ဝတ္ထုတို ၂၀

လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ကျမ ဒီဝတ္ထုတိုလေးကိုရေးပြီး စာဆိုတော်နေ့ မြို့နယ်စာပေပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ပါ တယ်။ အဲဒီပြိုင်ပွဲမှာ ဒီဝတ္ထုလေးက ပထမဆုရခဲ့တယ်။ အဲဒီဝတ္ထုလေးကြောင့် ကျမ ဘဝမှာ ကြီးမားတဲ့ အပြောင်းအလဲ တခုဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ငယ်သေးတာဆိုတော့ ခံစားချက်တွေကို ဖုံးမရ ဖိမရနဲ့ စိတ်ထဲ ရှိနေတဲ့အတိုင်း လွတ်လွတ်လပ်လပ် ရေးခဲ့တာကြောင့် တစုံတယောက်ရဲ့ရင်ကို တည့်တည့် မှန်သွားပုံရတယ်။ အဲဒီတစုံတယောက်နဲ့ ကျမတို့ ဒီဝတ္ထုလေးကို အကြောင်းပြုပြီး လုံးဝပြန်မဆုံနိုင်တော့တဲ့ လမ်းနှစ်လမ်းကို သီးခြားစီ လျှောက်ခဲ့ကြရပါတယ် (အဲဒီအတွက် ကျမ ကျေနပ်တယ်) ကျမဘဝမှာ ဖယ်ထုတ် ထားချင်တဲ့ ၅ နှစ်တာကာလတခုရှိခဲ့ပါတယ်။ အဲဒီ ၅ နှစ်ကို ဖြစ်နိုင်ရင် တွေးလည်း မတွေးချင်ဘူး ..။ ရှိခဲ့ဖူးတယ်ဆိုတာလည်း မေ့ချင်တယ်။ ဒါပေမယ့် အဲဒီ ၅ နှစ်ထဲမှာပဲ .. ကျမလုံးဝ မေ့လို့မဖြစ်တဲ့ သူငယ်ချင်း တွေ .. ကာလတွေ ... အမှတ်တရ အဖြစ်အပျက်တွေ ရောထွေး နေခဲ့ပြန်ရော။ တကယ်တော့ ဘဝဆိုတာ ပန်းသီးတလုံးလို နာနေတဲ့နေရာကို လှီးထုတ်ပစ်လို့မရဘူးဆိုတာ ကျမ တော်တော်လေး သဘော ပေါက်လာပါပြီ။ ဒါကြောင့်လည်း မေ့ထားခဲ့တဲ့ ဒီဝတ္ထုလေးကို ကျမ ပြန်ဖော်ထုတ် လိုက်တာပါ။ အစကို ပြန်ဆွဲထုတ်လိုက်တဲ့သဘောပေါ့။ ထုံးစံအတိုင်း အကြောင်းအရာတူပေမယ့် အရေးအသား ကတော့ လွန်ခဲ့တဲ့ ၁၂ နှစ်ကလောက် မရိုးသားနိုင်တော့ တာ ဝန်ခံပါတယ်။ သည်းခံပြီး ဖတ်ပေးကြပါဦးနော် ... ။

စွန်ကလေး .. ရစ်ဘီးလေး နဲ့ သူတို့ရဲ့ပိုင်ရှင်

စွန်ကလေး

ဒီအချိန်မှာ ဟောဒီအပြာရောင်ကောင်းကင်ကြီး တခုလုံးကို ကျမပိုင်တယ်။ ဝေ့ဝှိုက်တိုက်ခတ်နေတဲ့ ဆောင်း လေကြောင့် နိမ့်ဆင်းသွားလိုက်၊ တဟုန်ထိုး အရှိန်နဲ့ မြင့်တက်သွားလိုက်၊ တခါ တခါ လေနဲ့အတူ အလိုက်သင့် လေး မျောပါသွားလိုက် ...။

