အထာဘိရေ
ငယ်ငယ်က ကိုနောင်ကြီးက အရမ်းအစသန်တယ် .. ကျမက နည်းနည်းလေးမှ အထိမခံဘူး .. အဲဒါကြောင့် ကျမကို ကိုနောင်ကြီးက “အထိမခံရွှေပန်းကန်” လို့ စလေ့ရှိတယ်လ။ အငယ်ကောင် ကိုရဲနဲ့ကျမနဲ့က ၆ နှစ်တောင် ကွာတာ ဆိုတော့ ကျမတို့ အကြီး ၂ ယောက်က မတည့်အတူနေ တတွဲတွဲ .. ဘယ်တော့မှမခွဲဘူး။ ကိုနောင်ကြီးက ကျမကို သိပ်ချစ်တယ်၊ ဒါပေမယ့် ဆိုခဲ့သလို မတရား စ တယ်။ အထိမခံ ရွှေးပန်းကန် ဆိုတာကို ကျမတို့ငယ်ငယ်က ခေတ် စားတဲ့ စကားဝှက်နဲ့ “အထာဘိ မခါဘံ ..” လို့ခေါ်ရင်း ကြာတော့ ကျမကို “အထာဘိ” လို့ ခေါ်တယ်။ နောက်တော့ အဲလိုခေါ်တာ စွဲသွားရော .. သူ့သူငယ်ချင်းတွေကလည်း အဲလိုပဲ လိုက်ခေါ်ကြတယ်။ အစတော့ ကျမလည်း စိတ်တွေဆိုး .. ကြာတော့လည်း စိတ်မဆိုးနိုင်တော့ပါဘူး ..။ ကိုနောင်ကြီးရဲ့ “အထာဘိရေ” ဆိုတဲ့ အသံ မကြားရ ရင်တောင် မနေတတ်သလို ဖြစ်လာတယ်။
မှတ်မှတ်ရရ ကျမ ၆ နှစ်သမီးလောက်ကထင်တယ်။ မိုးတွေရွာတော့ မောင်နှမနှစ်ယောက် မိုးရေထွက်ချိုးကြတာ၊ အိမ်မှာ ကျမတို့ကိုထိန်းတဲ့ အစ်မကြီးက ရေစည်ပိုင်းနားကနေ တကြော်ကြော်ပေါ့။ နောက်တော့ ရေစည်ပိုင်းနား သွားကြ ဆပ်ပြာတွေအမြှုပ်ထအောင် ဆော့ကြနဲ့ .. ဆပ်ပြာမြှုပ်တွေကြောင့် မြေကြီးထဲက တီကောင်ကြီးတွေ ထွက်လာပါရော။ အဲဒီ တီကောင်ကြီးတကောင်ကို ကိုနောင်ကြီးက လက်နဲ့ ဆွဲယူပြီး ကျမ ပုခုံးပေါ်တင်လိုက်တာ တခါတည်း အလွန်သတ္တိကောင်းသော ကျမ တူးတူးသာခမျာ တခါတည်း လက်ကလေးတွေ ကောက်ကွေးပြီး တက်သွားပါလေရော။ ကျမတို့ကိုကြည့်တဲ့ အစ်မကြီးလည်း တတ်သလောက်မှတ်သလောက်နဲ့ ကျမကို သတိလည်လာအောင် ပြုစုရတာပေါ့။ ကိုနောင်ကြီးလည်း ကျောကွဲအောင် ဆော်ခံထိရော။ အဲဒီကတည်းက တူးတူးသာတို့ တီကောင်ဆိုရင် ကြည့်တောင်မကြည့်ရဲတာ ဒီနေ့ထိပဲ :P
