ဝတ္ထုတို ၁၉
ငါ ဘာလုပ်လို့လဲ
အစကတည်းက သေချာပြောတယ်။ ဒါမျိုးလုပ်ရင် ဒါမျိုးဖြစ်မယ်ဆိုတာ ...။ ဘယ်လိုပြောပြော မရဘူး။ ရပါတယ် အေးဆေးပါ ဆိုတာချည်းပဲ။ သူ့အကြောင်းလည်း အားလုံးသိတယ်၊ အားလုံး အကြောင်းလည်း သူသိတယ်၊ ပြီးတော့ အားလုံးအကြောင်းလည်း အားလုံးသိတယ်လေ။
ရှုပ်ကုန်ပြီလား .. မရှုပ်ပါဘူး။ သူဆိုတာ ဝဏ္ဏလေ။ ညဘက်မှာလုပ်ချင်တာ လုပ်ထားသမျှ ... မိုးလင်းလို့ ပြန်ပြောရင် အမြဲ “ငါဘာလုပ်လို့လဲ” လို့ ပြောနေကျ။ သူတင်ပဲလား ... မဟုတ်သေး ... တရုတ်ကြီးကောပဲ။ အတူတူပဲ “ငါဘာလုပ်လို့လဲ” ဆိုတဲ့ထဲ သူလည်း ထိပ်ဆုံးက။
စင်ကာပူ ဆိုတဲ့ နိုင်ငံရပ်ခြားမှာ အင်ဂျင်နီယာ အလုပ်သွားလုပ်ပြီး ပြန်လာလို့ .. အကျင့်ပြောင်း သွားမယ် ထင်လို့လား။ အင်း .. ထင်မိတယ်ဆိုရမလားဘဲ။ သူ့သူငယ်ချင်းတွေကလည်း အမှတ် သည်းခြေက ခပ်နည်း နည်းရယ်။
တနေ့ကပဲ တရုပ်ကြီးယောက္ခမသစ်စက်မှာ သွားသောက်ကြပြီး ရန်တွေဖြစ် ... အင်္ကျီချွတ်ကြီး နဲ့ သစ်စက် ကနေ ၂ မိုင်လောက်လျှောက်ရတဲ့ ကိုဆုတို့အိမ်ကို တယောက်ထဲ ရောက်လာလို့ ကိုဆုက သူ့ကို အိမ်ပြန်ဖို့ မြင်းလှည်း စင်းလုံးငှားပေးလိုက်ရသေးတယ်လေ။
အဲဒီနေ့မှာပဲ ဆိုက်ကားခေါင်းခန်းမှာ “သားမှားပြီအမေရဲ့” လို့အော်ရင်း ပါသွားတဲ့သူ့ကို လပ်ကီး လက်ဖက်ရည် ဆိုင်ကနေ လှမ်းတွေ့တဲ့ ဆင်ကြီးတို့အုပ်စုက မခေါ်ရဲလို့ အသာလေး ကြည့်နေလိုက်ရတာတဲ့။ ဘယ်ဟုတ်မလဲ အဲဒီဆိုက်ကားနောက်ကနေ သူ့အမေက တုတ်တချောင်းနဲ့ လိုက်လာတာဆိုပဲ။ သူတို့သားအမိ အဲဒီပုံစံအတိုင်း လပ်ကီးရှေ့ကနေ ခေါက်တုံ့ခေါက်ပြန် သွားနေကြတာတဲ့။
နောက်တနေ့မနက်ကျတော့ သူမဟုတ်သလို ..။ လက်ဖက်ရည်ဆိုင်ကိုရောက်လာပြီး ဟီးဟီး ဟားဟားနဲ့။ ဒီလိုနဲ့ ဒီအစီအစဉ်ကို ထပ်ဆွဲဖြစ်သွားတာ။
ဒီတခါတော့ သူ့အမေနဲ့အဘွားက ဘယ်မှ သွားမနေနဲ့ အိမ်မှာပဲ ကြိုက်တာလုပ်ကြတဲ့။ အရွယ် တွေကလည်း ကြီးကောင်ကြီးမားတွေ ဖြစ်နေပြီ။ လူမြင်လို့ မသင့်တော်ဘူးတဲ့။ သူတို့ထဲမှာ ကျူရှင်ဆရာ တကောင်လည်းပါတာဆိုတော့ မတော် သူ့တပည့်တွေတွေ့ရင် အရိုအသေ တန်မှာလည်း စိုးရသေးတယ်လေ။ သူ့အမေနဲ့ အဘွားက အမြည်းတွေ စိတ်ကြိုက်လုပ်ပေး မယ်တဲ့။
သူ့အမေနဲ့ အဘွားခမျာလည်း သားယောက်ျားလေး ငပွေးသုံးယောက်ရဲ့ အမေနဲ့ အဘွား ဖြစ်နေလေတော့ တော်တော်လေး နားလည်ပါတယ်။ တခုတော့ရှိတယ် သူတို့အဖေတော့ အိမ်မှာမရှိဘူးပေါ့။ နောက် ၂ ရက်လောက်ဆို ခွင့်စေ့လို့ စလုံးကို ပြန်ရတော့မှာမို့လည်း အမေနဲ့ အဘွားက ခွင့်ပြုတာပါ။
အစပိုင်းကတော့ ဟုတ်လို့ပဲ ...။ ရွာထဲက ထန်းရည်ကို ပလတ်စတစ်ပုံးကြီးနဲ့ တပုံးမှာထား တာ။ ထန်းရေလေးသောက်လိုက်၊ ဖဲလေးရိုက်လိုက်နဲ့ ... ဂစ်တာတီးတဲ့သူကတီးပေါ့။ ဟုတ်နေတာလေ ..။
တရုတ်ကြီးတို့ လင်မယားက နောက်ကျမယ်လို့ ပြောထားပြီးသား။ ကျူရှင်ဆရာကလည်း အတန်းပြီးမှ လာနိုင်မယ်တဲ့။ နောက်ပြီး သူ့မိန်းမက ကလေးမွေးထားတာ ၃ လပဲရှိသေးတာ ဆိုတော့ သူ တယောက်ထဲပဲလာမယ်တဲ့။ ရောက်နေကြတာက ရခိုင်ကြီးရယ်၊ နှဲတို့လင်မယား ရယ်၊ တိုးကြီးရယ်၊ ဖိုးသိုက်တို့လင်မယားရယ်ပေါ့၊ အိမ်ကြီးရှင် ဝဏ္ဏကတော့ အပေါ်ထပ်က သူ့အမေနဲ့ အဘွားလုပ်ပေးသမျှ အမြည်းတွေကို အောက်ချပေးရင်း သူ့ ချစ်မမ အလာကို တမျှော်မျှော်ပေါ့။
ရခိုင်ကြီးကတော့ ဒိုင်ခံ ဂစ်တာတီးသီချင်းဆိုပဲ။ ကျန်တဲ့သူတွေက အလှည့်ကျ ပိုကာဝိုင်းကို ဝင်ထိုင်နေကြတာ။ တိုးကြီးနဲ့ နှဲကြီးရယ် ဖိုးသိုက်မိန်းမ ဗိုက်ကြီးရယ်ကတော့ ဖဲဝိုင်းက မထတမ်းပဲ။ ဖဲဝိုင်းဖြစ်ရတာက အဲဒီဗိုက်ကြီးသည်ကြောင့်ပါ။ ကြံကြံဖန်ဖန် ချဉ်ချင်းတပ်တယ် ဆိုလားပဲ။
နှဲကြီးမိန်းမ နပ်စ်မကတော့ ထန်းရည်တွေ တခွက်ပြီးတခွက်မော့ပြီး တဟားဟားရယ်နေပြီ။ အချိန်က ကုန်လို့ ကုန်မှန်းမသိဘူး။ ထန်းရည်ကလည်း ကုန်လို့ ကုန်မှန်းမသိဘူး ဆိုရမယ်။ အဲဒီအချိန်မှာ ဝဏ္ဏရဲ့ မမရောက်လာတယ်။ သူတို့အားလုံး မူးလို့မူးမှန်းမသိဘဲ မူးနေကြပြီ။ ဆိုးတာက ဝဏ္ဏ ဘယ်လောက်မူးနေပြီလဲဆိုတာ ဘယ်သူမှ အသေအချာ မပြောနိုင်ကြဘူး။ မပြောနိုင်ဆို အားလုံးလည်း မူးနေတာကိုး။ ဝဏ္ဏမမ ဘယ်အချိန်ပြန်သွားလဲတောင် မသိ လိုက်ကြဘူး။
နောက်တော့ တရုတ်ကြီးတို့ လင်မယားရောက်လာတယ်။ ကျူရှင်ဆရာလည်း ရောက်လာ တယ်။ တရုတ်ကြီးက ရောက်လာတာနဲ့ ထန်းရည်ပုံးကိုအရင်ကြည့်တယ်။ ကျူရှင်ဆရာ ကတော့ စားစရာ အရင်ရှာတယ်။ သူက အစားသမား။
ထန်းရည်က မကျန်တော့သလောက်ပဲ။ တရုတ်ကြီးက သိပ်စိတ်ညစ်ခံတဲ့သူမှမဟုတ်တာ။ ရွာဝကို စက်ဘီးလေးနဲ့ ပြန်ထွက်ပြီး အဖြူ တလုံးသွားဆွဲလိုက်တာပဲ။ တလုံးနဲ့ မလောက်တော့ လည်း နောက်တလုံးပေါ့။ အချိန်က တော်တော်လေး နှောင်းလာပြီ။ မနက် ၁၀ နာရီလောက် က စလိုက်တဲ့ဇာတ်လမ်းက ညနေ ၄ နာရီဆိုတော့ အရှိန်ကဘယ်သေးတော့မလဲ။ တရုတ်ကြီး က အားလုံးကို အမီလိုက်ဖို့ အသည်း အသန်ကြိုးစားနေတယ်။ သူ့ဖာသာကြိုးစားရုံတင် မကဘူး သူ့မိန်းမကိုပါ တိုက်လိုက်သေးတယ်။ သူ့မိန်းမက တခွက်ဝင်တာနဲ့ စရစ်ပြီ။ အဲဒါကို အားလုံး သဘောတွေကျပြီး ဝိုင်းရီနေကြတာ။
အားလုံး အေးအေးဆေးဆေးပါပဲ။ ပြီးတော့ ပျော်ပျော်ပါးပါးပဲ။ ဖဲဝိုင်းကလည်း တော်တော်လေး အရှိန်ရနေပြီ။ နောက်တော့ ရခိုင်ကြီးက တီးပြီးဆို ... ဝဏ္ဏရယ် နှဲကြီးမိန်းမ နပ်စ်မရယ်က မြနန္ဒာနဲ့ ကလို့ အဆင်ပြေနေတာ။ အားလုံးမူးနေကြတော့ ဘာက ဘယ်လိုဘယ်လို စဖြစ်တယ်ဆိုတာ မသိဘူးလေ။ တကယ်ကို မသိလိုက်တာပါ။
သိတဲ့အချိန်မှာတော့ ဝုန်းဆိုတဲ့အသံကြီးပဲကြားလိုက်ရတယ်။ အားလုံး မင်တက်မိနေတဲ့အချိန် ရုတ်တရက် တလောကလုံးရှုပ်ထွေးသွားတော့တယ်။
ခုနကပြောတယ်နော်။ ဘာကဘယ်လိုစဖြစ်တယ် မသိဘူးလို့။ ထပ်ပြောဦးမယ် တကယ်ကို ဘာက ဘယ်လိုစဖြစ်လိုက်မှန်း ဘယ်သူမှ မသိလိုက်ကြဘူး။