တိမ်ဆိုလို့ မြူမှုန်လေး တမှုန်စာတောင် မရှိတဲ့ ခုလို ဆောင်းတွင်းရဲ့ ခပ်စောစော ညနေခင်းတွေကို ကျမသိပ်ချစ် တာ။ ဘာလို့လည်းဆိုတော့ ခုလိုချိန်မျိုးကျခါမှ ကျမက ဒီကောင်းကင်ကြီးထဲ လွှင့်ချင်တိုင်း လွှင့်ခွင့်ရတာကိုး။ တချို့က ကျမကို လေတံခွန်တဲ့ ... ဒါပေမယ့် ကျမကတော့ စွန်ဆိုတဲ့ နာမည်ကိုပဲ ကြိုက်တယ်။ ဘာကြောင့်လည်း ဆိုတော့ စွန်ဆိုတာက ငှက်လေ .. အသက်ရှိတဲ့သဘော။

ကောင်းကင်ကြီးထဲများ လွင့်နေပြီလားဆိုရင် ကိုယ့်ဘဝကိုယ် မေ့ပစ်လိုက်ချင်တယ်။ ကျမဟာ ငှက်တကောင်လို တောင်ပံတွေမပါပေမယ့် ငှက်တကောင်လို့ ပျံသန်းနိုင်တယ်လေ။ ပြီးတော့ ဟောဒီ ကောင်းကင်ကြီး ထဲကနေ လောကကြီးကို အပေါ်စီးနဲ့ ကြည့်နိုင်တယ် မဟုတ်လား။ ပြာလွင်နေတဲ့ ကောင်းကင်ကြီးထဲ .. လွင့်ချင်ရာ လွင့်နေတဲ့ အဝါရောင် စွန်တကောင်ပေါ့။

လွင့်ချင်ရာလွင့်ဆိုတဲ့ စကားကို ကျမသုံးမိသွားပြီ ...။ လွင့်ချင်ရာလွင့် ...။ ဟုတ်ပါ့မလား။ လေဟုန်ကိုစီးရင်း စိတ်ကြိုက်မျောလွင့်နေချိန်မျိုးမှာ ကျမနားက ငှက်တကောင်တလေ ဖြတ်ပျံသွားတဲ့အချိန်မျိုးဆို ကျမရဲ့ အပျော်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ရော ..။ အဲဒီအချိန်မှာ ကျမရဲ့ ကျောဘက်က တုန့်ခနဲ ဆွဲတင်းလိုက်တဲ့ ခံစားမှုပါ တပြိုင်ထဲရလိုက်တယ်ဆိုရင် ကျမရဲ့ဘဝကြီးကိုပါ စိတ်နာမိတော့တယ်။

ကောင်လေးက ကျမကိုသိပ်ချစ်တာ သိပါတယ်။ သူက ကျမကိုချစ်လွန်းလို့ အလှကြည့်ထားတာ။ တခြား ကျမလို ဘဝတူစွန်တွေနဲ့ ဝေးရာမှာ သီးသန့်လာလွှတ်တာသာကြည့်။ ဒါပေမယ့် ကျမဘဝကို ကျမစိတ်နာတာတော့ မတတ်နိုင်ဘူး။ ကျမကို နှောင်တည်းထားတဲ့ ဟောဒီကြိုးကြီးကို မုန်းတယ်။ ပြီးတော့ ကျမကို အလျှော့အတင်း လုပ်ချင်တိုင်းလုပ်နေတဲ့ ရစ်ဘီးလေး .. ။ အင်း သူ့ကိုတော့ မမုန်းပေမယ့် ... မချစ်နိုင်တော့တာ အမှန်ပဲ။