ကျမ မင်္ဂလာဆောင်တဲ့အချိန်မှာ ကိုနောင်ကြီးက LCD လို့ခေါ်တဲ့ ကမ်းရိုးတမ်းသင်္ဘော လိုက်နေတဲ့ အချိန်ပေါ့။ အဲဒီမှာ ကျမတို့ ခရစ်ယာန်ထုံးစံအရ သတို့သမီးကို အဖေကတွဲခေါ်သွားပြီး အပ်ရမှာကိုး။ အဖေမရှိတော့ ကျမက အစ်ကိုကြီးကိုယ်တိုင်တွဲပို့ပြီး အပ်စေချင်တယ်။ သူသင်္ဘောထွက်တဲ့အချိန်ဆိုတော့ ကျမမှာ ရင်တထိတ်ထိတ်ပဲ။ ဒါပေမယ်က ကိုနောင်ကြီးက အချိန်မီ ပြန်ရောက်လာတယ်။ နက်ဖြန်လိုမင်္ဂလာဆောင်မယ်ဆိုရင် ဒီနေ့လိုညနေ ဘက်ရောက်လာတာ။ ကျမ သိပ်ပျော်သွားတယ်။
သားကြီးကိုမွေးတော့ အပျော်ဆုံးသူက ကိုနောင်ကြီးပဲဖြစ်လိမ့်မယ်။ တနေ့တနေ့ သူတူကို မမြင်ရရင် မနေနိုင် ဘူး။ ဘဘနောင်ပေါ့။ ဒါပေမယ့် ခု သားငယ်လေးမွေးတော့ သူ့အသည်းကျော်က သားငယ်လေးဖြစ်သွားပြီ။
ကိုနောင်ကြီး ထိုင်းမှာ သွားအလုပ်လုပ်တော့ သားကြီးက စာတောင် မရေးတတ်သေးဘူး။ ဝလုံးတွေရေးထားတာ သူ့ကိုလှမ်းပို့ပေး၊ သားကြီးဆွဲထားတဲ့ ပန်းချီလေးတွေ သူ့ကိုလှမ်းပို့ပေးရတယ်။
တရက်တော့ သူနဲ့ တူတူသွားတဲ့ သူငယ်ချင်းတယောက်ဆီက ဖုန်းလာတယ် “ကိုနောင်ကြီး အလုပ်လုပ်ရင်း လေဖြတ်သလိုဖြစ်သွားလို့ .. ၊ သတိလစ်နေတယ်၊ ဆေးရုံတင်ထားရတယ်” တဲ့။ ကျမရင်တွေပူလောင် သွားတာ။ ၃ ရက်လောက် ဒီတိုင်းသတိမလည်ဘူးတဲ့။ မေမေရယ်၊ ကျမရယ် ငိုလိုက်ရတာ။ နောက်တော့ သတိပြန် ရပြီတဲ့။ ဒါပေမယ့် စကားလုံးဝ မပြောနိုင်ဘူး။ လေ့ကျင့်ခဏ်း လုပ်ပေးတော့ တခြားကိုယ်အင်္ဂါတွေတော့ ကောင်းသတဲ့။ ဘာပဲဖြစ်ဖြစ် နည်းနည်းတော့ ဝမ်းသာရတာပေါ့။ ဦးနှောက်က သွေးကျောမြှင်လေးတမြှင်မှာ သွေးခဲလေးတခဲ ပိတ်ဆို့နေတာလို့ ပြောတာပဲ။
ကောင်းသွားပြီလို့ကြားပေမယ့် ကိုနောင်ကြီးအသံကို ကျမ မကြားရဘူး။ တော်တော်လေး စိတ်မကောင်း ဖြစ်တယ်။ ဒါပေမယ့် တရက်မှာ သူငယ်ချင်းဆီက ဖုန်းဝင်လာတယ်။ သူငယ်ချင်းက “အနောင်ကြီးပြောလိမ့်မယ်” တဲ့ ..။ ကျမရင်ထဲ ဘယ်လိုဖြစ်သွားမှန်းမသိဘူး။ ကိုနောင်ကြီး စကားမပြောနိုင်ဘူးလို့ သိထားတာလေ။ ကိုနောင် ကြီးဆီက အသံကိုစောင့်ရင်း ကျမရင်တွေ တဒိုင်းဒိုင်းပေါ့ .. ပထမဆုံးကိုနောင်ကြီးဆီက ထွက်လာတာက “အထာဘိ .. အထာဘိ” တဲ့။ ကျမ ဘဝမှာ အဲဒီအသံကြောင့်ရတဲ့ ပျော်ရွှင်မှုက ဘာနဲ့မှ မလဲနိုင်ဘူး။ ပျော်လိုက် တာ။ ကိုနောင်ကြီး စကားနည်းနည်းလေး ပြန်ပြောနိုင်ပြီ။ သူပြန်ပြောတဲ့ ပထမဆုံးစကားက “အထာဘိ” တဲ့လေ။