သိတဲ့အချိန်မှာ ... ဝဏ္ဏက အိမ်ပေါ်ထပ်မှာ သူ့အမေနဲ့ အဘွားကိုကောင်းကောင်း ပြဿနာ ရှာနေပြီ။ မျိုးစုံ တွေအော်ဟစ်သောင်းကျန်းနေပြီ။ အဲဒီမှာ အောက်ကကောင်တွေ အေးအေး ဆေးဆေး ဒီတိုင်းပဲနေလိုက်ရင် ပြီးပြီပေါ့။ မပြီးဘူး ... ဒါမျိုးဆိုရင် တရုတ်ကြီးတို့ကလုံးဝ မရဘူး။ လူကြီးတွေကို စော်ကားတဲ့ကောင်ကို ဆုံးမ ရမယ် ... ဒီလိုမျိုး။
ဘယ်သူမှ ဆွဲချိန်မရလိုက်ဘူး ပေါင် ၂၀၀ လောက်လေးတဲ့ ခန္တာကိုယ် ထွားထွားကြိုင်းကြိုင်း ကြီးက အိမ်ပေါ်ထပ်ကို စွေ့ကနဲ ရောက်သွားပြီး ဝဏ္ဏကို တရစပ် ဆွဲထိုးတော့တာပဲ။ အဲဒီ အချိန်မှာ တရုတ်ကြီးနဲ့ ဝိတ်တူ၊ ဂိုက်တူ ဆိုက်တူ ကျူရှင်ဆရာက နောက်က ပြေးလိုက်သွား ပြီး တရုတ်ကြီးကိုဆွဲပေမယ့် ပိန်ညောင်ရိုးဝဏ္ဏက မရှုမလှ ခံနေရပြီ။
အဲဒီမှာပဲ မထင်မှတ်တာတွေ ဆက်တိုက်ဖြစ်သွားလိုက်တာဆိုတာ။
ဝဏ္ဏမရှုမလှခံနေရတော့ ဝဏ္ဏရဲ့ ချစ်မေမေနဲ့ အဘွားက အလန့်တကြားတွေအော်၊ အဲဒါကို တရုတ်ကြီးကမသိဘဲ ဝဏ္ဏလုပ်လို့အော်တယ်မှတ်ပြီး ဝဏ္ဏကို ပိုနှိပ်စက်၊ တရုတ်ကြီးမိန်းမက အဲဒါကိုနားလည်တော့ သူ့ယောက်ျားကို အတင်းသွားဆွဲ ...။
တရုတ်ကြီးမိန်းမ အေးခိုင်ဆိုတာလည်း ကြည့်ဦး ပေါင် ၉၀ လောက်ပဲရှိတာ။ ဖြူဖြူသေးသေး လေး။ တရုတ်ကြီးကို ဘယ်လိုလုပ်ဆွဲလို့ရမှာလဲ။
အဲဒီအချိန်မှာ ဘုမသိဘမသိ အပြင်ကမူးပြီးပြန်လာတဲ့ ဝဏ္ဏအစ်ကို သူရက ဘာဖြစ်မှန်း သေချာမသိဘဲ ဝဏ္ဏကို ဝင်ဆူသေးတယ်။ သူ့ညီက ပြန်အော်တော့ ဝမ်းတွေနည်းပြီး ငိုရင်း အိမ်နံရံမှာ မြေဖြူတခဲနဲ့ ဘာတွေမှန်းမသိဘူး ထိုင်ရေးနေတော့တယ်။
အောက်ထပ်က ကွပ်ပျစ်မှာ မဗိုက်က ပက်လက်လန်နေပြီ (ဗိုက်နဲ့ဆိုတော့ မှောက်လို့မရဘဲ ပက်လက်ပဲလန်တာ)။ ဝဏ္ဏက တရုတ်ကြီးလက်ထဲက လွတ်တာနဲ့ အောက်ထပ်ကို အမော တကောပြေးဆင်းလာတဲ့အချိန် တရုတ်ကြီးက အောက်ကို လိုက်လာပြန်ရော။ မဗိုက်လည်း ရှောင်နိုင်မှ လွတ်မဟဲ့ဆိုတဲ့အတွေးနဲ့ ဝေးရာထပြေးရတာပါပဲ။
အောက်ထပ်က ကွပ်ပျစ်မှာ တခါ ထပ်ပြီး ဝရုန်းသုန်းကားဖြစ်ကြပြန်ရောလေ။ ကွပ်ပျစ်ပေါ်မှာ ပက်လက်လန်သွားတဲ့ဝဏ္ဏကို တရုတ်ကြီးကဝင်လုံးတာ။ အဲဒီအချိန်မှာ ဖိုးသိုက်လည်း ဝဏ္ဏပေါ်က တက်ဖိပြီး ပေါင်ခြံကို ဝင်ထိုး၊ တရုတ်ကြီးကိုလည်း အတင်းဝင်ထိုး လုပ်ပါလေ ရော။ တကယ်က ပုံမှန်ဆိုရင် ဖိုးသိုက်က ပေါင် ၁၁၀ တောင်ရှိတာမဟုတ်ဘူး တရုတ်ကြီးကို ဘယ်နိုင်လိမ့်မလဲ။ သူလည်း အခြေအနေရှုပ်ထွေးနေတာကို အခွင့်ကောင်းယူပြီး ဝင်ကြိတ်ရ တာ။
ရခိုင်ကြီး ကိုအောင်ကျော်ဇံက ငိုနေပြီ။ ဝမ်းနည်းလွန်းလို့တဲ့။ အဲဒီအချိန်မှာ ဧည့်သည် တယောက် ရောက်လာတယ်။ ပဲခူးက ... ဝဏ္ဏနဲ့စင်ကာပူမှာခင်ခဲ့တဲ့ သူငယ်ချင်း။ သူက ဝဏ္ဏဆီ ဘာလာလုပ်တယ် မသိဘူး။ ဧည့်သည်လည်း ဝရုန်းသုန်းကား ဇာတ်လမ်းတွေကြား ဘာလုပ်ရမှန်းမသိ ဖြစ်ပြီး ကျောပိုးအိတ်ကလေး ဘေးချ ငူငူလေးရပ်နေရှာတယ်။
အဖြစ်အပျက်က မြန်ဆန်လွန်းပါ့။ ဝဏ္ဏပေါ် တက်ဖိလုံးနေတဲ့ တရုတ်ကြီးရဲ့ ခြေထောက်ကို အေးခိုင်က အတင်းဝင်ဆွဲတဲ့အချိန်မှာ တရုတ်ကြီးက ရုန်းလိုက်တော့ အေးခိုင်ရဲ့ရင်ဗတ်ကို ဆောင့်ကန်လိုက်သလို ဖြစ်သွားပြီး အေးခိုင် ကြမ်းပေါ်ကို ခွေခွေလေး ပြုတ်ကျ သတိလစ် သွားပါတော့တယ်။
အဲဒီမှာ အားလုံး မီးကိုရေနဲ့ငြိမ်းလိုက်သလို ခဏငြိမ်သွားတယ်။ တရုတ်ကြီးကို ကျူရှင်ဆရာက ခြံပြင်ဆွဲခေါ်ထုတ်သွားတယ်။ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ နပ်စ်မက အဲဒီအချိန်မှာ ရုတ်တ ရက် သူ့ရဲ့ ကဏ္ဍရောက်လာပြီဆိုတာ သိပြီး အလုပ်စတယ်။ သူ့ယောက်ျားနဲ့ ဖိုးသိုက်ကို အေးခိုင်ကို အိမ်ပေါ်မတင်ဖို့ ညွှန်ကြားချက်ပေးတယ်။
အိမ်ပေါ်ရောက်တော့ ဘယ်သူ့ကိုခိုင်းရမလဲ ကြည့်တဲ့အချိန်မှာ အားလုံးထဲမှာ လုံးဝမမူးတာ ဆိုလို့ ဝဏ္ဏရဲ့ ညီအငယ်နန္ဒပဲရှိတာတွေ့ရတော့ စာရွက်နဲ့ဘောပင်တောင်းပြီး ခပ်သွက်သွက် ဘာတွေမှန်းမသိ ချရေးတယ်။ ပြီးတာနဲ့ နန္ဒကို “သွား ဆေးဆိုင်မှာ အဲဒါသွားဝယ်ချေ” လို့ ခိုင်းလိုက်တယ်။
စက်ဘီးနဲ့ အပြင်က ကမန်းကတန်းပြန်ရောက်လာတဲ့ နန္ဒဆီက အထုပ်ကို ဖြေပြီး နပ်စ်မက နပ်စ်မ အလုပ်စတင်ပါတော့တယ်။ သွက်လိုက်မြန်လိုက်တာမှ ... မူးနေတယ်လို့ကို မထင်ရ တာ။ ဆေးထိုးအပ် ပြင်ဆင်တာက အစ ဆေးစုပ်ယူတာအဆုံးပေါ့။ အေးခိုင်တင်ပါးထဲ ဆေးကို ထိုးထည့်ပေးလိုက်တာနဲ့ ကောင်မလေး သတိပြန်လည်လာတာပါပဲ။
အေးခိုင် သတိပြန်လည်လာတော့ တရုတ်ကြီးက ကြမ်းပြင်ပေါ်မှာ စန့်စန့်ကြီး အိပ်ပျော်နေပြန် ကော။ ဟောက်များတောင် ဟောက်လို့။ ဝဏ္ဏကလည်း ခုတော့ သူမဟုတ်သလို ဝါတော် ရှစ်ဆယ်ရ ဆရာတော်ကြီးစတိုင်နဲ့ သူ့အမေခူးခပ်ကျွေးတဲ့ ထမင်းကို အေးရာအေးကြောင်း စားနေပြီ။
သူ့ဧည့်သည်ကို ကိုအောင်ကျော်ဇံကဧည့်ထောက်ခံ စကားပြောထားရတယ်။ အဲဒီဧည့်သည်က ညအိပ်မှာလေ။
အိပ်ပျော်နေတဲ့ တရုတ်ကြီးကို ဖိုးသိုက်က ကန်နှိုးတာတောင် မနိုးဘူး။ နှဲကြီးပါဝိုင်းကန်မှ နိုးတာ။ အားလုံးငြိမ်သွားမှ သူတို့ တိုးကြီးကို သတိရတော့တယ်။ ဖဲသမားလေ ... ဝရုန်း သုန်းကား စဖြစ်ကတည်းက ဝိုင်းက ပိုက်ဆံတွေယူပြီး ထပြေးပြီ။ နောက်မှပြောတယ်။ အကျင့်ပါနေလို့တဲ့။ ပြီးတော့ စိတ်မချလို့တဲ့ ပုဆိုးကွင်းသိုင်းပြီး ပြန်ရောက်လာတယ်။
ဖဲဝိုင်းက ဘယ်သူနိုင်လို့ ဘယ်သူရှုံးမှန်းမသိတဲ့ ပိုက်ဆံတွေနဲ့ သူတို့တသိုက် ညလုံးပေါက် ဖွင့်တဲ့ လက်ဖက်ရည်ဆိုင်မှာ ထမင်းကြော်သွားစားတော့ ည ၁၀ နာရီတောင် ထိုးလုပြီ။
ဝဏ္ဏကိုတော့ ဧည့်သည်ရှိလို့ပါဆိုပြီး အတင်းဖျောင်းဖျ ထားခဲ့ရတယ်။ လမ်းမှာ တရုတ်ကြီးနဲ့ အေးခိုင်တို့ ရန်သတ်ကြသေးတာပေါ့။ ကွဲမယ်ကွာမယ် ဘာညာတောင် ဖြစ်သေးရဲ့။ ဟုတ်တာ လည်း မဟုတ်ဘူး။ ဒီလိုပါပဲ။
မဗိုက်ကတော့ ဒီလူတွေကြား ကန့်လန့်ကန့်လန့်ပေါ့။
အဲဒီနေ့က ဝရုန်းသုန်းကားဖြစ်နေတဲ့ ဝဏ္ဏတို့အိမ်ရှေ့ကနေ နှဲကြီးအဖေ ဦးမြဟန် ဖြတ်သွား သေးတယ်တဲ့။ သူလည်း ထွေနေတာ။ အဲဒီအိမ်ထဲ သူ့သားနဲ့ချွေးမ သောင်းကျန်းနေတာ မသိရှာဘူး။ အိမ်ရောက်တော့ သူ့သားကိုမေးသတဲ့ ...