ကျမ မှာ လက်တွေသာရှိမယ်ဆိုရင် ကျမနောက်ကျောက ကြိုးတွေကို ဖြတ်ပြီး လွင့်ချင်ရာလွင့်စမ်း ဆိုပြီး လွှင့် ပစ်လိုက်ချင်တယ်။ ကျမ သိပါတယ်။ ဒီကြိုးမရှိတော့ရင် ကျမသေမယ်ဆိုတာ။ ဇောက်ထိုးမိုးမျှော် ကျချင်တိုင်း ကျမယ် ဆိုတာလည်း သိတယ်။ ဒါပေမယ့် ပြုတ်မကျခင် ... လေနဲ့အတူ နှောင်ကြိုးကင်းကင်း လွင့်ဝဲသွားမယ့် အရသာကို ကျမ လိုချင်တာ။ ဘယ်တော့များမှ လွတ်လပ်တဲ့ ဘဝကို ရပါ့မလဲ။ သိပ်သိချင်တာပဲ။

ကျမ ဒီလိုအမြင့်ကိုတက်နိုင်ဖို့ ရစ်ဘီးလေးက လုပ်ပေးတာဆိုတာလည်း မသိတာမဟုတ်ပါဘူး။ ဒီကြိုးကြီးကို မုန်းပေမယ့် ရစ်ဘီးလေးကို ကျမ မမုန်းပါဘူး။ ဒါပေမယ့် ရစ်ဘီးလေးရယ် ... ငါ့ကို အဆုံးစွန် ဖြေလျှော့ပြီး လွှတ်ပေးလိုက်ပါတော့ ... လို့ စိတ်ထဲကနေ တောင်းပန်ပြီး ရုန်းတိုင်း ရစ်ဘီးလေးက ပြန်ပြန်ဆွဲတယ်။ ကျမ လွတ်ထွက်သွားတော့မယ်ဆိုတာ သိနေတဲ့အတိုင်းပဲ။ ပြီးရင်တော့ ကျမတို့ရဲ့သခင် ကောင်လေးက ကျမကို အသာလေး ပြန်ရစ်ယူပြီး အဲဒီရစ်ဘီးလေးနဲ့တွဲလို့ အိမ်ကိုပြန်သယ်သွားတော့တာပဲ။

အိမ်ရောက်ရင်တော့ စတိုခန်းထဲမှာ ကျမတို့ ၂ ယောက်ကို ဒီတိုင်းထားခဲ့တော့မယ်။ မှောင်မိုက်အေးစက်နေတဲ့ အဲဒီအခန်းကျဉ်းကျဉ်းလေးကို သိပ်မုန်းတယ်။ ကျမရဲ့ကမ္ဘာဟာ ဟောဟိုက ပြာလွင်နေတဲ့ ကောင်းကင်ကြီးပဲ ဖြစ်သင့်တယ်မဟုတ်လား။ ကျမ .. လွတ်လွတ်လပ်လပ် နေပါရစေတော့ ရစ်ဘီးလေးရယ်။ ကျမကို လွတ်လပ်ခွင့် ပေးလိုက်ပါတော့။

ရစ်ဘီးလေး

စွန်ကလေးကို ကျုပ် ဘယ်လောက်တောင် ချစ်လိုက်သလဲဆိုရင် ... သူ မြင့်ချင်တိုင်းမြင့်ဖို့ ကျုပ်ဘဝကို လည်ပတ် ပေးနေတာသာကြည့်။ သူ ဟိုး ကောင်းကင် အမြင့်ကြီးထဲမှာ ပျော်ပျော်ကြီး လွင့်နေတဲ့အချိန်မျိုးဆို ကျုပ်မှာ ရင် တထိတ်ထိတ်နဲ့ပေါ့။ တခါတလေ ကောင်လေးက သူ့ကို ဟိုး ခပ်မြင့်မြင့် တနေရာမှာ လွင့်ဝဲနေစေပြီး ကျုပ်ကို သူ့ ဘေးက မျက်ခင်းပြင်ပေါ်မှာ ဒီတိုင်းချထားလိုက်သေးတယ်။ အဲလို အထိန်းအကွပ် မရှိတဲ့အချိန်မျိုးမှာ အန္တရာယ်တခုခုများ တွေ့မလား ဆိုပြီး ကျုပ်ရဲ့ မျက်စိတွေကို အစွမ်းကုန်ဖွင့်လို့ စောင့်ကြည့်နေခဲ့ရတာ။

