၇ ရက်သားသမီးများ အကြောင်း

အမှတ်တရ ရက်စွဲများ ၁၂

မှန်ဆောင်ရဲ့ သုံးထပ်ကနေ ဆင်းလာတဲ့အချိန်မှာ "ခင်ဗျားတို့ မင်းလူရဲ့ ဟိုဝတ္ထုလေး ဖတ်ဖူးလား" ဆိုတဲ့အသံ တသံကြားလိုက်ရတော့ ဖျတ်ကနဲ ကြည့်လိုက်မိတယ် ..။ ဟုတ်တယ်လေ အဲဒီအချိန်က တူးတူးသာဆိုတဲ့ အူကြောင်ကြောင် ကောင်မလေးတယောက်က စာအုပ်တွေဖတ်ပြီး အရမ်းအရမ်းကို စိတ်ကူးတွေယဉ်နေတဲ့ အချိန်။ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်နေတဲ့အချိန် .. ပြီးတော့ ကိုယ့်လိုပဲ စာဖတ်တဲ့သူကိုပဲ အပေါင်းအသင်း လုပ်ချင်တဲ့ ဘာမှန်းမသိတဲ့ မာနကြီးတခွဲသားနဲ့ အဆင့်အတန်းခွဲခြားချင်တဲ့အချိန်ပေါ့ (အဆင့်အတန်းခွဲခြားတယ် ဆိုတာက ဒီလိုပါ .. စာမဖတ်တဲ့သူဆို အထင်သေးတယ်ပေါ့လေ .. ခုတော့ ဘယ်သူ့ကိုမှ အထင်မသေးတတ် တော့ ပါဘူး :P)

၂၁ နှစ်ဆိုတဲ့အရွယ်မှာ အဲဒီလိုမရင့်ကျက်သေးတဲ့ ကောင်မလေးပါလားလို့ ကိုယ်ကိုယ်ကို်ယ် စဉ်းစားမိတော့ ခု အဲဒီအရွယ် ရင့်ကျက်တဲ့သူတွေကိုတွေ့ရင် အထင်ကြီးလေးစားမိတယ် (ဒါအမှန်ပြောတာနော် နန်းညီ၊ အန်ဒီ .. ဘလာဘလာဘလာ .. ဤကား စကားချပ်)

ဆက်ရရင် အဲဒီလူကြီးရဲ့ အမေးကို ဘယ်သူမှ ပြန်ဖြေတာမကြားရဘူး။ အဲဒီမှာ ကျမက "ကျမ ဖတ်ဖူးတယ် .. အဲဒီ ရင်ခုန်သူများ ဆိုတဲ့ဝတ္ထုကို အရမ်းကြိုက်တာ .. ကဗျာတွေ အများကြီးပါလို့လေ" လို့ ခပ်တည်တည် ဝင်ပြော လိုက်တော့ မေးသူကော အဖြေမပေးနိုင်သူတွေပါ ကျမကို လှည့်ကြည့်ကြတယ်။ မေးလိုက်တဲ့သူက နောင်မှာ ကျမတို့အားလုံးကို လမ်းပြသွန်သင်မယ့် ကိုအောင်မြင့်ဇော်ဆိုတဲ့ သူကြီးပါ။ အဲဒီကတည်းက ကျမတို့ ကလေးတွေ ကြားမှာ သူက ဆရာမနဲ့ သက်တူရွယ်တူ အသက်က ၂၈ နှစ်ကျော်နေပြီ။ ကျမအရမ်းကြိုက်ပြီး ဒီဘလော့မှာ ညွန်းခဲ့ဖူးတဲ့ တော်တီလာဖလက်ကို ဒီလူကြီးပေးဖတ်ခဲ့တာ။

