အဲဒီတခါပဲ စွံဖူးတာ

အမှတ်တရ ရက်စွဲများ ၁၀

စဉ်းစားကြည့်တော့ အတော်လေး လွမ်းစရာကောင်းသား .. ဘာမှ မဟုတ်ဘူးလို့ ထင်မယ့်သူတွေအတွက် ကတော့ ဘာမှမဟုတ်ဘူးပေါ့လေ။ ကျမပါပါ (အဖေ) ဆုံးတဲ့အချိန် ၁၉၉၂ ဇူလိုင်လဆန်း ပါပါ့ရက်လည်တောင် မလုပ်ရသေးချိန်မှာ အဲဒီအိတ်ပိတ်စာတစောင် ရောက်လာတာပါ။

ဂျီတီအိုင်ဝင်ခွင့်အောင်ရုံတင်မကဘဲ EC မေဂျာ တက်ခွင့်ရရုံမကဘဲ ကျမ လျှောက်ထားတဲ့ အင်းစိန်ဂျီတီအိုင်မှာ တက်ရမယ်တဲ့။ တကယ်တော့ အဲဒီတုန်းက အီးစီ ဆိုတာ ဘာမှန်းမသိ၊ ဂျီတီအိုင် ဆိုတာလည်း တက္ကသိုလ် မတက်နိုင်တဲ့သူတွေ တက်တဲ့ တောကျောင်း၊ အဲဂလို ထင်ထားမိတာကိုး။ ကျမကို ပါပါ က ဂျီတီအိုင် အရမ်း တက်စေချင်ခဲ့တာ ဆိုတာ တခုတည်းနဲ့ အဲဒီတောကျောင်းလေးကို တက်ဖို့ စိတ်ကူးမိခဲ့တာ ..။

ဒါပေမယ့် အဲဒီ တောကျောင်းကလေးဟာ ကျမကို အရမ်းဖမ်းစားခဲ့တဲ့ .. တက္ကသိုလ်ဆိုတာနဲ့ မလဲနိုင်တဲ့ .. ကျမကို အတွေ့အကြုံသစ်တွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့၊ ကျမအတွက် ရင်ခုန်လှိုက်မောစရာတွေ လှစ်ဟ ပြခဲ့တဲ့၊ အဆောင်နေကျောင်းသူဘဝဆိုတာ ဘာလဲလို့ ပြောပြခဲ့တဲ့၊ မြန်မာပြည် အနယ်နယ်အရပ်ရပ်က ချစ်စရာ ကောင်းတဲ့ သူငယ်ချင်းတွေနဲ့ ပေးတွေ့ခဲ့တဲ့၊ ကိုယ့်တာဝန်ကိုယ်ယူတတ်ရမယ် ဆိုတာကို သင်ပြပေးခဲ့တဲ့ .. ရင့်ကျက်ပြီး ကျွမ်းကျင် နွေးထွေးတဲ့ ဆရာ၊ ဆရာမတွေရဲ့ ရင်ခွင်မှ ခိုလှုံခွင့်ပေးခဲ့တဲ့ ကျမအတွက် အလှ ပ ဆုံး .. ချစ်စရာအကောင်းဆုံး .. အနွေးဆုံး ရပ်ဝန်းလေးလို့ ပြောရင် ကျမ ပိုရာကျမယ်ထင်ပါရဲ့ .. ဒါပေမယ့် မယုံရင် ကျမသူငယ်ချင်းတွေကို မေးကြည့် .. ဟုတ်တယ်လို့ပြောမှာ :P

၂၁ နှစ်ဆိုတဲ့အရွယ်ဟာ ခုခေတ် ခုအခါမှာတော့ တော်တော်လေး နှံ့နှံ့စပ်စပ် သိနေတဲ့ လူကြီးလေးတွေ ဖြစ်နေ ကြပြီ ဆိုပေမယ့် အဲဒီအချိန်က ကျမကိုယ်ကျမ ပြန်ဆန်းစစ်ကြည့်လိုက်တော့ တကယ့် ပီဘိ ကလေးလေး တယောက်၊ ဥခွံထဲက ထွက်ခါစ ငှက်ပေါက်စလေးလိုပဲ .. ကျည်းကြည့် ကြောင်ကြည့်ပေါ့ ..။

