ရုပ်ရှင်ခံစားမှု
စွန်လွှတ်သူ
“မင်းအတွက်ဆိုရင် အကြိမ် ၁၀၀၀ မက ငါလုပ်ပေးမှာပါ”
အဲဒီစကားလေးက The Kite Runner ဇာတ်ကားထဲမှာ ဟက်ဆန်ဆိုတဲ့ ၈ နှစ် ၉ နှစ် အရွယ် ကလေးလေးက သူသိပ်ခင်တဲ့ အမာအဂ်ဟာဆိုတဲ့ သူငယ်ချင်းကို ပြောလိုက်တာပါ။ အဲဒီစကားလေးကို သူအမှတ်တမဲ့ ပြောလိုက်ပေမယ့် တကယ့်ကို သူ့ရင်ထဲကထွက်ပေါ်လာတဲ့ စကားလေးတခွန်းပါ။
ဒီကားလေးကို ကျမကြည့်ရင်း တစုံတယောက်ကို ချစ်ရတာ မလွယ်ကူသလို တစုံတယောက်ရဲ့ ချစ်ချင်းကို ခံရတာလည်း မလွယ်ကူပါလား ဆိုတာ တွေ့လိုက်ရတယ်။ လောကကြီးမှာ လိပ်ပြာသန့်စွာ အသက်ရှင်နိုင်ဖို့ ကျမတို့ ဘာတွေလိုအပ်မလဲ။ ဒီဇာတ်ကားထဲက ကလေးလေး နှစ်ယောက်က ကျမကို အများကြီး သင်ပေးပါတယ်။
ဘာမှတန်ဖိုးမရှိတဲ့ စက္ကူစွန်ကလေးတခုက ဒီဇာတ်ကားလေးရဲ့ အထွတ်အထိပ်ကို သယ်ဆောင်သွားပေးချိန်မှာ ကျမရင်ထဲ နာကျင်မှုတွေပဲ ပြည့်နေတော့တယ်။ ကိုယ့်အပေါ် အမြဲအနစ်နာခံတဲ့၊ ကိုယ့်အတွက် ဘာမဆိုလုပ်ပေးတဲ့ သူငယ်ချင်းတယောက် ကိုယ့်ရှေ့မှာ အနိုင်ကျင့်ခံနေရတာ သိသိကြီးနဲ့ ကြည့်နေခဲ့ရတဲ့ ကလေးတယောက်ဟာ သူ့ရဲ့ သတ္တိကင်းမဲ့မှုကို သူ့ဖာသာ ရှက်ရွံ့နေခဲ့ရတာ မဆန်းပေမယ့် သူငယ်ချင်းက နာကျင်ဟန် လုံးဝမပြတဲ့အခါမှာ လူသားပီသစွာပဲ သူခံနိုင်ရည် မရှိနိုင်တော့ဘူး။
သတ္တိသိပ်ကောင်းပြီး အနစ်နာခံတတ်တဲ့ လူရှေ့မှာ အပြစ်ကျူးလွန်သလို ဖြစ်ခဲ့တဲ့၊ သတ္တိနည်းခဲ့တဲ့ တခြားတယောက်က ဘယ်လောက်ပဲ ပြည့်စုံပေမယ့် လိပ်ပြာမလုံနိုင်ဘူး ဆိုတာ ဒီဇာတ်ကားလေးက ပြောပြခဲ့ပါတယ်။ နောက်ပြီးတော့ သတ္တိဆိုတာ တခါတလေ အနစ်နာခံခြင်းလို့ အဓိပ္ပာယ်ရတယ်ဆိုတာလည်း သိလိုက်ရတယ်။
ကျမရင်ကို အထိဆုံးကတော့ သူတို့သူငယ်ချင်း နှစ်ယောက် အမြဲ ကစားနေကျ
ဘယ်ရီသီးပင်လေးအောက်မှာ အမာအဂ်ဟာက ဟက်ဆန်ကို စိတ်ဆိုးဆိုးနဲ့ ဘယ်ရီသီးတွေနဲ့ ပစ်ပေါက်တဲ့ အခန်းပါပဲ။ သူက ကလေးဆိုတော့ သူ့ရဲ့ ရှက်ရွံ့မှုကို ဒေါသနဲ့ ဖော်ထုတ်တယ်လို့ ထင်တယ်။ ကျမတို့လူကြီးတွေဆိုရင်ကော... ဘယ်လိုများ ဖော်ထုတ်မှာပါလိမ့်လို့ တွေးမိတယ်။ သေချာတာကတော့ ကျမသာဆိုရင် ကျမရဲ့ သတ္တိကြောင်မှုကို ငြိမ်းချမ်းရေးပဲ မြတ်နိုးသလိုလို ခေါင်းစဉ်တခုတပ်ပြီး ကိုယ့်ကိုယ်ကိုယ် ညာလိုက်လိမ့်မယ် ထင်တယ်...။
