အမှတ်တရရက်စွဲများ ၎

စာမရေးတာကြာတော့ တော်တော်ပျင်းသွားတာ။ ဒါပေမယ့် ကျမစိတ်ထဲ ဖြစ်နေတာလေးကိုတော့ ရေးချင်မိသား။ အဲဒီအချိန်မှာ ကိုတောကျောင်းရဲ့ ဘလော့ထဲသွားဝင်ကြည့်လိုက်မိတော့ ကျမကို ဒီပို့စ်လေးရေးဖြစ်အောင် တွန်းပို့သလို ခံစားလိုက်ရတယ်။ ဒါနဲ့ပဲ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်က ကျမတို့ သူငယ်ချင်း တစု အမှတ်မထင် စဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကလေးက ကျမစိတ်ထဲ ဝင်လာတာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ် ...။

ဘိုနာတာလီ

ဒီအချိန် ဒီရာသီက ကျမအတွက် အရမ်းကို အလုပ်ရှုပ်ခဲ့တဲ့ အချိန်တွေပေါ့။ အငယ်ကောင် ကိုရဲ စကားနဲ့ ပြောရင် Very Busy not for money အချိန်တွေပေါ့လေ။ ကျမက ဘုရားကျောင်းမှာ လူငယ့်ခေါင်းဆောင် ဆိုပါတော့ ဟဲဟဲ။ ပြောသာပြောရတာ တချိန်လုံး ပေါက်ကရတွေချည်း လုပ်လုပ်နေတာနဲ့ ဘယ်လိုမှ ခေါင်းဆောင်မဖြစ်ထိုက်ပါဘူး။ သို့သော် သီချင်းနဲ့ ပတ်သက်လာရင်တော့ မရဘူး ခေါင်းဆောင်ပဲ။ ကိုယ့်ဘာသာကို ခေါင်းဆောင်ပစ်လိုက်တာ:P

ဒီဇင်ဘာ ပထမပတ် တနင်္ဂနွေကနေစပြီး ခရစ္စမတ်ကွာယာတွေ ဘုရားကျောင်းမှာ ဆိုကြပါတယ်။ အဲဒီမှာ ကျမက Leading parts လို့ခေါ်တဲ့ စပရန်နို ဆိုပါတယ်။ သီချင်းနားလည်တဲ့ သူတွေတော့ သိမှာပေါ့နော်။ ရိုးရိုးပြောရရင် လေးသံရှိတဲ့ထဲမှာ ပထမအသံပေါ့။ ကျန်တဲ့ သုံးသံက ဟာမိုနီ သဘောပါ။ တကယ်က ကျမက ကျန်တဲ့ထဲက အယ်လ်ထိုကို ဆိုချင်တာ။ ဒါပေမယ့် ကျမတို့ရဲ့ ကွာယာ ဆရာ၊ ဆရာမတွေက ကျမကို အဲဒီပထမသံပဲ ဆိုစေချင်တယ်။ သူက ကီးအမြင့်ဆုံး၊ အပင်ပမ်းဆုံးကိုး။ ကျမအသံက စပရန်နိုနဲ့ပဲလိုက်တယ်တဲ့။

~~ Oh come let us adore him ~~ Oh come let us a dore him ~~~

ကွာယာ တပုဒ်ဆိုပြီးတိုင်း သိပ်မောတာပဲ။ ဒါပေမယ့် သိပ်ပျော်တာပဲလေ။ နောက်ပြီး ကျမရဲ့ဆရာ ဦးပီရယ် ကျမရယ်၊ ကျမရဲ့ အချစ်ဆုံးသူငယ်ချင်း မမိုးစီရယ် အငယ်ကောင်ရယ် လေးယောက် ပေါင်းပြီး ကွာ့တက်တွေ ကျင့်ရတာလည်း အမော။ ကျမတို့ကျင့်တဲ့ကွာ့တက်တွေက တကယ့် သီချင်းအခက် ကြီးတွေ၊ တော်ရုံလူ မဆိုနိုင်ဘူး (ဟီဟိ)။ ကျမက ထုံးစံအတိုင်း ပထမသံ စပရန်နို၊ ကျမ သူငယ်ချင်းက ဘယ်သံဆိုတော့ အယ်လ်ထိုဆိုတယ်။ ဦးပီက တန်နာလို့ခေါ်တဲ့ ကီးအမြင့် ဆိုတယ်၊ ကိုရဲက ဘေ့စ်။ အဲဒီကွာ့တက်ကို ခရစ္စမတ်နေ့ ဘုရားကျောင်း ဝတ်ပြုစည်းဝေးမှာ ဆိုတာ။

