စက်ရုပ်အမှတ် ....
တကယ်က Tech digest ဂျာနယ်မှာပါဖူးတဲ့ ဝတ္ထုတိုလေးကို ပြန်တင်မှာပါ။ လေးနှစ်လောက်ကြာခဲ့ပြီ ဆိုတော့ အရေးအသားတွေမှာ ဟာကွက်တွေ အများကြီး ကိုယ့်ဘာသာ ပြန်တွေ့ပါတယ်။ ဒါပေမယ့်လည်း အမှတ်တရအဖြစ် မပြုမပြင် ဒီတိုင်းလေး တင်ပေး လိုက်ပါတယ် .. ။ ဒီဝတ္ထုလေး တင်ဖြစ်ဖို့ ကျမ တော်တော်လေး ကျေးဇူးတင်ရတဲ့သူတယောက် ရှိပါတယ်။ အဲဒါကတော့ မူရင်းဝတ္ထုကို ကော်ပီကူးပြီး အီးမေးလ်ကပို့ပေးတဲ့ မောင်လို .. သူငယ်ချင်းလို ခင်ရတဲံ့သူ တဦးပါ။ အယ်ဒီတာဘဝမှာ ဆိုးတူကောင်းဘက် နေခဲ့တဲ့ အဲဒီဘော်ဒါကြီးက ခု ကလေးများရဲ့ ကျောင်းဆရာဆိုပဲ ..။ လေရှည်တာများပြီ ..ဖတ်ကြည့်ကြပါဦး
ဝတ္ထုတို ၂၃
မနက်ဖြန်ဆိုလျှင် နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးတော့မည်။ လမ်းပေါ်တွင် တရွရွ သွားလာနေကြသူများ ကတော့ အပူအပင် ကင်းမဲ့စွာ နှစ်သစ်ကို အထူး အစီအစဉ်များဖြင့် ကြိုဆိုကြရန် ကြိုးပမ်းနေကြ၏။ ဦးသက္ကမှာတော့ ရင်ထဲတွင် မအေးချမ်းနိုင် .. ပူပင်သောကများဖြင့် အတွေးတို့ ဖြန့်ကြက်နေမိ၏။
မီမှ မီပါတော့မလား …။
၂၀၇၄ နှစ်ကို ဦးသက္က အနေနှင့် လှပစွာ အဆုံးသတ်လိုသည်။ ၂၀၇၅ ခုနှစ်ကို ပျော်ရွှင်စွာကြိုဆိုလိုသည်။ သို့သော် အဆင်ချင်ကင်းမဲ့သော လူရမ်းကားတစုကြောင့် သူတို့ကမ္ဘာရွာကြီး ပျက်စီးရတော့မည်။ ဘယ်သူမှ မရိပ်စားမိကြ။ အပူအပင်ကင်းမဲ့စွာ ပျော်ရွှင်နိုင်ကြသည်ကို ကြည့်ရင်း သူလည်း ထိုသူများနည်းတူ ဟက်ပီး နယူး ရီးယားဟု အော်ဟစ်ချင်မိ၏ ..။ သို့သော် …
လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက အကြမ်းဖက် ဟူသော ဝေါဟာရကို လူများ သုံးစွဲလာကြခြင်း ဖြစ်၏။ ထို အကြမ်းဖက်သူများသည် ရည်ရွယ်ချက် တစုံတရာမရှိဘဲ သူတို့ကမ္ဘာရွာကြီး ပျက်စီးရုံသက်သက် အား ထုတ်နေကြသည့် ရူးမိုက်သူများဟုသာ ဦးသက္ကမြင်သည်။
ဦးသက္ကတို့ အဘိုးလက်ထက်က ဖြစ်ပွားခဲ့သော နာမည်ကြီးအကြမ်းဖက်မှု တခုကို သတိရမိသည်။ အဘိုးမသေမီ က ထိုဖြစ်ရပ်အကြောင်း ပုံပြောသလို ပြောပြခဲ့သောကြောင့် ဦးသက္က အတွက် မဆန်းတော့။ ယခု ပြန်လည် စဉ်းစားကြည့်တော့ ထိုကိစ္စက ရူးသွပ်မှုသက်သက်ဖြစ်နေသည်။
မိမိကိုယ်ကို အသေခံရင်း လေယာဉ်ကို ဗုံး တလုံး အဖြစ်အသုံးချကာ ရှေးဟောင်းအဆောက်အအုံတခုကို ပြိုကျစေခဲ့ခြင်း ဖြစ်၏။ ထိုမျှလောက်သော ကိစ္စ ရပ်ကလေးကိုတော့ ဦးသက္ကတို့က အကြမ်းဖက်မှုဟု မဆိုချင်ပါ။
