ရယ်တတ်အောင်သင်တဲ့သူ




သင်္ဘောဆိပ်မှာ လူတွေကျိတ်ကျိတ်တိုးနေတယ်။ ရန်ကုန်သွားမယ်သူတွေတဲ့ ..။ မောင်နှမနှစ်ယောက် မျက်နှာငယ်လေးတွေနဲ့ ဘာလုပ်ရမမှန်းမသိ ဖြစ်နေတုန်း ပါပါ့ တပည့်တယောက်က အနားကို ရောက်လာ တယ်။

“သမီးတို့ ရန်ကုန်သွားမှာ မဟုတ်လား။ လက်မှတ်တန်းစီနေရင် ဒီအခေါက်မီမှာ မဟုတ်ဘူး .. ရော့ .. ဦးဆီက လက်မှတ်တွေယူလိုက် သွားတော့ သမီးတို့ .. သင်္ဘောမမီပဲနေမယ်” လို့ ပြောလာတဲ့ သူ့လက်ထဲက လက်မှတ်တွေကို ကြောင်တောင်တောင်ယူရင်း သင်္ဘောပေါ် ပြေးတက်လိုက်ကြတယ်။

“တူးတူး၊ တူးတူး ငါတို့လည်းလိုက်မယ် နေဦး” ဆိုတဲ့အသံကြားလို့ လှည့်ကြည့်လိုက်တော့ ဝင်းသူနဲ့ ယူဂျင်း။ သူတို့က ကျမရဲ့ အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်သလို ပါပါ့တပည့်တွေ ဆိုလည်း ဟုတ်တယ်။ သင်္ဘောပေါ်မှာ ထိုင်မိကြတော့ ထူးထူးဆန်းဆန်း စကားအရမ်းများတဲ့ ဒီနှစ်ကောင်က နှုတ်ပိတ် တိတ်ဆိတ်လို့ ပုံမှန် စကား သိပ်မပြောတဲ့ ကျမက ဘာတွေမှန်းမသိ လေဖောနေမိတယ်။ ၈ တန်းပဲ ရှိသေးတဲ့ ကိုရဲလေးက ဘေးမှာ ငြိမ်ငြိမ်လေး လိုက်ပါလာတယ်။

ရန်ကုန်ကိုသင်္ဘောဆိုက်တော့ ဝင်းသူက လေးဘီးကားငှားမယ်တဲ့။ “ပိုက်ဆံကုန်ပါတယ်ဟာ။ ဘတ်စ်ကားပဲ စီးသွားရအောင်” ဆိုတော့ ယူဂျင်းကပါ “ကားငှားသွားပါမယ်ဟာ နင်ကလည်း .. ” ဆိုတော့ နည်းနည်းတော့ အံ့သြသွားသေးတယ်။ ဒါပေမယ့် ထင်မထားမိသေးဘူး။

ခု ဗိုလ်ရာညွန့်လမ်း လို့ခေါ်တဲ့ လမ်ကစ်စတာ လမ်းက “ဦးတက်တိုးနဲ့ ဒေါ်နုယဉ်” တို့ရဲ့ အိမ်ရှေ့မှာ ကားရပ်လိုက်တာနဲ့ မသိစိတ်ရဲ့ ခေါ်ဆောင်ရာကို ကျမခြေထောက်တွေက လိုက်ပါသွားတယ်။ ဦးတက်တိုးရဲ့ သားမက် .. ကျမ ဦးလေးအငယ် ဦးညွန့်တို့ အိမ်ရှေ့ကို ရောက်တော့ အိမ်ထဲမှာ ဘုန်းကြီးတွေ .. “သက်ပျောက်ဆွမ်း” တဲ့ .. “ပါပါ ဆုံးပြီ” .. မေမေ့မျက်ရည်တွေရယ် ကိုနောင်ကြီးရဲ့ ချုပ်တီးထားတဲ့ ဝမ်းနည်း မျက်နှာရယ်က ကျမကို ဆီးကြိုနေတယ်။

