နေရစ်တော့ မြသီလာမှာ ပြိုမှာလေလား ကိုကိုနီတာရဲနဲ့ ညီမလေး ခရမ်းပြာရယ်

ကျမ ဦးလေးအငယ် ဦးကောင်းညွန့်က ရွှေအမြုတေမဂ္ဂဇင်း ယခုလထုတ်မှာ ရေးထားတယ် .. ။ “အားလုံးက မေ့နေလောက်ပြီ .. ဒါပေမယ့် ကျနော်ကတော့ မမေ့နိုင် .. ဘာလို့လည်းဆိုတော့ ကျနော်က .. ညီ ..ကိုး” .. တဲ့။

ကျမကလည်း တယောက်တည်း ပြောနေမိတယ် “အားလုံးကတော့ မေ့လောက်ပြီ ..။ ကျမကတော့ မမေ့နိုင် .. ဒီနေ့ .. ဒီရက် ကို မရောက်ခင်ကတည်းက သတိရနေတာ။ ဘာလို့လည်းဆိုတော့ ကျမက သူ့ကို သိပ်ချစ်တဲ့ တူမကိုး” .. လို့။

သူဆိုတာက .. ခုန ကျမပြောတဲ့ ဦးကောင်းညွန့်ရဲ့ ချစ်လှစွာသောအစ်ကို .. ကျမအဖေရဲ့ ချစ်လှစွာသော ညီလေး .. ကျမတို့ မောင်နှမတွေရဲ့ ချစ်လှစွာသော ဦးလေး (ဦးမြင့်).. သတင်းစာဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာ၊ ကျူရှင်ဆရာ “အောင်ပြည့်” .. အမည်ရင်းက ဦးခင်မောင်မြင့်။

သူသိပ်ချစ်တဲ့ သတင်းစာလောက၊ စာပေလောကနဲ့ ခွဲခွာခဲ့တာ ဒီနေ့ ၂၀၀၉ ဧပြီ ၂၆ ရက်နေ့မှာ ၃ နှစ် တင်းတင်း ပြည့်ပြီ။ သူက ကျမတို့အတွက် “ပြိုမှာလေလားမိုးရဲ့” ကို ထားခဲ့၊ “နေရစ်တော့ မြသီလာ” ကိုထားခဲ့ ပြီး ထွက်သွားပြီ။

အဲဒီနေ့က မိုးတွေ ဒလဟော ပြိုဆင်းနေခဲ့တာ .. ကျမရဲ့ မျက်ရည်တွေနဲ့ အပြိုင်ပေါ့။ ကျမက သူ့အတွက် ပန်းခြင်း လှလှလေးတခု ထိုးပေးနေခဲ့တယ်။ ကျမ ပန်းထိုးနေတဲ့နေရာက တာလပတ် ကနားဖျင်း အောက် မှာ။ သည်းသည်း မည်းမည်း ရွာနေတဲ့ မိုးတွေက ပက်တာကော .. ယိုစီးကျတာကောကြောင့် ကျမ တကိုယ်လုံး စိုရွှဲလို့၊ ကျမ မျက်နှာကလည်း မိုးရေကော မျက်ရည်ကောကြောင့် စိုရွှဲလို့ ..။

အဲဒီနေ့က ရေဝေးမှာ မိုးသည်းသည်းကြားထဲ လူတွေ စည်ကားလိုက်တဲ့ဖြစ်ချင်း .. ။ မှတ်မှတ်ရရ ကျမအဖေ (ပါပါ) ဆုံးတဲ့အချိန်က တကယ့်ကို မိုးသည်းရမယ့် ဇူလိုင်လကြီး ..။ ပါပါ့ ဈာပဏနေ့က ကြံတောသုဿာန်မှာ .. နေခြစ်ခြစ်တောက် ပူနေခဲ့တယ်။ ဦးမြင့်ကျတော့ တကယ့် နွေခေါင်ခေါင် .. ဧပြီလကြီးပေမယ့် မိုးတွေက သည်းသည်းမည်းမည်း .. သူတို့ ညီအစ်ကို တူကြတာက .. နောက်ဆုံးခရီး စည်ကားလွန်းတာပါပဲ။

