ရင်းစားစာ
ဝတ္ထုတို ၂၄
ဖိုးချစ်က လူစောင့်ပေးနေသည်။ ဇင်မျိုးဆက်က ရူးနီပုခုံးပေါ်မှ တဆင့် ငှက်ပျောဖီးကို ခဲတံချွန်သည့် ဓားနှင့် ရအောင်လှီးဖြတ်နေသည်။ သူတို့ သုံးဦးက မူကြိုကတည်းက တူတူ .. မျောက်ရှုံးအောင်ဆော့ကာ ခု သူငယ်တန်း တက်တော့လည်း တူတူ ဆော့မြဲ .. ။ သုံးယောက်လုံး စာတော့ တော်သည်။
“ဖိုးချစ် … မင်းက သေချာစောင့်ကြည့်ထား .. ဘယ်သူလာလာ ငါ့တို့ကိုပြောနော်”
“ဟေ့ ဇင်မျိုးဆက် .. မင်းကိုထမ်းထားရတာ ငါ သေတော့မယ် .. မြန်မြန်လုပ်လေ”
“အေးပါ .. ဒီမှာ ရတော့မယ်။ ခဏလေးပါ ရူးနီရာ”
“ရပြီကွ ရပြီ .. ရော့ ဖိုးချစ် လှမ်းယူ .. အောက်မကျစေနဲ့ဦး”
တိုးတိုး .. တိုးတိုးနှင့် ကြိတ်လုပ်ပြီး .. ရလာသည့် ငှက်ပျောဖီးကို အတန်းထဲမှာ သေချာဖွက်ထားသည်။ အဲဒါကို အာကျယ်မ .. စန္ဒီက တွေ့သွားပြီး ဆရာမနှင့် တိုင်လိုက်သည်။
“ဇင်မျိုးဆက် .. မှန်မှန်ပြောစမ်း .. သားတို့ ဒီငှက်ပျောဖီးကို ဘယ်လိုရအောင် ခူးယူတာလဲ ..”
“ဖိုးချစ်က စောင့်တယ် .. ရူးနီက သားကိုထမ်းတယ်။ သားက ခဲတံချွန်တဲ့ဓားနဲ့ လှီးပါတယ် ဖေဖေ”
“အေး .. ဒါဆို မင်းမှာ အပြစ်ရှိလား .. မရှိဘူးလား..”
“မရှိပါဘူး ဖေဖေ ..”
“ဘာကွ .. မှတ်ထား … ကျောင်းဝင်းထဲက ငှက်ပျောဖီးကို ဘယ်သူမှမသိအောင် ကိုယ့်သဘောနဲ့ ကိုယ် ခူးယူတာ .. ခိုးတာနဲ့တူတူပဲ .. မင်းမှာ အပြစ်ရှိတယ်”
“ဟုတ်ကဲ့ပါ ဖေဖေ”
“အေး မင်းမှာအပြစ်ရှိတဲ့အတွက် .. မင်းကိုရိုက်မယ် .. လက်ပိုက် .. ဟိုဘက်ကိုလှည့်”
“ခဏလေးဖေဖေ .. ခဏလောက်”
“ဘာလုပ်ဦးမလို့လဲ”
“ဖေဖေပဲ ပြောထားတယ်လေ .. သား .. လပတ်စာမေးပွဲမှာ ပထမရရင် ကြိုက်တာ တောင်းဆို”
“အေးလေ”
“ဒီမှာ သားရီပို့ကဒ် .. သား .. ပထမရတယ် .. သားကို မရိုက်ပါနဲ့”
“အောင်မာ ဘာဆိုင်လို့တုန်း”
“သားကြိုက်တာတောင်းတာလေ .. သားကိုမရိုက်ဖို့ တောင်းတယ်”
“တောက် .. မင်းကွာ .. ဇင်မျိုးဆက်”
“ခင်ဗျာ .. ဖေဖေ”
“ခု မင်းအသက် ဘယ်လောက်လဲ၊ မင်းဘယ်နှတန်းလဲ ပြောစမ်း”
“သားအသက် ၅ နှစ်နဲ့ ၅ လ .. သူငယ်တန်းပါ ဖေဖေ ..”
“အေး .. ဖေဖေ မင်းအရွယ်တုန်းက ………”
“ဖေဖေ သားအရွယ်တုန်းက သားထက် ဆိုးတယ်လို့ ဘွားဘွားက ပြောပါတယ် ဖေဖေ …”
“တောက် .. သွားတော့ ..”
