ကိုဖေ လူပေါင်းမှားခြင်း

တနေ့က ကျမရဲ့ မောင်လေး ကိုရဲ လိုင်းပေါ်တက်လာတော့ တခုပြောသွားတယ်။ “မတူးရေ အနုပညာ အလုပ်ဆိုတာ အကြည်ဓာတ်ရှိမှ လုပ်လို့ရတာဟ” တဲ့။ ကျမလည်း ခုတလော အကြည်ဓာတ်က ခမ်းခြောက်နေ လို့ ထင်တယ်၊ စာရေးလို့ မထွက်ဘူးဖြစ်နေတယ်။ မနေ့က ထိုင်ဝမ်က သယ်ယင်းက ကျမကို အသစ်လည်း မရှိဘူးလို့ လာအော်တယ်။ သူ့ကို ခပ်တည်တည်နဲ့ “အားမှ မအားတာဟ” လို့ ပြန်ပြီး ဘုမှုတ်လိုက်သေးတယ်။ တကယ်က မအားဘူး ဆိုတာထက် အကြည်ဓာတ် ခမ်းနေတာ။ ဒါပေမယ့် စိတ်ကူးထဲမတော့ ရှိပါတယ်။ အဲဒါလေးကိုပဲ ဖြစ်ညှစ် ထုတ်ပြီး တူးအင်ဝမ်း လုပ်လိုက်တော့မယ်။

အမှတ်တရ ရက်စွဲများ ၈

“ဟား ဟား ဟား ဟား” ဆိုတဲ့ ဝါးလုံးကွဲအော်ရယ်သံကြီး တသံ .. သန်လျင်မြို့ အ ထ က ၃ ရဲ့ နဝမတန်း သိပ္ပံခန်းထဲကနေ ပေါ်ထွက်လာတယ်။ အဲဒီရယ်သံကတော့ ဗိုင်းကောင်း ကျောက်ဖိ မိန်းကလေးတသိုက် ဆီက ထွက်လာသံပါ။ အဲဒီနေ့က ဘိုင်အိုသင်မယ့် ဆရာဦးမျိုးလွင် မလာ တာနဲ့ ပျော်ရွှင်ပြီး တွေ့ရာမြင်ရာ ပေါက်တတ်ကရမျိုးစုံကို ပြောရင်း ဟာဒယ ရွှင်ဆေး တိုက် ကြွေးနေတာကတော့ တခြားသူ ဟုတ်ယိုးလား ..။

တူးတူးသာ မည်သော ပေါက်ကျော်မ ကျမ ပါပဲ။ အဲလို ပြောလိုက် ရယ်လိုက် လုပ်နေကြတဲ့ အချိန်မှာ .. ဘေးခုံကနေ ကျမတို့ဘက်ကိုကြည့်လိုက် ကျမ ပြောတဲ့ ဟာသတွေကို ဒီဘက်က မိန်းကလေးတသိုက်က တဟားဟား အော်ရယ်နေချိန်မှာ ပါးစပ်ကလေးကို လက်ကလေးနဲ့ ကွယ်ပြီး ရယ်ချင်စိတ်ကို မြိုသိပ်ထားရတဲ့ ပုံစံနဲ့ အသံမထွက်အောင် ရယ်လိုက် .. လုပ်နေတဲ့ သူ တယောက်ကို ကျမရဲ့ ချစ်လှစွာသော သူငယ်ချင်း မိသက်က သတိထားမိသွားတယ်။

“ဟဲ့ တင်သိန်း .. နင်က ဘယ်လိုဖြစ်တာလဲ။ ရယ်ရင်လည်း အားရပါးရ ငါတို့လိုရယ်လေဟာ” လို့ မိသက်က ဇိုးဇိုးဆတ်ဆတ်ပြောချလိုက်တော့ အဲဒီသကောင့်သားလေး တင်သိန်းခမျာ ရှက်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ပြာပြာသလဲ ဖြစ်သွားလေရဲ့ ..။ ဘာကြောင့်ဆို .. ကျမတို့ မိန်းမ တသိုက်ရဲ့ အာရုံက သူ့ဆီ ရောက်သွားတာကိုး။ အားလုံးရဲ့ အာရုံစူးစိုက်မှုဒဏ်ကို မခံနိုင်တဲ့ အဆုံး တင်သိန်းခမျာ .. မျက်စိရှေ့တွေ့တဲ့ စာအုပ်တအုပ် ကောက်ကိုင်ပြီး အခန်းပြင် ပြေးထွက်သွား တော့တယ်။ ကျန်ခဲ့တဲ့ ကျမတို့ကတော့ တဟားဟား အော်ရယ်လို့ မဆုံးပေါ့ .. ။