နောက်ဆုံးရက်တွေမှာ သူ .. ကျမကို သိပ်မျှော်ခဲ့တယ်။ ကျမ ရောက်လာရင် သူပျော်တယ်။ သူ့သားလတ် ကျမမောင် ကံလင်းဖွေးက “မတူးနဲ့ ဖေဖေက တော်တော်လေး လေပေးဖြောင့်တယ်နော်။ အမြဲ လာစကားပြော ပေးပါ မတူးရယ်” တဲ့။ ကျမကို ပြောတယ်။ ဒါပေမယ့် ကျမက အမြဲမရောက်ဖြစ် .. ။ ကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်နေခဲ့တာ။ ရောက်တဲ့အခါမှာလည်း စကားက များများပြောလို့ မဖြစ်ပြန် ..။ သူက မောနေတာလေ။ ကျမ စကားနည်းနည်း ပြောတာနဲ့ သူက များများပြောချင်တာ .. အဲလိုဆို အဒေါ်ငယ် ဒါရိုက်တာမောင်ဝဏ္ဏကတော် ဒေါ်ချိုရည်က မျက်စောင်းထိုးပြီ။ သူ့အစ်ကို မောနေပြီဆိုတဲ့ အဓိပ္ပာယ် ပေါ်အောင် ပြပြီ။

အဲဒီအချိန်မှာ သူက သူ့ရဲ့ ဖတ်စရာဂျာနယ်ကို အိပ်ရာပေါ်ကနေ စီစဉ်ညွန်ကြားတုန်း၊ တည်းဖြတ်တုန်း၊ သူ့ တပည့်တွေ သူ့ဆီ ဝင်ထွက်ရင် စာပေလောကအကြောင်း မေးတုန်း၊ ကျမလာတိုင်း ကျမဆီက ဂျာနယ်ကို တသသ တောင်းတတ်တာ။ ကျမက ဂျာနယ်မေ့လာတဲ့နေ့ဆို ကျမကို မျက်စောင်းထိုးပြီ။ “ဦးမြင့်က သတင်းဂျာနယ်ဆို ဘယ်ဂျာနယ်ပဲဖြစ်ဖြစ် ကြိုက်တာပဲ” လို့ ပြောတတ်တာ။

သူ့ခြေရာကို နင်းဖို့ ကြိုးစားတဲ့ သူ့ရဲ့ တဦးတည်းသော တူမအဖြစ် ကျမအတွက် သူဂုဏ်ယူမဆုံးတာ ကျမ သိပါတယ်။ တကယ်တော့ ကျမက သူ့ခြေရာကိုမီဖို့ မပြောနဲ့ သူ့ခြေရာနောက်မှာ ချန်ခဲ့တဲ့ ဖုန်မှုန့်လေးတွေ ကိုတောင် မီတဲ့သူမဟုတ်ဘူးလေ။

ဖတ်စရာကို ကျမ စာမူတပုဒ်ပုဒ် သွားပို့တိုင်း သူက “ကောင်းရင်တော့ သုံးမယ်၊ မကောင်းလို့ကတော့ လုံးဝ မစဉ်းစားဘူးနော်” လို့ ကျမကို စ တတ်သလို .. အဲဒီစကားက အတည်ပြောတယ်ဆိုတာ ကျမက နားလည်ပြီးသား။ ကျမကလည်း ပစ်စလခတ်ရေးထားတဲ့ စာမူတခုခု များတော့ သူ့ကို ဘယ်တော့မှ ပေးဖို့ မကြိုးစားပါ။ ပြီးတော့ ပေးထားတဲ့စာမူ ပါမှာလား ဆိုတာလည်း မမေးရဲပြန်။

တခါတော့ ကျမ သူ့ကို ဂျီသွားကျမိတယ်။ အဲဒီတုန်းက သူ့ဆီမှာ ကျမစာမူ တပုဒ်ရှိနေတယ်။ ၂ လကြာတဲ့ထိ မပါသေးဘူး။ ကျမက “ဦးမြင့် သမီးစာမူ သုံးမှာလား” ဆိုတော့ “သုံးမှာလေ .. ဖတ်ပြီးပြီ” တဲ့။ ဒါပေမယ့် ၂ လ ထိ သူက မသုံးသေးဘဲ မေ့နေတယ်။ အဲဒီမှာ တရက်တော့ သူ့တိုက်ကို ကျမသွားပြီး “သမီးစာမူ သုံးမှာလား မသုံးဘူးလား .. မသုံးရင် သမီး ပြန်ယူတော့မှာနော် .. သုံးမယ့်သူရှိတယ်” လို့ သွားခြိမ်းခြောက်လိုက်တယ်။ အဲဒီမှာ သူက ရယ်ရင်းနဲ့ “ဘယ်လိုဖြစ်တာလဲ .. သုံးပါ့မယ်ဆိုမှ .. ခွေးမလေး .. သွား .. အဲဒီမှာ စာမူဖိုင် ..သုံးမယ့်စာမူ တွေချည်းပဲ။ အဲဒီထဲမှာ ရှာထုတ်၊ ပြီးရင် စာစီသမားကို တခါတည်း ပေးခဲ့” ဆိုပြီး လုပ်ဖူးတယ်။ ကျမလည်း ပျော်ပျော်ကြီး စာမူရှာပြီး စာစီသမားလက်ထဲ အပ်ခဲ့လိုက်တယ်။

