်ရေး လုံးချင်းစာရေးဆရာတွေထဲမှာ ကျမတော်တော့်ကို စွဲပါတယ်။ သူ့စာအုပ်တွေကို ထွက်သမျှ ဖတ်ခဲ့ပြီး ဖတ်သမျှလည်း ကြိုက်တာချည်းပါပဲ။ သူက စာတအုပ်ကိုရေးတဲ့နေရာမှာ အကြောင်းအရာတခုခုကို အခြေခံပြီးရေးလေ့ရှိတယ်။ နယ်ပယ် တခုခုကို နောက်ခံထားပြီး အဲဒီနယ်ပယ်ကို အသေးစိတ် ချယ်မှုန်းလေ့ရှိတာ သူ့ပရိသတ်တွေ သိပါတယ်။ ဥပမာ - အမှတ်မရှိ၊ လမ်းမရှိ၊ ကီလီဘောတံတား ဆိုရင် ရန်ကုန်က တကယ့် ဂျစ်ပစီ .. လမ်းပေါ်က လူတွေ အကြောင်းကို အသေးစိတ်ရေးပြထားတာပါ။ အိပ်နေရင်ည နိုးနေရင်နေ့ ဆိုရင်လည်း မျက်မမြင်တွေအကြောင်း .. မျက်မမြင်တွေရဲ့ ဘဝကို ခပ်သွက် သွက်၊ စုတ်ချက်အနုစိတ် သရုပ်ဖော်ပြ ခဲ့တယ်။ မင်းသားသုံးသိန်း၊ မင်းသမီး တသိန်း၊ လူကြမ်း တရာကတော့ ရုပ်ရှင်နယ်ပယ်က အရှုပ်တော်ပုံတွေ၊ လူကြမ်းတွေ၊ ဇာတ်ပို့တွေသာမက၊ အလှ ဖန်တီးရှင်တွေအကြောင်းပေါ့။

ဆရာမက နယ်ပယ်တခုကို သေချာ သုတေသနပြု လေ့လာပြီးမှ ရေးတာဖြစ်တဲ့အတွက် ဆရာမရဲ့စာအုပ်တိုင်းက ဝတ္ထုဆိုတာထက် အဲဒီနယ်ပယ်ကို စာဖတ်သူတွေ နားလည်သွား နိုင်တာမို့ ဆောင်းပါးလုံးချင်းတွေနဲ့လည်း ဆင်ပါတယ် (ဒါကျမရဲ့ အယူအဆပါ) ဆရာမရဲ့ စိတ်ကူးယဉ် ဇာတ်ကောင် တွေ ကြောင့်မို့လို့သာ ဝတ္ထုဖြစ်သွားတာပါ။ ကျမ မှတ်မိသလောက် တော့ ဆရာမရဲ့ မြစိမ်းပြာ ကမာရွတ် ပြီးတဲ့နောက်မှာ နောက်ထပ် အဲလိုဝတ္ထုမျိုးတွေ ထွက်မလာတော့ဘဲ ခု ကျမညွှန်းချင်တဲ့ “ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ” ထွက်လာခဲ့ပါတယ်။ ဒီစာအုပ်က အမျိုးသားစာပေ ဆုလည်း ရခဲ့ပါတယ် (ရထိုက်တဲ့စာတအုပ်ပါပဲ)

ဒီစာအုပ်ကတော့ မိန်းမလျှာ လိင်တူချစ်သူတွေရဲ့ ဘဝကို ချယ်မှုန်းထားတာပါ။ နေရာကတော့ တောင်ပြုံးပွဲတော်ထဲမှာပေါ့။ ဒေစီဂျိန်းဆိုတဲ့ မိန်းမလျှာကြီးတယောက်က ဒီဝတ္ထုရဲ့ အဓိက ဇာတ်ကောင်ပါ။

အဓိကဇာတ်ကောင်ကို အဖွင့်မှာ ပြမထားသေးဘဲ တောင်ပြုံးပွဲတော်အသွား လမ်းပေါ်က မြင်ကွင်းတွေကို ဆရာမက ခပ်သွက်သွက် ဖျတ်ခနဲ၊ ဖျတ်ခနဲ မြင်သာထင်ရှားအောင် ပြပါတယ်။ ကျမတို့ ငယ်ငယ်ကကြားဖူးခဲ့သလို ယောက်ျားလေးတွေက မိန်းကလေး တွေကို သားပြော၊ မယားပြော ပြောတဲ့ တောင်ပြုံးမဟုတ်တော့ဘူးတဲ့။