အနှီ တင်သိန်းဆိုတဲ့ သတ္တဝါအကြောင်းကို ပြောချင်လွန်းလို့ နိဒါန်းချီတာပါ။ အဲဒီသကောင့်သား ကျမသူငယ်ချင်းလေးဟာ ကုလားလေးပါ။ ဟိန္ဒူကုလားပေါ့။ တကယ့် ဗိုင်းကောင်းကျောက်ဖိလေး။ စာကလည်း ဘာတော်သလဲ မမေးနဲ့။ သူ တော်ပုံတော်နည်းက တမျိုး … ဓာတုတို့၊ ရူပ တို့ သင်္ချာ တို့ ဆိုရင် စာအုပ်ထဲက စာတွေသာမကဘဲ ပြင်ပဗဟုသုတတွေပါ လေ့လာအားကောင်းတော့ အကုန် သိနေတာ။ နောင်အခါမှာ ကျမတို့က သူ့ကို အိုင်းစတိုင်းလို့ ခေါ်တယ်။ သူ့အကြောင်း ရေးမယ်ဆို ပို့စ်တခုတည်းနဲ့ မလုံလောက်တဲ့အတွက် ကျမ အခန်းဆက် ရေးရမှာမို့ မရေးသေးဘဲ ထားတာပါ။ ခုတော့ အကြောင်း တခု တိုက်ဆိုင်လာလို့ စရေးပါမယ်။

တကယ်က တင်သိန်းနဲ့ မခင်ခင် ကတည်းက ကျမက သူ့အစ်မ မခိုင်နဲ့ စသိတာ။ တတိယ တန်း ကတည်းကပေါ့။ သို့သော် အဲ့အချိန်မှာ တင်သိန်းက ကျမနဲ့ တခန်းတည်း တကျောင်းတည်း အတူ တက်နေပြီ။ အေးလွန်းလို့ ကျမ မသိတာ၊ နောက်ပြန်ပြောကြတော့မှ ကျမနဲ့ ဒီကောင်နဲ့က ငယ်ငယ် လေးတည်းက ကျောင်းအတူ တက်ခဲ့ကြတာကိုး။ သူ့အစ်မ မခိုင်ကတော့ သူတို့လူမျိုး ထုံးစံ မိန်းက လေးကို ၄ တန်းအောင်တာနဲ့ ကျောင်းနှုတ်လိုက်တယ်။

ကျမ တင်သိန်းကို စသတိထားမိတာ ၈ တန်းလောက် ကျမှ။ ၈ တန်းအောင်လို့ ဝိဇ္ဇာ၊ သိပ္ပံ စခွဲတော့ ကျမတို့ သိပ္ပံတန်းမှာ လူက ၃၀ ကျော် ၄၀ နီးပါး လောက်ပဲ ရှိတော့တာဆိုတော့ အဲဒီမှာ တယောက်နဲ တယောက် သေချာ ပိုသိ ပိုပြီး ရင်းနှီးလာကြတယ်။ အဲဒီမှာပဲ တင်သိန်းရဲ့ အကျင့် စရိုက်ကို ကျမ သတိထားမိတယ်။ သူက အရှက်အကြောက်ကြီးတယ်၊ မိန်းကလေးတွေနဲ့ စကား မပြောရဲဘူး၊ စာတော်တယ်၊ လိမ်မာယဉ်ကျေးတယ် .. စသဖြင့် ပေါ့။