ဦးလေးအဖြစ် .. အဲဒီတခါသာ ဂျီကျခဲ့ဖူးပါတယ်။

သူက စာလုံးပေါင်းသတ်ပုံမှာ အရမ်းကို ဂရုစိုက်တဲ့သူ။ ကျမ ပစ်စလခတ်ရေးလို့ ဆူခံထိတာလည်း ခဏခဏ။ ဒါပေမယ့် သူ့နာရေး လက်ကမ်းကြော်ငြာလေးမှာတော့ သူ့ရဲ့ နာမည်ကျော် “နေရစ်တော့ မြသီလာ” ကို “နေရစ်တော့ မြသီတာ” ဆိုပြီး မှားယွင်းပုံနှိပ်ခံခဲ့ရတယ်။ သူသာရှိရင် ဘယ်လောက်တောင် ပြောဆိုလိုက်မလဲ မသိဘူး လို့ ကျမစဉ်းစားမိတယ်။ ဒါက စီစဉ်သူ မှားသွားတာလား၊ ပုံနှိပ်စက်က မှားတာကို မပြင်နိုင် လိုက်တာ လားတော့ မသိပါ။

သူနဲ့ပတ်သက်သမျှ ကျမ ဝမ်းနည်းမဆုံးတာ ၂ ခုရှိပါတယ်။ တခုကတော့ သူ့အကြောင်းကို သူကိုယ်တိုင် ပြန်မရေးခဲ့နိုင်သလို ကျမကလည်း သူနဲ့ ထိစပ်နေတဲ့အချိန်အတွင်းမှာ အင်တာဗျူးလေးတောင် မလုပ်ခဲ့နိုင် တာပါ။ ကျမက သူ့ကို “ဦးမြင့်နဲ့ စကားတွေအများကြီးပြောချင်တယ်၊ အင်တာဗျူးသလိုမျိုးပေါ့” လို့ ပြောတဲ့ အချိန်မှာ သူ သိပ်မောနေတဲ့ အချိန် ဖြစ်နေပါပြီ။ သူနဲ့ ဟိုတစ ဒီတစ ပြောခဲ့တာလေးတွေပဲ ကျမစိတ်ထဲ မှတ်မိ သလောက် ကျန်ရစ်တော့တယ်။

နောက်တခုကတော့ သူ့ရဲ့လွယ်အိတ်ကလေးကို ကျမ မရလိုက်တာပါ။ သူ့လွယ်အိတ်အနီလေး .. သူ့ ကိုယ်နဲ့မကွာ အမြဲရှိနေတဲ့ လွယ်အိတ်ကလေး၊ အဲဒီလွယ်အိတ်ကလေးထဲမှာ သွားလေရာ သူ ပန်းချီ စကက်ခ်ျ တွေတင်ချစ်တဲ့ .. စာတင်ရေးတဲ့၊ ပရုဖ် တင်ပြင်တဲ့ ကဒ်ပြားလေးတခု၊ သူ့လက်ရေးနဲ့ စာမူတချို့၊ ပြီးတော့ မင်နီ၊ မင်ပြာ၊ မင်နက် ဆော့ဖ်ပင် ၃ ချောင်း သွားလေရာ ပါတယ်။ အဲဒီလွယ်အိတ်ကလေးက သူ့ဘဝလေ။ အဲဒီလွယ် အိတ်ကလေးကို ကျမလိုပဲ သူ့ရဲ့ တခြား တူ၊ တူမ တွေက အမွေအဖြစ်အမှတ်တရ လိုချင်တာဆိုတော့ ကျမအဒေါ်က ဘယ်သူမှ မယူနဲ့ဆိုပြီး သူနဲ့အတူ ပြာချလိုက်ပါတယ်။