ကျောင်းသား ၅၀ နီးပါး ရှိတဲ့ အခန်းထဲမှာ မိန်းကလေးက ၉ ယောက်တည်း။ တယောက်ကို တယောက် အကဲ ခပ်လို့ .. ဟိုတယောက်က ပိုးဒါလီသိန်းတန်နဲ့တူတယ်ဟ .. ချစ်စရာလေး .. ဟယ် ဒီတယောက်ကျတော့ ဆံပင်ရှည်ရှည် လေးနဲ့ အသားဖြူဖြူ အရပ်ရှည်ရှည်လေး .. လှလိုက်တာ၊ ဟိုကောင်မလေးကျတော့ ဝဝကစ်ကစ်နဲ့ သူ့ကို မသေးမျှင်လို့ခေါ်ရကောင်းမလား .. အင်း နောက်တယောက်က ခပ်ရိုးရိုး ပုံလေး .. ငါကကော .. ။ ရှပ်အင်္ကျီ အကွက်ကျဲကျဲနဲ့ .. ထဘီပြောင်နဲ့ .. ဆံပင်ကတိုတို .. ထောင့်မကျိုးတဲ့ ရုပ် .. ပါးမှာ သနပ်ခါး ပါးကွက်ကျားနဲ့ .. လက်မှာက ဂျီတီအိုင်ရဲ့ အမှတ်အသား “တီ” ကြီး ကိုင်လို့ ..။

“ညီမလေး နာမည် ဘယ်လိုခေါ်လဲ”

“ဟင် .. တူးတူးသာပါ”

“အဆန်းပဲနော် .. အစ်ကိုကြီးကို မှတ်ထား ......---- လို့ခေါ်တယ်၊ အကူအညီလိုရင်တောင်းပေါ့”
“ဟုတ်ကဲ့”
“ညီမလေးက ချစ်စရာလေးပဲ ..ဟဲဟဲ”
“ရှန်”
“ဟဲ့ သေနာ . .. ကတုံး .. အဲ့ဒါ ငါ့ညီမ .. နင်က ဘာလုပ်မလို့တုန်း”
“ဟီဟိ .. ငါက စောင်မ ကြည့်ရှုမလို့ပါ မိုးစည်ရာ .. နင်ကလည်း သိရင် အသာလေး ငြိမ်နေပြီးရော”

အဲဒီ အထက်ပါ စကားစုကို စာရှုသူတို့ နားလည်ချင်မှလည်ပါလိမ့်မယ်။ ကျမကို ကျောင်းသားကြီး တယောက် က ကူညီမလိုလိုနဲ့ အင်တာဗျူးနေတာကို .. ကျမရဲ့ သယ်ယင်းလည်းဖြစ် အစ်မလည်းဖြစ်တဲ့ မမိုးစည်က အကြောင်းသိချင်းမို့ ဝင်ပါတာ။ အဲဒီကျောင်းသားကြီးက သူ့သယ်ယင်းပေါ့။

ငှဲငှဲ .. ပထမနှစ် ကျောင်းရောက်ခါစ စွံပုံများကတော့ .. ကျမတို့က အူကြောင်ကြောင် လေးတွေကိုး .. သူတို့ ကျောင်းသားကြီးတွေရဲ့ မျက်လုံးထဲမှာ .. သစ်ဆန်းနေတာကိုး .. အတန်းကြီးက အစ်မကြီးတွေ .. သူတို့နဲ့ အတန်း တူတွေက သူတို့မျက်စိထဲ စပါးမွှေးစူးစရာ ဖြစ်နေပြီလေ။ မိန်းကလေးတန်မဲ့ ယောက်ျားလေးကို အော် စလို စ၊ လက်သီးလက်မောင်းတန်း စကားပြောလိုပြော .. အဆောင်နဲ့ ကျောင်းက ကပ်လျက်ဆိုတော့ အင်္ကျီ အဟောင်းနဲ့ပဲ ကျောင်းလာလိုလာ၊ ဝေါ့ရှော့ထဲ ဝင်ရတာဆိုတော့ သနပ်ခါး ထူပိန်းကြီးတွေလိမ်းပြီး အလှလည်း မပြင် .. နေချင်သလို နေတဲ့ သူတွေပဲ တွေ့နေရာက ဖရက်ရှာလေးတွေ လာတာဆိုတော့ သူတို့လည်း ပျော် သပေါ့လေ ..သို့သော် ..