ကျမတို့ လေးယောက်သား ဦးပီရဲ့ တထပ်တိုက်အိမ်လေး ထဲမှာ ချမ်းချမ်းစီးစီး သီချင်းတွေကျင့်လိုက်၊ ဦးပီ ကိုယ်တိုင်ဖုတ်ထားတဲ့ ကိတ်မုန့်တွေစားလိုက်နဲ့ ကိုယ့်ဘာသာကိုယ် ကျေနပ်နေခဲ့ကြတာပေါ့ .. သိပ်လွမ်းစရာကောင်းတာပဲ။ ကျမတို့က အစွဲလည်းကြီးတယ် တယောက်ယောက်ကို အစားထိုးပြီး ဘယ်တော့မှ မဆိုဘူး။ ဦးပီက ခု ခရစ္စမတ် စင်ကာပူရောက်နေတယ်၊ ကျမက ချင်းမိုင်မှာ၊ မမိုးစီရယ်၊ ကိုရဲရယ်ပဲ ရှိမှာ။ သေချာတာက အယ်လ်ထိုနဲ့ ဘေ့စ်တွဲပြီး သီချင်းတပုဒ်ဆိုလို့မဖြစ်ဘူးလေ။ သူတို့ဘာတွေ လုပ်နေကြမှာပါလိမ့် ...။

ဒီဇင်ဘာ ၁၈၊ ၁၉ လောက်ဆိုရင်တော့ ကျမတို့ မအားကြတော့ဘူး။ ခရစ္စမတ်စ် ကယ်ရယ် စ ထွက်ကြပြီ။ အဲဒီတုန်းက ကျမအသက်က ၂၃၊ ၂၄ လောက်ပေါ့။ ကျမတို့ ဘုရားကျောင်းအတွက် ခရစ္စမတ် သီချင်းတွေကို ကျမကိုယ်တိုင်ရေးပါတယ်။ ကျမရေးတဲ့ “ကမ္ဘာကြီးကို ပြောပြ လိုက်တော့ မယ်” ဆိုတဲ့ သီချင်းလေးက ကျမတို့ မြို့ကလေးမှာတော့ နာမည်ကြီးပေါ့ :P ပြီးတော့ လူငယ်တွေကို သီချင်းကျင့်ပေးရင် ကျမကဂစ်တာတီးတယ်၊ မမိုးစီက သီချင်းတွေကို သေချာ သင်ပေးတယ်။ သင်ပေးတဲ့ အလုပ်မှာတော့ ကျမက မကျွမ်းကျင်ဘူး။ ကျမတို့ ၂ ယောက်ပေါင်းမှပဲ အလုပ်ဖြစ်တယ်လေ။

နှင်းတွေဝေနေတဲ့ ညဘက်တွေမှာ ကျမတို့ရဲ့ အသံတွေကုန်အောင်၊ လည်ချောင်းတွေ ကွဲအောင် ဆိုခဲ့ကြတယ်။ မမောတမ်း လမ်းတွေ လျှောက်ခဲ့တယ်။ ကျမလက်တွေဆိုတာ အသားမာတွေ ဘယ်လောက်တက်တက် လုံးဝ မနားဘူး။ ပြီးတော့ ကျမတို့က ဘုရားကျောင်းက အန်တီကြီးတွေကို ပူစာထားပြီးသား ... ဒီနေ့အတွက် နောက်ဆုံးအိမ်ကို အန်တီတို့အိမ်ကိုသတ်မှတ်မယ် .. ကြာဆန်ချက်ကလေး စားချင်ပါတယ် ... :) .. ။ ဒါက ဘုရားကျောင်းက လူငယ်တွေနဲ့ပေါ့။

ကျမတို့ မောင်နှမသုံးယောက်အပါအဝင် ကျမတို့ သူငယ်ချင်းတသိုက် (တခြား ဘာသာဝင်တွေလည်း ပါတယ်) က တခြားအချိန်မှာ ဘယ်လို ပေါက်တက်ကရတွေပဲ လုပ်ခဲ့လုပ်ခဲ့ ဒီဇင်ဘာလထဲက တရက်ရက်မှာ သိပ်ကို ပျော်စရာ၊ ကြည်နူးစရာကောင်းတဲ့ အလုပ်ကလေးတခုကို မထင်မရှား လုပ်လေ့ ရှိကြပါတယ်။