ကျန်တာကတော့ သူနဲ့ပတ်သက်သမျှ စဉ်းစားလိုက်တိုင်း ရယ်မော ပျော်ရွှင်ရ၊ စိတ်ချမ်းသာရ၊ အားကျ အတုယူရတာတွေချည်းပါ။ သူက မောနေတဲ့ နောက်ဆုံးအချိန်မှာတောင် သူ့ရဲ့ တူ မောင်ဝဏ္ဏ ပြေဇင်ကို သရုပ်ဆောင်တာတွေ သင်ပေးနေသေးတာ။ အဲဒီတုန်းက ပြေဇင်က “လွမ်းအောင်ရယ်တတ်သူ” ကားကြီးမှာ ပထမဆုံး မင်းသားအဖြစ် စပါဝင်နေချိန်ပေါ့။ ပြေဇင့်ညီ ဥက္ကာ (ဓာတ်ခဲ) နဲ့ ကျမက သူ့ကို ဝိုင်းစ၊ ဝိုင်းနောက် ဒေါ်ဒေါ်ချိုက သူ့အစ်ကိုမောလို့ စိတ်ဆိုးနဲ့ .. အဲဒီတုန်းက ကျမ ဦးမြင့်ကို သေလိမ့်မယ်လို့ကို မထင်တာ။

သူ့အကြောင်းက ပြောမယ်ဆိုရင် ပြောမကုန်နိုင်အောင်ပါပဲ။ ကျမရဲ့ အတုယူစရာ .. အားကျစရာ .. လေးစား ချစ်ခင်စရာ ဦးလေး ဖြစ်သလို ..၊ စာပေ အနုပညာလောကရဲ့ အဖိုးမဖြတ်နိုင်တဲ့ ကြယ်တပွင့်၊ စာနယ်ဇင်း သမားတွေ အားကျခဲ့ရတဲ့ ချယ်ရီ မဂ္ဂဇင်း တခေတ်ကို ထူထောင်ခဲ့သူ တဦးလည်း ဖြစ်နေပြန်တယ်။ ပြီးတော့ သူက ခေတ်အဆက်ဆက် တပည့်တွေ သိပ်ချစ်တဲ့ မြန်မာစာ ဆရာ .. ဆရာပြည့်လေ ..။ နောက်တော့ တက္ကသိုလ်ကို သိပ်ချစ်တဲ့သူ၊ ကံ့ကော်ရွာ ပန်းချီအဖွဲ့မှာ အမြဲတမ်းအဖွဲ့ဝင်တဦး .. ၊ နောက်တော့ ..၊ နောက်တော့ . ဆိုတာတွေ အများကြီးပါ။ နောက်မှ တဖြည်းဖြည်း သူ့အကြောင်းတွေ စုစည်းရှာဖွေ တင်ပြ ပါဦးမယ်။
ခုလောလောဆယ်မှာတော့ သူပြောပြခဲ့တဲ့ သူ့ရဲ့ မသုံးဖြစ်ခဲ့တဲ့ စာမူလေးတပုဒ်အကြောင်း ပြောပြချင်တယ်။ သူ့စကားအတိုင်းပဲ ပြောပြမယ်။
ဒီလိုသမီးရဲ့ .. တူဒေးက ဦးမြင့်ကို စာမူတပုဒ်တောင်းတယ် ..၊ အမေနေ့နဲ့ ပတ်သက်လို့ တခု ရေးပေးပါတဲ့။ ဒါနဲ့ ဦမြင့်က ရေးပေးလိုက်တယ်။ သမီးတို့လည်း သိတဲ့အတိုင်းပဲလေ ဦးမြင့်မှာက အမေနှစ်ယောက် ဟုတ်တယ်မ ဟုတ်လား .. အမေရင်းဒေါ်စိုးမြင့်ရယ်၊ ဒေါ်လေး ဒေါ်စိုးချစ်ရယ်လေ။ အဲဒီမှာ ခုပြောမှာက ဒေါ်လေးနဲ့ ပတ်သက် တယ်။ ဦးမြင့်တို့ကို မေမေက မွေးတယ်ဆိုပေမယ့် သမီးတို့ ဖွားလေးချစ်ဆီမှာပဲ ကြီးရတာလေ။ ဒေါ်လေးကိုပဲ မေမေ ခေါ်ကြတာ ဟုတ်တယ်မဟုတ်လား။
တရက်တော့ ဦးမြင့်က ခရီးသွားစရာရှိလို့ .. မေမေ့ကို ကန်တော့တယ် .. မေမေက ဆုပေးပြီးတော့ ဘာပြောလဲ ဆိုတော့ “ဟဲ့ ခင်မောင်မြင့် .. အမဲသား မစားနဲ့နော်” တဲ့။ ဦးမြင့်ကလည်း လျှာကခပ်ရှည်ရှည်လေ .. “ဘာလို့လဲ မေမေရဲ့” လို့ ကွန့်လိုက်တယ်။ မေမေက မစားနဲ့ဆို မစားပါဘူး ဖြေရင်ပြီးတဲ့ဟာ မရဘူး။ အဲဒီမှာ မေမေ ပြန်ပြောတဲ့ စကားက သိပ် မှတ်သားစရာကောင်းတယ် “ဘာလို့လဲ ဆိုတော့ ဇာတ်တူသား မို့လို့ဟေ့” တဲ့ ..။ မေမေက ဦးမြင့်ကို နွားလို့ ပြောလိုက်တာ။
အဲဒီကတည်းက ဦးမြင့် အမဲသား လုံးဝမစားတော့ဘူး။ ဇာတ်တူသား မစားဘူးပေါ့ကွာ ဟားဟား၊ အဲဒီ အကြောင်းလေး တူဒေးမှာ ရေးပေးလိုက်တယ်။ “ကျနော် ဇာတ်တူသား မစားပါခင်ဗျာ” လို့ ..။ အဲဒါ ဘာဖြစ်တယ်မသိပါဘူး။ စိစစ်ရေးက ခွင့်မပြုဘူး။ ပြုတ်သွားတယ် ..။
ဦးမြင့်ရေ .. အားလုံးကတော့ မေ့နေကြရောပေါ့ .. သမီးကတော့ မမေ့ဘူး။ ဘာလို့လည်းဆိုတော့ ဦးမြင့်ကို သိပ်ချစ်တဲ့ တူမကိုး .. ။ ပြီးတော့ ဦးမြင့်ကို အားကျတဲ့စိတ်နဲ့ ဒီ စာနယ်ဇင်းသမားဆိုတဲ့ ဘဝထဲက ထွက်မှ မထွက်နိုင်သေးပဲကိုး ..။