မကြာတော့မည့်ကာလ အတွင်း သူတို့ ကမ္ဘာရွာကြီး ပျက်စီးတော့မည့် တကယ့်အကြမ်းဖက်မှုကြီး တခုကို လူတစု က ကျူးလွန်တော့မည် ..။
ထူးတော့ ထူးဆန်း၏။
ကွန်ပျူတာဖြင့်သာ ကွန်ယက်ချိတ်ဆက်၍ သတင်းပေးပို့ နေသော ခေတ်ကြီးထဲတွင် ယင်းအချိန်းအချက်ကို ရှေးဟောင်း စာရွက်စုတ်ကလေး တရွက်ပေါ်မှ ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်၏။
ထိုစာရွက်ကလေးပေါ်မှ သတင်းအချက်အလက်များကို သူ့ကွန်ပျူတာထဲတွင် ထည့်သွင်း၍ ရှာဖွေခဲ့ရာ အလွန် အံ့သြ ထိတ်လန့်ဖွယ် ကောင်းသော အကြမ်းဖက်မှုကြီး တမှု၏ သဲလွန်စကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယခုအတိုင်းဆိုလျှင်တော့ ဦးသက္ကက လက်ဦးမှုရယူနိုင်ကောင်းပေလိမ့်မည်။ သိပ္ပံပညာရှင်ကြီးဟု လူအများ တလေးတစား ဆက်ဆံခံရသည့် သူ့သက်တမ်းတွင် ဒီတကြိမ်ကို သူ သံသယအရှိဆုံးဖြစ်၏။
စက်ရုပ်အမှတ်စဉ် ၀၀၁ မှ ၀၉၉ အထိကို တရုပ်ချင်း စစ်ဆေးလိုက်သည်။
စက်ရုပ်အမှတ်စဉ် ၀၄၅ က ခေါင်းအနည်းငယ် မူးနေသည် ဟု ဆိုသည်။
“ဟေး သုည လေးငါး ဘယ်လိုနေသေးလဲ”
“ကျနော် ခေါင်းနည်းနည်း မူးနေတယ် ဆရာ။ ဆရာပြောပြထားတာတွေကို မှတ်မိတချက် မမှတ်မိတချက် ဖြစ်နေတယ်”
“ခဏလေး ဒါဆို မင်းကို မှတ်ဥာဏ်အသစ်တခု အင်စတော ပြန်လုပ်ပေးမယ်။ မင်းရဲ့ .. မန်မိုရီကဒ် နည်းနည်း ချို့ယွင်းနေတာကွ”
အမှတ်စဉ် ၀၄၅ မှလွဲ၍ အားလုံးကောင်းသည်။ ၀၄၅ ကိုမှတ်ဥာဏ်ထည့်သွင်းပေးသည့် ကိစ္စက နာရီဝက်လောက်ပဲ ကြာသည်။
“ကဲ အားလုံးကိုပြန်မေးမယ်။ မင်းတို့အခု လုပ်ရမယ့် အလုပ်က ဘာလဲ”
“အကြမ်းဖက်သမားတွေကို ဖမ်းဆီးဖို့ပါ ဆရာကြီး” . .. အားလုံးပြိုင်တူဖြေကြသည်။
“မင်းတို့ကိုယ်မှာ တပ်ဆင်ပေးထားတဲ့ လက်နက်တွေကို မင်းတို့ သူ့နေရာနဲ့သူ အသုံးချ တတ်ပြီနော်”
“သုံးတတ်ပါပြီ”
“ကောင်းပြီ ဒါဆို မင်းတို့ ဟောဒီယာဉ်ပေါ်တက်တော့။
ဒီယာဉ်က အလင်းအလျင်ရဲ့ လေးပိုင်းတပိုင်း မြန်နှုန်းနဲ့ မင်းတို့သွားမယ့်နေရာရောက်အောင် ပို့ပေးလိမ့်မယ်။ အဲဒီအကြမ်းဖက် လူသားတွေကို မင်းတို့ လက်ရဖမ်းခဲ့ပါ။ ငါက မင်းတို့ရဲ့ လှုပ်ရှားမှုတွေကို ဟောဒီမော်နီတာကနေ ကြည့်နေမယ်။ အရေးကြီးတာက ငါ အဲဒီလူတွေကို အရှင်လတ်လတ်လိုချင်တယ် ဒါပဲ”
“သိပါပြီဆရာကြီး”