ဟိုတုန်းကလို ကလေးရုပ်ကြီးတွေ အတင်းလိုက်ပြီး ထိုးပေးတာမျိုးတွေဘာတွေ မရှိတော့ဘူး။ ယောက်ျားလေးနဲ့ မိန်းကလေး သမီးရည်းစားဖြစ်ဖို့ မျက်လုံးချင်းဆုံ ရင်ခုန်ဖို့ အင်မတန် ခက်ခဲတဲ့ ခေတ်တုန်းက မက်မောခဲ့ကြတဲ့ ပါးစပ်အရသာကို သည်နေ့ခေတ်မှာ မမက်မောကြတော့ဘူးနဲ့တူပါရဲ့။ ရှေးခေတ်တောင်ပြုန်းကို မီလိုက်တဲ့ ဘိုးတော်အရွယ် လူပျော်ကြီးတွေလောက်ပဲ ခပ်ကြောင်ကြောင်နဲ့ နောက်နေကြတယ်။

ဒါပေမယ့် တောင်ပြုန်းကတော့ တောင်ပြုန်းပါပဲ။ ရိုးရာကြောင့်နှစ်စဉ်လာတဲ့သူတွေ၊ ရွှေဖျဉ်းကြီး ရွှေဖျဉ်းလေး အရှင်နှစ်ပါး မစလို့ စီးပွားလာဘ်လာဘတက်တယ်လို့ ယုံကြည် သူတွေ၊ စီးပွားလာဘ်လာဘတက်အောင်လာတိုင်ပင်သူတွေ၊ လူမှုရေးကိစ္စ ကြောင့် လာရောက် ကိုးကွယ်သူတွေနဲ့ ကြက်ပျံမကျ စည်ကားဆဲပဲလို့ဆိုပါတယ်။ ပြီးတော့ ဒီထဲမှာ အများဆုံးက မိန်းမလျှာတွေပေါ့။ သူတို့က နတ်ကတော်တွေလေ။ နတ်က ဘာကြောင့် မိန်းမအစစ်ကိုကတော်မမြှောက်ဘဲ မိန်းမလျှာတွေကိုမှမြှောက်ရသလဲ ဆိုတာကိုတော့ ဆရာမ ကိုယ်တိုင်လည်း မေးခွန်းပဲထုတ်ထားခဲ့ပါတယ်။

ဒီထဲမှာ ဒေစီဂျိန်းကတော့ ဆွေမျိုးတောင့်တင်းတဲ့ သူဌေးနတ်ကတော်ပေါ့။ တောင်ပြုန်းမှာ အိမ်ပိုင်တောင်ရှိပြီး သူ့ဆီ လာတဲ့ဧည့်သည်တွေကို ပွဲတော်တလျှောက်မှာ ထမင်းရည် ချောင်းစီး ဧည့်ခံနိုင်တဲ့သူ။ နောက်ပြီး သူများနဲ့မတူအောင် နတ်ရုပ်တွေမထားဘဲ ဗောင်းတော် တခုတည်းကို ဘုရားစင်ရှေ့မှာ တင်ထားကိုးကွယ်တဲ့သူ။ ချွေရံသင်းပင်းများသလောက် မာနလည်းကြီးသူ။ ဒါပေမယ့် သူက အသက်တော့ကြီးပြီ။ ၄၀ ကျော် ၅၀ တွင်းပေါ့။ ဆရာမ က ဒေစီဂျိန်းကို သူ့ဘဝဇာတ်ကြောင်း သူ့ဘာသာပြန်ပြောင်းပြောခိုင်းထားတာ တွေ့ရတယ်။ အဲဒီလိုအရေးက ဖတ်ရတာ အတော်လည်းသွက်ပြီး မိန်းမလျှာတွေရဲ့ တကယ့်ဘဝကို မြင်ရတာ ပြုံးမိသလို၊ တခါတခါလည်း ကရုဏာသက်၊ တခါတခါလည်း ဒေါသထွက်မိပါတယ်။
တချို့လည်း စတာ ကြမ်းတယ်။ အို ... ကိုယ်ကတော့ ကြမ်းလေ ကြိုက်လေ။ သူငယ်တွေက မိန်းမရေဆို မောင်ရေဆိုပြီး သဘောတွေကိုခွေ့လို့။ “ဟဲ့ ... မ” ဆိုလို့ကတော့ မအေ၊ နှမ မိုးမွှန်သွားပြီသာ မှတ်တော့။