အဲဒါကတော့ ကျမတို့ သန်လျင်ကနေ ကားနဲ့ နာရီဝက်လောက်ပဲ မောင်းရတဲ့ ကျောက်ရေတွင်း ကျေးရွာလေးက ကလေးလေးတွေကို ခရစ္စမတ် သွားလုပ်ပေးတာပါ။ အဲလိုသွားလုပ်တာ ဆက်တိုက် ၁၃ နှစ်လောက် ရှိလိမ့်မယ်။ လူမစုံလို့ မလုပ်နိုင်တော့တာ မှတ်မှတ်ရရ ၂ နှစ်ပဲရှိပါသေးတယ်။

အဲဒီရွာမှာ ကျမတို့ ဘုရားကျောင်းက အန်တီကြီးနဲ့ အန်ကယ်လ်ကြီးနေပါတယ်။ အဲဒီမှာ ခုဆိုရင် နှစ် ၁၀၀ ပြည့်ပြီးတဲ့ ကျောက်ရေတွင်း ဘုရားကျောင်းသေးသေးလေးလည်း ရှိပါတယ်။ အန်တီကြီးတို့ အိမ်က ရွာထဲက ကလေးတွေအားလုံးကို လူမျိုးဘာသာ မခွဲခြားဘဲ စာရင်းကောက် .. စုပေးထားတယ်။ ကျမတို့က အန်တီကြီးတို့ အိမ်မှာ ညကတည်းက သွားအိပ်ပြီး ချက်ပြုတ်ကြတာ။

အဲဒီအတွက် လိုအပ်တဲ့ ငွေကိုတော့ ကျမတို့ကိုယ်စီ အလုပ်တွေ မလုပ်ကြသေးခင်က ကိုယ့်ဘာသာ တတ်နိုင်တဲ့ နည်းနဲ့ ရှာပါတယ်။ ကျမအစ်ကိုကြီးရဲ့ မူကြိုကတည်းက သူငယ်ချင်း ... ကိုရိုးက တံဆိပ်ရိုက် တာတွေ၊ ဒီဇိုင်းဆွဲတာတွေ လုပ်တတ်တော့ အင်္ကျီတွေမှာ တံဆိပ်ရိုက်ပြီး လိုက်ရောင်းတယ်။ ပိုက်ဆံမပြည့်ရင် ကိုယ့်မုန့်ဖိုးထဲက ကိုယ့်ဘာသာစုပြီးထည့်တယ်။

နောက်ပိုင်းနှစ်တွေကျတော့ ကျမရဲ့သီချင်းတွေရယ် ခရစ္စမတ်စ်အိုးလ်ဒီးစ် သီချင်းတွေရယ်ကို သေချာ ကျင့်ပြီး ကယ်ရယ်ထွက် အလှူခံပါတယ်။ အဲလိုထွက်တာ အလှူခံတာသတ်သတ်မို့ ချမ်းသာတဲ့အိမ် ၂၀ လောက်ကိုပဲ ကျမတို့လုပ်မယ့်အလုပ်ကိုသေချာရှင်းပြပြီး သီချင်းလိုက်ဆိုတာပါ။ သူတို့တွေကလည်း လက်ခံပါတယ်။ နှစ်တိုင်းသွားဆိုနေကျမို့ တနှစ်လောက်မရောက်ဖြစ်ရင် လာနေကျအိမ်တွေက “မိုးစီတို့ တူးတူးတို့ ဒီနှစ်မလာကြဘူးလား” ဆိုပြီး မေးကြတယ်။

ကျမတို့အဖွဲ့ထဲမှာ မမိုးစီရယ်၊ ဝေါဝေါရယ် ကျမရယ်ပဲ မိန်းကလေးပါတယ်။ နောက် မမိုးစီရဲ့ အစ်မ မမျိုးပါတယ်။ မမျိုးက အသိအကျွမ်းပေါတော့ သူပဲဦးဆောင်ပြီး ခေါ်သွားလေ့ရှိတယ်။ လိုတဲ့ကားကိုလည်း မမိုးစီရဲ့ နောက်ထပ် အစ်မကြီးတယောက်စီမှာ အလှူခံတာပါ။ ရယ်စရာကောင်းတာက ကျမတို့ အဖွဲ့ထဲမှာ အသံမတည်တဲ့သူတော်တော်များတယ်။ အဲဒီတော့ သန်လျင်မှာရှိတဲ့ ဘုရားကျောင်းပေါင်းစုံက အသံကောင်းတဲ့ လေးငါးယောက်လောက်ကို ကျမတို့နဲ့လိုက်ခဲ့ဖို့ ဆွယ်ရတယ်။ သူတို့ကလည်း သိပ် မဆွယ်ရပါဘူး .. ကျမတို့နဲ့ဆို ပျော်တော့ လိုက်ကြတာပါပဲ။