“ဟေ့ကောင်သားကြီး ဝဏ္ဏတို့အိမ်မှာ ဘာပွဲလည်းမသိဘူးလုပ်နေတယ်ကွ။ မင်းတို့ မသွားဘူးလား” တဲ့။ နှဲကတော့ ခပ်တည်တည်ပဲ “ဟုတ်လား မသိဘူးအဖေ” လို့ ပြန်ပြောလိုက်တယ်။
နောက်တနေ့မနက် လက်ဖက်ရည်ဆိုင်မှာ ဆုံကြတော့ ထုံးစံအတိုင်း ညကအကြောင်း စမြုံ့ပြန်ကြတာပေါ့။ ကျူရှင်ဆရာက တရုတ်ကြီးကို ဆုံးမတော့ တရုတ်ကြီးက “ငါ ဘာလုပ်လို့လဲ ကွ” တဲ့။
ခဏနေတော့ ဝဏ္ဏရောက်လာတယ်။ လမ်းလျှောက်မလာဘူး။ ဆိုက်ကားနဲ့။ ဆိုက်ကား ပေါ်က ဆင်းတော့ ထော့နင်းထော့နင်းဖြစ်နေတယ်။
“ညတုန်းက ဘာတွေဖြစ်လဲ မသိပါဘူးကွာ။ ငါ့ပေါင်ခြံက တော်တော်အောင့်နေတာ” တဲ့။
အကွက်ပဲဆိုပြီး တွယ်ခဲ့တဲ့ ဖိုးသိုက်က မသိချင်ယောင်ဆောင်နေတယ်။ ကျူရှင်ဆရာက ထပ် ဆုံးမရပြန်တယ်။ ဝဏ္ဏရာ မင်းလည်း ငယ်တော့တာမဟုတ်ဘူး။ အမေနဲ့အဘွားကို သနား သင့်ပြီ ... ဘာညာ ပေါ့လေ။ ဝဏ္ဏက ဘလက်ကော်ဖီတခွက် လို့လှမ်းမှာပြီး ကျူရှင်ဆရာကို အူကြောင်ကြောင် ကြည့်တယ်။ အရမ်းကို ဖြူစင်ရှင်းသန့်တဲ့ သူတော်စင် အကြည့်လေးနဲ့ပေါ့ ပြီးတော့ မေးလိုက်တယ် “ငါဘာလုပ်မိလို့လဲကွ” တဲ့။
တရုတ်ကြီးကော ဝဏ္ဏကော မေးတဲ့ပုံစံက တပုံစံထဲ။ သူတို့တကယ်ကို ဘာမှမသိလို့ မေးတဲ့ပုံ။ ဆုံးမမိတဲ့သူကပဲ ပြန်တောင်းပန်ရမလို .... ။ ပြောသားပဲ အစကတည်းက။ ဒါမျိုးလုပ်ရင် ဒါမျိုး ဖြစ်မှာပဲ လို့ ... ။
Thursday, November 27, 2008 | Labels: ဝတ္ထုတို | 8 Comments
tag 6
တက်ဂ်များ အဖော်နဲ့အပေါင်းနဲ့များလာတတ်သလား မသိပါဘူး။ တနေ့ကပဲ ကာတွန်းကားနဲ့ ပတ်သက်တဲ့ တက်ဂ် ရေးပြီးတယ်။ ဒီနေ့ တစက်မှမငြိမ်တဲ့ ဟန်သစ်ငြိမ်က တက်ဂ်တယ်တဲ့ စီပုံးမှာလာအော်တာလေ ... အကြောင်းအရာကြည့်လိုက်တော့ တော်တော်စိတ်ညစ်သွား တယ်။ ဟိုတခါရေးရတဲ့ မသေခင် ၁၀ ရက်အလိုထက်တောင် ညစ်သေး ..။ ကြည့်ပါဦး ကိုယ့်ကိုယ်ကိုယ် မုန်းရခြင်းအကြောင်းရင်း ၁၀ ချက်တဲ့။ ကိုယ့်ကိုယ်ကိုယ် မုန်းတာတွေ ရှိတော့ ရှိတာပေါ့။ ဒါပေမယ့် တချို့အချက်တွေက ပြန်တွေးဖို့ ... ချပြဖို့ တော်တော်ခက်တာ တွေ ... အင်း ဘာပဲဖြစ်ဖြစ် အမေးရှိပြီဆိုတော့ အဖြေ ရှိရတော့မပေါ့ ...။
၁။ လူလည်အရမ်းကျတတ်လို့
မှတ်ချက်။ ။ လည်ပေမယ့် ကတုံးပေါ်တော့ ထိပ်မကွက်ပါ။ သူငယ်ချင်းအရင်းခေါက်ခေါက် တယောက်ကတော့ ကျမလူလည်ကျတာ တော်တော်သိတယ်။ နင်က တုံးချင်ယောင်ဆောင်နေတဲ့ လူလည်မတဲ့ ဟီးဟီး။
၂။ ဟန်ဆောင်ကောင်းလို့မုန်းတယ်။
လက်ထဲမှာ လကုန်ထိသုံးစရာ ကျပ် တထောင်တောင် မပြည့်တော့တဲ့ အနေအထား ...လကုန်ဖို့က ၁၀ ရက်လောက်လိုသေးတာကို လကုန်ထိသုံးဖို့ တသောင်းကျော်ပဲကျန်တော့လို့ လာညည်းတဲ့သူငယ်ချင်းကို သူညည်းသမျှ နားထောင်ပေးပြီး လက်ဖက်ရည်တောင် တိုက်လွှတ်လိုက်သေးတာ။ ဟဲဟဲ ချေးကြပါဦး။
၃။ တော်ရုံတန်ရုံလူကြီးတွေကို အပေါင်းအသင်းမလုပ်ချင်လို့။
အဆင့်အတန်း ခွဲခြားတယ် ဆိုပါတော့ :P (ကိုယ့်ထက်ငယ်တဲ့ ကလေးတွေကိုတော့ ဘယ်သူဖြစ်ဖြစ် ပေါင်းပါတယ်) အဲဒီတော့ ကျမပေါင်းတဲ့လူကြီးတွေက တော်တော် ခင်လို့လို့သာ မှတ်ပေတော့။ ပြီးတော့ ကိုယ့်ပေတံနဲ့ကိုယ်တိုင်းပြီး အိုင်ကျူနိမ့်တယ်ထင်တဲ့သူတွေကိုလည်း ဟန်ဆောင်ပြီးတောင် စကား မပြောချင်ဘူး (အညင်ကတ်စရာကြီးနော်) အဲလို ခဏခဏ ဖြစ်တတ်လို့ ကိုယ့်ကိုယ်ကိုယ် မုန်းပါတယ်။
၎။ တွေဝေတတ်လို့။
လမ်း ၂ လမ်းတွေ့ပြီဆိုပါတော့ ... ဘယ်လမ်းကိုသွားမယ်ဆိုတာ နောက်ဆုံးအချိန် ရောက်တဲ့ထိ မဝေ ခွဲနိုင်ဘူး။ အချိန်စေ့တဲ့အခါ ကြုံရာတခုကို မှားမှားမှန်မှန် အမြန်ရွေးလိုက်ရရော။
၅။ အစကြမ်းလို့။
ခင်မိရင် အစသန်တယ်။ တဖက်လူက ကြိုက်လား မကြိုက်လားမသိ လွှတ်ကနဲ ပါးစပ်က စ မိပြီး ဘရိတ်အုပ်ဖို့ အမြဲနောက်ကျ။ ပြန်တောင်းပန်ရတာ အခါခါ။ ကိုယ့်ကိုယ်ကိုယ်သိတယ် သို့သော် ပြင်လို့မရ။
၆။ အပျင်းကြီးပြီး အလုပ်အကြွေးထားတတ်လို့
ပြင်ဖို့ကြိုးစားတာ ၁၀ တန်းမဖြေခင် ကတည်းကပဲ။ အင်းခုဆို အနှစ် ၂၀ ရှိပြီပေါ့လေ။ အသားက တော်တော်ကျနေပြီ။ ရတော့ဘူး :P လုပ်စရာရှိတာကို နောက်ဆုံးအချိန်ရောက်မှ အမြဲလုပ်လေ့ရှိတယ်။ အလုပ်ကိုရွှေ့တာပေါ့။ စာမူတောင်းရင် ဖောင်ပိတ်ခါနီး တနာရီလောက် အလိုကျမှ အသည်း အသန်ရေးပေးတာ။ မျက်နှာတော့အပျက်မခံဘူး။ သို့သော် တောင်းတဲ့သူက ၂ ယောက်လောက် တပြိုင်ထဲဖြစ်ရင် တေပြီ။ (အမေ့လေနဲ့ပြောရရင် နင်ကတော့လေ မိတူး ချေးယိုခါနီးမှ ချေးခံတွင်းပေါက်ရှာ သိလား)
၇။ အားနာပြီး ကတိပေးလွယ်တတ်လို့
အပေါ်မှာပြောသလိုပေါ့ ကိုယ့်ဝန်နဲ့အား မျှလား မမျှလားမသိ ... သူများက တခုခုလုပ်ခိုင်းရင် ရမယ် ဆိုတာချည်းပဲ (သဘောကောင်းတယ်လို့ကလည်း အထင်ခံချင်သေးတာ)။ ပြီးတော့ အလုပ်ကိုရွှေ့ ... အချိန်ကပ်မှလုပ်ပေး ... မအိပ်မစားတွေဖြစ်။ ပင်ပမ်း။ အဲဒီအချိန်ဆို သိပ်မုန်းတာပဲ ကိုယ့်ကိုယ်ကိုယ်။ သို့သော် အားနာတော့လည်း လုပ်ပေးမယ်ဆိုတဲ့ကတိက အမြဲပေးမိပြန်ရော။ ဒါနဲ့ပဲ သံသရာကလည်နေတာ။
၈။ မကြည်ရင်မကြည်သလို ပြဿနာလုပ်တတ်လို့
အားနာတတ်ပေမယ့် မကြည်ရင်တော့ ကပ်ဖဲ့ပြီး ဂျစ်နေတတ်လို့ .. ခင်တဲ့သယ်ယင်းတွေဆို စိတ်ညစ်တယ်။ ဥပမာ - ကျမ မနေချင်တဲ့ နေရာတခုမှာ တယောက်ယောက်က ပေရှည်နေလို့ နေရပြီဆိုရင် အားမနာတမ်း ဂျီကျတာ။ ရစ်တာပေါ့လေ။ တချို့ဆို နင်က သဘောကောင်း သလိုလိုနဲ့ အကြောင်းသိမှ တော်တော် ပြဿနာရှာတာပါလားလို့ အမြဲပြောတယ်။ ဘယ်လောက် ရစ်လဲဆိုတာကတော့ သူများငိုချင်လာအောင်ကို ရစ်တာပါ (ဒါကလည်း ခင်မှပါ ဟီဟိ)
၉။ မျက်ရည်လွယ်တတ်လို့
လူများရှေ့မှာ မျက်ရည်ကျရမှာ ရှက်သလောက် လွယ်လိုက်တဲ့မျက်ရည်ဆိုတာ။ ထစ်ခနဲရှိ ကျပြီ ... ။ မုန်းတယ်။
၁၀။ နှာခေါင်းပွလို့