တကယ်တော့ သန်လျင်မှာ တွေ့ခဲ့တဲ့ ပါပါ့တပည့်ကော၊ ယူဂျင်းနဲ့ ဝင်းသူတို့ပါ ပါပါဆုံးပြီဆိုတာ သိပြီးသား။ ကျမကို ပြောမထွက်လို့ .. ဒီတိုင်း ငြိမ်ငြိမ်လေး လိုက်ပါခဲ့ကြတာတဲ့။ ပါပါက မနေ့ညနေကတောင် ဆေးရုံကြီးမှာ ကျမကို စကားတွေ အများကြီးပြောနေသေးတာ။ “သမီး ကာတွန်းခတွေ ပါပါ ရစရာ ရှိသေးတယ်။ တိုက်တွေသွား ထုတ်ဖို့ ပါပါရေးပေးထားတဲ့ စာလေး သေချာသိမ်းထားနော်” တဲ့။

“ညကျတော့ ပါပါက မေမေ့ကို အတင်းနှင်လွှတ်တယ် .. ငါ့တယောက်ပဲ နေရမယ်တဲ့ဟ။ ပြီးတော့ ပါပါ အိပ်ချင်ပြီ ခြင်ထောင်ချပေးတော့ ဆိုပြီး အိပ်သွားတာ။ ပါပါ ဆုံးတာ ငါတောင်မသိလိုက်ဘူး” လို့ ကိုနောင်ကြီးက ပြောပြနေတယ်။ ပါပါ မခံစားသွားရဘူးပေါ့။ ဒါမှမဟုတ် အားလုံးကို စိတ်ချ သွားတာလား။

မောင်နှမထဲမှာ အကြီးဆုံးဖြစ်ပြီး၊ အားလုံးက သိပ်ချစ်တဲ့၊ အားလုံးထဲမှာ အရင်ဆုံး ကွယ်လွန်ခဲ့တဲ့ ပါပါ့အတွက် သူ့ညီတွေ၊ ညီမတွေလည်း တော်တော်လေးခံစားကြရတယ်။

အဲဒီနေ့က ဇူလိုင် ၃ ရက်၊ ၁၉၉၂ ခုနှစ်။ ပါပါ ကျမတို့ကို ခွဲခွာသွားတာ ခုဆို ၁၇ နှစ်တိတိရှိပြီ။

တဦးတည်းသော သမီးကို ပါပါ သိပ်ချစ်တယ်။ ကျမကလည်း မေမေ့ကိုထက် ပါပါ့ကို ပိုတွယ်တာတယ်။ ညဥ့်နက်သန်းခေါင် ကာတွန်းထိုင်ဆွဲနေကျ ပါပါ့ကို ကျမတို့မောင်နှမတွေနဲ့ မေမေက အမြဲစောင့်ပေးတယ်။ ပါပါက ကျမတို့ဘက် လှည့်ပြီးစကားပြောလိုက်၊ တခါတလေ ကျမတို့ ပေးတဲ့ ပေါက်တက်ကရ အိုင်ဒီယာ တွေကို အရေးတယူလုပ်ပြီး စဉ်းစားလိုက်နဲ့ .. ပါပါ့ကာတွန်းလေးတွေက အသက်ဝင်လာတတ်တယ်။

ညနေစာ စားပြီးတိုင်း အိမ်ရှေ့မြေနီလမ်းလေးမှာ ပါပါရယ် ကျမရယ် လမ်းလျှောက်ကြတယ်။ ပါပါက မြေပဲ ဆားလှော်လေး တထုပ်ကို ဝါးလို့ပေါ့။ အဲဒီနေ့ရက်တွေမှာ ကျမရဲ့ စိတ်ကူးတည့်ရာ စကားလုံးတွေကို ပါပါက နားထောင်ပေးခဲ့၊ ကျမကို တည့်မတ်ပေးခဲ့တာ။ အရွယ်လေး လက်တောက်လောက်နဲ့ စာပေဝေဖန်ရေးတွေ မဟုတ်မဟတ်လုပ်၊ ပြောဆိုတတ်တဲ့ကျမကို ပါပါက အထင်တသေး ဘယ်တော့မှ မပြောဘူး။ ကျမအမြင်ကို လက်ခံ ဆွေးနွေးတယ်။ ပုံမှန်အားဖြင့် အဲဒီလို စကားလုံးတွေကို ကျမ ပါပါ့ရှေ့မှာပဲ ရဲရဲ ဝံ့ဝံ့ ပြောရဲခဲ့တာပါ။