သို့သော် .. ဒီသို့သော်က တော်တော်လေး တာသွားတဲ့ သို့သော်ဖြစ်ပါတယ်။

ကျမ ဆယ်တန်းတက်တဲ့နှစ်ပေါ့ .. ကျမတို့ အိမ်ရှေ့မှာ “မြသက်ဦး” လို့ခေါ်တဲ့ လက်ဘက်ရည် ဆိုင်လေး တဆိုင်ရှိတယ်။ အဲဒီ ဆိုင်လေးမှာ ကျမရဲ့ အစ်ကို ကိုနောင်ကြီးက ညတိုင်း ထိုင်လေ့ ရှိတယ်။ ကိုနောင်ကြီးတို့ အုပ်စုက ကျောင်းမှာ နာမည်ကြီး .. တကယ့် ဆိုးပေ့ တေပေ့ သောင်း ကျန်းပေ့၊ စီကနဲဟေ့ ရန်ဖြစ်ပလားဆို သူတို့၊ ကျောင်းနားက မြယာခြုံတွေကြားမှာ ဖဲဝိုင်း မိ ပလား ဟေ့ ဆို သူတို့ .. ။ အတန်းထဲ ဆေးလိပ်ခိုးသောက် တာ ဘယ်သူလဲဆို သူတို့ .. ကျောင်းပြေးလို့ ဆရာမကြီးက ဝရန်တာမှာ တန်းစီရိုက်ပလားဆို သူတို့၊ အဲဒီလို နာမည်ကြီးသူများထဲမှာ ကျမရဲ့ အစ်ကိုတော် ကိုနောင်ကြီးက ထိပ်ဆုံးမှာပြေးတယ် .. ဆရာကြီးပေါ့။

ခုဏက စကားပြန်ဆက်ရရင် ကိုနောင်ကြီးက မြသက်ဦး ဆိုင်ကလေးမှာ ညတိုင်း တယောက် တည်း လက်ဘက်ရည်ဆိုင် ထိုင်လေ့ရှိတော့ တရက်မှာ တင်သိန်းဆိုသူ ကျမသူငယ်ချင်းလေးက မရဲတရဲ ပေါက်ချလာခဲ့ပါတယ်။

“အစ်ကို .. ကျနော် .. ထိုင်မယ်နော်”

ကိုနောင်ကြီး နည်းနည်းတော့ အံ့သြသွားတယ်။ ဒီကုလားလေးက မိတူးတို့ အတန်းထဲက ကောင်လေး ဆိုတာတော့သိတယ်။ မြင်ဖူးတယ်။ သို့သော် သူ့ဆီ ဘာလာလုပ်တာလဲပေါ့လေ ..။

“အစ်ကို လက်ဘက်ရည်သောက်ပါ ..၊ ဆေးလိပ်လည်း သောက်နော် အားမနာနဲ့”

အဲလိုပြောပြီးသကာလမှာ လက်ထဲက အကြွေတွေကို စားပွဲပေါ် တင်လိုက်တယ် .. ဆယ်ပြားစေ့၊ ငါးပြားစေ့၊ မတ်စေ့တွေ ရောနေတဲ့ အကြွေ စုစုပေါင်း တကျပ် ကျော်ကျော်ပေါ့။

“ကျနော်က တင်သိန်းပါ၊ တူးတူးတို့နဲ့ တခန်းထဲပဲ”
“အေး သိပါတယ်ကွ၊ ခု ဘာဖြစ်လို့လဲ၊ တူးတူးက မင်းကို ဘာလုပ်လို့လဲ”
“ဟာ .. မဟုတ်ပါဘူး။ ကျနော် အစ်ကိုနဲ့ ခင်ချင်လို့ပါ။ ပြီးတော့ အစ်ကိုတို့ သူငယ်ချင်းတွေ အားလုံးကိုလည်း ခင်ချင်လို့”
“ဟေ”
“ဟုတ်တယ် အစ်ကို ကျနော့်ကို ပညာတွေ သင်ပေးပါ”
“ပညာ ဟုတ်လား။ ဟေ့ကောင် မင်းလူမှားနေပြီ .. ငါတို့က ကျူရှင်ဆရာတွေ မဟုတ်ဘူးနော်၊ မဟုတ်က ဟုတ်က ကောင်တွေကွ”
“ကျနော် သိပါတယ်။ ဒါပေမယ့် အစ်ကိုတို့အုပ်စုမှာ ပါရရင်တော်ပါပြီ”
“သြော် ဒီလိုလား”