3 comments:

pandora said...

လွမ်းစရာပါ အစ်မရယ်
လောလောဆယ်တော့ ဆရာ့အက်ဆေးလေး ဘလော့ဂ်မှာ တင်ထားပါတယ်။ တကယ်တော့ ဆရာ ဧပြီ ၂၆ ဆုံးတယ်ဆိုတာ သတိမထား မေ့လျော့နေမိပါတယ်။ ညကမှ ထူးထူးခြားခြား သတိရပြီး အဲဒီပို့စ်ကို တင်လိုက်တာပါ။တိုက်ဆိုင်သွားခဲ့တယ်။

Unknown said...

ပြိုမှာလေလား မိုးရဲ့ ကို ဇာတ်လမ်းအကျဉ်းလေး ရေးပေးလို့ရမလား မသိဘူးခင်ဗျ။ ကျွန်တော် တစ်ခါမှ မဖတ်ဖူးသေးလို့ပါ။ နာမည်ကတော့ လွှတ်ကြိုက်ဗျာ။

Phyo Maw said...

ဆရာအောင်ပြည့်...
သရုပ်ဆောင်လည်း ကောင်းသဗျာ...။
ဖတ်စရာဂျာနယ် အဆောင် ၅၁ ထိအောင် ထုတ်ဝေခဲ့တယ်လို့ မှတ်မိတယ်။
ခုတော့လည်း အပတ်တိုင်းမလွတ် ဖတ်ဖို့ ဂျာနယ် မတွေ့မိတော့ဘူး...။
ဆရာ့ကြောင့်သာ မဟုတ်ရင် စာရေးဆရာကောင်းတွေလည်း စာမူတွေ ပေးကြမှာမဟုတ်ခဲ့ဘူး။
ဆရာ့အားထုတ်မှုတွေတော့ လေးစားမိတယ်။