ပါပါက ဂစ်တာတီးပြီးဆိုနေကျ “You” သီချင်းလေးကို သိပ်ကြိုက်တယ်။ “သမီးရေ You ဆိုပါဦး” လို့ အမြဲတောင်းဆိုတတ်တယ်။ သမီးဆိုတော့လည်း ဘာဆိုဆို ကြိုက်မှာပေါ့လေ။ နောက်မှ စဉ်းစားမိတာပါ။

ပါပါ အရက်မူးတာ ကျမတခါပဲတွေ့ဖူးတယ်။ အဲဒီတုန်းက ကျမဦးလေးငယ် ဦးညွန့်ရယ်၊ ပါပါ့ ယောက္ဖ ဒါရိုက်တာ၊ စာရေးဆရာ မောင်ဝဏ ရယ် ပါပါ့ကို အတင်းခေါ်သွားပြီး အရက်တိုက်တာ မှတ်မိတယ်။ ပြန်လာတော့ မူးပြီး ရေချိုးခန်းထဲဝင် ထိုးအန်တာ။ မေမေက စိတ်တွေဆိုး၊ ပါပါ့ညီမတွေဖြစ်တဲ့ ဒေါ်ဒေါ်အေးနဲ့ ဦးဝဏမိန်းမ ဒေါ်ဒေါ်ချိုကလည်း စိတ်တွေဆိုးပေါ့။

ဦးညွန့်မိန်းမ၊ ဒေါ်ရည်လေးကတော့ ကြောက်လန့်ပြီး နေစရာမရှိဖြစ်နေတာ။ ဒေါ်ဒေါ်အေးက သူ့မောင် ဦးညွန့်ကိုဆူ၊ ဒေါ်ဒေါ်ချိုကလည်း သူ့ယောက်ျား ဦးဝဏကိုဆူ .. သူတို့အစ်ကိုကြီးကို အရက်တိုက်ရမလား လို့ပေါ့။ ကျမက အဲဒီတုန်းက ကလေးလေးပဲ ရှိသေးတာ။ ဘာမှမသိ။ ခုတော့ ဦးဝဏက လုံးဝ မသောက် တော့ဘူး ဦးညွန့်ကတော့ တခါတခါ သောက်တုန်းပဲတဲ့ .. ဖုန်းဆက်တုန်းက ပြောတာ။

အရက်ကို လုံးဝ မသောက်တဲ့ ပါပါက ဆေးလိပ်တော့အရမ်းကြိုက်တယ်။ အဲဒီဆေးလိပ်ကပဲ ပါပါ့ကို သေမင်းဆီပို့ခဲ့တယ်ဆိုရမယ် ထင်ပါရဲ့။ မှတ်မှတ်ရရ မေမေ့ကို ဆေးလိပ်ဖြတ်လိုက်ပြီ လို့ ပြောပြီးမှ ပါပါ ဆေးလိပ်ခိုးသောက်တာ မိသွားတော့ ပါပါ့ပုံစံက သိပ်ကိုသနားစရာကောင်းပါတယ်။ ဆေးလိပ်ကိုတော့ ပါပါ လုံးဝ မဖြတ်နိုင်ခဲ့ဘူး။

ပါပါက ကျောင်းဆရာဘဝကို အရမ်းခုန်မင်တယ်။ စာသင်နေရရင် ပျော်ရွှင်နေတတ်တာ။ ကျမရဲ့ သင်္ချာ ဆရာပေါ့။ ပါပါ သင်္ချာတပုဒ်ရှင်းပြရင် ကျမအတွက် သိပ်ကို လွယ်ကူသွားတာလေ။ ကျမကို သင်္ချာမှာ ဝါသနာပါအောင် ပါပါပဲ လုပ်ပေးခဲ့တာပါ။ ကျမအတွက်ကတော့ ပါပါက သင်္ချာဆရာတွေထဲမှာ အတော်ဆုံးပဲ။