သူက ကျမကို အံ့သြသလို ကြည့်တယ်။ သူ့အမေးကို ယောက်ျားလေး တယောက်ယောက်က ပြန်ဖြေမှာလို့ မျှော် လင့်ထားပုံရတယ်။ ပုံဆွဲသင်္ခန်းစာပြီးသွားလို့ ကန်တင်းကိုအဆင်းမှာ သူတို့အဖွဲ့က ကျမကို အတူထိုင်ဖို့ ဖိတ်ခေါ် တယ်။ အဲဒီအချိန်မှာ ကျောင်းတတ်တာလည်း တပတ်တောင် မပြည့်သေးတော့ ကျမမှာ သူငယ်ချင်းက မရှိသေး ဘူး။ နောက်ပြီး ခုဏဆိုခဲ့သလို ကျမက အဆင့်အတန်းကလည်း ခွဲခြားသေးတယ် မဟုတ်လား။

ဒီလူကြီးက မင်းလူတွေဘာတွေ ပြောနေတာ၊ ရုပ် ကြည့်လိုက်တော့လည်း ကျောင်းစာကလွဲရင် ကျန်တဲ့စာတွေ အားလုံး စိတ်ဝင်တစားဖတ်မယ့် စာဂျပိုးရုပ်ဆိုတော့ ကျမ သူတို့အုပ်စုနဲ့ ခပ်တည်တည် လိုက်သွားခဲ့တယ်။ လက်ဘက်ရည်ဆိုင်မှာ ထိုင်ဖြစ်ကြတော့မှ အဲဒီအစ်ကိုကြီးကပဲ အားလုံးနဲ့ မိတ်ဆက်ပေးတယ်။ သူတို့အားလုံး စုစုပေါင်း ယောက်ျားလေး ၆ ယောက်။

ရယ်တော့ရယ်ရသား အဲဒီတုန်းကပြောပါတယ် ကျမ လက်ဘက်ရည် ကျဆိမ့် သောက်တာကိုပဲ သူတို့က အံ့သြ နေကြတာ။ ခုခေတ်ဆိုရင်တော့ ယမကာလေး တခွက်တဖလားလောက် ချပြရင်တောင် အံ့သြတော့မှာ မဟုတ်ဘူးနော်။

သူတို့ ၆ ယောက်စလုံးက စုတ်တိစုတ်ဖတ်တွေချည်းပဲ ..။ နောင် ၇ ရက်သားသမီးဆိုပြီး မခွဲမခွာရှိကြမယ့် သူတွေ ပေါ့။

တနင်္ဂနွေသား ကိုအောင်မြင့်ဇော်က သူတို့ထဲမှာ အသက်အကြီးဆုံး .. စာအဖတ်ဆုံး .. ဆရာကြီး။ မျက်နှာက သမိန်ပေါသွပ်လို လေးထောင့်၊ အရပ်ကခပ်မြင့်မြင့် .. ရုပ်တော့ဖြောင့်သား မဆိုးပါဘူး။ သူက ဆရာမလေးတွေ လောက်ပဲ စိတ်ဝင်စားတာ။ ဆရာမလေးတွေက သူ့ထက်ငယ်တော့ သူ့ကို စေ့စေ့မကြည့်ရဲဘူး။ ကျောင်းသူ တွေကိုတော့ သူက ကလေးတွေလို သဘောထားတယ်။ ကျောင်းကနေ ခဏခဏ ပျောက်ပျောက်သွား တတ်တယ် .. ဘာတွေလုပ်နေမှန်းလည်းမသိဘူး။ တခြားစာတွေ အဖတ်များလောက် ကျောင်းစာမှာတော့ သူက ကျန်တဲ့ ၆ ယောက်ကို အားကိုးအားထား ပြုရတယ်။