ဒေစီဂျိန်းတို့ လူငယ်ဘဝက တောင်ပြုန်းမှာ မိန်းမလျှာတွေ ဖမ်းတယ်ဆိုတဲ့ ခေတ်တခေတ်ရှိ လိုက်သေးတယ်တဲ့ ...။ အဲဒါကိုဆရာမက ဒီလို သရုပ်ဖော်ပြပါတယ်။

တခါတည်း ရဲအလစ်မှာ နန်းကြီးပေါ်တက်သွားပြီးကဲတာပေါ့။ ခဏနေတော့ ရဲကမြင်ရော။ မြင်တာနဲ့ ဒေါသတကြီး ကိုယ့်ဆီလာတာ ဖမ်းမလို့။ ဒီလိုဘယ်ရမလဲ။ ဗြတ်ဆို တခါတည်း ထဘီချွတ်ချပြီး ကပျာကယာခေါက်၊ ချိုင်းကြားညှပ်၊ အောက်ကခံလာတဲ့ ပုဆိုးကို ပြင်ဝတ်ခဲ့ပြီး ဘေးက သူငယ်တယောက်ကို ဟဲ့ နင့်တိုက်ပုံမြန်မြန်ချွတ်စမ်း၊ ငါ့ခဏပေး၊ ပြီးတော့လိုက်ယူ ဆိုပြီး တိုက်ပုံထပ်ဝတ်ပြီး ယောက်ျားပုံ လုပ်လိုက်တာပေါ့။ ပြီးတော့ ရှေ့ကနေ ခပ်တည်တည်နဲ့ ဖြတ်ပြီး ထွက်လာခဲ့တာ။ ရဲတွေနဲ့ကိုယ်နဲ့ လိုက်တမ်းပြေးတမ်း ကစားရတာကို ပျော်လို့။

ဒေစီဂျိန်းက တခြား၊ တခြားသော မိန်းမလျှာတွေလိုပဲ နှလုံးသားရှိသူဆိုတော့ တခြားသူတွေ လိုပဲ ဇာတ်လမ်းလေး ရှိပါတယ်။ သူ့ဇာတ်လမ်းက တမျိုး။ ကောင်လေးတယောက်ကို ရွာတရွာကနေ ခေါ်လာတာပါ။ ရိုးရိုးခေါ်လာတာတော့မဟုတ်ဘူး ကောင်လေးရဲ့ အမေဆီမှာ ၅၀၀ ပေးပြီးဝယ်လာသတဲ့။ သူ့ဆီမှာ လက်တိုလက်တောင်း လုပ်ရာကနေ တဖြည်းဖြည်း သူ့ဆီမှာ သူ့လက်သူ့ခြေဖြစ်လာတဲ့ ကောင်လေးရဲ့ ဘဝကိုလည်း ဆရာမက စိတ်ဝင်စားစရာ ဖြစ်အောင် ရေးပြထားတယ်။

ဝယ်မယ် ဝယ်မယ် တသက်လုံးစာ အပိုင်ဝယ်မယ်” ဆိုပြီး အိမ်ပေါ်ပြေးတက်လို့ ပိုက်ဆံ ၅၀၀ ကို ဗြတ်ဆို သူ့အမေကြီးကို ရော့ လို့ ပေးပစ်လိုက်တယ်။ “ခုချိန်ကစပြီး ရှင့်သားကို ကျုပ်ပိုင် သွားပြီနော် ဒါပဲ” လို့လည်း ပြောလိုက်သေးတယ်။ သူ့အမေကြီးက ခေါင်းတညိတ်ညိတ်နဲ့ ပိုက်ဆံ ၅၀၀ ရလို့ မျက်နှာကို ပြုံးနေတာပဲ။ အဲဒီအချိန်ကစပြီး မင်းမင်းကို ဂျိန်းပိုင်ခဲ့တာပေါ့။ မင်းမင်းဟာ ဂျိန်းရဲ့ တောက်တိုမယ်ရ ကူဖော်လောင်ဖက် ကလေး၊ ဂျိန်းနတ်ပွဲကဖို့ ပုဆိုး၊ ထဘီ၊ အင်္ကျီ ပြင်ဆင်ပေးရမယ်။ ပြီးရင် စနစ်တကျ ခေါက်သိမ်းရမယ်။ ဂျိန်းဆံထုံးကို ကူဖြုတ် ပေးရမယ်၊ ပန်းကိုကူဖြုတ်ပေးရမယ်။ ဂျိန်းလက်ဝတ်လက်စားတွေကို မပျောက်မရှအောင် သိမ်းရမယ်။ အရေးကြီးဆုံးအလုပ်က ဂျိန်းနတ်ဝင်နေတုန်း နတ်ကနေတုန်းမှာ ဂျိန်းမျက်နှာ ပေါ်က ချွေးဥလေးတွေကို တယုတယ သုတ်ပေးဖို့ပဲ။