ဆယ်တန်းကို သင်္ချာဂုဏ်ထူးနဲ့အောင်အောင် ပါပါ သင်ပေးတာ၊ ပြီးတော့ ဂျီတီအိုင် ဝင်ခွင့် အမှတ်ကောင်း တာလည်း ပါပါ သင်ပေးလို့ပါပဲ။

ပါပါ့ကို သူ့ကာတွန်းအဖွဲ့တွေကလည်း ကိုကြီးနောင်လို့ပဲ ခေါ်ကြတယ်။ အားလုံးထဲမှာ အသက်အကြီးဆုံး ကိုး။ ပါပါက သူ့ကာတွန်းဆရာတွေကို သိပ်ချစ်တယ်။ ရန်ကုန်မှာ ကာတွန်းကိစ္စအတွက် ပုံပို့ဖို့ပဲဖြစ်ဖြစ်၊ ပုံခထုတ်ဖို့ပဲဖြစ်ဖြစ် သွားပြီး ပြန်လာရင် ပါပါက သူ့ကာတွန်းအဖွဲ့တွေအကြောင်း အမြဲပြောတယ်။ အဲဒါကြောင့်လားမသိဘူး ကျမက အဲဒီကာတွန်းဆရာတွေကို ဒီနေ့ထိ ကိုယ့်ဦးလေးသားချင်းတွေလိုပဲ ခင်တယ်။

ကျမရဲ့ ဘလော့အစမှာဖော်ပြခဲ့သလို၊ ကျမရဲ့ ဘလော့ခေါင်းစဉ်လိုပဲ .. ပါပါက ကျမတို့ကို ရယ်တတ်ဖို့ သင်ပေးခဲ့တဲ့ ဆရာလည်းဖြစ်ခဲ့ပါတယ်။ ပါပါ့ကိုကြည့်လိုက်ရင် အမြဲရယ်မောနေတတ်တာ။ ပါပါက ကလေးတွေကိုလည်း သိပ်ချစ်တယ်။

ပါပါ့တပည့် သာဂျူးဆိုတဲ့ ကုလားလေးက ပါပါ အတန်းထဲမဝင်ခင် ပါပါ့ အိုက်တင်အပြည့်နဲ့ အခန်းထဲဝင်လာ၊ ဆေးလိပ်တိုလေးကို ပြူတင်းပေါက်ပေါင်ပေါ်တင် ပြီးမှ စာသင်တဲ့ဟန် လုပ်ပြ .. ပါပါက နောက်မှာရောက်နေ၊ ရှေ့ကအတန်းသားတွေက တဝါးဝါးရယ်ကြ လုပ်နေတာကို ပါပါက စိတ်မဆိုးပဲ .. အဲဒီသူ့အိုက်တင်ကို ပြန်လုပ်ခိုင်းခဲ့တာ။

ပါပါ့တပည့်တွေက အများကြီးပဲ။ အားလုံးက ပါပါ့ကိုသိပ်ချစ်ကြတယ်။ ကျမသူငယ်ချင်းတွေထိပေါ့။ ပါပါ့ရဲ့ အသုဘက ကြံတောမှာချတော့ သိပ်ကို စည်ကားတာပဲ။ တပည့်တွေ၊ စာပေအသိုင်းအဝန်းကလူတွေ၊ ရပ်ကွက်ထဲက လူတွေ၊ မိတ်ဆွေတွေနဲ့ ကြံတောမှာ။

ပါပါ ဆုံးတော့ ပါပါ့ပုံတူကို ဦးရွှေမင်းသားက ဆွဲပေးခဲ့တာ .. အားရပါးရ ရယ်နေတဲ့ပုံပေါ့။ အဲဒီပုံကို ကျမတို့အိမ်ရှေ့မှာ ချိတ်ထားတယ်။ ပါပါက ကျမတို့ကိုဒီနေ့ထိ ရယ်ပြနေတာ။