ကိုရဲကတယောထိုး ကျမနဲ့ မောင်ရဲဆိုတဲ့ ကျမသူငယ်ချင်းက ဂစ်တာတီး။ ဒီလိုနဲ့ ကျမတို့ ကယ်ရယ် အဖွဲ့လေးက မြိုင်ဆိုင်သွားတာ။ အဲဒီလို ကယ်ရယ်ထွက်တဲ့နေ့မှာတော့ အဆုံးသတ်အိမ်က ကျမတို့နဲ့ သိပ်ခင်တဲ့၊ ကျမတို့က ဆရာကျားလို့ ခေါ်တဲ့ သုဝဏ္ဏ နှစ်ချင်းသင်းအုပ်ဆရာ ဦးမောင်မောင်ကျားရဲ့ အိမ်ပါ။ ဆရာကျားက သန်လျင်ဇာတိ၊ ပြီးတော့ ကျမတို့ လူဆိုးအဖွဲ့ကိုသိပ်ခင်တယ်။ ဆရာ့အိမ်မှာတော့ ... ကျမတို့ တီးတာ၊ ဆိုတာကိုချည်း အကြာကြီးလုပ်ကြတယ်။ ဆရာက ဘင်ဂျိုလေးလိုက်တီးလိုက်၊ တချို့သီချင်းတွေမှာ အကော်ဒီယံလိုက်တီးလိုက်နဲ့ပေါ့။ ဆရာကတော် မချိုလေးနဲ့ ဆရာ့သမီးတွေက ကျမတို့အတွက် မုန့်တွေပြင်ပေးတယ်။

နောက်ရက်တွေမှာတော့ ကျမတို့အဖွဲ့ ဈေးဝယ်ထွက်ပါတယ်။ ပေးရမယ့် ကလေးစာရင်းက ရပြီးသား ဆိုတော့ စာရင်းနဲ့ကိုက်ပြီး လက်ဆောင်တွေဝယ်ရုံပဲ။ အဲဒီမှာတော့ ဝေါဝေါက ဆရာမကြီး ... သူက ကဂျီကဂျောင် ကလည်းကျ၊ ဆယ်တန်းအောင်ပြီးကတည်းက အီကိုနဲ့ညားတဲ့သူဆိုတော့ စည်းစနစ်က လည်းကျ။ အဲဒီမှာ နောက်ကလိုက်ရတဲ့ ကျမတို့ သေပြီသာမှတ်တော့။ ငါးပြား၊ ဆယ်ပြားကအစ ကွာနေရင် ဘယ်လောက်ဝေးဝေး အရင်ဆိုင်ကို ပြန်သွားတာ။ ကျမတို့မှာ မျက်နှာပူစရာတွေလည်း ကြုံရ .. တခါတလေ ဈေးဆစ်ပြီး ဆစ်တဲ့ဈေးနဲ့ ပေးတာတောင် မယူဘဲ ထွက်ချင်ထွက်သွား ... အဲလိုတွေ လုပ်တာလေ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပျော်တယ်။

ကျမတို့က ကျမတို့ငယ်ငယ်က မရခဲ့ဖူးတဲ့ လက်ဆောင်မျိုးတွေ ပေးချင်တာ။ အဲလို ပေးနိုင်အောင်ထိ ငွေရှာကြတယ်။ ဥပမာ - အနွေးထည် ကောင်းကောင်းလိုမျိုး၊ ကျောပိုးအိတ်လိုမျိုး .. တနှစ်ဆို စတီးချိုင့်တွေပါ ပေးတာ။ နောက်တော့ မုန့်တွေ .. မုန့်တွေဆိုရင်လည်း အဲဒီကလေးလေးတွေနဲ့ အလှမ်း တော်တော် ဝေးတဲ့ ချော့ကလက်တွေ၊ ချိုချဉ်တွေ၊ ပန်းသီး လိမ္မော်သီးတွေ အောတိုက်ပဲ။