မိန်းမလျှာတို့ထုံးစံအတိုင်း အချိန်တန်တော့ အသည်းကွဲရတယ်ဆိုတာလေးကို ဆရာမက တောင်ပြုန်းရဲ့ လှုပ်ရှားမှုပုံရိပ်တွေနဲ့ ရောစပ်ခြယ်မှုန်းပြထားခဲ့တာကလည်း စိတ်ဝင်စားစရာ ကောင်းလွန်းပါတယ်။ တောင်ပြုန်းမှာက ဒေစီဂျိန်းတို့လို အဆင့်အတန်းမြင့်မြင့် အခြောက်တွေ ရှိသလိုပဲ တကယ့် လမ်းဘေးက ပေါက်ကရ မဟုတ်တာ အကုန်လုပ်တဲ့ ဂျပိုးအခြောက်တွေ လည်း ရှိရဲ့။ ကျမသဘောအကျဆုံး ဇာတ်ကောင်ကတော့ ဒေစီဂျိန်းရဲ့ ငယ်သူငယ်ချင်း ငွေခင်ဆိုတဲ့ မိန်းမလျှာပါ။ သူ့အဆို လေလွင့်မ ပေါ့။

ကနားတဲရှေ့မှာ အရက်ခွက်ကိုင်ပြီးထိုင်နေတဲ့ ငွေခင်ကို တွေ့တွေ့ချင်း ဒေစီဂျိန်းက အော်လိုက်တာနဲ့ ငွေခင်က မိန်းမလျာတို့ရဲ့ နှုတ်ဆက်အဆဲနဲ့ တုန့်ပြန်လိုက်တယ်။ “ဘာကိစ္စ နင်က ငါ့လိုက်ရှာရတာလဲ။ လင်လဲချင်လို့လား” ဒေစီဂျိန်းက တစ်တစ်ခွခွ တလုံးချင်းဆဲလိုက် ပြန်တယ်။ ငွေခင်ကတော့ သူ့မူပိုင် ဟန်အတိုင်း ပုဆိုးလတ်လတ်ပေါ်မှာရှပ်အင်္ကျီ လက်တို ကြောင်ကြောင်ကျားကျား အပြင်ထုတ်ဝတ်လို့ လက်တဖက်က အရက်ခွက်၊ တဖက်က စီးကရက်၊ မျက်နှာလေးကလုံးလုံး၊ နှုတ်ခမ်းပါးနဲ့ မျက်လုံးကလေး ပေကလပ် ပေကလပ်နဲ့ ဒီနေ့ ဘာများရှုပ်ရပါ့မလဲလို့ စဉ်းစားနေတဲ့ပုံ။

ဒေစီဂျိန်းရဲ့ ချစ်သူ မင်းမင်း .. (သူ့အခေါ် မင်းမောင်) ကလည်း ဒီလောကထဲ နေလာတာ ကြာတဲ့အခါ ကျတော့ ပေါက်တတ်ကရ ပေါင်းစုံလုပ်တတ်လာပြီ။ အရက်၊ မိန်းမ ... ဆိုတာတွေ က သူ့အတွက်တော့ ဖောချင်းသောချင်း။ အဲဒီမင်းမင်းနဲ့ တောင်ပြုန်းပွဲရောက်လာတဲ့ သူတောင်းစားမလေး ပန်းညိုတို့ရဲ့ အချစ်ဇာတ်လမ်းကတော့ ဆရာမရဲ့ ဝတ္ထုကို လုံးဝ ဝတ္ထု ဆန်သွားစေတဲ့အချက်ပါ။