တရက်မှာ ကိုရဲလေးက ဖိနပ်ချွတ်မှာ အတွေးလွန်ပြီး ဘယ်နဲ့ညာနဲ့ မှားစီးမိသွားတယ်။ အဲဒီနေ့က အိမ်ရှေ့မှာ ဘယ်သူမှ မရှိဘူး။ သူ့ဟာသူ မလုံမလဲနဲ့ နောက်လှည့်ကြည့်လိုက်တော့ ပါပါက အားရပါးရ ရယ်ပြနေတာကို သူတွေ့လိုက်ရတယ်။

“ပါပါရယ်ပြနေတာ အသံတောင် ထွက်တယ်လို့ ထင်ရတယ်” ဆိုပြီး ကိုရဲက ပြန်ပြောပြတယ်။

၁၇ နှစ်ရှိပြီ ..။ ပါပါက ရယ်ပြနေတုန်းပဲ။ ကျမတို့ကို ရယ်ဖို့ သင်ပေးနေတုန်းပဲ။ ကျမတို့ မိသားစုအတွက် ပါပါ ထားခဲ့တဲ့အမွေက ရယ်ကြဖို့ပါ။ လောကကြီးက စိတ်ညစ်စရာတွေနဲ့ ပြည့်နေတာ။ အဲဒါတွေကို ထိုင်စိတ်ညစ် နေမယ်ဆိုရင် ကျမတို့အားလုံး နေစရာတောင်ရှိမှာမဟုတ်ဘူး။ လောကဓံကို ရယ်စရာလို့ မြင်လိုက်ရင် နေရတာ ပျော်စရာ ဖြစ်သွားမယ်မဟုတ်လား။ ပါပါက ကျမတို့ကို အဲဒီလိုတော့ မပြောပြခဲ့ပါဘူး။ ဒါပေမယ့် ဘာကိုပဲဖြစ်ဖြစ် ရယ်စရာလို့ မြင်တတ်အောင်တော့ သင်ပြပေးခဲ့တယ်။ လှောင်တာနဲ့ ရယ်တာကိုတော့ ခွဲခြားတတ်ဖို့လိုတာပေါ့။ ဘယ်သူ့ကိုမှ မထိခိုက်ဘဲ ရယ်လိုက်မယ်ဆိုရင် .. စိတ်ညစ်စရာဆိုတာ ရှိမှာ မဟုတ်တော့ဘူး။

တကယ်တော့ အူလိမ့်အောင်ရယ်ရတဲ့ အဖြစ်အပျက်တွေကို ရုပ်တည်ကြီးတွေနဲ့ လုပ်ပြနေတဲ့ သူတွေ အများကြီးပဲ … အဲဒီလူတွေကို ရှာကြံမြင်ကြည့်ကြပါလား။

ပါပါက ကာတွန်းဆရာ .. ။ ပါပါက သူများမမြင်တဲ့ အတည်ပေါက်လူရွှင်တော်ကြီးတွေ ရှိတယ်ဆိုတာကို ကျမတို့ကို ပြောပြသွားခဲ့တယ်။ အဲဒီအတည်ပေါက် လူရွှင်တော်ကြီးတွေအကြောင်းလည်း အလျှင်းသင့်သလို ရေးပါဦးမယ်။ ဒါ ပါပါ့ဆီက ရခဲ့တဲ့ အဖိုးမဖြတ်နိုင်တဲ့ အမွေပေါ့။

အပေါ်မှာတင်ထားတဲ့ ပါပါ့ကာတွန်းတကွက်ကို ကြည့်ရင်း ကျမအတွေးပွားမိသေးတယ်။ စာတပုဒ်မဂဇင်းမှာ ဖော်ပြခံရလို့ စာရေးဆရာဖြစ်ပါပြီဆိုပြီး ရူးသွားတဲ့သူ .. တဲ့။ ခုလို ရေးချင်တိုင်းရေး၊ ရေးချင်တာတွေရေး၊ တင်ချင်တိုင်းတင်လို့ရတဲ့ ဘလော့ဂါ ခေတ်ကိုများ မြင်ရင် ပါပါ ဘယ်လိုများ ဖောက်မလဲမသိဘူးလို့ ..။