“ဒါဆို သား ကိုကိုနဲ့ သွားကစားလိုက်ပါဦးမယ် ဖေဖေ”
ဇင်မျိုးဆက် စာမေးပွဲကောင်းကောင်းဖြေနိုင်လာသည်။ ဖေဖေက ဆိုင်ကယ်ဖြင့်လာကြိုသည်။ အိမ်ရောက်လျှင် တဝကြီး ကစားမည် ..။ ကိုကိုက မနက်ပိုင်းဖြေရတာ ဆိုတော့ အရင်ပြီးပြီ .. ။ အိမ်နားက သူငယ်ချင်းတွေကို ခုလောက်ဆို စုထားလောက်ပြီ .. တနွေလုံး ကစားပစ်လိုက်လို့ရတော့ကွာ .. ဇင်မျိုးဆက် အတွေးမဆုံးခင် အိမ်ပြန် ရောက်လာသည်။ ကိုကိုက ဆီးကြိုနေ၏။
“ညီညီ .. စာမေးပွဲ ဖြေနိုင်လား”
“အင်း ဖြေနိုင်တယ် ကိုကို .. ပျော်စရာကြီး .. စာမေးပွဲပြီးပြီကွ .. ဟေး………….”
“အေး မင်းကို ကိုကိုစောင့်နေတာ .. ရော့ .. ကိုကို့ ၁ တန်းစာအုပ်တွေ .. ညီညီ့အတွက် ကိုကို သေချာ စုပြီး ဖယ်ထားတယ်”
“ဟင် .. ကိုကို .. ကိုကို .. မင်း တောက်ကျင့်ယုတ်တယ်ကွာ”
“ဘာလို့လဲကွ.. မင်းအတွက် စာအုပ်တွေ ..”
“မင်း … တော်တော် အကျင့်ယုတ်တဲ့ကောင် .. ငါက အခုမှ စာမေးပွဲပြီးလို့ .. ပျော်နေတာကို .. အီး .. ဟီး .. ကိုကို တောက်ကျင့်ယုတ်တယ်”
“ဟဲ့ .. ဇင်မျိုးဆက် .. သားလေး .. ဘာလို့ ဒီလောက်ငိုနေတာလဲ .. ဟဲ့ ထွန်းပုရေ .. မင်းသား ဘာလို့ ငိုနေတာလဲ .. မေးဦးလေ”
“အမေ့မြေးလား .. ဘာမှ မဟုတ်ဘူး .. သူစာမေးပွဲပြီးပြီးချင်း သူ့အစ်ကို ၁ တန်းစာအုပ်တွေ ပေးလိုက်လို့ .. သူ့အပျော်တွေ ပျောက်ကုန်လို့ အမေရေ .. သိပြီလား .. အလကား ကောင် .. ဟားဟား”
“သားက စိတ်ကူးထဲမှာကတည်းက ကစားလာတာ ကိုကိုလုပ်လို့ မပျော်တော့ဘူး .. ကိုကို့ကို ရိုက်ပါ .. အီး .. ဟီး .. ကိုကို့ကိုရိုက်ပါ ..”
“ဟေ့ကောင် ရူးနီ .. အဲဒီကောင်မလေးနာမည်သိခဲ့ပြီ .. သီတာခင်ချိုအေး တဲ့ … မြို့ဟောင်းကျောင်းကနေ ငါတို့ ကျောင်းကို ပြောင်းလာတာ ၁ လပဲ ရှိသေးတယ်”
“ဇင်မျိုးဆက် .. သူ့ကို ငါကြိုက်တယ်ကွာ.. ချောတယ်နော်”
“ဟာ .. နွေးနွေးလောက် မလှပါဘူး .. ငါက နွေးနွေးပဲကြိုက်တာ”
“ဒါပေမယ့် .. ငါက သူ့ကိုကြိုက်တယ်ကွာ .. ဟေ့ကောင် ဇင်မျိုးဆက် .. ငါဘယ်လိုလုပ်ရင်ကောင်းမလဲ”
“ငါ ရည်းစားစာ ရေးပေးမယ်”
“ဒါဆို ငါက သွားပေးပေးမယ်” ဟု ဖိုးချစ်က ဝင်ပြောသည် …
“ဟေ့ကောင် ဖိုးချစ် တကယ်ပြောတာလား”
“တကယ်ပြောတာ ရူးနီရ .. ငါပေးရဲတယ် .. သူ့အဖေနဲ့ ငါ့အဖေက သူငယ်ချင်း”
“ပြီးရော .. ဒါဆို ရေးပေးကွာ .. ဇင်မျိုးဆက်”
“ဆရာမ ဆရာမ .. အဟင့် အဟင့် .. သမီးကို ဖိုးချစ်က စာပေးတယ် .. အဟင့်ဟင့်”
“ဘာ .. ဒီအရွယ် လက်တောက်လောက်လေးတွေက .. ဒီလိုလုပ်စရာလား ဟင် .. ပြစမ်း အဲဒီစာ”
စာရွက်ပေါ်တွင် မညီမညာရေးထားသော စာလုံးသုံးလုံးကို မြင်လိုက်ရာ .. ဆရာမ မရယ်မိအောင် မနည်း အောင့်ထားလိုက်ရသည်။ ဒီကောင်တွေကို မှတ်လောက်အောင် ဆုံးမရဦးမှာ မဟုတ်လား ….