တနင်္လာသား ကျော်စိုးတဲ့ .. မင်းမနိုင်သား ဆိုတဲ့အတိုင်း သူ့ကို ဘယ်မင်းမှ နိုင်ပုံမရဘူး။ ဆံပင်က ပြောင်းဖူးမွှေး လို ရှည်ရှည်ကျဲကျဲ .. ဆံပင်ဖြူတွေ ကြိုးကြား မြင်နေရတယ် .. ဂျင်းဘောင်းဘီ ဖင်ကျပ်နဲ့ လွယ်အိတ်က သေးသေး ပိစိလေး ..။ တီရှပ်ပေါ်မှာ ဂျင်းဝတ်စကုတ်ထပ်ဝတ်ထားတယ်။ ဒါသူစတိုင်။ အဲဒီ ဂျင်းဝတ်စကုတ် ကျောမှာ သူကိုယ်တိုင်လက်ဆော့ဆွဲထားတဲ့ Peace အမှတ်တံဆိပ်နဲ့ .. ။ သူ့ပုံစံကို ဘယ်မိန်းကလေးမှ သဘော မကျဘူး ..။ သူကလည်း မိန်းကလေးတွေကို သိပ်ကြည့်မရဘူး။ ကျမကိုတော့ သူခင်တယ်။ ကျမကလည်း သူ့ကို မကြောက်ဘူး။ အံ့သြစရာကောင်းတာက အဲဒီလို ကိုးယိုးကားယားပုံစံနဲ့သူက ဗုဒဘာသာသင်တန်းကို အဆင့် တော်တော်မြင့်မြင့်က အောင်ထားတာတဲ့ ..။ ဓာတ်ပုံတွေဘာတွေ ပြတာပဲ။ အင်္ဂလိပ်စာက လွဲရင် ကျန်တာတွေ အရမ်းညံ့တဲ့သူ့ကို အားလုံးက စာဝိုင်းသင်ရတယ်။ ရွှေပြည်စိုး ဆေးလိပ်အရမ်းသောက်တယ်။ အတန်းထဲက ကေသီစိုး ဆိုတဲ့ ကောင်မလေးကို သူက သဘောကျတယ် .. ကာရန်ညီအောင် ရွှေပြည်စိုးကို သောက်တာ ဆိုပဲ။ အဲဂလို ကြောင်တောင်တောင်တွေ လုပ်တယ်။ မြို့ထဲကနေ တကျပ်ထဲနဲ့ ကျောင်းလာပြီး .. ပြန်ရင် သူငယ်ချင်း တွေက ဝိုင်းဝန်းထောက်ပံ့ရတယ်။

ကိုကျော်စိုးက လည်ပုံလည်ပန်းနဲ့ သူများနှပ်သမျှ ခံရတာချည်းပဲ .. သူပဲပြောပြတာပါ။ အဲဒီအချိန်က ထူးအိမ်သင် ရဲ့ မှော်ဆရာအိပ်မက် မထွက်သေးဘူး ကြော်ငြာထားတုန်းပဲ ရှိသေးတာ .. အဲဒီတုန်းက ကျမတို့အားလုံး ထူးအိမ်သင်မှ ထူးအိမ်သင်လေ။ သူလည်း ထူးအိမ်သင်အရမ်းကြိုက်ပေါ့။ အဲဒီမှာ သူတို့ မင်းမနိုင်ထဲက သူငယ်ချင်းတယောက်က ကိုကျော်စိုးကို ထူးအိမ်သင်ရဲ့ မှော်ဆရာအိပ်မက် ဆိုတဲ့ သီချင်းဆိုပြမယ်ဆိုပြီး ခပ်တည်တည်နဲ့ ဂစ်တာတီးပြီး "မှော်ဆရာအိပ်မက်ကလေးရေ" ဘာညာနဲ့ သူ့ဘာသာစာသားတွေ သံစဉ်တွေ ထည့်ဆိုပြတာ ကိုကျော်စိုးက အဟုတ်မှတ်နေတာပေါ့။ နောက် အခွေလည်း ထွက်လာရော မှော်ဆရာအိပ်မက် ဆိုတဲ့ သီချင်းပါမလာဘူး .. အဲဒါက အခွေခေါင်းစဉ် .. သီချင်းလည်း မရှိဘူးဆိုတာ နောက်မှ သိရတယ်တဲ့ .. အဲဒီလို .. သူက .. သူခံရတာတွေလည်း ပြောပြတာပဲ .. လုံးဝ အရှက်မရှိဘူး .. ခင်ဖို့သိပ်ကောင်းတယ်။