နတ်ကတော်လောကမှာ ထွန်းကားလာတဲ့ “တက်ပွဲ” ဆိုတာကို အပြိုင်အဆိုင်ကျင်းပတဲ့ အကြောင်းကလည်း အတော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ နန်းကြီးပေါ်မှာ တက်ပွဲကို အပြိုင်ကျင်းပတော့ နတ်ကတော်တွေက များလွန်းလို့ မြို့မှာ ဆေးခန်းပြသလို တုံကင်ယူရ တာ၊ တယောက်ကို ၁၅ မိနစ်ပဲ အချိန်ရတာ၊ ပိုက်ဆံတွေ ဖောချင်းသောချင်း ကျဲကြတာ၊ နတ်ကတော်တွေ အပြိုင်အဆိုင်ဝတ်ကြစားကြတာ၊ တခြား အောက်နန်းတွေမှာ လိုက်ကရင်း မိန်းမယောက်ျားတွေ ဒွေးရောယှက်တင် နေကြ၊ မူးကြ၊ ကဲကြတာတွေကို ဆရာမရဲ့ ထုံးစံအတိုင်း သွက်သွက် ရေးပြထားပါတယ်။

ဆရာမရဲ့ ဝတ္ထုတိုင်းမှာ ဇာတ်ကောင်စရိုက်တွေ များသလို ဒီဝတ္ထုမှာလည်း အဓိက ဇာတ်ကောင် တယောက်ထဲ မဟုတ်ဘဲ ဇာတ်ပို့တိုင်းက စိတ်ဝင်စားဖို့ကောင်း နေပါတယ်။ ဒေစီဂျိန်းရဲ့ ထမင်းချက် အဖုံကြီး (သူလည်း အခြောက်ပဲ)၊ အဖုံကြီးကို ကူဖို့ တောက ခေါ်လာတဲ့ အခြောက်ကလေး၊ မဟုတ်က ဟုတ်က အကုန်လုပ်တဲ့ လှသူဇာမေ ဆိုတဲ့ အခြောက်၊ တောင်းစားနေရတဲ့ ပန်းညိုတို့ မောင်နှမတွေ၊ နောက်တော့ ခါးပိုက်နှိုက် စိုးလွင်...။

“လှသူဇာမေတို့ ကနားတဲဆိုတာ သိလိုက်တာနဲ့ မမြင်ချင်ယောင်ဆောင်ပြီး မင်းမင်း ဖြတ်လျှောက်သွား မလို့ပဲ။ ဒါပေမယ့် လှသူဇာမေပါတဲ့။ မျက်စိက လျင်လိုက်တဲ့ ဖြစ်ခြင်း။
“ဟဲ့မင်းမင်း လာပါဦး။ မထိုင်တော့ဘူးလား”
“ဟာ ... မထိုင်တော့ဘူး။ အလုပ်ကလေးတွေ ရှိသေးတယ် မာမီ”
မင်းမင်းငြင်းတော့ မိန်းမတယောက်လို အခုအခံ အဖြည့်အစွက်တွေနဲ့ ပြင်ဆင်ထားတဲ့ လှသူဇာမေက မိန်းမတယောက်လိုပဲ နီရဲတွတ်နှုတ်ခမ်းလေးကို လှလှပပမဲ့တယ်။
“စိမ်းကားလိုက်တာမောင်ရယ်။ ခဏလေးလာပါဦး။ ပြောစရာရှိလို့”

နောက်တော့ ယုန်ထိုးနေ့တဲ့။ အဲဒီနေ့မှာ ယုန်ထိုးရိုးရာ ရွာကလူတွေက ကြိုက်သလောက် ဆဲခွင့်ရှိတယ်ဆိုပဲ။ အဆဲခံရသူတွေက လာဘ်ကောင်းတယ် လို့ ဆိုကြတယ်။ နောက်ပြီး သူဌေးကုန်းဆိုတဲ့ နေရာတခု တောင်ပြုန်းမှာ ရှိခဲ့ဖူးတာကို ဆရာမ က ချယ်မှုန်းပြသေးတယ်။ ဟိုးအရင်က သူဌေးမကြီးတွေ အပျော်လာကြူးတဲ့ နေရာတခု .. အဲလို အပျော်ကြူးရင်း ပါသမျှကုန်လို့ သူဌေးကုန်ဆိုရာကနေ သူဌေးကုန်း ဖြစ်လာတာတဲ့။