“စာရေးဆရာ ရမယ် .. စာရေးဆရာ ရမယ် .. ဆိုပြီး ရေခဲရေသည်ရောင်းသလို ရောင်းခိုင်းမယ် ထင်တယ် ..” ဈေးနှုန်းကတော့ အစားစားပေါ့လေ။ ဈေးပေါတယ် ဈေးကြီးတယ်ဆိုတာကတော့ ကိုယ့်ဘာသာ သိကြမှာပါ။ ကျမကိုလည်း ပါပါက နှိပ်ကွပ်နိုင်သေးတယ်။ “သမီးရေ ၃ ခု ၁၀၀ ထဲများ ပါနေပြီလား” ဆိုပြီး ပြောချင် ပြောဦးမှာ ..။ ပါပါ့ကို လွမ်းလိုက်တာ။

မှတ်ချက် ..။ အပေါ်က ကာတွန်းပုံလေးတွေက ကျမလူမဖြစ်သေးတဲ့အချိန် ရှုထောင့် ဂျာနယ်မှာ ပါခဲ့တာ .. မောင်လေးသင်ကာ ရှာဖွေပေးပို့လို့ တင်နိုင်တာပါ။

8 comments:

mm thinker said...

စိတ်မကောင်းစွာပဲ ဖတ်သွားပါတယ် အစ်မရေ။

သေကွဲ ရှင်ကွဲဆိုတာကို ကျနော် ဆက်ပြီး စဉ်းစားမိပါတယ်။

ရှင်လျက်နဲ့ မခေါ်နိုင် မပြောနိုင်ဖြစ်နေကြရတဲ့ မိသားစု အကြောင်းတွေကိုပါ။

ခင်မင်လျက်
သင်ကာ

Ko Boyz said...

ခံစားသွားတယ်။ မတူးရဲ့ အဖေကာတွန်းတွေ ဖတ်ဖြစ်မှန်း ခုမှ သိတော့တယ်။

မီယာ said...

အမရေ အမှတ်တရပို့စ်လေး ဖတ်သွားပါတယ်။

ဗီလိန် said...

ခံစားပြီးဖတ်သွားပါတယ်။

tune said...

ခံစားရပါတယ်။
စိတ်လဲ မကောင်းဘူး။
အဖေနဲ့ ရင်းရင်းနှီးနှီး ပြောရဲဆိုရဲပြီး ကြီးပြင်းလာရတဲ့ သမီးတွေကို အမြဲတမ်း အားကျ နေကျ ဆိုတော့ အဲဒီအနေအထားကိုလဲ အားကျ မိပါတယ်။
ဒါပေမယ့် ကိုယ့်ရဲ့ လက်ရှိအနေအထားကိုလဲ အခုအချိန်မှာ အလွန်အမင်းကို ကျေနပ်ပါတယ်။
ကာတွန်းဆရာရဲ့ သမီး ဆိုတာလေးကလဲ ဂုဏ်ယူစရာ ပါ။
ဆရာ့ ကာတွန်းတွေကို ဖတ်ဖြစ်ပါတယ်။
တင်ထားတဲ့ ကာတွန်းလေးတွေကိုလဲ မှတ်မိပါတယ်။

kay said...

အသေအချာ ခံစားနားလည်ပြီး ဖတ်သွားပါတယ်.. မတူးသာ။ ကျမတို့ငယ်ငယ်ကလည်း..အဲဒီ ကာတွန်းလေးတွေ ဖတ်ပြီး ရယ်တတ်ခဲ့ပါတယ်။

ခင်မင်းဇော် said...

တူးရေ... နောက်ကျမှ ရောက်လာဖြစ်တယ်...
ဒုတိယကွက် ကာတွန်းလေးကို သိပ်မှတ်မိခဲ့တယ်..
တူးက ကံကောင်းတဲ့ သမီးတယောက်ဖြစ်ခဲ့တာပဲကွယ် ..

ပန်းခရမ်းပြာ said...

စိတ်မကောင်းဘူး ညီမရေ။
ဖတ်ပြီး အရမ်း ခံစားရတယ်။
အဖေဆိုတာ သားသမီးတွေ အတွက် Hero ပါ။