တမိုက်ပြရင် နှစ်လံလောက်မြင်တတ်တဲ့ ကိုနောင်ကြီး သဘောပေါက်သွားတယ်။ ဒီကုလားလေး ငါတို့ကို အလကားနေရင်း လေးစားနေပြီ ဆိုတာ သိသွားတယ်။ ဟိုကောင်တွေကို မပြောသေးဘူး ဆိုပြီး တင်သိန်းတိုက်တဲ့ လက်ဘက်ရည်နဲ့ ဆေးလိပ်ကို ညတိုင်း တပတ်လောက်သောက်ရင်း လက်ချာတွေပေးရင်း သူတို့နှစ်ယောက် အရမ်းခင်သွားကြတယ် (နောက်မှသိရတာက တင်သိန်းက သူစုထားတဲ့ စုဘူးလေးကို ခွဲပြီး .. ညတိုင်း ကိုနောင်ကြီးကို လက်ဘက်ရည်တိုက်တာ ဆိုပဲ)

တင်သိန်းက ကောင်မလေးတယောက်ကို သိပ်ချစ်နေတယ်။ အဲဒီကောင်မလေး နာမည်က “ခင်စန္ဒာထွန်း” တဲ့ .. ကျမတို့ အတန်းထဲက စာသိပ်တော်ပြီး၊ မာနကြီးပြီး သိပ်လှတဲ့ ကောင်မလေး တယောက်ပေါ့ .. ။ အဲဒီ သူ့အချစ်ဇာတ်လမ်းနဲ့ ပတ်သက်ပြီး အကြံဥာဏ်တောင်းချင်တာက စလို့ .. ကိုနောင်ကြီးတို့ အဖွဲ့နဲ့ တင်သိန်း ရင်းနှီးသွားရာကနေ .. နောင်တချိန်မှာ ကိုနောင်ကြီးတို့ လူဆိုး အားလုံးက ဆလံသရတဲ့ ငတိတကောင် ဖြစ်သွားပါတော့တယ်။ တင်သိန်းရဲ့ အချစ်ဇာတ်လမ်းက သိပ် စိတ်ဝင်စားစရာ ကောင်းတယ် .. နောက်မှ သတ်သတ် ရေးမယ်နော် ..။

ခုပြောချင်တာက တခုသော သင်္ကြန်မှာ တင်သိန်းနဲ့ ကျမတို့ ကြုံကြိုက်ရတဲ့ အဖြစ်လေးပါ ..။

အဲဒီတုန်းက ကျမ ဂျီတီအိုင်ပထမနှစ်တက်ခါစ .. ။ ကျမ အဖေဆုံးပြီး တနှစ်ကျော် အချိန်၊ ကျမရဲ့ ချစ်လှစွာသော အစ်ကိုကြီး .. ကိုနောင်ကြီးက ကျမ ကျောင်းတက်ဖို့ တဖက်တလမ်းက ကြံရည် ဆိုင်လေး ဖွင့်ပြီး ငွေရှာပေး နေတဲ့ ကာလပေါ့ ..။

ကျမတို့ မောင်နှမတွေက သူငယ်ချင်းအပေါင်းအသင်း သိပ်မက်တယ်။ ကျမတို့ သူငယ်ချင်းတွေ ကလည်း ကျမတို့ကို သိပ်ခင်တယ်။ အိမ်မှာဆို အားလုံးက စားအိမ်သောက်အိမ်ပဲလေ။ ကိုနောင်ကြီး ကြံရည်ဆိုင်ဖွင့်တော့လည်း သူ့သူငယ်ချင်းတွေက ဝိုင်းကြဝန်းကြတာ။

တင်သိန်းလည်း ပါတာပေါ့ .. ၂၀ ကျော်အရွယ် လူငယ်တွေချည်းဆိုတော့ ပေါက်တက် ကရ တွေလည်း လုပ်ကြတာပေါ့။ ဥပမာ - ကိုနောင်ကြီးဆိုင်မှာ ကြံရှယ် ဆိုပြီး ရတာမျိုး .. ။ ကြံရှယ် ဆိုတာက ကြံရည်နဲ့ ဘီအီး ရောသမမွှေပေါ့။ အဲဒီရောသမမွှေ ကြံရှယ် ဇာတ်လမ်းကို စတာကလည်း တင်သိန်းပါပဲ။ တင်သိန်းတကောင်က ပညာစုံလို့ သင်ပေးတဲ့ဆရာတွေကိုတောင် ပြန်သင်ပေးတဲ့ အဆင့်မြင့် အတွင်းအားပညာရှင်ဖြစ်နေပြီ။