ကျန်းမာရေးကြောင့် အလုပ်မလုပ်နိုင်တော့လို့ ကိုနောင်ကြီး ပြန်လာခဲ့တယ်။ ကိုနောင်ကြီးကို တွေ့လိုက်တော့ ကျမ တော်တော် စိတ်ချမ်းသာသွားပါတယ်။ ဘာလို့လဲဆိုတော့ စကားမပြောနိုင်ပေမယ့် လုံးဝ အကောင်း အတိုင်း ပုံစံတွေ့လိုက်ရလို့ပါ။ နောက်တော့ လေ့ကျင့်ရင်း ဆေးစားရင်း တဖြည်းဖြည်း ပုံမှန်နီးပါး စကား ပြန်ပြော လာနိုင်တယ်။
ကျမ သားငယ်လေးမွေးတော့ ဂန္ဒီဆေးရုံမှာလေ။ မွေးတဲ့နေ့က မေမေပဲ လိုက်လာတယ်။ သူတို့ တူဝရီး နှစ်ယောက်ကို အိမ်စောင့်ထားခဲ့တယ်။ အဲဒါကို အိမ်မှာ ၂ ယောက်သား ကိတ်မုန့်တလုံးဝယ် .. ဖရောင်းတိုင် တတိုင်ထွန်းပြီး သားလေးမွေးတဲ့အထိန်းအမှတ် Happy Birthday လုပ်ကြသတဲ့။ မေမေပြန်ရောက်တော့ ပိုက်ဆံတထောင်ပြန်ပေးပါ ဆိုပြီး တောင်းတယ်တဲ့။ ခုတော့ ကျမက ထိုင်းနိုင်ငံမှာ .. ကိုနောင်ကြီးက ကျမ သားတွေကို ထိန်းလိုက်၊ ကျောင်းပို့ပေးလိုက် .. သူ့ပန်းပင်တွေနဲ့ အလုပ်ရှုပ်လိုက်ပေါ့။ ဘုရား တရားလည်း တော်တော်လေး လုပ်လာတယ် ပြောတာပဲ။
သားငယ်လေးကို ကိုနောင်ကြီးက အသည်းပဲ။ သားကြီး ကိုတော့ ကိုရဲက ချစ်တယ်။ အငယ်ကောင်ကလည်း လူလည် .. သူ့ဘကြီးကို ဘယ်လိုကြွေအောင်လုပ်ရမယ် ဆိုတာ သိတယ်။ မေမေကတော့ ဖုန်းဆက်တိုင်း ပြောတယ် “အကြီးကောင်ကို တူးဝရီး ၂ ယောက် ဝိုင်းနှိပ်စက်ကြတယ်” တဲ့။ တနေ့တနေ့ အဘွားရယ် ဘကြီးရယ် .. သားနှစ်ကောင်ရယ် .. ဗြောင်းသတ်နေကြတာ မြင်ယောင်သေးတယ်။ ညဆို ကိုနောင်ကြီးက ကိုရီးယားဇာတ်လမ်းတွဲ ခရေဇီ၊ မကြည့်ရမနေနိုင်၊ သားငယ်လေး ဖူးခေါင်က Ben 10 ကာတွန်းကား၊ တီဗီကို လုကြ .. ရန်ဖြစ်ကြပေါ့။
နောက်တော့ သူတို့ နားလည်မှု ယူလိုက်ကြတယ်။ ဇာတ်လမ်းတွဲလာရင် သားလေးက “ဘဘနောင် .. ကိုရီးယား ကားလာပြီ” ဆိုပြီး ဖယ်ပေးတယ်တဲ့။ သတင်းချိန်ဆိုရင်တော့ လုံးဝမရဘူး .. သူ့အလှည့်ပဲ။