ကျမတို့လည်း ဘာသားနဲ့ ထုထားလို့လဲ .. ပထမနှစ် တနှစ်တာပဲ စွံကြရှာတာပါ .. နောက်တော့လည်း ဒုံရင်း ဒုံရင်းပေါ့ ..
ကျမတို့ စတက်တဲ့ နှစ်က အီးစီနဲ့ ဆေဗယ် လ် နှစ်ဘာသာပဲ မိန်းကလေး ရှိတာ ဆိုတော့ တကျောင်းလုံးမှာ စုစုပေါင်း မိန်းကလေး အသစ် ၄၀ ပဲ ပါတယ် .. ယောက်ျားလေးက ၄၀၀ လောက်ဝင်တာဆိုတော့ ဆယ်ချိုး တချိုးလို့ ပြောလို့ရတယ်။ အဲတော့ ကျောင်းသားကြီးတွေက ကျမတို့ နာမည်တွေကို ကျောင်းသားရေးရာမှာ သွားစုံစမ်းပြီးပြီ။ ကျမတို့က အီးစီ (ဘီ)။ အဲဒီ အခန်းရှေ့လာရပ်ပြီး သူတို့ဟာသူတို့ .. ဟိုဟာက တူးတူးသာ ဆိုတာ ဖြစ်မယ်၊ ဒီဟာက အေးအေးအောင်လားမသိ၊ ဝင်းပပကြူက ဟိုဟာလေးထင်တယ် .. ကေသီစိုးက ဟိုကောင်မလေးဖြစ်မယ် ဆိုပြီး ခန့်မှန်းကြ .. အလောင်းအစားလုပ်ကြနဲ့ .. မအားကြရရှာပါဘူး။
ကျမတို့ကတော့ ဂျီတီအိုင်ကျောင်းသားကြီးတွေရဲ့ ခေါ်တောမျက်လုံးဒဏ်တွေကို ကျင့်သားမရသေးတဲ့ ချာတိတ် လေးတွေပေါ့ (အစ်ကိုဂျီးတွေ စိတ်မဆိုးကြေးနော် .. နှစ်ဝက်လောက်ရောက်တော့ ကျမတို့လည်း တော်တော် လေး ခံနိုင်ရည် ရှိကြပါပြီ .. အဲဒီမှာ အစ်ကိုကြီးတွေကို စေ့စေ့ပြန်ကြည့်ပြီး စ နောက်ရဲပြီ ဟီဟိ) ဆက်ပြော ရရင် ကျမတို့ချာတိတ်မတွေကလည်း ရုပ်တွေကသာ အပေအတေတွေ .. ဘာပဲဖြစ်ဖြစ် အနူတော လူချောပေါ့ ဟဲဟဲ။ အဲဒီအချိန်လောက် မာန်တက်တာ တခါမှ မဖြစ်ဖူးဘူး .. ။
ကျောင်းစတက်တဲ့နေ့ .. မှန်ဆောင် ပထမထပ်မှာ ရှိတဲ့ ကျမတို့ အီးစီဘီ အခန်းလေးမှာ ထိုင်ရင်း လာမယ့် ဆရာ ဆရာမတွေကို မျှော်နေတုန်း .. လူတယောက် အခန်းထဲဝင်လာတယ်...။
“အားလုံးပဲ နားထောင်ပါ .. နာမည်စာရင်းလာကောက်တာပါ .. စာရွက်စာတမ်းတွေ .. ကျောင်းသုံးပစ္စည်းတွေ ပေးမလို့ပါ”
အားလုံးနားရွက်တွေထောင်သွားတယ် .. ကျောင်းသုံးစာရွက်စာတမ်းတွေ ရမယ်ဆိုတော့ စိတ်ဝင်စား တာပေါ့။ ပုံဆွဲဖို့ စာရွက်တွေ၊ ကွန်ပါတွေ ဝယ်ဖို့ဆိုတာ အပြင်ဈေးနဲ့ ဘယ်လိုမှ ဖြစ်နိုင်တာမှ မဟုတ်ဘဲ။
“ကဲ ဒီကညီမလေးနာမည် စပြော”
“ဝင်းပပကြူပါ”
“ညီမ ကကော”
“ကေသီစိုး”
“အေးအေးအောင်”
“တူးတူးသာ”
“ဇင်မာထွန်း”
“ကြည်ကြည်မော်”
“.................”
“...............”
“ကျနော်က မင်းမင်းထွန်း”
“ကျနော်က စောနေမူး”
“တော်ပြီ တော်ပြီ ရပြီ .. အစ်ကိုက မိန်းကလေးနာမည်တွေပဲ လာကောက်တာ .. ဟဲဟဲ .. သွားမယ်နော် .. တာ့တာ”