နောက်တခု ကျမရလိုက်တာကတော့ ဆက်ဆံရေးတခု ပြိုကွဲသွားတဲ့အခါမှာ ကလေးနှစ်ယောက် ကြားမှာတောင် ပြန်တည်ဆောက်ဖို့ တော်တော်ခက်ခဲပါလား ဆိုတာပါ။ ကလေးလေး တယောက် ပေမယ့် ကိုယ့်ဂုဏ်သိက္ခာ ထိခိုက်တယ်လို့ ထင်လာတဲ့အချိန်မှာ မလုပ်သင့်တာကို လုပ်လိုက်တော့တာပါပဲ။ လူတယောက်ကို မျက်နှာချင်း မဆိုင်ရဲလောက်အောင် ခံစားရတဲ့အချိန်တွေ ကျမတို့မှာ ရှိခဲ့မှာပါ။ ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့ ဆိုသလိုပေါ့။
အဲဒီအချိန်မှာ ကျမတို့ ထွက်ပြေးကြမလား။ ဒါမှမဟုတ် တဖက်လူကို ထွက်ပြေးအောင် လုပ်မလား။ ဒီဇာတ်ကားထဲမှာတော့ အမာအဂ်ဟာက ဟက်ဆန်ကို ထွက်ပြေးအောင် လုပ်ခဲ့ပါတယ်။ သူကိုယ်တိုင် ထွက်ပြေးလို့ ရတဲ့အနေအထား မရှိလို့လို့ ထင်ပါတယ်။ ဟက်ဆန်က ဆင်ဖြူပေမယ့် ဆင်မဲရဲ့ ဒုက္ခကို နားလည်ပေးခဲ့တယ်။ ကျမသာဆိုရင်တော့ ကိုယ်မှန်တာပဲဆိုပြီး မာနကြီးနေမှာ။
အနစ်နာလည်း ခံခဲ့ရသေးတယ်၊ သူခိုးပါလို့လည်း အစွပ်စွဲခံလိုက်ရသေးတယ် ဆိုရင် ကျမကတော့ မာနနဲ့ ကိုယ်မမှားကြောင်း ရအောင်ပြမှာပဲ။ ဟက်ဆန်ကတော့ သူ့သူငယ်ချင်း ဆင်မဲလေးကို နားလည်စွာနဲ့ သူမခိုးတဲ့ ပစ္စည်းကို ခိုးတယ်လို့ ဝန်ခံပေးခဲ့တယ်။
ဒီဇာတ်ကားက အာဖဂန်နစ္စတန်ကို အခြေတည် ရိုက်ကူးထားတာပါ။ ကဘူးလ်မြို့လေးရဲ့ သာယာလှပမှုတွေ၊ ချစ်ခြင်းတရားတွေ၊ ကိုယ်ချင်းစာစိတ်ရှိတဲ့ သူဌေးကြီးတွေနဲ့ သိပ်ကို ပျော်စရာကောင်းတဲ့ အနေအထားကနေ ရုရှားတွေ ကျူးကျော် ဝင်ရောက်လာတဲ့နောက် ပျက်ဆီးယိုယွင်းမှုတွေ၊ ဒုက္ခသည်တွေ၊ ရောဂါသည်တွေ၊ ဆင်းရဲသားတွေ၊ မိဘမဲ့ကလေးတွေနဲ့ လုံးဝပြောင်းလဲသွားတဲ့ အနေအထားကို ပြထားပါတယ်။