ဒေစီဂျိန်းခမျာ မင်းမင်းရဲ့ ခြေလှမ်းတွေကို သိလည်းသိ၊ လက်ပူးလက်ကြပ်ကလည်း မမိသေး၊ လင်ပူမိနေတဲ့ ဘဝ ... တွေ့ရာကောက်ရိုးမျှင်ပဲဖြစ်ဖြစ် သူ့ကိုကူနိုင်မယ်လို့ ယူဆပြီး တောင်ပြုန်းတခွင် ပြဲပြဲစင်အောင် မင်းမင်းအကြောင်း လိုက်စုံစမ်းတာတွေ .. ။ မင်းမင်းကို ချစ်လွန်းလို့ လူရှေ့သူရှေ့မှာ မဏ္ဍပ်တိုင် တက်ပြတာတွေကလည်း ဒီလောကကို သေသေချာချာ ထဲထဲဝင်ဝင် မလေ့လာထားပဲ ရေးလို့မဖြစ်တဲ့ အကြောင်းအရာတွေပါ။ သူတို့လောကရဲ့ အခေါ်အဝေါ်၊ အပြောအဆို၊ လေယူလေသိမ်းတွေ သရုပ်ပါလွန်းလို့ ဖတ်ရင်း ပြုံးမိတယ်။

“ဟဲ့ ဂျိန်းစဘွန်းမ၊ လင်ပျောက်ပြန်ပလား”
ဟော .. ဟို လေလွင့်မရဲ့ မထီတရီ ပေါ့ပျက်ပျက်အသံ။ ကောင်မက သူများ ကနားတဲပေါ်မှာ ပါတိတ်ရှပ်အင်္ကျီတွေ ဘာတွေနဲ့ စီးကရက်ခဲလို့။
“ဟဲ ငွေခင် လာခဲ့စမ်း။ နင့်ကိုငါလိုက်ရှာနေတာ။ နင့်ကို မေးစရာရှိလို့”
ငွေခင်က အေးစက်စက်မျက်နှာနဲ့ ပျင်းမှုပျင်းရာ ထလာတယ်။ ဒေစီဂျိန်းက ဖေ တခွန်း တုတ်လိုက်ပေမယ့် ငွေခင်က နည်းနည်းမှ အိနြေ္ဒမပျက်ဘူး။
“နင့်ဟာလေးအကြောင်း ငါ့လာမမေးနဲ့ လေကုန်တယ်။ နောက်ထပ်လိုချင်ရင်သာပြော။ ငါဝယ်ပေးမယ်။ ဈေးမဆိုးဘူး။ ပိုက်ဆံထားခဲ့။ ငါဝယ်ပေးမယ်”
“တော်ပါပြီအမေရယ်။ အမေသာသုံးဆောင်လိုက်ပါ။ မှီဝဲလိုက်ပါ။ ကဲ ... ငါ့ကိုပြောစမ်း။ မင်းမင်းအကြောင်း နင်ဘာကြားလဲ။ ညကကော မတွေ့မိဘူးလား”

လူတွေရွံရှာတဲ့ဒီဘဝမှာ တကယ့်မိန်းကလေးအစစ်နဲ့ ပြိုင်ပြီး ချစ်သူလုရတဲ့ အခါ အများ အားဖြင့် သဘာဝအတိုင်း ကောင်မလေး အစစ်နောက် ကောက်ကောက်ပါအောင် လိုက်သွားမယ့် ကောင်လေးကို အားပေးမိကြမှာပဲ။ ထူးဆန်းတာက ဆရာမရဲ့ အဖွဲ့အနွဲ့ကြောင့်လား မပြောတတ်ဘူး ကျမစိတ်ထဲ ဒေစီဂျိန်းကို ကရုဏာသက်မိတယ်။ မင်းမင်းကို ပန်းညိုလေးနဲ့ ချစ်သူဖြစ်တာ အပြစ်မဆိုချင်ပေမယ့် ဒေစီဂျိန်းကို ခွဲသွားမယ် ဆိုတာကိုတော့ သဘောမတူမိပြန်ဘူ့း။ နောက်ဆုံး မင်းမင်းတယောက် ပန်းညိုကိုရှာမတွေ့ တော့ဘဲ ဖျားပြီး မူးလဲ ဒေစီဂျိန်းရင်ခွင်ထဲ ပြန်ရောက်သွားတာကိုပဲ ဝမ်းသာနေမိပြန်ရော ..။

ဆရာမရဲ့ ဒီဝတ္ထုထဲမှာ ခါးပိုက်နှိုတ်စိုးလွင်အကြောင်းကို သေချာရေးပြထားတော့ ကျမက နောက်ပိုင်း သူ့အကြောင်း ဆက်လာဦးမယ်လို့ထင်တာ။ အဲဒီတချက်ကလေးပဲ ပြောစရာ ရှိမယ်ထင်ပါတယ်။