အင်္ဂါသားကတော့ .......................................... ချန်ထားလိုက်တော့မယ် .. တချိန်မှာ တစုံတယောက် ဖြစ်လာ မယ့် သူ ဆိုပါတော့ :P သူက အညာသား .. အသားကမည်း .. မာနကကြီး .. စာလည်းတော် .. စူပါ ဘရိန်း ပေါ့ ..။ ကိုအောင်မြင့်ဇော်က အသက်အကြီးဆုံးမို့လို့ ဆရာကြီးဖြစ်ပေမယ့် သူကတော့ အားလုံးထဲမှာ အငယ်ဆုံး နဲ့ ဆရာကြီးဖြစ်တာ။ အားလုံးက တခုခုဆို သူ့ဆီက အကြံယူရတယ်။ ရီစရာကောင်းတာက သူက မိန်းမဆို လုံးဝအထင်မကြီးဘူး၊ မိန်းကလေးတယောက်တိုက်တဲ့ လက်ဘက်ရည်ကို မသောက်ဘူး၊ စစချင်း သူတို့နဲ့ လက်ဘက်ရည်ဆိုင်ထိုင်တဲ့နေ့မှာပဲ သူနဲ့ ပြဿနာထတက်တယ်။ ကျမက လက်ဘက်ရည်ဖိုးရှင်းတာကို သူက ပြဿနာရှာတာ။ နောက်ပိုင်းခင်သွားကြပြန်တော့လည်း အဲဒီပြဿနာ တော်တော်လေး ရှင်းကြရသေးတယ်။ သူ့နာမည်က အဲဒီခေတ်က ဇာတ်မင်းသားတယောက်နာမည်နဲ့ ခပ်ဆင်ဆင်တူလို့ သူ့ကို မင်းသားကြီးလို့ ခေါ်ကြတယ်။

ကျမက ရွှေထွန်းလို့ခေါ်တဲ့ ဇော်ထွန်းက ဗုဒဟူးသား ..။ ဒီကောင်က မျက်နှာကချိုချို .. တရုတ်ကလေး။ သဘော ကောင်းတယ်။ သူက ဘုရားလမ်းသားပေါ့ .. ကျောင်းနဲ့ သူ့အိမ်နဲ့က သိပ်မဝေးဘူး။ သူ့ညီမတွေကလည်း အရမ်း သဘောကောင်းတယ်။ နောက်ပိုင်းမှာ သူ့အိမ်က ခုနစ်ရက်သားသမီး စာစုကျက်ရာ၊ ဖဲဝိုင်း အရက်ဝိုင်းထောင်ရာ နေရာတခုလည်း ဖြစ်ခဲ့တယ်။ သူက ကျမတို့ထက် အသက်နည်းနည်းကြီးတယ်။ ဂျီတီအိုင်တက်ရင်း တက္ကသိုလ် ကိုလည်း ဘယ်လိုလုပ်တက်နေလည်းမသိဘူး။ အဲဒီတော့ သူက စာသိပ်မလိုက်နိုင်ဘူး .. အတန်းလည်း လစ်ရတယ် .. ကျမတို့က သူ့အတွက် တတ်နိုင်သလောက် ဝိုင်းကူရတယ်။ ပုံဆွဲကြပြီဆိုရင် အမြဲ ပြဿနာ .. စကေးကိုက်ဆွဲတဲ့ ပုံတွေ .. နောက်ဆုံးမှာ 3D ဖြစ်ရမယ် .. ဆို သူ ဘယ်တော့မှ မဖြစ်ဘူး။ ဆရာမ မသိအောင် သူ့ကို ကျမတို့ထဲက တယောက်ယောက်က ဝိုင်းဆွဲပေးရတယ်။