သေပြီဆရာ .. ကျောချမှ ဓားပြမှန်းသိတယ် .. ဒင်းက မိန်းကလေးတွေကို ဘယ်သူက ဘယ်သူလဲ သိရအောင် လာလုပ်တဲ့ ဒုတိယနှစ်က ဘဲကြီးကိုး .. သူ့နာမည်က နောက်မှသိတယ် .. မိန်းမနာမည်ကြီး .. ဘာတဲ့ .. သီရီ .။
နောက်တော့လည်း ရယ်ရယ်မောမော ပျော်ပျော်ပါးပါး .. အဲဒီကိစ္စ မေ့သွားကြတယ်။
ပထမနှစ်မှာ ဂျစ်ကန်ကန်ကောင်မလေးတယောက် Apply Mechanic သင်တဲ့ ဆရာမ ဒေါ်တိုးတိုးသန်း စိတ်ညစ်အောင် လုပ်ခဲ့ဖူးတယ် ..။ နေရာတွေ အများကြီးရှိတဲ့ကြားက နောက်ဆုံးမှာ ထိုင်တာလေ။ ဆရာမက တခြားမိန်းကလေးတွေနဲ့အတူ ရှေ့မှာထိုင်ဖို့ပြောပေမယ့် မထိုင်ဘဲ ပေပြီး နောက်မှာပဲ ထိုင်ခဲ့တာ .. ဒါပေမယ့် ဆရာမ ဘာသာမှာ အမှတ်တော့ မနည်းစေရဘူး .. အဲဂလို ကပေါက်တိကပေါက်ချာ ကောင်မလေးက .. ဂျီတီအိုင်မှာ စခင်တဲ့ သူငယ်ချင်းတွေကိုလည်း ကြည့်လိုက်ဦး .. တကယ့် ဆိုးပေဆိုတဲ့ .. ၆ ယောက် .. အဲဒီ ကောင်မလေးနဲ့ ပေါင်းလိုက်ရင် ၇ ယောက် .. ကြံကြံဖန်ဖန် .. သူတို့ ၇ ယောက်က ၇ ရက်သားသမီး စေ့တယ် ..။
ဆရာမကလည်း ရှေ့မှာလာမထိုင်လို့ မကျေနပ်ဘူး .. သူကလည်း ရှေ့မှာ သွားကိုမထိုင်ဘူး .. နောက်ဆုံးမှာ .. ဆရာမက ခွင့်လွှတ်ပြုံးလေးပြုံးရင်း အလျှော့ပေးရှာတယ် ..။ ဆရာမကို ဒီနေရာကနေ ဂါရဝပြုပါတယ်။ ဂျီတီ အိုင်ကို အီးစီနဲ့ ပြီးခဲ့ပေမယ့် ဆရာမကို ဂျစ်ခဲ့တဲ့ သမီးက စာရေးဆရာမပိုးဝင်နေပြီ .. ဆရာမ .. အဲဒီတုန်းက ကျမ တခု ကြွေးကြော်ခဲ့တာရှိတယ် ..“ငါ တသက်လုံး ဆရာမ မလုပ်ဘူးဟေ့” လို့ .. သူငယ်ချင်းတွေက မေးတယ် .. ဘာလို့လဲတဲ့ .. “ဝဋ်လည်မှာစိုးလို့ပါ” ..။
ကျောင်းဆောင်မရသေးတဲ့ ကျမ .. အဲဒီနှစ်က အပြင်ဆောင်ကလေး တဆောင်မှာ နေခွင့်ရတယ်။ သွားတက် ကလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးတယောက်နဲ့ အတူတူ တခန်းထဲ နေရတယ်။ ဆံပင်က အရှည်ကြီး .. ဆေဗယ်လ် က .. သူ့နာမည်က မေလတ်တဲ့ .. သူ့မှာ သီထွေးဆိုတဲ့ ညီမလေးတယောက် ရှိတယ် .. ကျမက ဂစ်တာတီးရင် သူက သီချင်းလေးတွေ တိုးတိုးညည်းတယ် .. လှည်းကူးသူပေါ့ .. ခု သူ ဘယ်ရောက်နေလဲ မသိ ..။ သန်လျင်နဲ့ လှည်းကူး တခါမှလည်း မမြင်ဘူးကြဘဲ .. ကျမတို့ တူတူ နေဖြစ်ကြ တယ် .. ချစ်လည်း ချစ်ကြတယ် .. ။ အဲဒီတုန်းက ကျမတို့အားလုံးရဲ့ စိတ်ကလေးတွေ ဖြူနေကြတယ်လေ ..။