ဆရာမက ဒေစီဂျိန်းကို စကားတခွန်း ပေးပြောခိုင်းထားတာ လေးနဲ့ ဒီစာစုကို အဆုံးသတ်ပါရစေ “နတ်ကတော်ဆိုတာ ငရဲအိုး နှုတ်ခမ်း ပတ်ပြေးနေတဲ့သူ” တဲ့လေ။

အမှားပြင်ဆင်ချက်
ဆရာမ နုနုရည်ရဲ့ ဒီဝတ္ထုကို ကျမက အမျိုးသားစာပေဆု ရခဲ့တယ်ထင်ပြီး အဲလိုထည့်ရေးမိလိုက်ပါတယ်။ ကျမရဲ့ သုတေသနပျင်းမှုသက်သက်ပါ။ အဲဒါကို အောင်ဖြိုးလေးက ခုလိုထောက်ပြခဲ့ပါတယ်။ အောင်ဖြိုးလေးကို အထူးကျေးဇူးတင်ပါတယ်။

အမရေ ...အညွှန်းလေးအတွက်ကျေးဇူး ...ဒါထက် ကျတော်သိရသလောက်တော့ သည်စာအုပ်ဟာ အမျိုးသားစာပေဆု မရခဲ့ဘူးထင်တယ် ၊ South Asian စာပေဆုတော့ Nomination ရခဲ့တယ် ။ အင်္ဂလိပ်ဘာသာ ပြန်မှာညွှန်းထားတာတော့ မြန်မာနိုင်ငံတွင်းမှာပဲ ၁၂ နှစ်ကြာ စိစစ်ရေးကထွက်ခွင့် မပေးဘူးလို့ဆိုထားတယ် ။ 1994 ကတည်းက အားမာန်သစ်က ထွက်ခဲ့ပေမယ့် နောက်တော့မှ ရွှေအမြုတေ မှာ အခန်းဆက်ပြန်ပါတာ ။သိရသလောက်တော့ ဆရာမဟာ "မြစိမ်းပြာ ...." တစ်အုပ်ပဲစာပေဆုရတာ ထင်တာပဲ ။ အဲ ... ရသင့်တဲ့ စာအုပ်တွေတော့ အများကြီးပေါ့ .. လေ ။

အဲဒါနဲ့ ပဲ ဆရာမနုနုရည်နဲ့ ပတ်သက်တဲ့ အချက်အလက် အနည်းငယ်ကို ရှာဖွေဖော်ပြပေးလိုက်ပါတယ်။
လိင်တူချစ်သူ နတ်ကတော်နှင့် မြန်မာလူငယ်တဦးအကြား ချစ်ကြိုးသွယ် ဆက်နွယ်ပုံကို ဖေါ်ကြူးထားသော သူ ၏ ၀ထ္ထုစာအုပ်က ၂၀၀၇ ခုနှစ် အာရှစာပေဆု ရရှိခဲ့သည်။ ထို့အပြင် အင်္ဂလိပ်ဘာသာသို့ပြန်ဆိုကာ Hyperion အမည်ဖြင့် ၂၀၀၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ စာရေးဆရာမ နုနုရည်ကို ၁၉၅၇ ခုနှစ်တွင် မန္တလေးမြို့အနီး အင်းဝကျေးရွာတွင် ဖွားမြင်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် စာပေလော က အတွင်းသို့ သူ စတင်ချင်းနင်း ဝင်ရောက်လာသည့်အချိန်မှစ၍ ၀တ္ထုရှည်ပေါင်း ၁၅ အုပ်၊ ၀တ္ထုတိုပေါင်း ၁၀၀ ကျော်နှင့် နာမည်ကြီး မြန်မာမဂ္ဂဇင်းများတွင် ဆောင်းပါး မြောက်များစွာ ရေးသားခဲ့သည်။ ဆရာမနုနုရည်၏ ရေး သားမှုများသည် မြန်မာနိုင်ငံ ကျေးလက်နေ ဆင်းရဲသားများအကြားရှိ ဘ၀များနှင့် လူ့အဖွဲ့အစည်းများမှ အပယ်ခံထားရသူများ၏ အကြောင်းများကို တင်ပြထားချက်များ ဖြစ်ကြသည်။


10 comments:

Aung Phyoe said...