“ကဲ သိရင်သွားတော့”
စက်ရုပ်များ စီးနင်းလိုက်ပါသွားသော ယာဉ်ကြီး ထွက်ခွာသွားသည်နှင့် ဦးသက္က .. မော်နီတာရှေ့တွင် ထိုင်လိုက် သည်။ ရန်သူ များကို ရှာဖွေမတွေ့မချင်း မော်နီတာပေါ်တွင် အမည်းစက်ကလေး တစက်သာ မြင်ရမည်ဖြစ်၏။
ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ရှိပြီ။ အချိန်က ည ၁၂ နာရီ တိတိ အထိသာ ရမည်ဖြစ်၏။ ရန်သူ များ၏ ပစ်မှတ်မှာ ကမ္ဘာအရပ်ရပ်ရှိ ရေခဲတောင်ကြီးများဖြစ်သည်။
သူတို့ပစ်လွှတ်လိုက်သော ရော့ကတ် ဒုံးကျည် များက ရေခဲတောင်အတွင်း မီတာ ၃၀၀ အထိ ဖောက်ဝင်သွားမည် ဖြစ်သည်။
အကြမ်းဖက်သမားများက သူတို့၏လုပ်ငန်းစဉ်များကို စာရွက်ပေါ်တွင် စကားဝှက်ဖြင့် ရေးသားထားကြသည်။
စာရွက်ကိုမည်သူမျှ စိတ်ဝင်စားခြင်း မရှိသောကြောင့် အသုံးပြုခြင်းဖြစ်သည်ဟု ယူဆရသည်။ စာရွက်ပေါ်တွင် ရှေးဟောင်းမင်ဖြင့် ရေးသားထားခြင်း ဖြစ်သည်။
ဒုံးကျည်များသည် ရေခဲတောင်အတွင်းဖောက်ဝင်သွားပြီး စက္ကန့် ၂၀ ခန့် အကြာတွင် ပေါက်ကွဲမှုနှင့်အတူ အားပြင်း အပူဓာတ်များကို ထုတ်လွှတ်မည်ဖြစ်သည်။
အပူချိန်သည် ၂၀၀၀ ဒီဂရီ စင်တီဂရိတ်ဖြစ်သည်။ ယင်း အပူချိန်က ရေခဲတောင်များ အရည်ပျော်ကျရန် လုံလောက်၏။
ထိုအခါ သူတို့ကမ္ဘာကြီး ရေလွှမ်းသွားတော့မည်။ ဦသက္က၏ အတွေးထဲတွင် ရန်သူများ၏ စီမံချက် အစီအစဉ် အတိုင်း ပေါ်လာသည်။ သက်ပြင်းတချက် မှုတ်ထုတ်ရင်း မော်နီတာပေါ်က အစက်ငယ်ကို ကြည့်နေလိုက်သည်။ အစက်ငယ်က တဖြည်းဖြည်းကြီးလာသည်။
ရန်သူများကို ရှာတွေ့ပြီဖြစ်ကြောင်း အချက်ပြ၏။
မော်နီတာပေါ်တွင် စက်ရုပ်အမှတ် ၀၃၃ ၏ မျက်နှာပေါ်လာသည်။ တခု ထူးဆန်းနေသည်မှာ တဖက်ရန်သူများက သူ့စက်ရုပ်များကို လုံးဝတိုက်ခိုက်ခြင်းမရှိ။
“ဘာလဲဟေ့ ၀၃၃”
“ဒီလိုပါ ဆရာကြီး သူတို့အားလုံးက လူသားတွေ မဟုတ်ပါဘူး ကျနော်တို့လိုပဲ စက်ရုပ်တွေပါ”
“ဟေ .. ဟုတ်လား”
ဦးသက္က အနည်းငယ်ခေါင်းခြောက်သွားသည်။ သူ့စက်ရုပ်များထဲတွင် ထည့်သွင်းပေးလိုက်သည့် မှတ်ဥာဏ်က လူသား စင်စစ်များကို ဖမ်းဆီပေးလိုက်ရန်သာ ပါသည်။ အခု လူသား တယောက်မှ မရှိတော့ သူ့စက်ရုပ်များက ဘာဆက်လုပ်ရမလဲ မသိ ဖြစ်နေသည်။
အဝေးထိန်းခလုပ်ကိုနှိပ်၍ သူ့စက်ရုပ်အားလုံးကို ပြန်လာခိုင်းလိုက်သည်။ အချိန်က ညနေ ၃ နာရီ ကျော်ပြီ။ ဟိုဘက်ရန်သူများကို ကြည့်ရသည်မှာ မည်သည့် အနှောင့်အယှက်များကိုမှ မမှုဘဲ သူတို့လုပ်စရာရှိသည်ကို လုပ်ရန် တာစူနေကြပုံ ပေါက်၏။