ဒီနေ့ ကိုနောင်ကြီးမွေးနေ့ ကျမ ဖုန်းဆက်တယ် “အထာဘိလား” ဆိုတဲ့အသံကြားလိုက်ရတော့ ကျမရင် အေးသွားတယ်။ ဒီတခါတော့ ကိုနောင်ကြီးက စကားတွေ တရစပ်ပြောတယ်၊ သူ့သူငယ်ချင်းတယောက် ဒီနေ့ ကလေးလေးမွေးတာကော .. ကျမရဲ့ ညီမဝမ်းကွဲလေး ကလေးမွေးဖို့ ဆေးရုံရောက်နေပြီဆိုတာကောပေါ့။ ကိုနောင်ကြီးအသံက ပျော်နေတာ သိသာတယ်။
“လူကြုံရှိရင် နင်တခါဝယ်ပေးလိုက်တဲ့ အရုပ်ကလေးတွေ ပို့လိုက်ဦးသိလား အထာဘိ” တဲ့။ ချင်းမိုင်မှာလုပ်တဲ့ အဝတ်နဲ့ ချုပ်ထားတဲ့ အရုပ်ကလေးတွေ လူကြုံရှိတိုင်း သူကြိုက်လို့ ကျမ ထည့်ပေးနေကျလေ။ ဘာပဲဖြစ်ဖြစ် ကိုနောင်ကြီး ကျန်းမာနေတာသိရတော့ ကျမသိပ်ပျော်တာပဲ ...။
ကိုနောင်ကြီးတောင် ၄၂ နှစ်ပြည့်သွားပြီ .. ကျမစိတ်ထဲမှာ သူ့အသက်ကိုမေ့နေတယ်။ ကျမစိတ်ထဲမှာ “အထာဘိရေ .. ဒီကမ္ဘာပေါ်မှာ ဘယ်သူ့အီးအမွှေးဆုံးလဲ” လို့ မေးနေတဲ့ ၁၂ နှစ်သားလောက် ပုံစံလေးကို မျက်စိထဲကမထွက်ဘူးလေ။

Wednesday, August 26, 2009
|
Labels:
အမှတ်တရ
|
This entry was posted on Wednesday, August 26, 2009
and is filed under
အမှတ်တရ
.
You can follow any responses to this entry through
the RSS 2.0 feed.
You can leave a response,
or trackback from your own site.
Subscribe to:
Post Comments (Atom)
8 comments:
Can guess your mind from your writing style. I love your blog.
ချစ်စရာကောင်းလိုက်တဲ့ post လေးးး
ကိုနောင်ကြီး မွေးနေ့တရာ ပျော်ရွှင်ကျန်းမာစွာ တိုင်ပါစေ..။
အမကော အမအကိုပါ ကျန်းမာရွှင်လန်းပါစေဗျာ
အနောင်ဆိုပြီး ကာတွန်းဆွဲတဲ့ တစ်ယောက်လားဗျ...။
ရောကုန်ပြီ...။
ကိုနောင်တယောက် ကျန်းမာပြီး အသက်ရှည် ပျော်ရွှင်ပါစေ...
းဝ)
(ကာတွန်းဆွဲတဲ့ အနောင်က တူးတူးသာရဲ့ ပါပါကြီးပါဗျ... ကိုဘွိုင်းက ရောကုန်ပြီ...)
ပျော်ရွင်မူတွေကူးယူခံစားသွားပါတယ်
မမအထာဘိရေ..
မောင်နှမတွေအကြောင်း ဖတ်ရတာ ချစ်စရာကောင်းလိုက်တာ...။
အထာဘိစ် အထာဘိစ်
:P
Post a Comment