မရှိတော့ဘူး ဟန်သစ်မငြိမ်ရဲ့။ ဘာဆက်ပြောရမှန်းမသိတော့လို့ ကိုယ့်နှာခေါင်းပဲ ကိုယ် ရမယ် ရှာလိုက်ရတော့တယ်။ တကတည်း .. ကျုပ်အကြောင်းတော့ လူသိကုန်ပါပြီ။ ကဲ ဆက်တက်ဂ်မယ် ... မရဘူး ဒီတခါတော့ အလွမ်းဓာတ်ခံလေးတွေ ရှိမယ်ထင်ရတဲ့ အစ်ကိုကြီး အစ်မကြီးတွေ မောင် ညီမလေးတွေကို တက်ဂ်ပစ်မယ် လာထား ၁။ အစ်ကိုကြီးအောင်သာငယ် ၂။ အစ်မခင်မင်းဇော် ၃။ အစ်မမေငြိမ်း ၄။ ကိုဇာနည် ၅။ မောင်လေးကောင်းကင်ကို ၆။ ညီမလေးပန်ဒိုရာ .၇။ မောင်လေး ဖြိုး.. ဒန်တန့်ဒန် .. အားတာနဲ့ ရေးပေးပါဗျို့။
Tuesday, November 25, 2008 | Labels: tag | 7 Comments
အမှတ်တရရက်စွဲများ ၃
သူငယ်တန်း စတက်တက်ချင်း အမှတ်တရတခုကတော့ ကျမတို့အိမ်မှာ လာနေတဲ့ မနာယော ဆိုတဲ့ အစ်မကြီး ရွာပြန်သွားတာပါ။ သူက လားဟူလူမျိုး နာ ဆိုတာ လားဟူလို မ ပေါ့။ သူ့နာ မည်က မယော.. သို့သော် ကျမတို့က မနာယောလို့ခေါ်တယ်။ သူက ကျမ မမွေးခင်ကတည်း က အိမ်မှာလာနေပြီး ကျောင်းတက်တာပါ။ သူပြန်တဲ့အချိန်မှာ ဆယ်တန်းလည်း အောင်ပြီးပြီ၊ အလုပ်တောင် ဝင်နေပါပြီ။ သူ့အိမ်က လူမျိုးကွဲတွေနဲ့ ရသွားမှာစိုးလို့ ဆိုပြီး ပြန်လာခေါ်သွား တာ။ မေမေတို့လည်း စိတ်မကောင်းကြသလို သူလည်း မပြန်ချင်ပါဘူး။ ဒါပေမယ့် သူ့မိဘတွေ ရဲ့ သဘောထားကို မလွန်ဆန်နိုင်လို့ ပြန်သွားတယ်။
ပြန်ခါနီးမှာ ကျမကျောင်းတက်ဖို့ လွယ်အိတ်ကလေး တလုံး လက်ဆောင်ဝယ်ပေးသွားတယ်။ အစိမ်းရောင်လေးပါ။ ပြန်ခါနီးမှာ ကျမကို သူဖက်ငိုတယ်။ ကျမလည်း ကောင်းကောင်း နားမလည်ပေမယ့် သူ့ကိုဖက်ပြီး ငိုခဲ့ပါတယ်။ သူနဲ့ကျမ နောက်ပိုင်း တောက်လျှောက် စာ အဆက်အသွယ် ရှိခဲ့တယ်။ တကယ့်ညီအစ်မ အရင်းတွေလိုပဲ။
သူ ရွာပြန်ရောက်တာနဲ့ သူ့အိမ်က သူတို့ရွာသား မူလတန်းကျောင်းဆရာလေး တယောက်နဲ့ ပေးစားလိုက်ပါတယ်။ နောက်တော့ သူလည်း ရွာမှာ မူလတန်းပြလုပ်နေတယ်။ သိပ်သနား စရာ ကောင်းတဲ့ မနာယောပါ။ သူ့ခမျာ အလယ်တန်းပြတွေ အထက်တန်းပြတွေ ဖြစ်အောင် ဆရာဖြစ်သင်တန်းတွေတက် စာမေးပွဲတွေဖြေ ... အဲလိုလုပ်ချင်တယ်လို့ ကျမကို ရေးတဲ့ စာတိုင်းမှာ ထည့်ရေးပါတယ်။ ဒါပေမယ့် သူစာမေးပွဲဖြေမယ့်အချိန်တိုင်းဟာ သူ ကလေးမွေး ရမယ့် အချိန်တွေနဲ့ တိုက်တိုက်နေတယ်။
သူက တနှစ်တယောက် ကလေးမွေးပါတယ်။ သားဆက်ခြားဖို့တို့ ဘာတို့ ဒီခေတ်မှာလို ပညာ ပေးမယ့်သူလည်း မရှိသေးပါဘူး။ သူ့စာထဲမှာ စာမေးပွဲလာဖြေရင်း ကျမတို့ဆီလာလည်မယ် လို့ ရေးပေမယ့် သူနဲ့ကျမတို့ ပြန်တွေ့ခွင့် မကြုံခဲ့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ငါးယောက် မြောက် သမီးမိန်းကလေး မွေးရင်း မီးတွင်းထဲမှာ ကွယ်လွန်သွားလို့ပါ။ ကျမရဲ့ ငယ်ဘဝ အချိန်တွေထဲမှာ မမေ့နိုင်စရာ လူတယောက်အဖြစ် ပါဝင်နေလို့ မနာယော အကြောင်းလေး ထည့်ပြောရတာပါ။
နောက်ထပ် ငယ်ဘဝမှာ မမေ့နိုင်စရာ တဦးကတော့ ကျမကို ထိမ်းခဲ့တဲ့.. ကျမတို့က အန်တီကြီး လို့ခေါ်တဲ့ ကုလားမ အပျိုကြီးပါ။ သူက ကျမကိုသိပ်ချစ်တယ်။ ဆာရီအမြဲဝတ်တဲ့ အန်တီကြီးရဲ့ မျက်နှာက သိပ်ကိုကြည်လင်တာပဲ။ သူကအိန္ဒိယလူမျိုး ခရစ်ယာန် ဘာသာဝင် (အာရ်စီ ပေါ့)။
ကျမသိပ်ငယ်သေးတဲ့ သူငယ်တန်း၊ တတန်း နွေကျောင်းပိတ်ရက်တွေမှာ မေမေတို့ အလုပ် သွားတဲ့အချိန် အန်တီကြီးနဲ့ နေခဲ့ရပါတယ်။ အန်တီကြီးက ကုလားလေးတွေကို ကုလားစာ သင်တဲ့ အလုပ်လည်း လုပ်တယ်လေ။
အိမ်တွေမှာ လိုက်သင်တာပါ။ အဲလိုတွေ သူ စာသွားသင်ရင် ကျမက သူ့နောက်က တ ကောက်ကောက် ဆာရီစဆွဲပြီး လိုက်တာပဲ။ သန်လျင်မြို့မှာ ကုလားတွေ စုနေတဲ့ ရပ်ကွက် တွေရှိတယ်။ ဟိန္ဒူတွေ၊ ခရစ်ယာန်တွေပေါ့။ အဲဒီရပ်ကွက်တွေက မြို့ထဲနဲ့ တော်တော်လှမ်း ပါတယ်။ ပြီးတော့ သူတို့အိမ်ကလေးတွေက မြေကြီးအိမ်လေးတွေလေ ... သိပ်အေးတာပဲ။ ဓနိမိုး ထရံကာပြီး ရွှံနဲ့နွားချေးမံထားတဲ့ အခင်းက ပြောင်လက်နေတာ။
အန်တီကြီးကစာသင် ... ကျမက တရေးတမောအိပ်။ တခါတလေ ... အနီးအနားမှာ လျှောက် ကစား။ ညောင်သုံးပင်လို့ ခေါ်တဲ့ ခရစ်ယာန်သင်္ချိုင်းနားမှာ သွားသင်ရတဲ့ နေ့တွေဆို သိပ်ပျော် စရာကောင်းတယ်။ သူစာသင်နေတုန်း အနီးအနားက မြယာပင်လေးတွေမှာ ချဉ်ဖြုန်းဖြုန်း မြယာသီးမှည့်လေးတွေ ခူးစား၊ ပြီးတော့ ကွင်းပြင်ကျယ်ကြီးထဲမှာ ကုလားမလေးတွေနဲ့ လျှောက်ပြေးဆော့၊ မောရင် အေးစိမ့်နေတဲ့အိမ်ကလေးထဲ ဝင်အိပ်။ ညနေစောင်းမှ အန်တီကြီးနဲ့အတူ တောကားကြီးစီးပြီးပြန်ပေါ့။
တခါတလေ ကျမက သူသင်တဲ့နားသွားထိုင် ငေးမော ... ကုလားစာတွေ လိုက်ရွတ် .. ကုလား ကကြီး ခခွေးတွေ လိုက်ရေး ... “အာရီး၊ စစ်သရီး၊ နာနား၊ မောဝနား ...” “ရီးနာ့ကရီး .. ဘာဟင်းချက်လဲ” “ပါးရပူးကရီး ... ပဲဟင်းပေါ့” “မြီးနိကရီး ... ငါးဟင်း” နောက် ကျမ သေသေချာချာ မှတ်မိနေတာ တခုက “ဆက်သနာ့ရိ .. သေသောခွေး” တဲ့။ ကျန်တာတွေ တော့ မမှတ်မိတော့ဘူးလေ။
ဒေပါဝါလီနေ့လို ... ဟိန္ဒူတွေရဲ့ နေ့ထူးနေ့မြတ်တွေမှာဆို သိပ်ပျော်စရာကောင်းတယ်။ မုန့်အချိုတွေ ဆိုတာအောတိုက်ပဲ။ အဝစားယုံတင်မကဘူး အိမ်ကိုပါ အများကြီးထည့် ပေးလိုက် သေးတာ။ နောက်တော့ အန်တီကြီးတို့ အာရ်စီ ဘုရားကျောင်းမှာ ပွဲနေ့တွေဆိုရင် လည်း သိပ်ပျော်တယ်။ ထမင်းရုံကြီးတွေနဲ့ ထမင်းကျွေးတာလေ။ အဲဒီမှာ ကျမ ငှက်ပျောဖက်နဲ့ ထမင်းကောင်းကောင်းစားတတ်သွားတာပေါ့။
ရေစင်အောင်ဆေးထားတဲ့ ငှက်ပျော်ဖက် စိမ်းစိမ်းကို ရှေ့မှာလာချ ... ပြီးရင် ထမင်းပူပူကို သံပုဂံပြားနဲ့ကော်ပြီး ပုံပေး၊ တယောက်က ငှက်ပျောဖက်ထောင့်လေးမှာ ဆားပုံလေးလိုက်ပုံ၊ နောက်တယောက်က ဘာလီပုံးကြီးနဲ့ထည့်ထားတဲ့ ပဲဟင်းပူပူကို လာဆမ်း (မဆလာနံ့လေး ခုတောင် သင်းနေသေးသလိုပဲ)၊ နောက်တယောက်က ဘာဂျီကြော်လို့ခေါ်တဲ့ ဂေါ်ဖီနဲ့အာလူး ကြော်ထားတာလေးပုံ၊ နောက်တယောက်ကတော့ ခရမ်းချဉ်သီးချက်ဖြစ်ဖြစ် မန်ကျည်းမှည့် ထောင်းဖြစ်ဖြစ် လိုက်ပုံပေး ... အဲဒါကို လက်နဲ့ အားရပါးရ စားပေတော့။ ကျမအကြိုက်ဆုံး ကတော့ ချဉ်တင်တင်နဲ့ မလုပ်တံနီ ဟင်းချိုပါ။ အဲဒါကို စတီးခွက်လေးနဲ့ လာချပေးတာလေ။