မျောက် လို့ ချစ်စနိုးခေါ်တဲ့ မင်းမင်းထွန်းက ကြာသပတေး ..။ အတန်းထဲမှာ မင်းမင်းထွန်း ၂ ယောက်ရှိပြီး အဲဒီ ၂ ယောက်စလုံးကို ကျမက သိပ်ခင်တယ်။ အဲဒီ ၂ ကောင်က နာမည်တူရတဲ့ထဲ ကျမအချစ်ဆုံး မိန်းကလေး သူငယ် ချင်းကို ၂ ယောက်လုံးကြိုက်ကြတယ်။ ဟိုတယောက်က မကွေးက၊ ကျမရဲ့မျောက်က မြောက်ဒဂုံကဆိုတော့ ကျမက သူ့ကို ချစ်စနိုး မျောက်လို့ခေါ်တယ်။ ကျမတို့ခေါ်တာကို သူက ကျေနပ်ပေမယ့် တခြားသူက အဲလို ခေါ်ရင် သူ လုံးဝမကြိုက်ဘူး။ ဒီကောင်က မြောက်ဒဂုံကနေ သူ့ထမင်းဗူးသူထည့်ပြီး ကျောင်းလာတတ်ရတာ။ ပုဆိုးဘိုသီဘတ်သီနဲ့ တောသားပုံ .. ကွမ်းစားလို့ နီရဲနေတဲ့သွားတွေနဲ့ .. မျက်နှာကတော့အမြဲပြုံးနေတတ်တယ်။ ပေါက်ကရက အမြဲလုပ်။ မူးပြီဆိုရင် အရမ်းရစ်တဲ့ကောင်။ စိတ်ထားကတော့ ဘာကောင်းသလဲ မမေးနဲ့။ သူ့ရဲ့ အစ်မတွေ ညီမတွေက သူနဲ့ဆန့်ကျင်ဘက် ဖြူဖြူချောချောလေးတွေ .. ခုထိ ကျမတို့ကိုခင်တယ်။ သူ့အမေနဲ့ အဖေက မကွေးမှာ တာဝန်ကျနေတာဆိုတော့ မြောက်ဒဂုံက အိမ်မှာ သူတယောက်တည်းနေတယ်။ သူ ဘာဟင်း ချက်လာလာ နနွင်းတွေ ဝါထိန်နေတတ်တယ်။ ကျမက ပြောရင်သူက နနွင်းများများစားမှ အသားလှ တာဟ .. ငါ ဒီလို အသားလှနေတာ နနွင်းစားလို့ပေါ့ လို့ အမြဲ ပြောတတ်တယ်။ တကယ်က သူ့အသားက ညိုပြီး အမြဲ ရေမချိုးတဲ့ ပုံနဲ့လေ။

သန်းနိုင်ဆိုတဲ့သောကြာသားက အဲဒီကတည်းက ကလေးအဖေဖြစ်နေပြီ။ သူ့အိမ်က အင်းစိန်တင်။ ကျောင်းနဲ့ သိပ် မဝေးဘူးပေါ့။ သူ့မိန်းမက မပူစူးတဲ့ .. သဘောကောင်းတယ်။ ဒီကောင်က ကျောင်းတက်တက်ချင်း သူ့ကိုယ်သူ လူပျိုလိုလို ဘာလိုလိုလုပ်နေတာ။ မကြာဘူး သိကြတာပါပဲ။ ပြီးတော့ရှိသေးတယ်။ သူ့မိန်းမက မဇိမလှိုင်းက ကိုရဲလွင်ရဲ့ ဘယ်နှဝမ်းကွဲမှန်းမသိတဲ့ တူမတော်တယ်။ အဲဒါကို ဒင်းက မသိနားမလည်သေးတဲ့ ကျမတို့ကို ကြွားတာ ..သူ့ကိုယ်သူ ကိုရဲလွင်ရဲ့တူ .. တဲ့။ အဲဒီအချိန်က ဒဏ္ဍာရီ ရုပ်ရှင်နဲ့ ခင်မောင်တိုးရဲ့ ပန်းချစ်သူ အခွေကလည်း ခေတ်စားနေတဲ့ အချိန်ဆိုတော့ ကိုရဲလွင်ကြီးကို အားလုံးက ခိုက်တဲ့အချိန်။ သန်းနိုင်ကို ဆရာကြီး ထင်ကြတာ။ နောက် သူငယ်ချင်းတွေ ဂစ်တာစုတီး သီချင်းစုဆိုတဲ့အချိန်ကျတော့မှ ပေါ်တယ်။ ဂစ်တာလည်း မတီးတတ်၊ သီချင်းတောင် အပေါက်လမ်းတည့်အောင် မဆိုတတ်ဘူး :P ဒါပေမယ့် ဒီကောင်က သူငယ်ချင်း တွေရဲ့ အနွံအတာအရမ်းခံတယ်၊ သဘောလည်းကောင်းတယ်။ ဒါပေမယ့် လူလည် အရမ်းကျတယ်။ ဥပမာ ပုံဆွဲတဲ့ စာရွက်တွေပိုဝယ်ထားတာမျိုးပေါ့။ ကိုကျော်စိုးက စာရွက်ဝယ်ဖို့ အမြဲမေ့တတ် သလို .. ရွှေထွန်းက ပုံတပုံကို ဖျက်လိုက်ဆွဲလိုက်နဲ့ စာရွက် ၂ ရွက် ၃ ရွက်အမြဲကုန်တယ်။ မှန်ဆောင် အပေါ်ဆုံး ထပ်ကနေ ဘယ်သူမှ ပြန်မဆင်းချင်ကြဘူးလေ .. အဲဒါဆို သန်းနိုင်က ပုံဆွဲစာရွက်တွေကို ၂ ဆ ၃ ဆဈေးတင် ပြန်ရောင်း .. မတတ်နိုင်ဘူး ဆဲဆိုပြီး ဝယ်ကြရတာပဲ။