နောက်မှပဲ ၇ ရက်သားသမီး အကြောင်းရယ် .. မေလတ် အကြောင်းရယ် ဆက်ရေးတော့မယ် ခုတော့ တော်သေးပြီ :)



9 comments:

Moe Cho Thinn said...

ဘယ်လိုဖြစ်လို့ ရပ်သွားတာတုန်း။ ဆက်ရေးလေ။
ဖတ်ကောင်းကောင်းနဲ့ ဖတ်နေတာ။
အဲဒီတခါပဲ စွံဖူးတာဆိုလို့ စွံပုံစွံနည်းလေး ပြည့်စုံအောင် ရေးမှပေါ့။ :)

မိုးခါး said...

ကျောင်းတက်တုန်းကဘ၀ အရမ်းကောင်းတယ်နော်

ပန်းခရမ်းပြာ said...

ညီမတူး စာရေးကောင်းလွန်းလို့ ကျောင်းကြီးကို အရမ်းလွမ်းသွားပြီ။ ပထမနှစ်မှာ စွံလိုက်ပုံများ အတန်း အ၀မှာ အမြဲ လူစည်နေတာပဲနော်။ အမတို့တုန်းက EC က တစ်ခန်းထဲ၊ မိန်းကလေး စုစုပေါင်းမှ သုံးယောက်တည်း။

တချို့ စာသင်ချိန်တွေဆို ယောင်္ကျားလေးတွေချည်းပဲ ရှိတဲ့ EP နဲ့ ရောသင်ရတယ်။ မိန်းကလေး တစ်ယောက် အတန်း နောက်ကျမှ ၀င်လာရင် ဆရာက စာသင်တာ ခဏ ရပ်ထားရတယ်။ တစ်ခန်းလုံး အဲဒီ ကောင်မလေးကိုပဲ ၀ိုင်းကြည့်နေကြလို့။

ဆရာမ ဒေါ်တိုးတိုးသန်း ကတော့ ကျောင်းပြီးမှ ရောက်လာတာ။ ကျောင်းဝန်းထဲမှာပဲ နေကြတော့ သူနဲ့လည်း အိမ်နီးနားချင်းပေါ့။ ဆက်ရေးပါဦး

ညီမရေ။ မျှော်နေမယ်။

ကေလာ said...

:D ကောင်း ................................

နန်းညီ said...

မစန္ဒာရဲ့ “ဂျီဟောသူ”ကို အမှတ်ရသွားတယ်

Andy said...

ဖတ်လို့ကောင်းနေတုန်း ပြီးပြီးသွားတယ်
:(

ကဗျာဦး said...
This comment has been removed by the author.
revolution-littlebrook said...

အမပို့စ်ဖတ်ပြီးသွားတော့မှ ကျွန်တော့်ပထမနှစ်ကျောင်းသား ဘ၀ကိုပါသတိရလာတယ် မေဂျာ။မိုင်နာဆောင်ခွဲပြီးတက်ရတာ လုံးဝမသိတော့ အင်း ဒီတက္ကသိုလ်က သင်္ချာတွေ၊မြန်မာစာတွေပဲသင်ပြီး ပန်းချီလည်းမသင်သေးဘူး ပထမနှစ်ဆိုတော့မသင်သေးဘူးထင်ပြီး ပြန်ပြန်သွားတာ ဟားဟား အော်နယ်ကတက်လာတဲ့ ကောင်အလေးမို့ပါ

G said...

ဝင်းပပကြူဆို..ကိုအံ့ဘိုတို့နှစ်ကလား။o