ပြီးသွားရင် အဲဒီငှက်ပျောဖက်ပေါ်မှာပဲ သာကူပြစ်ပြစ်ကို အချိုပွဲအနေနဲ့ လိုက်တင်ပေး သေးတာ၊ ပါပရာကြော် ကြွပ်ကြွပ်နဲ့တွဲစားရတာလေ။ အမယ် ... ငှက်ပျော်ဖက် ပြန့်ပြန့်ကြီးနဲ့ သာကူကို ဘေးကျမသွားအောင် လက်နဲ့စားတာကိုက ပညာနော်။ တော်တော်ခက်တာ :P
မယ်တော်မာရီ ရုပ်တုလှည့်တဲ့ နေ့တွေမှာဆို ဘုရားကျောင်းဝင်းထဲမှာ ကော်ဖီတိုက် သေးတယ်။ ကော်ဖီဆိုတာက ကော်ဖီကြမ်းလို့ ကျမတို့ခေါ်တဲ့ ဘလက်ကော်ဖီကို ချင်းရယ် ထန်းလျှက်ရယ်နဲ့ဖျော်တာပါ။ ပူပူ မွှေးမွှေး ချိုချို ခါးခါးလေးပေါ့။
အန်တီကြီးက တခါတလေ ကျမတို့အိမ်မှာ ဟင်းတွေဝင်ချက်ပေးတယ်။ အထူးသဖြင့် သူချက် ပေးတဲ့ ဂဏန်းဟင်းကို ကျမခုထိမမေ့ဘူး။ မေမေက ဂဏန်းဟင်း ဘယ်တော့မှ မချက် ဘူးလေ။ အရှင်တွေကိုင်ရလို့တဲ့။ အန်တီကြီးချက်ကျွေးမှ ကျမတို့စားရတာ။ အန်တီကြီး တပည့်တွေနေတဲ့ ကမ်းနားပိုင်းမှာကလည်း ဂဏန်းတွေ အလွန်ပေါဆိုတော့ ကျမတို့ မောင်နှမ ကြိုက်မှန်းသိတော့ အန်တီကြီးက ဝယ်ဝယ်လာခဲ့တာ ... ကျမတို့ကြီးတဲ့ အထိပါပဲ။
အန်တီကြီးက ကျမအဘွားရဲ့ ခြံဝင်းထဲမှာ အိမ်သေးသေးလေးဆောက်ပြီးနေတာလေ။ ကျမတို့ မောင်နှမတွေက ကြီးတဲ့ထိ အားရင် သူ့ဆီသွားလည်တာပဲ။ ကျမကို ထိန်းခဲ့သလို ကျမမောင် ကိုရဲလေးကိုလည်း တခါတလေ ထိန်းပါတယ်။ ခုတော့ အန်တီကြီး မရှိတော့ပါဘူး။ ၈၈ အရေး အခင်းအပြီး ညမထွက်ရအမိန့်တွေ ထုတ်ထားတဲ့ကာလမှာ သူ့ရဲ့ တဦးတည်းသော တူရဲ့ လက်ထဲ ကွယ်လွန်ခဲ့ပါတယ်။ သူ့ကို ကျမအဘွားက အန်ထော်နီမာကြီးလို့ခေါ်တယ်။ အဘွားက ကုလားစကားလည်းတတ်တော့ အန်တီကြီးကို တော်တော်ချစ်ပါတယ်။
ကျမအဘွားမှာ အဲလိုပဲ ခေါ်ယူမွေးစားထားတဲ့ မွေးစားသားသမီးတွေ တော်တော်များပါတယ်။ အများသောအားဖြင့်တော့ အိန္ဒိယလူမျိုးတွေပါ။ အဘွားကို ကျမတို့မြေးတွေက မာမီကြီးလို့ ခေါ်တယ်။ မာမီကြီးက ကျမှတ်မိတဲ့အချိန်မှာ တခေါင်းလုံးဖြူဖွေးနေပြီလေ။ ဒါပေမယ့် သိပ်လှတယ်။ အသက် ၈၀ လောက်အရွယ်မှာ လုံးဝ ခါးမကုံးဘူး။
မာမီကြီးက အပြင်သွားခါနီးမှာ အမြဲတမ်း မြေးတယောက်ယောက်ကိုခေါ်ပြီး သူဝတ်ထားတဲ့ ထမီနဲ့ အင်္ကျီလိုက်ရဲ့လားလို့ မေးတတ်တယ်။ ပြီးတော့ အပြင်ထွက်ပြီဆို ရေမွှေးနံ့လေး တသင်းသင်းနဲ့။ ကျမမှတ်မိတဲ့ အရွယ်ထိ မာမီကြီးက သိုးမွှေးထိုးတုန်း။ မြေးတွေအတွက် အင်္ကျီလေးတွေ ဦးထုပ်လေးတွေပေါ့။
ပြီးတော့ ခရစ္စမတ်စ်ဆိုရင် မုန့်တွေသူ့ဖာသာသူ လုပ်တယ်။ ကာရ်ကာရ် လို့ခေါ်တဲ့ဂျုံကျော် တွေ၊ ဒိုဒိုးလို့ခေါ်တဲ့ မုန့်ကလားမတွေ နောက် ... ရွှေကြည်ဆနွင်းမကင်းပေါ့။ ကျမ လက်ဆင့်ကမ်း လုပ်တတ်တာ တခုက ပန်းဂေါ်ဖီသနပ်ပါ။ ကြိုက်လွန်းလို့ သင်ထားတာ။
ခရစ္စမတ်လို၊ မာမီကြီးမွေးနေ့လို၊ ဒယ်ဒီကြီးသေတဲ့ နှစ်ပတ်လည်နေ့လိုဆို မာမီကြီးတို့ အိမ်မှာ အမျိုးတွေကော မာမီကြီးရဲ့ မွေးစားသားသမီး တွေကော စုံလို့။ ကျမတို့ကလေးတွေ သိပ်ပျော် ခဲ့ရတဲ့ အချိန်တွေပေါ့။
မှတ်မှတ်ရရ မာမီကြီး ၈၅ နှစ်ပြည့်တဲ့နှစ်မှာ ကျမဦးဆောင်ပြီး ဗမာပြည်မှာရှိတဲ့ မြေးတွေ အားလုံးဆီက တယောက် တကျပ်ကောက် ... မွေးနေ့ကိတ်ကြီးတခု လက်ဆောင် ပေးပါတယ်။ မြေးဘယ်လောက် များသလဲ ဆိုရင် တယောက် တကျပ်နဲ့တင် မွေးနေ့ကိတ် အကြီးကြီး ရပါတယ်။ အဲဒါ နိုင်ငံခြား ရောက်နေတဲ့ မြေးတွေ မပါသေးဘူး ...။
အမျိုးတွေ စုံပြီဆိုရင် ပျော်ကြတဲ့ ကျမတို့မောင်နှမတွေကတော့ ကစားနည်းပေါင်းစုံကို ကစားရင်း .... အိမ်ဘေးက ငုပင်ပေါ်က ရွှေပိုးကောင်လေးတွေကို ဖမ်းရင်း ... လူကြီးတွေ လုပ်သမျှ မှတ်သားရင်း အချိန်ကုန်ကြရ တာပါပဲ။
အဲဒီတုန်းက အိပ်မက်တွေသိပ်လှတယ် ..။ အပူအပင်ကင်းခဲ့တယ် ... အညှိုးအတေး မရှိဘူး .. အာဃာတ ဆိုတာလည်း မရှိ ... ။
ကျမတို့ ဆိုးတေ သမျှ ခွင့်လွှတ်ပြုံးကလေးပြုံးရင်း ကြည့်နေတတ်တဲ့ အန်တီကြီးရဲ့ တဲငယ်လေးထဲ အမောဝင်ဖြေရင်း... အန်တီကြီးကျွေးတဲ့ မုန့်တွေစားရင်း... ရယ်မော ပျော်ရွှင်ခဲ့ရတဲ့ နေ့တွေ ... သတိရမိပါရဲ့ ....။ ဆက် ရေုးပါမယ် .... ။ ။
Monday, November 24, 2008 | Labels: အမှတ်တရ | 9 Comments
tag 5

ကာတွန်းကားထဲမှာတော့ မကြိုက်တဲ့ကားက ခပ်ရှားရှားပါ။ ကျမက သရီးဒီထက် တူးဒီကာတွန်း ကားလေးတွေကို ပိုကြိုက်တယ်။ ဝေါ့လ်ဒစ္စနေရဲ့ ကာတွန်းတွေဆို အကုန်ကြိုက်ပဲ။ လိုင်းယင်းကင်း ဆိုရင် ခဏခဏ ပြန်ပြန်ကြည့်လည်း မရိုးဘူး။ ကာတွန်းကားတွေကို အဓိက ကြိုက်ရခြင်းက အဲဒီထဲက ဇာတ်ဝင်သီချင်းတွေ ကောင်းလွန်းတာလည်း တကြောင်းပေါ့။
ပိုကာဟွန်းတက်စ် ဇာတ်လမ်းကလေးက အင်္ဂလိပ် ပုံပြင်တပုဒ်ကို အခြေခံရိုက်ကူးထားတဲ့ ချစ်စရာ ကာတွန်းကားလေးပါ။ ၁၉၉၅ ခုနှစ်မှာ ဖြန့်ချိခဲ့ပါတယ်။ ပိုကာဟွန်းတက်စ် ဆိုတဲ့ အင်ဒီးယန်း မလေးနဲ့ သင်္ဘော ကက်ပတိန် ကောင်လေး ဂျွန်စမစ်သ်တို့ရဲ့ ရိုးရိုးအချစ်ဇာတ်လမ်းလေး.. တပုဒ်ပါပဲ။
ပိုဟွာတန် အင်ဒီးယန်းလူမျိုးစုတွေ သဘာဝအတိုင်း အမဲလိုက်၊ ငါးရှာ ... စိုက်ပျိုးရေးလုပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း နေတဲ့ နေရာကို ရွှေတူးတဲ့ဗြိတိန်လူဖြူတသိုက် ရောက်လာပါတယ်။ အဲဒီလူဖြူတွေ စီးလာတဲ့ သင်္ဘောရဲ့ ကက်ပတိန်လေးက ဂျွန်စမစ်သ်ပါ။