ညဘက်ကတော့ ကျမတို့သူငယ်ချင်းတသိုက်ရဲ့ပွဲပေါ့။ မနက် ကလေးတွေကို ကြာဆံချက်ကျွေးမယ် ဆိုရင် ကြာဆံချက်ချက်မယ့်ထဲက ပိုတဲ့ အရိုးလေးအရင်းလေးကို တောင်းရတယ်။ တောင်းရတယ်ဆိုတာ တကယ်။ ဘာလို့ဆို မမိုးစီနဲ့ ဝေါဝေါက အိုးသူကြီးလေ။ သူတို့ မပေးရင် စားလို့မရဘူး။ အရိုးအရင်းလေးတွေ၊ အူတွေ ဘာတွေကို သုတ်တာတိုဘာတို့ကတော့ မမျိုးကကျွမ်းတယ်။ နောက် မမျိုးက သူ့အိတ်စိုက်အမြည်းသေချာ လုပ်ပေးတတ်သေးတယ်။ ထုံးစံအတိုင်း သောက်ကြ၊ အော်ကြပေါ့။ မောင်ရဲက ထူးအိမ်သင်သီချင်းတွေ အဆိုကောင်းပေါ့ ..။ ကျမကတော့ သူဘာဆိုဆို ဟာမိုနီလိုက်တာပဲ။ အန်တီကြီးတို့အိမ်က လယ်ကွင်းကြီးထဲမှာ တခြားအိမ်တွေနဲ့ အဝေးကြီး ဆိုတော့ ကျမတို့တသိုက် အော်ချင်တိုင်းအော်၊ ဟစ်ချင်တိုင်းဟစ်။ အိမ်ရှင်တွေကတော့ အဲဒီတရက်ကို ဒုက္ခခံပေးရှာပါတယ်။

မနက်လင်းလို့ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် တကယ့်လယ်ကွင်းကြီးက မျက်စိတဆုံး။ နှင်းတွေဝေလို့ သိပ်လှတာ။ ကျမဝတ္ထုတွေထဲမှာပါတဲ့ ကိုစီတုတ်ဆိုတဲ့ ဇာတ်ကောင်က အဲ့ရွာကလေ။ သူ့နာမည်ကို သဘောကျလို့ ယူသုံးတာပါ။ ခုတော့ ဆုံးရှာပြီ။

ကျမအစ်ကိုမှာ အချစ်ဆုံးသူငယ်ချင်း ၂ ယောက်ရှိတယ်။ တကယ့် မူကြိုထဲက ခုထိတွဲနေတဲ့သူငယ်ချင်းတွေ။ ကျမရဲ့ အစ်ကိုတွေပဲပေါ့။ ကိုရိုးနဲ့ ကိုချင်းမြင့်တဲ့။ သူတို့အသက်တွေ ဘယ်လောက်ပဲ ကြီးလာ ကြီးလာ သူတို့ သုံးယောက်ပြန်ဆုံရင် တကယ့် ကလေးလေးတွေလိုဖြစ်သွားတာ။ သိပ်ပျော်စရာ ကောင်းတာပဲ။ အလုပ်ကိုယ်စီနဲ့ မအားတော့တဲ့ အချိန်ဖြစ်သွားရင်လည်း တနှစ်လုံး ဘယ်လိုပဲ မဆုံပစေ ... ဒီဇင်ဘာ ... အဲဒီ ကာလလေးမှာ ကျမတို့သူငယ်ချင်းတသိုက် ဆုံကြပြီး ကလေးတွေ ပြန်ဖြစ်သွားကြတာပါပဲ။

ကျမတို့ မောင်နှမသုံးယောက်က တယောက်နဲ့တယောက် သူငယ်ချင်းတွေလို ပေါင်းတာဆိုတော့ ကျမတို့ သုံးယောက်ရဲ့ သူငယ်ချင်းတွေကလည်း သူငယ်ချင်းတွေ ပြန်ဖြစ်သွားကြတာ။ အားလုံးက တကယ့် မောင်နှမတွေလိုပဲ။ ပြဿနာတွေ မရှိဘူးလားဆိုတော့ ဘယ်နေလိမ့်မလဲ။ လူတွေပဲဟာ ရှိတာပေါ့။ ဒါပေမယ့် ရန်ဖြစ်လိုက်ကြ၊ ပြန်ချစ်လိုက်ကြပဲ။ ဒီစာရေးရင်းနဲ့ လွမ်းလိုက်တာ။