စွန်ကလေး ပျော်နေတာတွေ့ရင် ကျုပ်လည်း ပျော်တာပါပဲ။ စွန်ကလေးက ကောင်းကင်ထဲမှာ သိပ်ကို ပျော်ရွှင် တတ်သလောက် ကျုပ်နားရောက်လာပြီဆိုရင် မျက်နှာက မကောင်းတော့ဘူး။ အဲလိုအခါမျိုးမှာ ကျုပ် သိပ်ဝမ်းနည်းရပါတယ်။ တခါတခါ ကျုပ်ကို ဘေးမှာထားပြီး ဟိုးကောင်ကင်ကြီးကို မော့ကြည့်ရင်း ကောင်လေး လက်ထဲမှာ ဒရွတ်ဆွဲလိုက်ပါလာတဲ့ စွန်ကလေးကိုကြည့်ရင်း ကျုပ် ငိုတောင် ငိုချင်မိတယ်။

စွန်လေးက သူ့နောက်ကျောက သူ့ကို တုန့်ဆွဲနေတဲ့ ကြိုးကို မုန်းတယ် ဆိုတာ ကျုပ်သိပါတယ်။ တခါတခါမှာ အဲဒီကြိုးကို သူဖြတ်ဖို့ ကြိုးစားတယ်ဆိုတာလည်း ကျုပ်ခံစားရတယ်။ ဘယ်ဖြစ်မလဲဗျာ။ စွန်ကလေး စိတ်ချမ်းသာအောင် ကျုပ်က သူ့အလိုလိုက်လိုက်ပါပြီတဲ့ ...။ သူက သက်ရှိမှ မဟုတ်ဘဲ။ သူ့ကိုယ်သူလည်း မထိန်း နိုင်ဘူးလေ ..။ ခဏတော့ သူပျော်ရမှာပေါ့ ..။ လေထဲမှာ လွင့်ဝဲနေတဲ့ အရသာ ..။ လွတ်လပ်မှုရဲ့ အရသာကို သူ မိနစ်နည်းနည်းလောက် ခံစားပြီးရင် အောက်ကို ဇောက်ထိုးမိုးမျှော် ကျချင်တိုင်း ကျလာတော့မှာ။

အောက်မှာ ဆူးညောင့်တွေ အများကြီး။ သူ့ခန္တာကိုယ် ပါးပါးလေး စုတ်ပြတ်သတ်သွားမှာ ..။ ပြီးရင် သူ့ဘဝ အဆုံးသတ်သွားတော့မှာ။ တွေးကြည့်တာနဲ့တင် ရင်ထိတ်မိပါရဲ့။ ဟင့်အင်း အဲလို ဘယ်တော့မှ မဖြစ်စေရဘူး။ ကျုပ်ခေါင်းတွေ မူးနောက်သွားပါစေ။ ကျုပ်ရဲ့ ခန္တာကိုယ်ကို ဘယ်နှပတ်ပဲဖြစ်ဖြစ် လည်ပတ်သွားပါစေ ... စွန်ကလေး ဒုက္ခမရောက်ဖို့ အရေးကြီးတယ်။

ပြီးတော့ ကောင်လေး ...။ ကောင်လေးက ကျုပ်တို့ ၂ ယောက်လုံးကို သိပ်သံယောဇဉ် ရှိတာလေ။ ကျုပ်တို့နဲ့ အတူတူ နေချိန်ဆို သူသိပ်ပျော်တာ။ စွန်ကလေးကိုလည်း သူက သိပ်မြတ်နိုးတာ။ အဲဒါကြောင့် တခြားသူတွေ စွန်လွှတ်တဲ့ နေရာနဲ့ အဝေးကြီးမှာ လာလွှတ်တာသာကြည့်။ တခြားကြိုးတွေနဲ့ ငြိပြီး စွန်ကလေး ပြတ်သွားမှာ စိုးလို့တဲ့။