ပိုကာဟွန်းတက်စ် ဆိုတဲ့ အသားညိုညို၊ နက်မှောင်ဖြောင့်စင်းတဲ့ ဆံပင်ရှည်ကြီးတွေရဲ့ ပိုင်ရှင်၊ မျက်နှာကျ လှလှ ကောင်မလေးက ပိုဟွာတန် အကြီးအကဲရဲ့ သမီးပေါ့။ သူ့အဖေက သူတို့ လူမျိုးစုထဲက စစ်သူကြီးကောင်လေးတယောက်နဲ့ ထိမ်းမြားပေးဖို့ သဘောတူထားပြီးပြီ။
သဘာဝတောတောင် အလှတွေရဲ့ကြားမှာ ကြမ်းကြမ်းတမ်းတမ်း ကြီးပျင်းလာရတဲ့ ပိုကာဟွန်းတက်စ် ဟာ အပြေးမြန်သလောက် ရေကူးလည်းတော်၊ လှေလှော်လည်း ကျွမ်းကျင်ပါတယ်။ ဇာတ်လမ်းအရ ပိုကာဟွန်းတက်စ်နဲ့ ဂျွန်စမစ်တို့ ချစ်ကြိုးသွယ်မိပြီး ... နောက်မှာ အဲဒီကိစ္စကို ပိုကာဟွန်းတက်စ်ရဲ့ အဖေကြီးသိသွားပါတယ်။
သူတို့မြေပေါ်မှာ ရွှေလာရှာတဲ့အဖြူတွေကို ကြည့်မရတဲ့ကြားထဲ သူတို့ရဲ့ကွမ်းတောင်ကိုင် အလှပဂေးကိုပါ သိမ်းပိုက်မယ့် အဖြူတွေကို အင်ဒီယန်းတွေက ရန်ပြုရာက တဖက်က ပြန်လည် တိုက်ခိုက်တာကြောင့် အင်ဒီယန်းစစ်သူကြီးလေး ဒဏ်ရာရသွားသလို ဂျွန်စမစ်ကိုလည်း အင်ဒီးယန်း တွေဘက်က ဖမ်းဆီးလိုက်ပါတယ်။
အဲလို ရှုပ်ထွေးမှုတွေကြောင့် တဘက်နဲ့တဘက် စစ်ကြေညာတဲ့အထိ ဖြစ်ကုန်ကြတယ်။ ရွှေရှာဖို့ သင်္ဘောငှားလာတဲ့ သူဌေးက အဆင်အခြင်နည်းပါးသလောက် သူတို့မှာပါတဲ့ သေနတ်တွေကို အားကိုးသလို သူ့အလုပ်သမားတွေရဲ့ အင်အားနဲ့ အင်ဒီယန်းတွေကို မိုက်မိုက်မဲမဲ စိန်ခေါ်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ပိုကာဟွန်းတက်စ်က သူတို့ရိုးရာရုံကြည်အားထားကြတဲ့ ဖွားဖွား သစ်ပင်ဆီ ရောက်နေပါတယ်။ ဖွားဖွားရဲ့ ညွှန်ကြားချက်နဲ့ ဒီစစ်ကို သူတားတော့မယ်။ တကယ်လို့သာ တဘက်နဲ့တဘက် စစ်ဖြစ်ကြရင် သူတို့အားလုံး သေကြဖို့ပဲ။ သူ့အဖေရဲ့ ဒေါသ ...၊ သူတို့ဘက် ဆိုပေမယ့် ရန်သူ့လက်လို့ ဆိုနိုင်တဲ့သူတွေ လက်ထဲရောက်နေတဲ့ ချစ်သူ ... တဘက်က သူတို့လူမျိုးတွေ ချစ်တဲ့မြေကြီး ... ဒါတွေကို သူ ဆုံးရှုံးရတော့မယ်။
နောက်ဆုံးမှာ ပိုကာဟွန်းတက်စ်ဟာ စစ်ကိုတားနိုင်ခဲ့သလို ... သူတို့နှစ်ယောက်ရဲ့ ချစ်ချင်းမေတ္တာကို စစ်ဆာ နေတဲ့သူတွေ မလွန်ဆန်နိုင်တော့အောင် ဖြစ်သွားခဲ့ပါတယ်။
ဇာတ်လမ်းက သာမာန်အချစ်ဇာတ်လမ်းဆိုပေမယ့် အဓိက ကျမနှစ်ခြိုက်မိတာက ဇာတ်ပို့တွေရဲ့ အင်အားရယ်၊ နောက်တော့ ဇာတ်ဝင်သီချင်းတွေရယ်ပါ။ ပိုကာဟွန်းတက်စ်ရဲ့ အရိုင်းဆန်တဲ့ ဘဝနဲ့ အလှကို ပြနေတဲ့အချိန်ဟာ ဇာတ်ဝင်တေးကြောင့် ပိုပြီးရုပ်လုံးကြွလာတယ်။ နောက်တနေရာကတော့ နှစ်ဘက် စစ်ပြင်နေတဲ့အချိန် မြူးကြွတဲ့ သီချင်းပါ Savages ဆိုတဲ့ သီချင်းပေါ့။ အဲဒီသီချင်းသံနဲ့အတူ လူတွေကိုမပြဘဲ အရိပ်တွေကိုပဲ ပြနေတာကိုက တကယ်စစ်တိုက်ကြတော့မလားလို့ အသည်းတယားယား ဖြစ်စေပါတယ်။
အင်ဒီယန်းတွေဘက်က ဂျွန်စမစ်ကို ရှေ့ဆုံးကနေ ဓားစာခံအဖြစ် ကြိုးနဲ့တုတ်ပြီးထွက်လာ ... ပိုကာဟွန်းတက်စ်က တောထဲကနေ ဖြတ်လမ်းက မီအောင်ပြေးပြီး နှစ်ဘက်ကြားကိုရောက်နေတဲ့ ချစ်သူရဲ့အပေါ်က ကာကွယ်ပြီးမှောက်လိုက်တဲ့ အချိန် ... နှစ်ဘက်စလုံး မင်သက်နေတုန်း အဖြူတွေဘက်က အဆင်ခြင်မဲ့တဲ့ သူဌေးက သေနတ်ကို ပိုကာဟွန်းတက်စ်ရဲ့ အဖေဆီ ချိန်ပြီး ခလုပ်ဆွဲချလိုက်ပါတော့တယ်။
အဲဒီမှာပဲ အဖိုးကြီးရှေ့ကနေ ဂျွန်စမစ်သ်က ဝင်ခံပေးလိုက်တဲ့အတွက် ဂျွန်စမစ်သ်ကိုချစ်တဲ့ ရွှေတူး အလုပ်သမားတွေအားလုံးရဲ့ ဒေါသဟာ သူဌေးဆီကို မြားဦးပြန်လှည့်ခဲ့ပါတယ်။
ချစ်ချင်းမေတ္တာကြောင့် စစ်မဖြစ်တော့သလို ... မတရားတဲ့သူကို သူ့ဘက်သားတွေကအစ မလိုလားဘူး ဆိုတာ လေး ကျမခံစားမိပါရဲ့ (ရုပ်ရှင်ဆိုတော့လည်း အဲ ပေါ့လေ)
ဇာတ်ပို့တွေထဲမှာ တိရိစ္ဆာန်ကလေးတွေလည်း ပါတဲ့အတွက် ချစ်စရာ သိပ်ကောင်းတာပဲ။ ကာတွန်း ရုပ်တွေဖြစ်တဲ့အတွက် တကယ့်လူ့ဇာတ်လမ်းမှာ မဖြစ်နိုင်တာတွေကိုပါ ထည့်ရေးလို့ရတာ အားသာ ချက်ပေါ့နော်။
နောက်တခုက ဟောလီးဝုဒ် ကာတွန်းကားတွေရဲ့ ထုံးစံအတိုင်း ကာတွန်းရုပ်ကလေးတွေနေရာမှာ စကားပြောတဲ့သူတွေက တကယ့်ဟောလီးဝုဒ် သရုပ်ဆောင်ကြီးတွေလေ ...။ ဂျွန်စမစ်သ် နေရာမှာ မင်းသားကြီး မဲလ်ဂစ်ဘ်ဆင်က သရုပ်ဆောင်ထားပြီး ပိုကာဟွန်းတက်စ်အဖြစ်ကတော့ အိုင်ရင်းဘတ်ဒတ်က သရုပ်ဆောင်ပါတယ်။
“ရွှေ ... ဟုတ်လား အဲဒီရွှေက ဒီပြောင်းဖူးလို စားလို့ရလား။ ပြောင်းဖူးလောက် တန်ဖိုးရှိလို့လား” ဆိုတဲ့ ပိုကာဟွန်းတက်စ်ကလေးကို မကြည့်ရသေးရင် ကြည့်လိုက်ပါဦးနော်။ နန်းညီနဲ့ ဗီဗီတော့ ကျေနပ်မယ် ထင်ပါရဲ့။
ကဲ တာဝန်နဲ့ဝတ္တရားအရ ဆက်တက်ဂ်တော့မယ်။ သိပ်များများမတက်ဂ်ဘူး တကယ် ရေးမယ်ထင်တဲ့ ၃ ယောက်ပဲတက်ဂ်မှာ.. ၁။ ဘေးတိုက်သွားတဲ့ ဂဏန်းကောင်လေး ဂျူလိုင်ဒရင်းမ် ၂။ ကာတွန်း ကားတွေကို ကြီးတဲ့ထိကြည့်တုန်းဆိုတဲ့ ယောနသံဇင်ယော် ၃။ ဒီတယောက်ကတော့ ကိုယ့်ရဲ့ ချစ်ရတဲ့ အစ်မ မမိုးချို (ဟီဟိ အစ်မက ကာတွန်းကားကြည့်တဲ့ရုပ်ပေါက်လို့ တက်ဂ်တာနော်) ကဲ ... ရေးပေးကြပါဦး။
Saturday, November 22, 2008 | Labels: tag | 7 Comments
အမှတ်တရရက်စွဲများ ၂
ကြင်နာသူနှစ်ဦး ဆုံနိုင်ရင်
ကျမအသက် ၆ နှစ်ပြည့်ပြီးချိန်မှ အဲဒီကောင်ကိုမွေးတာ။ ကျမမှတ်မိသလောက် အရင်က ကျမတို့ အိမ်မှာ လက်ဖက် အကြော်စုံ ရောင်းပါတယ်။ မေမေက လက်ဖက်တွေကို ဇောင်းလျားသီးနဲ့ သိပ်လို့ ချဉ်စပ်လက်ဖက်ရယ် ... အကြော်စုံရယ် .. နာမည်က ဖွားမိ လက်ဖက်အကြော်စုံတဲ့။ ကျမပါပါက ခဲ တံဆိပ် တုံးလေးလုပ်ပြီး လက်ဖက်အသားနဲ့ အကြော်ထုပ်လေးတွေမှာ ကပ်ပါတယ်။ တော်တော်လေး အောင်မြင်တယ် ဆိုပါတော့။
ဒါပေမယ့် အမေက ဗိုက်ကြီးလာတော့ အဲဒီအလုပ်ကို နားလိုက်တယ်။ ကျမက ၆ နှစ်သမီး ဥာဏ်လေးနဲ့ အမေ့ကို မေးတော့ အမေက “ကလေးလေးမွေးလာရင် အမေတို့ လုပ်နေတာတွေကို နှောင့်ယှက်မှာလေ။ ပြီးတော့ မြေပဲတွေ ပဲကြော်တွေကို နှိုက်စားရင် ဘယ်လိုလုပ်မလဲ” လို့ပြောတယ်။ အဲဒီမှာ ကျမရဲ့ ၆ နှစ်သမီး အတွေးထဲ မွေးလာမယ့်ကောင်က လက်ဖက်အကြော်တွေ နှိုက်စားမယ့် ကောင်ပဲ လို့ စွဲနေခဲ့ပါတယ်။