‘ရင်း စား စာ’
“လာခဲ့စမ်း ဖိုးချစ် .. မင်းက သီတာခင်ချိုအေးကို ဒီစာပေးတယ်ဆို”
“ဟုတ်ပါတယ် ဆရာမ ဇင်မျိုးဆက်က ရေးပြီး သားက ပေးတာပါ .. ရူးနီက သူ့ကိုကြိုက်လို့ပါ .. ဒါပေမယ့် သူက ရူးနီကို မကြိုက်ဘူး ဇင်မျိုးဆက်ကိုပဲ ကြိုက်တယ်လို့ ပြောပါတယ်”
“နင်တို့ ရှုပ်နေတာပဲ .. ခေါ်စမ်းအဲဒီနှစ်ကောင် .. လာ လာ မြန်မြန်လာစမ်း .. ကဲ ဆိုစမ်းပါဦး .. ဇင်မျိုးဆက် .. ဘာတွေ ရေးထားတာလဲ”
“ရည်းစားစာပါ ဆရာမ ..”
“သြော .. ရည်းစားစာကို ဒီလိုရေးရတယ် ဟုတ်လား”
“သားက စာလုံးပေါင်းမှားနေတယ်လို့ ပြောပါသေးတယ် .. ဒါပေမယ့် ရူးနီက မှန်တယ်ဆိုလို့ ဒီအတိုင်းပေးလိုက် တာပါ ..”
“တော်တော့ .. ကဲ အားလုံး မှန်မှန်ဖြေစမ်း .. နင်တို့အားလုံးထဲမှာ ဆရာကြီးက ဘယ်သူလဲ”
ဖိုးချစ် .. ရူးနီနှင့် ဇင်မျိုးဆက်တို့ သုံးဦး လက်ပိုက်ကာ တပြိုင်နက်တည်း ဖြေသည်။
“ဦးသိန်းထွန်းပါ ဆရာမ”
ဘာပဲဖြစ်ဖြစ် .. ကလေးဆိုတာ .. အမှန်တရားကိုပဲ အမြဲပြောတတ်တယ်လို့ ဆရာမ သိပြီးသားပဲလေ .. သူတို့ သန်လျှင် ဗဟို အမကရဲ့ ကျောင်းအုပ်ဆရာကြီးနာမည်က ဦးသိန်းထွန်းပဲဟာ .. မှန်နေတာပဲ။
Thursday, June 11, 2009
|
Labels:
ဝတ္ထုတို
|
This entry was posted on Thursday, June 11, 2009
and is filed under
ဝတ္ထုတို
.
You can follow any responses to this entry through
the RSS 2.0 feed.
You can leave a response,
or trackback from your own site.
10 comments:
ဖတ်ပြီးရယ်လိုက်ရတာ အစ်မရယ်...။
ရည်းစားစာရေးပေးချိန်မှာ ၆ တန်း ၇တန်းလောက်ရောက်ပြီထင်ထားတာ...။
မူလတန်းပဲ ရှိသေးတာကိုး....။
ဆရာကြီး :D
“နန်းညီ နင်တို့ထဲမှာ ဆရာကြီး ဘယ်သူလဲ ပြောစမ်း”
“တူးတူးသာပါရှင့်”
တူးတူးသာ ပါ . .ဆြာမ................
ဆရာကြီး လက်ပိုက်... ပုဆိုးသေချာ မထား... ရွှမ်း ရွှမ်းဆိုပြီး ကြိမ်လုံးနဲ့ ဆော်ပလော်တီး ခံရတော့မှာ မြင်နေမိတယ်။
တော်တော်လေး ကိုရီလိုက်ပါတယ် မတူရာ...
ရီးစားစာကနေ ကျောင်းအုပ်ဇာတ်လမ်းရောက်သွားတယ်နော်..
ဆရာမကြီးက ဘယ်သူလဲ ကျမမေးဘူး။
ရယ်ရတယ်..။
ရယ်ရတယ်၊ ကလေးတွေ စကားပြောရင် သိပ်ချစ်ဖို့ ကောင်းတာပဲ၊
၂၅ လောက်က အိမ်ဘေးက ၆နှစ် အရွယ်ကလေးမလေးက ပြောတယ်၊ မမက ဆယ်ကျော်သက်မို့လား တဲ့၊ မဟုတ်ပါဘူးဆိုတော့ သူ့မောင်လေး(၄နှစ်)က သူသိတယ်တဲ့၊ မမ က ၁၂နှစ် တဲ့၊ သူတို့ စိတ်ထဲမှာ ဒါက အရမ်းအိုနေပြီထင်တာလေ၊
ဖတ်ပြီး အားရပါးရရယ်သွားပါတယ်။
Post a Comment