ကိုချင်းမြင့်အကျင့်က သူအိပ်ချင်ပြီဆိုမရဘူး။ ရအောင် အိပ်စရာနေရာရှာအိပ်တယ်။ အဲဒါကိုသိတဲ့ ကိုရိုးနဲ့ ကျမအစ်ကို ကိုနောင်ကြီးတို့ကလည်း မရရအောင် နှောင့်ယှက်တယ် (ကျမတို့က ဖောင်ဖျက် တယ်လို့ သုံးတယ်)။ ကိုချင်းမြင့်ကလည်း မရရအောင် အိပ်တယ်။ သူအိပ်ရမယ့် နေရာကို သူက အစောကြီးကတည်းက ရှာပြီးသား။ ပြီးရင် ဘယ်သူမှမသိအောင် တိတ်တိတ်လေး ကိုယ်ယောင်ဖျောက်ပြီး သွားအိပ်ရော။ (ဥပမာ - ကျမတို့အိမ်မှာစုအိပ်ပြီဆိုရင် သူ့ရဲ့ဘိက ကုတင်အောက်လို နေရာမျိုး။ ကြည့်လိုက်ရင် ရုတ်တရက် မမြင်ရအောင် ကိုယ်ကိုကျုံ့ပြီး အမှောင်လေးထဲ အိပ်တာ) အဲလိုဆို ကိုရိုးနဲ့ ကိုနောင်ကြီးက တူတူပုန်းတန်း ရှာသလို ရအောင်လိုက်ရှာ၊ တွေ့လို့ကတော့ ဖောင်ဖျက်ပြီ။ အဲလိုနဲ့ သူတို့သုံးယောက် တညလုံး မအိပ်ကြတော့ဘူး။ သွားအိပ်လိုက် လိုက်ရှာပြီး နှောင့်ယှက်လိုက်နဲ့ သံသရာလည်နေတာလေ။

ကိုချင်းမြင့်က သူမအိပ်ရတော့ဘူးဆိုရင် ဘယ်သူမှမအိပ်ရအောင်လုပ်ရော။ နောက်ဆုံး ကျမတို့တွေကိုပါ ရအောင်လိုက်နှိုး၊ လိုက်နှောက်ယှက် ...။

တနှစ်မှာ ကလေးတွေကို ကြာဆန်ချက်ကျွေးဖို့ ညကတည်းကလုပ်စရာရှိတာ အဆင်သင့်လုပ်ထား၊ မမိုးစီက ကြက်သားဆီသတ်ထားပြီး သန်းခေါင်ကျော်လောက် ကျမတို့ မိန်းကလေးတွေ အိမ်ပေါ် တက်အိပ်ကြတယ်။ မမိုးစီက မနက် ၅ နာရီ သူ့ကိုနှိုးဖို့ ကိုချင်းမြင့်ကိုမှာထားတယ်။ အစောကြီးနိုးတတ် တာ သူတယောက်ပဲ ရှိတာကိုး။ မနှိုးခင် ရေနွေးအရင်တည်ထားဖို့လည်း မှာထားသေးတယ်။

အဲဒီနှစ်ကတော့ ကိုချင်းမြင့် အောင်မြင်သွားတယ်ပြောရမယ်။ သူ့အိပ်ရာကို ဘယ်သူမှ ရှာမတွေ့လိုက်ဘူး။ သူကောင်းကောင်းအိပ်ရတော့ ကျန်တဲ့သူတွေကိုလည်း မနှောင့်ယှက်ဘဲ မမိုးစီမှာသလို ရေနွေးအိုး တည်တယ် .. ရေနွေးဆူတဲ့ထိ ၅ နာရီမထိုးသေးတော့ မနှိုးချင်သေးတာနဲ့ ဘာလုပ်လဲဆိုတော့ ကြာဆံချက်ထဲထည့်ချက်ရမယ့် ပဲလိပ်တွေကို ခပ်တည်တည်နဲ့ ပြုတ်ပါတယ်။ ပဲလိပ်ဆိုတာက အားလုံးတည်ပြီး အိုးဆူပြီးမှထည့်ရတာမျိုးလေ။ သူက သေချာကိုပြုတ်တာ။ အဲဒီတော့ ပဲလိပ်တွေဆိုတာ ပျော့ပြဲရုံတင်မကဘူး အရည်ပျော်ကုန်တာ။ မမိုးစီလည်းနိုးရော ... ဘာပြောကောင်းမလဲ ဆူခံထိ တာပေါ့။ ဒါပေမယ့်လည်း ကြာကြာ မဆူနိုင်ပါဘူး။ ကလေးတွေ မလာခင် အပြီးကျက်အောင်ချက်ရမှာလေ။ ပဲလိပ်အပျော်လေးတွေနဲ့လည်း ကောင်းတာပါပဲ :P