အဲဒီကောင်လေးရဲ့ မွေးနေ့က နိုဝင်ဘာ ၁၆ ရက်။ လာမယ့် တနင်္ဂနွေနေ့မှာ ဒီကောင့်အသက် ၃၁ နှစ် တင်းတင်းပြည့်ပြီပေါ့။ ၃၁ နှစ်ဆိုတဲ့ အသက်အရွယ်က အိမ်ထောင်ပြုဖို့ လွန်တောင် လွန်နေပြီလို့ ပြောကြပေမယ့် ကျမအတွက်ကတော့ တကယ့်ပီဘိ အဖြူထည် မောင်ငယ်လေးပါ။ ဒါကတော့ အစ်မတိုင်း ဖြစ်တတ်ပါတယ်လို့ ပြောကြဦးမယ်။ ဟင့်အင်း .. ကျမမောင်က တခြားသူတွေနဲ့ တူကို မတူတာ ... သူ့ကို ကျမက အိမ်ထောင်ပြုမယ့်သူလို့ကို ထင်မထားတာလေ ..။ ဒီကောင် ရည်းစားတွေ ထားချင်ထားမယ် ... ပွေချင်ပွေမယ်။ ဒါပေမယ့် အိမ်ထောင်ပြုမယ့်ကောင်လို့ ကျမထင်မထားဘူး။ (သူ့သူငယ်ချင်းတချို့လည်း အဲလိုပဲ ထင်ထားကြတယ်)
ကျမက ... ရဲ လို့ ခေါ်တဲ့ ဒီကောင်က ငယ်ငယ်ကတည်း ပိုက်ဆံစကား တခါမှ မပြောဖူးခဲ့တာ။ ပိုက်ဆံ လိုတယ် ... ပိုက်ဆံကြောင့် စိတ်ညစ်တယ် ဆိုတာ သူ့ဘဝမှာ တခါမှ မရှိဖူးတာ။ တယောလေး ထိုးလိုက်၊ သီချင်းလေးဆိုလိုက်၊ ပန်းချီလေးဆွဲလိုက် နေတဲ့ကောင်လေ။ အဲဒီကောင်က ခု ပိုက်ဆံလို တယ်ဟာတဲ့။ ကျမ တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ ပြီးတော့ ဒီကောင် အိမ်ထောင့် တာဝန်ဆိုတာကို သိပါ့မလား။ သူ့ကောင်မလေးတော့ ဒုက္ခပဲ ဆိုပြီး တသီတတန်းကြီး စဉ်းစားနေ မိကော။
သူ့ကိုမွေးတုန်းက ပါပါက ရဲနောင်ဆိုတဲ့နာမည်ပေးမလို့တဲ့။ အဲဒီအချိန်က ကျမပါပါရဲ့ ညီ ဦးလေး ဦးအောင်ပြည့်က ထောင်ထဲမှာပါ။ ဦးလေးရဲ့ မိန်းမ ဒေါ်ဒေါ်နွယ်ကလည်း တချိန်တည်း လပဲခြားပြီး ယောက်ျားလေးမွေးတော့ ဦးလေးက ထောင်ထဲကနေပြီးနာမည် လှမ်းပေးတယ် “ရဲနောင်ဖွေး” တဲ့။ အဲဒါနဲ့ ပါပါက သူ့သားအငယ်ကို “ရဲနှောင်း” လို့ ပေးလိုက်ပါတယ်။ ကျမတို့က သူ့ကို ရဲ၊ ကိုရဲ၊ ရဲလေး လို့ ခေါ်ကြသလို ဦးအောင်ပြည့်ရဲ့ သားငယ်ကိုလည်း ရဲ၊ ကိုရဲ၊ ရဲလေးလို့ ခေါ်ကြတာ ခုထိပါပဲ။
ဒီကောင် ငယ်ငယ်က ၁၁ လသားမှာ ဆုံဆို့နာဖြစ်တာ သေကောင်ပေါင်းလဲပဲ။ အဲဒီတုန်းက မေမေက ကန်တော်လေး ကူးစက်ဆေးရုံမှာ သွားတက်ပြီး ကုခဲ့ရပါတယ်။ သေကံမရောက်လို့ သက်မပျောက်ခဲ့ ဘူးပေါ့။ သူ မူကြိုကျောင်းထားရမယ့် အရွယ်မှာ ဘယ်မူကြိုမှာမှ အဆင်မပြေဘူး။ သူက မနေချင်ဘူး လေ။ ကျမတို့ အကြီးနှစ်ယောက်က မူကြိုကျောင်းတွေနဲ့ အကျွမ်းတဝင် ရှိခဲ့သလောက် သူကတော့ အဖွား (မေမေ့အမေ) နဲ့ ကြီးခဲ့ရတာပါ။
ကျမတို့က မာမီကြီးလို့ ခေါ်တဲ့အဖွားက တကယ့်ဘိုမကြီးအတိုင်းပဲ။ သူက အိုင်းရစ်ခ်ျသွေး ငါးမူးဖိုး ပါတော့ စကားပြောရင် ဘိုလိုက လေးပုံ သုံးပုံလောက်ပါတာ။ သူ့ကိုထိန်းရင်း အဖွားက ဘိုလိုတွေ ပြောတယ်ထင်ပါရဲ့ ဒီကောင်က ငယ်ငယ်လေးနဲ့ ဘိုလိုတွေ ပြောတယ် “Yes .. No A B C D” “My name is on the table” ... အဲလိုတွေ ပြောတာ။ ပြီးတော့ “Senta Clause is coming to town” ဆိုတဲ့ သီချင်းကိုလည်း သူက “Senta Clause is ကော်ရုပ် ကော်ဖိနပ် အပြတ်တွေဝယ်တယ်” လို့ ဆိုချင် ဆိုနေပြန်ရော။ နောက်တော့ ခရစ္စမတ်သီချင်း “Joy to the world the Lord is come” ကို သူက “Joy to the world ဘုရားကြွလာ” ဆိုပြီး တပိုင်းစီဆိုတာ။
အဲဒီကောင်က ကျမထက် ၆ နှစ် ငယ်တယ်။ အစ်ကိုကြီးထက် ၁၀ နှစ်တိတိငယ်တယ်လေ။ ကျမတို့ အကြီး ၂ ယောက်က တတွဲတွဲ။ သူက သင်းကွဲမျောက်ပေါ့။ ကျမက သူ့ကို အမြဲတမ်း “သင်းကွဲ တေလေမျောက်” လို့ စလေ့ရှိတယ်။
သူက ကလေးတုန်းက မိန်းကလေးတယောက်လိုကို ချောတာ။ ကျမတို့အိမ်နဲ့ ကျောချင်းကပ်အိမ်က ခိုင်ခိုင်ဗိုလ် ဆိုတဲ့ ကောင်မလေးက သူနဲ့ရွယ်တူ ... သူနဲ့ မျက်နှာပေါက်ချင်း တော်တော်လေး ဆင်တာ ဆိုတော့ .. တရက် အဲ့ကောင်မလေး အိမ်ကိုရောက်နေတုန်း ကျမ ဘကြီးတယောက်လည်း လာရော ကျမအမေကို ဆူပါလေရော ... ကလေးကို ဂါဝန် ဆင်ရပါ့မလား ဆိုပြီးလေ။ မနည်းကို ရှင်းပြရတာ။
ငယ်ငယ်က ကျမတို့ အကြီး ၂ ယောက်က တကယ့် ငဆိုးတွေ။ ၂ ယောက်ပေါင်းလောင်းကျော်။ မေမေနဲ့ ပါပါက အစိုးရဝန်ထမ်းတွေဆိုတော့ ကျမတို့ကို ဒီတိုင်းထားခဲ့ရတာပဲလေ။ နွေရာသီ ကျောင်းပိတ်ရက်ဆို ပိုဆိုးပေါ့။ မေမေတို့သွားတာနဲ့ ကျမတို့မောင်နှမ ဆော့နည်းပေါင်း တထောင် မကုန်မချင်းဆော့ကြ၊ ကာတွန်းတွေ ငှားဖတ်ကြ .. လုပ်ကြတော့တာလေ။ တရက်တော့ ကိုရဲလေးကို ဘာလို့လည်းမသိဘူး ကျမတို့ အကြီး ၂ ယောက်နဲ့ ထားခဲ့ရော။ ကျမက ၁၀ နှစ်ကျော်ကျော် ... အစ်ကိုက ၁၄ နှစ်လောက် ဒီကောင်က ၄ နှစ်ပဲ ရှိဦးမယ်။
အဲဒီမှာ ကျမက ဒီကောင့်ကို စမ်းသပ်ချက်တွေ လုပ်တော့တာ ... ။ အချိုမှုန့်တွေကို သကြားဆိုပြီး ကျွေးလို ကျွေး ... ထန်းလျှက်စိုစိုလေးကို လေးထောင့်တုံးလေးလုပ်ပြီး ချောကလက်ဆို ညာကျွေး ... အဲဒါက တော်သေးတယ်နော် ... ပဲငံပြာရည် (ကြာညို့) ကိုကျတော့ ထန်းလျှက်ရည်ဆိုပြီး လျှက်ခိုင်း။ နောက်ဆုံး မာမီကြီး ရောက်လာပြီး ခေါ်သွားမှပဲ ဒီကောင် ဝဋ်ကျွတ်ရှာတာ။ သူ ခုထိ ပြောလို့မဆုံးဘူး ... မတူးတို့ ဒုက္ခပေး ပုံများ ဆိုပြီးတော့ပေါ့။
သူမူလတန်းစတက်တော့ ကျမတို့ ရပ်ကွက် ဘေးကပ်ရပ် ဒါရ်ဂါဆိုတဲ့ ကုလားရပ်ကွက်က မူလတန်း ကျောင်းလေးမှာထားတယ်။ မာမီကြီးအိမ်နဲ့ ကျောင်းလေးနဲ့က ဖင်ချင်းပေါက်မို့လို့ စိတ်ချရအောင် ထားတာပါ။ အဲဒီကျောင်းမှာ သူက အနူတော လူချောပဲ။ သူငယ်တန်းကနေ လေးတန်းထိ ကုလားလေးတွေကြားမှာ ပထမ၊ ဒုတိယကို ခုဏပြောတဲ့ ခိုင်ခိုင်ဗိုလ်နဲ့သူ တလှည့်စီ ယူကြတာလေ။
သူ့အကြောင်းတွေက ပြောမယ်ဆိုရင် ပြောစရာအများကြီးပဲ။ သူက မောင်နှမထဲမှာ အငယ်ဆုံး ဖြစ်သလို မေမေ့အသည်းကျော်ပေါ့။ ပါပါ ဆုံးတော့ ဝမ်းနည်းမှတ်တမ်း စာအုပ်မှာ သူက တလုံးထဲ ရေးတယ် ... “တောက်” ဆိုပြီး။ အဲဒီတုန်းက သူ ၈ တန်းပဲရှိဦးမယ်။