အမရေ ...
အညွှန်းလေးအတွက်ကျေးဇူး ...
ဒါထက် ကျတော်သိရသလောက်တော့ သည်စာအုပ်ဟာ အမျိုးသားစာပေဆု မရခဲ့ဘူးထင်တယ် ၊ South Asian စာပေဆုတော့ Nomination ရခဲ့တယ် ။ အင်္ဂလိပ်ဘာသာ ပြန်မှာညွှန်းထားတာတော့ မြန်မာနိုင်ငံတွင်းမှာပဲ ၁၂ နှစ်ကြာ စိစစ်ရေးကထွက်ခွင့် မပေးဘူးလို့ဆိုထားတယ် ။ 1994 ကတည်းက အားမာန်သစ်က ထွက်ခဲ့ပေမယ့် နောက်တော့မှ ရျွှေအမြုတေမှာ အခန်းဆက်ပြန်ပါတာ ။သိရသလောက်တော့ ဆရာမဟာ "မြစိမ်းပြာ ...." တစ်အုပ်ပဲစာပေဆုရတာ ထင်တာပဲ ။ အဲ ... ရသင့်တဲ့ စာအုပ်တွေတော့ အများကြီးပေါ့ .. လေ ။

Anonymous said...

အဲ..ကျတော်တို့ ..ဘာမှ မသိပါ..အစ်မရေ
ဒါပေမယ့် ဒီစာအုပ်လေးတော့ ဖတ်ဖူးချင်းသား..
လိုက်ရှာလိုက်ဦးမယ် အစ်မရေ...တောင်ပြုံးပွဲတွေ ရောက်ဖူးတော့
သူတို့ ရဲ့ ရှေးဘ၀ကုသိုလ်ကံမကောင်းမှုတွေ မျက်မြင်ခဲ့တာဆိုတော့ ဂရုဏာ သက်မိပါတယ်..

tututha said...

ကျေးဇူးပါ အောင်ဖြိုးရေ။ အစ်မရဲ့ ရီဆာ့ခ်ျပျင်းမှုပေါ့ အဟဲ။ ခုလိုသိတဲ့သူတွေက ညွှန်ပြပေးတာ တကယ်ကို ကျေးဇူးတင်ပါတယ်။ အစ်မက စာအုပ်ကို ကြိုက်တာပဲသိပြီး ဘက်ဂရောင်းကို သေချာ မလေ့လာဖြစ်တာပါ။ ပြန်ရှာကြည့်ပြီး ပြင်လိုက်ပါ့မယ်။

. said...

http://www.scribd.com/doc/11333787/nunuyeepyoneywaytlaeahlukhandawmuparyalywaytlaeahlukhandawmupar

အစ်မရေ..
ကျေးဇူးပါ။
မဖတ်ရသေးတဲ့သူတွေ ဖတ်ချင်ရင် အပေါ်က လင့်မှာ ရှိပါတယ်နော်။ ရုပ်ရှင်ရိုက်ခွင့် မရှိဘူးလို့ ကြားဖူးလိုက်တယ်။

pandora said...

စထွက်ထွက်ချင်းကတည်းက အားပေးထားတဲ့ စာအုပ်ပါ အစ်မရေ.. ညွှန်းသင့်ပါတယ်။ အစ်မ သုံးသပ်ထားတာတွေလည်း သဘောတူပါတယ်။

:P said...

တစ်ဝက်လောက်ပဲဖတ်ဖူးတယ်....
အခန်းဆက်ဖတ်ရလို့လားမသိ.. မေ့သွားပြီ။
မတူးတူးသာရော၊ လင့်ပေးတဲ့ မပန်းနွယ်ရော ကျေးဇူးပါ

မဆုမွန် said...

အခန်းဆက်ကို စောင့်ဖတ်ရတာ မှတ်မိတယ် သိပ်ကြိုက်တယ် ၀တ္တူပဲ အစ်မ..အခု ebookမှာ ရှိတယ်

ဗန်ပိုင်းယား said...

ဖတ်ချင်ဒယ် .. ဖတ်ချင်ဒယ် . .ဘယ်မှာ ရမှာလည်း ....

JulyDream said...

ရန်ကုန်ပြန်ရင် အဲဒီစာအုပ်ကို ၀ယ်သိမ်းထားဖို့ လိုက်ရှာအုံးမယ်။ အသစ် မထုတ်တာ ကြာလှပြီ ထင်တယ်။ ရှာရခက်မယ့် စာအုပ်ကြီးဗျာ။

Unknown said...

The authour could illustrate until the reader saw Daisy James in the eyes.
Very good novel and rare love story.