အမာအဂ်ဟာတို့သားအဖလည်း ဟက်ဆန်တို့နဲ့ ခွဲခွာပြီးနောက်ပိုင်း အမေရိကားကို ထွက်ပြေးကြရတော့တယ်။ အမာအဂ်ဟာရဲ့အဖေ ဘာဘာက အာဖဂန်ကနောက်ဆုံး ထွက်ခွာခါနီး သူ့မြေကြီးကို ကောက်ပြီး ဘူးလေးတဘူးထဲ ထည့်လိုက်တဲ့ အခန်းလေးက သိပ်ချစ်စရာကောင်းတာပဲ။ ဘယ်သူမဆို ကိုယ့်မြေကိုတော့ ကိုယ်ချစ်ကြမယ်နဲ့ တူပါတယ်နော်။
ပြီးတော့ သူတို့သားအဖ ဆီဘောက်ဆာလို ကားကြီးရဲ့ဝမ်းထဲမှာ မှောင်မဲမွမ်းကျပ်ပြီး အမေရိကားရောက်အောင် ခရီးဆက်ခဲ့ရတယ်။ ကားကြီးထဲမှာ ကြောက်ရွံ့နေပြီး လေမဝဖြစ်နေတဲ့ ကလေးလေးက သူအလွတ်ရတဲ့ ကဗျာလေးတွေရွတ်ရင်း သူ့အဖေရဲ့ ရင်ခွင်ထဲမှာ ငြိမ်သက်လို့။
အဲဒီကလေးလေးက တချိန်မှာ စာရေးဆရာကြီး ဖြစ်၊ အမေရိကားမှာ ဘွဲ့တွေလည်းရ၊ ချစ်စရာကောင်းတဲ့ မိန်းကလေးတယောက်နဲ့လည်း ဆုံရ။ သူ့ဘဝမှာ ကျေနပ်စရာတွေနဲ့ချည်း ပြည့်နှက်လို့ပေါ့။ ဒါပေမယ့် ကံကြမ္မာက ဘယ်သူ့ကိုမှ အလွတ်ပေးရိုး ထုံးစံမရှိဘူးလေ။
သူ့ကိုယ်သူ မွေးစားသားလို့ သိလိုက်ရချိန်၊ သူတချိန်က ရှက်ရွံ့ခဲ့ရတဲ့၊ အရိပ်မည်းကြီးလို လွှမ်းမိုးခဲ့တဲ့၊ ပညာမတတ်ပေမယ့် သတ္တိသိပ်ကောင်းတဲ့၊ သူ့ကြောင့် သူ့အဖေလို ကိုယ်ချင်းစာစိတ်ရှိတဲ့ သူဌေးတယောက် အိမ်က ထွက်သွားခဲ့ရတဲ့ ဟက်ဆန်က သူနဲ့ အဖေတူ အမေကွဲ ညီအကို ဆိုတာ သိလိုက်ရချိန်မှာ သူ့ရဲ့အဖေက လောကကြီးမှာ မရှိတော့ဘူး။
ဟက်ဆန်လည်း မိုင်းထိပြီး ကွယ်လွန်ခဲ့ရပြီ။ ဟက်ဆန့်ဆီမှာ သားလေးတယောက် ကျန်ခဲ့တယ်။ အဲဒီသားလေးဟာ အမာဂျန်အတွက် တယောက်တည်းသော သွေးသားဆိုရင်လည်းမမှားဘူး။ ဘယ်တုန်းကမှ သတ္တိမရှိခဲ့တဲ့ သူတယောက်ဟာ သူ့တူလေးကို အမေရိကားခေါ်ဖို့ အာဖဂန်နစ္စတန်ကို ပြန်ခြေချခဲ့တယ်။ သူတို့ငယ်ငယ်တုန်းက သာယာလှပတဲ့ အာဖဂန်မဟုတ်တော့ဘဲ စစ်မြေပြင်ကြီး ဖြစ်လို့။
သူ့တူလေး ရှိတယ်လို့ကြားတဲ့ မိဘမဲ့ဂေဟာကလည်း မြင်ရရုံနဲ့တင် စိတ်ထိခိုက်စရာ ကောင်းလှတယ်။ သူဌေးတယောက်က မိဘမဲ့ ဂေဟာက မိန်းကလေး တယောက်ကို လာခေါ်သွားပြီး ပေးခဲ့တဲ့ ပိုက်ဆံနဲ့ တခြားကလေးတွေကို ကျွေးမွေးနေရတယ် ဆိုတဲ့အချိန်မှာ စိတ်ထားနူးညံ့တဲ့ စာရေးဆရာကြီး ခံနိုင်ရည် မရှိတော့တာ မဆန်းပါဘူး။ သူဘယ်လိုပဲ ပေါက်ကွဲပေမယ့် ဒါအမှန်တရားပဲလေ။ အဲဒီဂေဟာကနေ သူ့တူလေးကိုရှာဖို့ လမ်းစတော့ ရခဲ့တယ်။