သူ ၁၀ တန်းအောင်တော့ ယဉ်ကျေးမှု တက္ကသိုလ်တက်ပါတယ်။ ပန်းချီမေဂျာနဲ့လေ။ အဲဒီမှာ သူ့သူငယ်ချင်းတွေ အားလုံးက ကျမရဲ့ မောင်တွေ ဖြစ်ကုန်တော့တာပဲ။
အဲဒီတုန်းက ကျမက ဆမ်ဆောင်းအီလက်ထရောနစ်စင်တာမှာ ဆားဗစ် အင်ဂျင်နီယာဆိုတော့ ဝင်ငွေ လေးက နည်းနည်းကောင်းတဲ့အချိန်။ ကျမရဲ့ ပိုက်ဆံတော်တော်များများက ပန်းဆိုးတန်းစာအုပ်ဆိုင် တွေကို ရောက်ပြီး ကျန်တာတွေက ဒီကောင်တွေကို သွားပြုစုလို့ ကုန်တာပဲ။
ထုံးစံအတိုင်း အဆောင်နေ ငပွေးတွေ ဆိုတော့ ငတ်တလှည့် ပြတ်တလှည့်ကောင်တွေလေ။ ကျမက အားတာနဲ့ သူတို့ကျောင်းသွား လက်ဖက်ရည်တိုက်၊ စနေတနင်္ဂနွေတွေဆို ကျမတို့ သန်လျင်အိမ်ကို တပျော်တပါးကြီး လိုက်လာ ... ကျမချက်ကျွေးတဲ့ဟင်းတွေစား ... လက်ဖက်ရည်ဆိုင်ထိုင်ကြနဲ့ တကယ့်ကို ပျော်စရာ။( အဲဒီအကြောင်းတွေက သီးသန့် အသေးစိတ်ရေးမှ လုံလောက်မှာပါ)
လောလောဆည်တော့ မနက်ဖြနှ်မှာ ကျင်းပမယ့် သူ့မင်္ဂလာပွဲလေးကို စဉ်းစားကြည့်နေမိတယ်။ ကျမကတော့ ယောင်းမတော်ရမယ့် ညီမလေးကိုပဲ သနားတာပါ။ သူ့ခမျာကိုရဲကို တော်တော်လေး ချစ်ရှာလွန်းလို့ ယူတာနေမယ်လို့ စဉ်းစားမိတယ်။ ဘာအတွက်မှ စိတ်ရှုပ်၊ ခေါင်းရှုပ်မခံတဲ့ ကောင် ဘယ်လိုများ အိမ်ထောင့်တာဝန်ဆိုတဲ့ ဝန်ထုပ်ကြီးကို ထမ်းမှာပါလိမ့်။
တခုတော့ရှိတယ် ... ကျမမောင်လေးက စိတ်ထားနူးညံ့ပြီး တဖက်လူကို သနားတတ်တယ် ... စိတ်ကောင်း ရှိတယ် ... လိမ်မာရေးခြားတော့မရှိဘူး။ ... ငယ်ငယ်ကတည်းက လေးဘက်နာဖြစ်ဖူးပြီး ကားစီးရင်တောင် မူးတတ်ပေမယ့် အရက်ကျ အလွန်ကြိုက်တဲ့ကောင်လေး :P
အရက်ကို အရသာခံပြီးသောက်တဲ့ကောင် ...။ ခါးတဲ့အရသာကို ကြိုက်လို့ဆိုပြီး တပြတ်ပြတ်နဲ့ ကလေးတွေ ချောကလတ်စားနေသလိုလေ ... အဲလိုကို သောက်တာ ...။
ကျမနဲ့က မောင်နှမလိုထက် သူငယ်ချင်းလိုပေါင်းကြတာပေါ့။ လက်ဖက်ရည်ဆိုင် အတူထိုင် ...။ သီချင်းအတူဆို ... ဂစ်တာအတူတွဲတီး ... စာအုပ်တွေဆို ကိုယ်ဖတ်ပြီး သူ့ပေးဖတ် ... သူဖတ်ပြီး ကိုယ့်ပေးဖတ် အဲလို နေကြတာ။ ပြီးတော့ ကျမက အစ်ကိုနဲ့ မောင်နဲ့ မဟုတ်တာလုပ်သမျှ လုံးဝ အိမ်ပြန်တိုင်တဲ့သူ မဟုတ်။ မေမေဆို ဒီနေ့ထိ သူ့သားငယ် အရက်အရမ်းကြိုက်တယ်ဆိုတာ လုံးဝ မသိ။
ခု ဒီစာကို ကျမရေးနေတဲ့အချိန် သူတို့ ဘာလုပ်နေမှာပါလိမ့် ...။ သူ့သူငယ်ချင်း ရဲမာန် (ကာတွန်းဝလုံး) ကတော့ ကျမကို လိုင်းပေါ်ကနေ လှမ်းပြောတယ်။ သူသွားမယ်တဲ့။ ဘတ်ချလာနိုက် သွားကျင်းပမယ်တဲ့။ မင်္ဂလာပွဲအတွက် ပြင်ဆင်ရင်း သူတို့တွေ သောက်နေကြရောပေါ့။ သိန်းစွန်ဆိုတဲ့ မွန်လေးကတော့ လှမ်းပြောတယ် ... မတူးမောင်ကို မပြောတော့ဘူးလားတဲ့။ သူမို့မကြောက်မရွံ့တဲ့။ ကျမက ဟ ငါပြောလို့ ရမလား သူ့ဟာသူ ရွေးချယ်တာလေ လို့ ပြန်ပြောလိုက်တယ်။ အဲဒီ သိန်းစွန်ဆိုတဲ့ မောင်တကောင်လည်း ရုပ် ချောချောလေးနဲ့ မိန်းမယူဖို့ စိတ်ကူးရှိပုံမရဘူး ... (ဟိုတလောကတော့ အိန္ဒြာကျော်ဇင်နဲ့ ချိန်းထားတယ်ဗျ တဲ့ :P) ကိုရဲ မိန်းမယူတော့ သူ ဘက်ပဲ့ပြီလေ ... အဲဒါကြောင့် ရူးချင်သလို ဖြစ်နေတာ။
မက်သဒစ် ဘုရားကျောင်းဝင်းထဲမှာ တောမင်္ဂလာဆောင်လေးလို ... ပျိုးပျိုးပြက်ပြက် ပကာသနတွေ မပါ ... ဒါပေမယ့် ဆရာစောနဲ့ အဖွဲ့ရဲ့ တရောသံတွေတော့ ပါလိမ့်မယ် ... ။ ဦးပီက Wedding March တီးမယ် ထင်ရဲ့ .. ။ မက်သဒစ် ဘုရားကျောင်းလေး ညွတ်သွားတဲ့ထိ ပရိသတ်တွေ လာကြမှာပေါ့။ ကလေးတွေက ဖုန်ထူထူမှာ ကစားကြ။ ဒန်ပေါက်နံ့က တသင်းသင်း ... ။
လက်မှတ်ထိုးအပြီးမှာ အဖြူရောင် ဝတ်စုံလေးနဲ့ သတို့သမီးရဲ့ မျက်နှာကိုအုပ်ထားတဲ့ ပုဝါလေး လှန်ပေးလိုက်တဲ့အချိန် ... ရဲရေ .. ရင်ခုန်နေမှာလား။ အဲဒါ ဘဝတခု စတာနော် ... ။ ကျွံပစ်လိုက်မယ့် ခြေတလှမ်းအတွက် နောင်တမရဘူးလို့ မတူးမျှော်လင့်နေမယ် ... သိလား။
သတို့သမီးရဲ့လက်ကိုတွဲထွက်လာရင်း တခြားတနေရာမှာ တယောက်တည်း အိပ်ပျော်ချင် ပျော်နေမယ့် .. ဒါမှမဟုတ် မြင်ကွင်းတွေကို ပုံဖော်ရင်း သတိရနေမယ့် မတူးကို တချက်ကလေး သတိရလိုက်ပေါ့ ဟာ။
ညီမလေး ခိုင်ခိုင်အေး ခေါ် ပူတူး ခေါ် ကျောင်းအုပ်ကြီးရေ အဲ့ကောင်ကို နှိပ်ကွပ်ဖို့သာ ပြင်ထားဟေ့။ ။
Saturday, November 15, 2008 | Labels: အမှတ်တရ | 12 Comments
ဝတ္ထုတို ၁၈
ယောင်ဝါးဝါး အရိပ်
ဖြစ်ချင်တော့ သူငယ်ချင်းတယောက်က ၂၀၀၇ ထဲမှာ ထုတ်တဲ့ ပိတောက်ပွင့်သစ်မှာ ပါဖူးတဲ့ ဝတ္ထုတိုလေးတပုဒ်ကို မေးလ်နဲ့ ပို့ပေးပါတယ်။ စာရိုက်ဖို့ပျင်းတာနဲ့ အတော်ပဲဆိုတော့ ဒီဝထ္တုလေးကိုပဲ တင်ပေးလိုက်ပါပြီ။ လူတွေက ကိုယ်စိတ်ကုန်တဲ့ အရာဖြစ်နေဦးတော့ လုပ်နေကျအကျင့်လို ဖြစ်သွားရင် မလုပ်ရတော့တဲ့ နေ့မှာ ယောင်ချာချာ ဖြစ်သွားကြတာချည်းပဲ … ကျမနဲ့ အမြင်ချင်းတော့တူချင်မှ တူမယ်ပေါ့လေ .. ဖတ်ကြည့်ပေးပါဦးနော်။ (ကျေးဇူးပြုပြီး တချက်စီ ကလစ်လုပ် ဖတ်ပါနော်။ အားရင် ပြန်ရိုက်ပြီး တင်ပေးပါမယ် :)




Thursday, November 13, 2008 | Labels: ဝတ္ထုတို | 3 Comments
စာနယ်ဇင်းသမားဘဝကမောက်ကမ ၅
*
အဲဒီအချိန်မှာ အင်တာဗျူးဂျာနယ်မှာ ကိုဟန်ထက်မောင်ကော သူ့ဇနီးပါ မရှိတော့ပါဘူး။ ဘာကြောင့်ထွက်တယ်။ ဘယ်လိုထွက်တယ် ဆိုတာက ကျမတို့နဲ့ မဆိုင်၊ သိလည်းမသိပါဘူး။ တကယ်တော့ ကိုဟန်ထက်မောင်ရဲ့ အင်တာဗျူးဂျာနယ် အယ်ဒီတာချုပ် သက်တမ်းက တော်တော်လေး တိုပါတယ်။ သုံးလလောက်တောင် မရှိလိုက်ဘူးထင်တယ်။ သူ့နေရာကို ကျမတို့က ဆရာမျိုးလို့ခေါ်တဲ့ ဦးမျိုးမြတ်သူ ရောက်လာပါတယ်။
*
*
*
*
*
*
*
*
Tuesday, November 11, 2008 | Labels: ဖြတ်သန်းမှုစာစု | 8 Comments