အဲဒီလူဆိုးတွေနဲ့ပေါင်းတဲ့ တဦးတည်းသောကောင်မလေးကတော့ စနေသမီး ကျမပေါ့။ အားလုံးက သိပ်ခင် တယ်၊ ကျမအတွက်ဆို ဘာပဲဖြစ်ဖြစ် လုပ်ပေးတယ်၊ ကျမကို ကာကွယ်တယ်။

အတန်းထဲမှာ နောက်ဆုံးမှာထိုင်ကြတဲ့၊ ဗယုတ်အရမ်းကျတဲ့၊ ပေါက်ကရမှန်သမျှ အကုန်လုပ်တဲ့၊ ဆရာမတွေပါ မချန် ပြူးပြဲ ငမ်းတတ်တဲ့ အများစုက စာညံ့တဲ့ .. ဒီလူတွေနဲ့ပေါင်းတဲ့ ကျမကို အားလုံးက အထူးအဆန်းလို သဘောထားကြတယ်။ ကျမကတော့ခပ်တည်တည်ပဲ .. သူတို့နဲ့တွဲပြီး ပါဝင်လို့ရတဲ့ကိစ္စမှန်သမျှ အကုန် ပါဝင်တယ်။

ကျမတို့ ၇ ယောက်အုပ်စုကြီးက .. ပုံဆွဲခန်းဖြစ်တဲ့ မှန်ဆောင် ၃ ထပ်ပေါ်မှာ၊ ချွေးဒီးဒီးကျတဲ့ အီးစီ အလုပ်ရုံထဲမှာ ကျမတို့ အီးစီ ဘီ စာသင်ခန်းထဲမှာ .. တတွဲတွဲ မြင်ရရုံမကဘူး .. ကျမ ငှားနေတဲ့ ကျောင်းရှေ့က အဆောင် ကလေးမှာ .. အားတဲ့အချိန် ဂစ်တာစုတီးကြ .. ကျောင်းဘေးက "တခါတလေ အေးအေးဆေးဆေး" ဆိုတဲ့ လက်ဘက်ရည်ဆိုင်လေးမှာ လေပန်းကြ ..... သိပ်လည်းတွဲပြီး .. သိပ်လည်းချစ်ကြတယ်။

စာမေးပွဲချိန်ဆိုရင်တော့ ကျမရယ် မျောက်ရယ် မင်းသားကြီးရယ်က ကျန်တဲ့သူတွေကို တာဝန်ယူစာပြရတယ်။ အဲဒီအချိန်ဆို ကိုအောင်မြင့်ဇော်ကြီးက ပျောက်နေပြီ .. ဘယ်ရောက်နေမှန်းမသိဘူး။ ကျမတို့ ၃ ယောက်က ကျန်တဲ့ ၃ ယောက်ကို မဲနှိုက်ပြီး ကျတဲ့သူကို စာပြရတယ်။ ကိုကျော်စိုးကတော့ အားလုံးရဲ့ အင်္ဂလိပ်စာဆရာပေါ့။