ကျမတို့နိုးရင်တော့ လက်ဘက်ရည်ဖြစ်ဖြစ် ကော်ဖီဖြစ်ဖြစ် တအိုးကြီးဖျော်၊ ရွာထဲကကောက်ညှင်းပေါင်းနဲ့ .. မီးလှုံရင်းစားကြ။ ပြီးတာနဲ့ ပူပေါင်းတွေ မှုတ်ကြ၊ ကလေးတွေအတွက် လက်ဆောင်တွေကို အိတ်တွေထဲ ထည့်ကြနဲ့ အားလုံးပြီးတဲ့အချိန် ၇ နာရီ ခွဲမှာ ကလေးတွေရောက်လာပါလေရော။

ကလေးဆိုတာမျိုးက သိပ်သန့်စင်တာနော်။ ကျမတို့ ချက်ထားသမျှကို ဘာဝေဖန်ချက်မှ မပေးဘူး။ စားလိုက်ကြတာဆိုတာ။ တကယ်လည်း မမိုးစီက အချက်အပြုတ် တော်တော် တော်တာပါ။

ရွာထဲက ကလေးတွေထဲမှာ ခရစ်ယာန်ကလေးတွေကလွဲရင် ခရစ္စမတ်ဆိုတာ မသိကြဘူး၊ ပြီးတော့ ခရစ္စမတ် လတ်ဆောင် မရဖူးကြဘူး မဟုတ်လား။ ပြီးတော့ အားလုံးက နွမ်းပါးကြတယ်။ သူတို့ဝတ်လာတဲ့ သူတို့မှာရှိသမျှ အကောင်းဆုံးအဝတ်အစား လေးတွေကပဲ တော်တော့ကို မှေးမှိန်နေပါတယ်။

စားသောက်ပြီးရင် အားလုံးကို ဘုရားကျောင်းလေးထဲ ခေါ်သွားပြီး ကျမကသီချင်းသင်ပေးတယ်။ နောက် တယောက်ယောက်က ပုံပြောတယ်။ ကလေးတွေနဲ့အတူ သီချင်းတွေ ဆိုကြတယ်။ ကလေးတွေက ကျမတို့ကို နှစ်တိုင်းမျှော်တာ။ ကျမတို့သင်ပေးတဲ့ သီချင်းတွေ၊ ပုံပြင်တွေကို နောက်နှစ် တွေမှာ ပြန်မေးရင် ... အားလုံး ပြောနိုင်ကြတယ်။ ပြီးရင်တော့ လက်ဆောင်တွေ ဝေ၊ ဓာတ်ပုံတွေ ရိုက်ကြ ..။ တနှစ်မှာ ကလေးအားလုံးကို မျက်နှာဖုံးလေးတွေ ဝေတယ်။ ကျမတို့အားလုံးလည်း မျက်နှာဖုံးလေးတွေစွပ်တယ်။ ပြီးတော့ ဓာတ်ပုံရိုက်ကြတယ် (အဲဒီပုံကို ကိုရိုးက နောက်တနှစ် တီရှပ်မှာရိုက်ပြီး ဆင်တူဝတ်ကြတယ်)

ကလေးတွေပြန်သွားရင်တော့ ပစ္စည်းတွေ သိမ်းဆည်းရပြီ။ အဲဒီမှာ ကျမတို့ကဏ္ဍ ပြန်ရောက်လာပြီ။ လူဆိုတာ ကောင်းတာနဲ့ဆိုးတာ အမြဲဒွန်တွဲနေတတ်တာမျိုးတဲ့ .. သိပ်မှန်တာပဲ (ဟီဟိ) ရွာထဲက ထန်းရည်က အရမ်းကောင်းတာလေ။ ကိုစီတုတ်က ကျည်တောက်တွေနဲ့ အဆင်သင့် စောင့်နေတာ။ ထန်းရည်မော့လိုက်၊ အိုးတိုက် ပန်းကန်ဆေးလိုက် ... ။ ရန်တွေထဖြစ်လိုက် ... ။ မခေါ်မပြောတွေ ဖြစ်လိုက်ကြ။ နောက်တော့လည်း မေ့သွား၊ နောက်တနှစ်မှာ စကြမယ်ဟေ့ဆို ရောက်လာကြတာပါပဲ။