အဲဒီကုလားက ပေါက်တက်ကရ အကုန်လုပ်ပေမယ့် သူငယ်ချင်းတွေ အပေါ်မှာလည်း ကြောက် ခမန်းလိလိ သည်းခံလွန်းလို့ သူ့ကို အားလုံးက သိပ်ချစ်ကြတယ်။
တခုသော သင်္ကြန်အချိန်မှာ .. ကိုနောင်ကြီးရဲ့ ကြံရည်ဆိုင်လေးကလည်း လူစည်စည်နဲ့ ကြံရည်အစစ်ကော ကြံရှယ်ပါ ရောင်းရင်း ရေပက်နေကြတယ်။ ကျမလည်း အဲဒီကို ရောက် သွားတယ်။ အားလုံးက ရှေ့မှာ ရေပက်နေကြလေရဲ့။ တင်သိန်းပျောက်လို့ လိုက်ရှာတော့ .. လားလား ဒင်းက ရာဝင်အိုးကြီး တလုံးထဲမှာ ဝင်ပြီး စိတ်ကြိုက်မူးနေတာ။ ကျမက “ဟဲ့ တင်သိန်း” ဆိုတော့ “ရှူး ..တိုးတိုး၊ ဟိုကောင်တွေကို ခွဲတိုက်ရမှာစိုးလို့ တယောက်တည်း တိတ်တိတ်လေး ပုန်းပြီး သောက်နေတာ” တဲ့။

ကျမမှာ ရယ်ရအခက် သူ့ကို ဆူရအခက် .. ။ ခဏနေတော့ မနက်ပိုင်းထမင်းစားချိန် အားလုံး အိမ်ကို ရောက်လာကြတယ်။ တင်သိန်းကိုလည်း ခေါ်လာကြတယ် .. ဒင်းက ဗျောင်းသတ်အောင် မူးနေပြီ ..။ အားလုံး တန်းစီပြီး ခုံတွေမှာထိုင်နေတုန်း .. အဲ့ငတိက ခုံပေါ်ကနေ လေးဘက် ထောက်လေး ဆင်း.. ကြမ်းပေါ်မှာ မိချောင်းတွားတွားလို့ .. ကျမတို့ အိမ်ပေါက်ဝ ရောက်အောင် အသာလေး သွားနေတယ်။ ကျမက “ဟဲ့ တင်သိန်း နင်ဘာလုပ်တာလဲ” ဆိုတော့ သူက “တိုးတိုးဟ .. ငါ မားသားမသိအောင် အသာလေး အိမ်ပြန်မလို့” တဲ့။

မားသားဆိုတာက ကျမအမေကို သူငယ်ချင်းတွေအားလုံးက ခေါ်ကြတာ။ တကယ်က မေမေလည်း သူ့ကိုကြည့်နေတဲ့သူတွေထဲမှာ ပါတယ်။ ဆယ်ယောက်လောက် သူ့ကို ဝိုင်းကြည့်နေတာကို သူက တိတ်တိတ်လေး အိမ်ပြန်မလို့တဲ့လေ။

ကျမအမေကလည်း မရဘူး .. ကျမတို့ မောင်နှမတွေကော ကျမတို့ရဲ့ သူငယ်ချင်းတွေကောကို တွေ့ရာနေရာ မှာ အမြင်မတော်ရင် ဘာမှ စဉ်းစားမနေဘူး .. ဆူတာ၊ ပွမ်တာ။ အားလုံးက မေမေ့ ပါးစပ်တော့ လန့်ကြတယ်။ ခုလည်း မေမေက တင်သိန်းကိုကြည့်ပြီး စပွမ်နေပြီ။ မေမေလည်း ဆက်တိုက်ပွမ်ကော တင်သိန်းတယောက် ငိုကြီးချက်မနဲ့ “မားသားကလည်း ကျနော့် ကျ ဆူတယ် .. ဟိုကောင်တွေ ကျတော့ မဆူဘူး” လို့ စောဒက တက်တယ်။

မေမေက “ဟဲ့ ဟိုကောင်တွေက ဘာလို့ ဆူရမှာတုန်း” ဆိုတော့ “ကျနော်က ဟိုကောင်တွေလို ရေ တောင် ပက်တာမဟုတ်ဘူး၊ အရက်လေးပဲ အေးဆေး သောက်နေတာကို ကျနော့်ကိုဆူတယ် .. တော်ပြီ ပြန်မယ် .. အီးဟီး” ဆိုပြီး ငိုတော့ မေမေလည်း သူ့ကိုဆက်ဆူရအခက် .. ရယ်ရအခက်နဲ့ .. ကျမတို့ကတော့ ဝိုင်းရယ်ကြတာပေါ့။ အဲဒါကို ပြန်မယ် ဆိုပြီး တံခါးဝရောက်အောင် မိချောင်း သွား တွားသွားတာ တံခါးဝလည်း ရောက်ရော ခေါင်းမထူနိုင်တော့ဘဲ လုံးဝ အိပ်ပျော်သွားလေရဲ့။