အဲဒီလိုစာပြပြီဆိုရင် ဘယ်သူမှ ကိုကျော်စိုးကို မပြချင်ဘူး။ ဘာလို့လဲဆိုတော့ သူက စာသင်တာ ကြာရင် ပုစ္ဆာက နည်းနည်းပါးပါး ခက်နေရင် စိတ်ကဆိုးသေးတာ။ စိတ်ကောက်ပြီး အိပ်နေရော။ သူ့ကိုချော့ပြီး စာသင်ရတာ အရမ်းကို စိတ်ညစ်စရာကောင်းတယ်။ အများသောအားဖြင့်တော့ ကျမရဲ့ အပြင်ဆောင်လေးမှာ စုပြီး စာလုပ်ကြ တယ်။ အိမ်ရှင် အစ်ကိုနဲ့အစ်မ လင်မယားကလည်း သဘောကောင်းတယ်။ ကျမနဲ့ တူတူနေတဲ့ မြို့ပြက မေလတ် ကလည်း ချစ်ဖို့ကောင်းတယ်၊ အေးတယ်။ ကျမတို့အုပ်စုစာလုပ်ရင် သူကလည်း သူ့သူငယ်ချင်း တွေနဲ့ ထွက်သွား ရော ပဲ။

ကျမရဲ့အိမ်လေးကို သူတို့က ဒင်နီ့အိမ်လို့ နာမည်ပေးထားတယ် .. တော်တီလာဖလက်ထဲက ဒင်နီလေ။ တော်တီလာဖလက်အုပ်စုတွေလောက် မသောင်းကျန်းပေမယ့် အဲဒီလောက်နီးနီးပါပဲ။ တကယ်လည်း စကားနောက် တရားပါတာလားမသိပါဘူး .. တရက်မှာ တကယ့်ဒင်နီ့အိမ်လိုပဲ ကျမအိမ်ကလေး မီးလောင် ပါလေရော ...။

အဲဒီနေ့က မေလတ်က လှည်းကူးပြန်သွားတာ မရှိဘူး။ ကျမက မနက်ပိုင်းဒန်အိုးလေးနဲ့ ဝက်သားဟင်းချက်တာ .. အိမ်ရှေ့က လျှပ်စစ်မီးဖိုလေးနဲ့ပေါ့။ အဲဒီမီးဖိုလေးက တံခါးဘေးမှာ။ အိမ်က ပျဉ်ထောင် နှစ်ထပ်အိမ်။ ကျမတို့က အောက်ထပ်မှာနေတယ်။ ၂ ခန်းခွဲထားတယ်။ ဟိုဘက်ခန်းက ဒုတိယနှစ်က အစ်မတွေ၊ ကျမတို့က ဘယ်ဘက်ခြမ်းပေါ့။ ဝက်သားဟင်းချက်ရင်း မီးပျက်သွားတာ မသိလိုက်ဘူး၊ အဲဒီမှာ ကျောင်းသွားဖို့လုပ်ရင်း မီးက ပြန် မလာတော့ မီးပိတ်ဖို့မေ့သွားရော .. ကျမ ကျောင်းသွားနေတုန်း မီးကပြန်လာပြီး မီးဖိုပေါ်က ဝက်သားအိုးတူး ..တူးရာက ဒန်ကို အပူပေးသလိုဖြစ် .. ဝက်ဆီတွေမီးထတောက်ပြီး သစ်သားတံခါးကို မီးစွဲနေတာ .. အပေါ်ထပ်က အစ်ကို မြင်ပြီး တံခါးကိုဖျက် မီးပိတ် မီးငြှိမ်း အဲဒါတွေ လုပ်နေကြတာ။ နေ့ခင်း ထမင်းစားဖို့ ပြန်တော့မှ အိမ်ကဟောင်းလောင်း .. တွန့်လိမ်ကောက်ကွေ့နေတဲ့ ဝက်သားအိုးလေးက ဘေးမှာ။