ဒီပို့စ်လေးရဲ့ ခေါင်းစဉ် “ဘိုနာတာလီ” ဆိုတာ အီတလီလို မယ်ရီခရစ္စမတ်လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီသီချင်း လေးကို ကျမ ယူကျုမှာရှာတာ မတွေ့ဘူး ... တွေ့ရင် တင်ပေးမလို့ပါ။ ကျမတို့အဖွဲ့ရဲ့ ဖေးဘရိတ် သီချင်းလေးပေါ့။ အထူးသဖြင့် ကျမနဲ့ မမိုးစီ ဂျူးအက် ဆိုလေ့ရှိတယ်။

ခရစ္စမတ်ဆိုတာ တကယ်တော့ ကိုယ်ရယူဖို့မဟုတ်ဘူး ... သူများကို ပေးဖို့လို့ ကျမတို့ သူငယ်ချင်း တသိုက် ယူဆခဲ့တဲ့အတွက် အဲဒီအစီအစဉ်လေးကို ဘာပရောဂမှမပါဘဲ ၁၀ နှစ်ကျော် ဆင်နွှဲခဲ့ဖူးပါတယ်။ ကျမတို့ လက်ဆောင်တွေ ဝေခဲ့ဖူးတဲ့ ကလေးတွေ တချို့ အိမ်ထောင်တွေကျပြီး သားသမီးတွေ ရနေပါပြီ။ သူတို့ရဲ့ ကလေးတွေကို သူတို့ ပြန်ပြောပြကောင်း ပြောပြလိမ့်မယ်ထင်ပါရဲ့။ ဆိုးသွမ်း သောင်းကျန်းပေမယ့် ချစ်စရာကောင်းတဲ့ သူငယ်ချင်းတသိုက် သူတို့ဆီလာပြီး ခရစ္စမတ်ဆိုတာ ကျင်းပပေးခဲ့တဲ့ အကြောင်းကိုပေါ့။ ကျမတို့ သူငယ်ချင်းတွေ တနေရာထဲမှာ ပြန်ဆုံခွင့်ရပါဦးမလား ... ။ မပြောတတ်ဘူး ...။

ခုလောလောဆယ်တော့ ... Bonatali in Italy .. means a merry X’mas to you.... လို့ ကျမ တယောက်တည်း ဆိုနေပါတယ် ... ။

8 comments:

ATN said...

soprano ဆိုရတယ် ဆိုကတည်းက အသံကောင်းလို့ပေါ့...

sait phay yar said...

မတူးရဲ့ သီချင်းလေပို့ပေးပါလားဟင်
ဒီမှာဆိုရအောင်လို့ နောက်ပြီး ချင်းမိုင်လာမယ်နော် ခရစ္စမတ်မှာ စောင့်နေနော်

ThuHninSee said...

merry x'mas to you !ma tu tu tha....
ဒါသီချင်းတွေလား ဟင်။
http://www.youtube.com/watch?v=MolajXikY-k
http://www.youtube.com/watch?v=f-9KprqguVw
http://www.youtube.com/watch?v=cTrjQZ65790

Andy said...

ခရစ်စမတ်ဆို ကိုယ်နဲ့လည်းသိပ်မဆိုင်... ဘာဖီလင်မှမရှိပဲနဲ့ အလိုလိုကြည်နုးနေမိတာ ငယ်ငယ်ကတည်းကပဲ...

Kaung Kin Ko said...

ွှအသံ သွင်းထားလေ။ ထီပေါက်ရင် ဇီးသီး ထုတ်ပေးမယ်။ :D

မေငြိမ်း said...

ဖတ်ရတာ တကယ်ပဲ လွမ်းစရာ..၊ ကိုယ်က ခရစ်ယန်မဟုတ်ပေမဲ့ စိတ်ထားမြင့်မြတ်အနစ်နာခံတဲ့ Jesus ရဲ့ မွေးနေ့မို့ အဲဒီနေ့ဆို merry x'mas လို့ နှစ်တိုင်း လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ခဲ့တာပါ..။ ဘာပဲဖြစ်ဖြစ်.. ငါ့ညီမလေးအတွက် Merry x'mas ပါ...

Unknown said...

Tu, we all are missing you too.

Mg Gabar said...

Merry X'mas