ကျုပ်က သူ့ကိုချစ်လွန်းလို့ ကျုပ်နားမှာ သူ့ကိုရှိစေချင်လို့ ဆိုတာထက် သူ့ဆီကို ကျရောက်လာမယ့် အန္တရာယ်တွေအတွက် စိုးရိမ်လို့ပါ။ ဒါပေမယ့် ညနေစောင်းလို့ အမှောင်နည်းနည်း သမ်းလာတဲ့အချိန် .. အိမ်ပြန်ချိန်တိုင်း ကျုပ် ဝမ်းနည်းရတာပါပဲ။ သူ ကျုပ်အနားမှာ မပျော်ဘူးလေ။ တခါတခါများဆို ဖြစ်ချင်ရာဖြစ် ဆိုပြီး လွှတ်ပေးလိုက်ချင်တယ်။ ဒါပေမယ့် သူတွေ့ကြုံရမယ့် အန္တရာယ်တွေက နည်းတာမဟုတ်ဘူးဗျ။ သူ့အတွက် ကျနော်တို့ မရှိလို့ကို မဖြစ်ဘူး ...။

သူတို့ရဲ့ပိုင်ရှင်

အဝါရောင်စွန်ကလေးရယ် ... အညိုရောင် ရစ်ဘီးလေးရယ်က ကျနော့်ဘဝပဲ။ ကျနော်က စွန်လွှတ်ရတာကို သိပ် ကြိုက်တာ။ ကြိုက်တယ်ဆိုတာ စွန်လွှတ်ရုံသက်သက်ပါ....။ စွန်တွေ လိုက်ဖြတ်နေတာကိုတော့ မုန်းတယ်။ ကျနော့် စွန်ကလေး အဖြတ်ခံရမှာကိုလည်း သိပ်ကြောက်တာပဲ။ ဒီစွန်ကလေးနဲ့ ရစ်ဘီးလေးကို ကျနော့်ဖေဖေက ကျနော့်မွေးနေ့အတွက် ဝယ်ပေးထားတာလေ။

စွန်ကလေးက သိပ်လှတာ။ တခြား အပေါစား စွန်တွေလို မဟုတ်ဘူး။ အရွယ်လည်း ကြီးတယ်။ ပန်းပွားတွေနဲ့ .. အလှလွှတ်တဲ့စွန်လေးပေါ့။ ကောင်းကင်ပြာပြာကြီးထဲမှာ စွန်ဝါဝါလေးလွင့်နေတာ ကြည့် ရရင် ကျနော် သိပ်ပျော်တာ။ ဒါကြောင့် ညနေတိုင်း ဒီစွန်လေးနဲ့ ရစ်ဘီးလေးကိုယူပြီး ဒီကွင်းပြင်ကြီးထဲမှာ ကျနော် စွန်လာ လွှတ်တယ်။

စွန်ကလေးကို တခြားကောင်တွေ ဖြတ်မှာစိုးလို့ ဘယ်သူမှ မရှိတဲ့နေရာမှာလာလွှတ်တာ။ ပြီးတော့ ဓာတ်ကြိုး တွေ၊ သစ်ပင်တွေနဲ့လည်း မငြိစေရဘူး။ စွန်ကလေးကို စိတ်ကြိုက်လွှတ်ပြီး ပြန်သိမ်းပြီးတဲ့အချိန် .. စွန်ကလေးနဲ့ ရစ်ဘီးလေး တူတူရှိနေချိန်ကတော့ ကျနော့်အတွက် ပီတိဖြစ်ရတဲ့အချိန်ပဲ။ သိပ်ကို စိတ်ချမ်းသာတဲ့ အချိန်လို့ပြောလည်းရတယ်။ သူတို့ကို တွဲရက်ကလေးထားပြီး တစိမ့်စိမ့်ကြည့်နေရတာကိုက ကျေနပ်စရာ။ ကျနော့်စိတ်ထဲမှာ ဒီစွန်ကလေးနဲ့ ဒီရစ်ဘီးလေးက သိပ်လိုက်ဖက်တယ်လို့ ထင်မိတယ်။

ဒါကြောင့်စွန်ကလေးနဲ့ ရစ်ဘီးလေးကို ဘယ်တော့မှ မကွဲမကွာစေရဘူး။ သူတို့ ၂ ခုကို အမြဲတူတူ ရှိနေစေရမယ်။ ကျနော် သိပ်ချစ်တဲ့ ဒီပစ္စည်းလေး ၂ ခုကို ကျနော် တသက်လုံး တမြတ်တနိုးသိမ်းထားမှာ။ ။





11 comments:

ဖိုးဂျယ် said...