ကျမကို ဘာမှ မပြောရှာပါဘူး .. ကျမရဲ့ ၇ ရက်သားသမီးအုပ်စုက အစ်ကိုတို့ကို ဝိုင်းတောင်းပန် .. တံခါးတွေ ဝင်ပြင်ပေး လုပ်ကြရတယ်။ ကျမကတော့ ကြောက်ပြီး ဘာမှမလုပ်နိုင်ဘဲ ငုတ်တုတ်လေးထိုင်လို့ပေါ့။ မေလတ်လည်း ပြန်လာရော .. တံခါးအသစ်ကလေးက ဆီးကြိုလို့ ..။ အဲဒီတုန်းက ကြောက်ပေမယ့် နောက်တော့ အဲဒီအကြောင်းပြောပြောပြီး ရယ်ကြတာပါပဲ။ ကျမလည်း အဲဒီကတည်းက တကယ့်ကို ဒင်နီဖြစ်သွားတော့တယ်။

နောက်များမှ ဆက်ဦးမယ် ..






9 comments:

tune said...

အမြန် ဖတ်သွားတယ်။
နောက်မှ ပြန်လာဖတ်မယ်။

sin dan lar said...

ပျော်စရာကောင်းလိုက်တာ အစ်မ ...
ညီမတို့ကျောင်းတက်တုန်းကလည်း တက္ကသိုလ်က ဘွဲ့ရပြီးမှ 28 နှစ်မှာ ပထမနှစ်လာတက်တဲ့ အစ်ကိုကြီး တစ်ယောက်ရှိတယ်... ဆရာမလေးတွေက သူ့ထက် ၅ နှစ်လောက်ငယ်တယ်....

Andy said...

ဟားဟားဟားဟားဟား

little brook said...

အင်း အမသတိတော့ထားနော် မူးမူးနဲ့သဲသောင်ပေါ် သွားမအိပ်နဲ့ ဟီးဟီး ၀ိုင်ဖိုးလိုလို့ ဘောင်းဘီခိုးသွားဦးမယ် အဟီး

မဆုမွန် said...

မတူးပို့စ်လေး ဖတ်ပြီးတော့ သူငယ်ချင်းတွေကို ပြန်သတိရသွားပါတယ်။.

ပန်းခရမ်းပြာ said...

ကျောင်းတော်ကြီးကို အရမ်းလွမ်းသွားပြီ တူးရေ။
အမတို့တုန်းက ပုံဆွဲခန်းက မှန်ဆောင် ၃၀၁ လို့ထင်တာပဲ။

EC Lab လေးကိုလဲ မြင်ယောင်မိတယ်။
"အေးအေးဆေးဆေး” လဘက်ရည်ဆိုင်ကိုလဲ သတိရတယ်။
မှန်ဆောင်ရှေ့ စက္ကူပန်းခြုံအောက်က ခုံတန်းလေးလဲ အပါအ၀င်ပေါ့...။

ဒဏ္ဍာရီ ရုပ်ရှင်ကိုတော့ အင်းစိန်ဈေးနားက မဟာမြိုင် ရုပ်ရှင်ရုံမှာ ကြည့်ခဲ့ဘူးတယ်။

ဆက်ရေးပါဦး...။

နန်းညီ said...

ရင့်ကျက်သတဲ့ အဟိ..

တော်တီလာဖလက်က လူငယ်တွေကြားမှာ အတော်တော့ လွှမ်းမိုးသားနော် အစ်မ.. ညီညီတို့မှာလည်း ဒင်နီ့အိမ်ရှိတယ်..

နန်းညီ said...

အဲ ၇ ရက်သားသမီးများ ပို့စ်မှာ ညီညီက ၇ ခုမြောက် မန့်ခွင့်ရသဗျ.. အဟဟဟဟ

လင်းဒီပ said...

အစ်မတို့လောက် ပျော်ခွင့်မရခဲ့ပေမယ့် ဖြတ်သန်းခဲ့ဖူးတဲ့ အင်းစိန်ဂျီတီအိုင်ကျောင်းသားဘဝကို အမှတ်ရသွားပါတယ်....။
ပျော်ရင်းလွမ်း လွမ်းရင်းပျော်သွားတယ်..
အခုတော့လည်း အားလုံးတကွဲစီ...။