သူ လုပ်ဆောင်စရာ နည်းလမ်း တခုသာရှိသည်။
ရန်သူစက်ရုပ်များ၏ မှတ်ဥာဏ်ကို အဆိုးမြင် ပုံစံမှ အကောင်းမြင် ပုံစံ ပြောင်းလဲပစ်ရမည်။ ထိုသို့ ပြုလုပ်ရန် သူ့စက်ရုပ်များကိုပင် ခိုင်းစေရမည်။ ရန်သူ စက်ရုပ် အရေအတွက်က ၆၅ ရုပ်ဖြစ်သည်။
အချိန်သိပ်မရတော့။ ပြန်ရောက်လာသည့် သူ့စက်ရုပ်များထဲမှ လက်ရွေးစင် စက်ရုပ် ၅ ရုပ်ကို ရွေးချယ်ကာ သူတို့ကို ထိန်းချုပ်ထားသည့် ကွန်ပျူတာများထဲသို့ ပရိုဂရမ်အသစ်များ ထည့်သွင်း ရသည်။
သူတဦးတည်းမနိုင်တော့သောကြောင့် တခြားစက်ရုပ်များကိုပါ ကူညီခိုင်းရသည်။
တဖြည်းဖြည်းနှင့် မြို့တော်လမ်းမပေါ်တွင် လူများ စက်ရုပ်များ ရောထွေးဆူညံလာပြီဖြစ်၏။
မီးရောင်များလည်း လင်းထိန်လာပြီး လူများမှာ သူတို့၏အနာဂတ်ကိုမသိဘဲ နှစ်သစ်ကူးပွဲတော်တွင် ပျော်ရွှင်ဖို့ကိုသာ အာရုံစိုက်နေကြသည်။
ကမ္ဘာကြီးတခုလုံး ရေများလွှမ်းခြုံသွားပြီး အစပျောက်သွားလျှင် အကြမ်းဖက်သမား တစုက အင်္ဂါဂြိုဟ်ပေါ်တွင် ကမ္ဘာသစ်တခုကို စတင်တည်ထောင်မည်ဖြစ်သည်။
ကမ္ဘာရွာကြီး မပျက်စီးရေးက လောလောဆယ် သူ့ လက်ထဲ တွင်သာရှိသည်ကို ဦးသက္က သိသည်။
“ဘုရား ဘုရား မီပါ့မလား .. အချိန်က သိပ်မကျန်တော့ဘူး”
သူ့လက်များက ကွန်ပျူတာ ခလုပ်ပေါ်တွင် ပြေးလွှားနေသကဲ့သို့ သူ့စက်ရုပ်များက သူ့နည်းတူ လုပ်ဆောင်ပေး နေသည်။ ညနေ ခြောက်နာရီ ဆယ်မိနစ်တွင် အားလုံး ပြီးဆုံးသွားပြီ။ စက်ရုပ်အားလုံးကို သူကိုယ်တိုင် စစ်ဆေး ပြီးသွားတော့ ခုနစ်နာရီ ထိုးတော့မည်။
စက်ရုပ်အားလုံး ယာဉ်ပေါ်တက်ပြီး ထွက်ခွာသွားချိန်တွင် သူ့စိတ် တဝက် အေးရပြီဖြစ်သည်။
သို့သော် သူ့စက်ရုပ်များ အချိန်မီလုပ်နိုင်ပါ့မလားဆိုတာ သံသယ ရှိနေသေးသည်။
တဘက်ရန်သူ စက်ရုပ်များ၏ ထိန်းချုပ်ထားသော ကွန်ပျူတာများတွင် ပရိုဂရမ်အသစ်များ ထည့်သွင်း၍ မှတ်ဥာဏ်ဟောင်းများကို ဖျောက်ဖျက် ပစ်ရန်မှာ သူ့စက်ရုပ်အတွက် ခက်ခဲသောအလုပ် မဟုတ်မှန်း ဦးသက္က သိထားသော်လည်း စိုးရိမ်စိတ်က ရှိနေ သေးသည်။
မမျှော်လင့်သော အန္တရာယ် ကျရောက်ခဲ့လျှင် သူ ဘာလုပ်ရမလဲ။ သူ့မျက်လုံး များကို မော်နီတာပေါ်သို့ ပြန်ရွှေ့လိုက်၏။
ရန်သူစက်ရုပ်များကို ပုံကြီးချဲ့ ကြည့်လိုက်သည်။