ဖိုးဂျယ်လေး အမလို့မပြောရဘူးတော်လိုက်တာ
တားက အဲ့လို ဇာတ်ကောင်တစ်ဦးချင်းဆီရဲ့
စရိုက်လေးတွေ ဖေါ်ပြသွားလေးတွေ အရမ်းကြိုက်တယ်။

sait phay yar said...

ကောင်းလိုက်တဲ့အတွေးလေးတွေ
ကြိုက်ပြီဗျာ နာယကကြီးလို့ကိုမပြောရဘူးတော်တာ

ခေါင်ခေါင် said...

တော်လိုက်တာ...ချစ်မရာ.....
ဖတ်နေရင်းနဲ့.. ဘယ်လောက်မျောပါသွားလိုက်ဆိုရင်
ကိုယ်ကိုယ်တိုင် စွန်ဖြစ်လိုက် ရစ်ဘီးဖြစ်သွားလိုက် ကောင်လေးဖြစ်သွားလိုက်နဲ့....
တစ်ကယ်ရင်ခုန်စရာကောင်းအောင် ရေးတတ်တယ်

NangNyi said...

ကျွန်မလည်း ကြိုးတွေကို မုန်းတယ်ရှင့်.

Kaung Kin Ko said...

ကောင်းတယ်ဗျို့ ။ ပဟေဠိလည်း ဖြစ်သွားတယ်။ ဘာလို့ များ တည့်တည့်မှန်သွားသလဲလို့ ။

မိုးသား said...

စာညွှန်းလေးဖတ်မိကတည်းက အရမ်းစိတ်ဝင်စားသွားတာ..
တစ်ယောက်ချင်းဆီရဲ့ စိတ်ဆနလေးတွေ ...
ပေါ်လွင်တယ်အစ်မရေ..
စိတ်ကူးလေးကကို ကောင်းလွန်းပါတယ်။
ငယ်ငယ်တုန်းက ရေးထားတာလား..
ကျွန်တော့်မှာလဲ ရှိတယ်
ဟဲဟဲ..မတင်ရဲဘူးအစ်မရေ..

Unknown said...

အရမ်းကောင်းတယ်အမ စာဖတ်နေရင်း
တော်တော်ကိုဖတ်လို့ကောင်းတာအလုပ်တောင်ဆက်မလုပ်
ဖြစ်ဘူး ဒါလေးကိုတော့ရေလည်ခိုက်တယ် နာယကကြီးရေ ဟီး

pandora said...

အဲလို အတွေးလေးတွေနဲ့ ရေးတတ်လို့ မတူးတူးသာရေးတဲ့ ၀တ္ထုလေးတွေကို သဘောကျတယ်။

ဗန်ပိုင်းယား said...

ကျွန်တော်က ရစ်လုံး ဖြစ်ချင်တာ .... ကြိုးတွေ တစ်ပတ်ပီး တစ်ပတ် အရစ် ခံပြီးတော့လေ.

chanye` said...

အကြောင်းအရာကို မစဉ်းစားနဲ့အုံး..
အဆွေးဆန်ဆန် အရေးအသားကို မျောဝင် ခံစားရုံနဲ့ မျက်ရည်တောင်ဝဲ... :'(

ဦးဂင်ကြီး said...

စာရေးကောင်းတယ်ဗျာ ဖတ်ရင်းမျောသွားတယ်
လေးစားပါတယ်

ဂင်ကြီး