သင်္ကြန်ရောက်တိုင်း အဲဒီအကြောင်းလေး ပြန်ပြန်ပြောကြ .. ရယ်ကြ၊ သတိရကြတယ်။ အရက်ကို အဲလို အသောက်ကြမ်းတဲ့ထိ ဖြစ်သွားတဲ့ တင်သိန်းက စာတော်တဲ့ဘက်မှာတော့ လျော့မသွားဘူး။

နောက်မှ သူ လျှပ်စစ်အင်ဂျင်နီယာအဖြစ်နဲ့ သင်္ဘောလိုက်တဲ့အကြောင်း ..၊ သီလဝါဆိပ်ကမ်းက နိုင်ငံခြား သင်္ဘောပေါ်ကို တက္ကစီစီးပြီး သွားတက်တဲ့ အကြောင်း၊ နောက်ဆုံး သင်္ဘောအရာရှိ အဖြစ်နဲ့ အသောက်လွန်ပြီး သေရတဲ့အကြောင်းတွေကို တဖြည်းဖြည်း ရေးပါမယ်။ သူသေတဲ့ နေ့က မှတ်မှတ်ရရ ဗယ်လင်တိုင်းဒေးပါ။ ကျမတို့အားလုံးကို မယုံနိုင်လောက်အောင် လုပ်သွားတဲ့ အဲဒီကောင်ကို ကျမတို့အားလုံး စုတ်တသတ်သတ်နဲ့ ခုထိ လွမ်းနေကြတုန်းပဲ။

ကျမ ဝတ္တုတွေရေးတော့ ကျမရဲ့ဇာတ်ကောင်တွေက အပြင်က တကယ်ရှိတဲ့ ဇာတ်ကောင်တွေပါ။ နည်းနည်းတော့ ပုံပြောင်းထားတာပေါ့။ အဲဒီမှာ ကျမဝတ္ထုအများစုမှာ ပါနေကျ .. ဆိုက်ကားသမား ကိုဖေ ဆိုတာ .. အဲဒီသင်္ဘောအရာရှိ တင်သိန်းပါပဲ။ သူ့ကို နောက်ပိုင်းမှာ ဘယ်သူမှ တင်သိန်းလို့ မခေါ်ကြဘူး။ အားလုံးက ကိုဖေလို့ ခေါ်ကြတယ်။ ဘာကြောင့် ဒီနာမည်ရတယ် ဆိုတာတော့ ကျမ သေချာမသိဘူး။ အဲဒါကတော့ ကိုနောင်ကြီးတို့ အုပ်စုပဲ သိကြလိမ့်မယ်ထင်တယ်။

တခုတော့ရှိတယ် သူတို့အုပ်စုထဲမှာ ကိုရိုးဆိုတာ တယောက်လည်းရှိတယ်။ ကိုဖေနဲ့ ကိုရိုး .. နာမည်ကြီးတွေလေ ..

ဖိုးဂျယ်က သင်္ကြန်အကြောင်း တက်ဂ်တယ် ဆိုလို့ .. တခုသောသင်္ကြန်က ကိုဖေ့ကို သတိရ သွားလို့ပါ။ သူများ တွေလို သင်္ကြန်ဇာတ်လမ်းတွေ၊ လွမ်းမောဖွယ်ရာတွေကလည်း မရှိဘူး ဆိုတော့ ရှိတာလေးပဲ ရှာကြံ ရေးလိုက်တယ်။ အမှတ်တရ နဲ့ တူးအင်ဝမ်းပေါ့ :P နောက်မှ ကိုဖေခေါ် တင်သိန်း အကြောင်း ဆက်ရေးဦးမယ်။ ခုတော့ တော်သေးပြီ … ။။။။။


3 comments:

Anonymous said...

I like all of your posts. Carry on.

chanye` said...

အရေးကောင်းတယ်မမ.. ကြိုးစားလော့

မိုးခါး said...

စောင့်ဖတ်မယ်နော် ..း)