ဘောလုံးကွင်းလို နေရာမှာ အပြစ်ရှိတဲ့မိန်းကလေးတယောက်ကို မျက်နှာအဝတ်အုပ်ပြီး ခဲနဲ့ပေါက်သတ် ပြခဲ့တဲ့ အစွန်းရောက် ဘာသာရေး ခေါင်းဆောင်ကြီးရဲ့အိမ်မှာ သူ့တူလေးရောက်နေတယ်။ အသက်ကင်းမဲ့တဲ့ မျက်နှာနဲ့ ကလေးလေးက ကက်ဆက်က တေးသွားနဲ့ အချိုးအစားမကျစွာ ကပြနေခဲ့တာကို သူဘာမှ မလုပ်ပေးနိုင်ဘဲ စိတ်ထိခိုက်ပြီး ကြည့်နေရတဲ့ ဘဝ။ အဲဒီ ဘာသာရေး ခေါင်းဆောင်ကြီးရဲ့ ရန်ပြုမှုကို သူ အလူးအလဲ ခံနေရချိန်မှာ ဟက်ဆန်ရဲ့သားလေးက ဟက်ဆန်ငယ်ငယ်က သူ့ကိုကယ်ခဲ့ ကာကွယ်ခဲ့သလိုပဲ ပြန်ကယ်တင်ခဲ့ပြန်တယ်။
ရယ်မောခြင်းတွေ ဆိတ်သုဉ်းနေတဲ့ ကလေးတယောက်ကို သူက ရယ်အောင်၊ ပျော်ရွှင်အောင် လုပ်ရတော့မယ်။ အဲဒါသူ့ရဲ့ ဝတ္တရားဖြစ်သလို သူ့ကိုယ်သူ ဆေးကျောခြင်းလည်း ဖြစ်လိမ့်မယ်လို့ ကျမထင်တယ်။ နောက်ဆုံးအခန်းမှာ ငယ်ငယ်က သူ့အတွက် ဘာမဆို လုပ်ပေးခဲ့တဲ့ ဟက်ဆန့်အစား သူသားကို ပြန်ပေးဆပ်တော့မယ် ဆိုတဲ့အချိန် အမာအဂ်ဟာရဲ့ မျက်နှာက ရှင်းသန့်ကြည်လင်လို့နေတာကို တွေ့ရတယ်။
သူကလည်း ဟက်ဆန့်သားကို ဟက်ဆန် သူ့ကိုပြောခဲ့သလိုပဲ ပြောလိုက်တယ် “မင်းအတွက်ဆို အကြိမ် ၁၀၀၀ မက လုပ်ပေးမှာပါ” တဲ့လေ။
ဒီဇာတ်ကားလေးကို မကြည့်ခင် ကျမ ဝတ္ထုအဖြစ် အရင်ဖတ်ရတာပါ။ ကျမရဲ့ အင်္ဂလိပ်စာ ညံ့ဖျင်းမှုကြောင့် အချိန်အကြာကြီး ဖတ်ရပေမယ့် စာရေးသူရဲ့ အဖွဲ့အနွဲ့ကောင်းမှုနဲ့ ရိုးရှင်းတဲ့ အရေးအသားကြောင့် ပြီးအောင် ဖတ်နိုင်ခဲ့ပါတယ်။ စာရေးသူကတော့ KHALED HOSSEINI ပါ။
Wednesday, April 23, 2008
|
Labels:
ရုပ်ရှင်ခံစားမှု
|
This entry was posted on Wednesday, April 23, 2008
and is filed under
ရုပ်ရှင်ခံစားမှု
.
You can follow any responses to this entry through
the RSS 2.0 feed.
You can leave a response,
or trackback from your own site.
0 comments:
Post a Comment