စက်ရုပ်များအားလုံး သူတို့ မျက်နှာ မူရာ အရပ်ကို မမှိတ်မသုံ ကြည့်၍ ငြိမ်သက်နေကြသည်ကို တွေ့ရသည် …။ ထိုစဉ် .. သူ့နားထဲတွင် သူ့အဖိုး ပြောခဲ့သော ပုံပြင် ..။
“ဟုတ်တယ် အဆင်မပြေရင်တော့ အားလုံးကို ဖျက်ဆီးပစ်ရမှာပဲ။ ကံဆိုးရင် ငါ့ကောင်တွေကော တစစီ ဖျက်ဆီး ပစ်ရမယ်”
စိတ်ကူးရသည့်အတိုင်း ကျန်ရှိနေသော စက်ရုပ်များထဲမှ စက်ရုပ်အမှတ် ၀၀၃ ကိုရွေးလိုက်သည်။ ထို စက်ရုပ်တွင် ချိန်ကိုက်ဗုံးတလုံးကို တပ်ဆင်ကာ တယောက်စီး ယာဉ်ငယ် တစီးပေါ် အသင့် တက်ခိုင်းထားသည်။ အချိန်နီးသည်အထိ အဆင်မပြေလျှင် ထိုယာဉ်ငယ်ကို ဗုံးအဖြစ် အသုံးပြုကာ အားလုံးကို ဖောက်ခွဲလိုက်ရမည် ဖြစ်သည်။
“ဒီလိုကျတော့လည်း အဖိုးရဲ့ ရှေးဟောင်းနည်းတွေက အသုံးဝင်သားပဲ”
သူ့စိတ်အနည်းငယ် အေးသွားသည်။ နာရီလက်တံမှာ ၈ နာရီတိတိကို ညွှန်ပြနေပြီ။ သူ့စက်ရုပ်များ အလုပ်စတင် လုပ်နေပြီဖြစ်ကြောင်း အချက်ပြ၏။ သူ့အခန်းထဲတွင် နာရီ တချက်ချက်မြည်သံမှလွဲ၍ ဘာသံမှ မကြားရ။ တချက် တချက် လမ်းမပေါ်မှ အသံများက ဝင်ဝင်လာတတ်သည်။
ထိုအသံများမှလွဲလျှင် နာရီစက်သံ တချက်ချက်သာ ကြားနေရ၏။
သူ့စက်ရုပ်တရုပ်ချင်းစီ၏ အလုပ်လုပ်ပုံကို မော်နီတာပေါ်တွင် အနီးကပ် ဆွဲယူ ကြည့်ရှုလိုက်သည်။ စိတ်ကျေနပ် စရာ ကောင်းလှ၏။
အချိန်ကလည်း ည ၁၁ နာရီ ကျော်ပြီ ဖြစ်သည်။
ချိန်ကိုက်ဗုံးတင် ယာဉ်ကို လွှတ်သင့် မလွှတ်သင့် သူ မဆုံးဖြတ်နိုင်သေး။
ထိုယာဉ်ပျံကို ၁၂ နာရီထိုးရန် ၁၅ မိနစ် အလိုတွင် လွှတ်ရန် သူဆုံးဖြတ်လိုက်သည်။
စက္ကန့်တံလေးက တချက်ချက် ရွေ့လျားနေသည်။ ၁၀ မိနစ် အလိုတွင် ရန်သူစက်ရုပ်များ အနည်းငယ် လှုပ်ရှားသွားသည်။
လက်နက်များကို ပစ်လွှတ်ရန် စတင် ချိန်လိုက်ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ….
ခြောက်ထောင် ဆိုသည့်အသံ စတင် ပေါ်ထွက်လာလေသည်။ ထို့နောက် ဆက်တိုက်ဆိုသလို ..
“ငါးထောင့်ကိုးရာ ကိုးဆယ့်ကိုး”
“ငါးထောင့်ကိုးရာ ကိုးဆယ့်ရှစ်”
“………………. ကိုးဆယ့် ခုနစ်”
“………………………………..”
ဆိုသော အသံများပေါ်လာသည်။
ကိန်းဂဏန်းများ စတင်ရေတွက်နေပြီ။ ဦးသက္က၏ စက်ရုပ်များလည်း အပြင်း အထန် အလုပ်လုပ်နေကြပြီ။
“………………………………..”
“သုံးထောင့် ငါးရာ”
“သုံးထောင့်လေးရာ လေးဆယ့်ကိုး”
ဆိုသောအသံ။ ပြီးသည်နှင့် တပြိုင်နက်တည်း ဦးသက္က၏ စက်ရုပ်များအားလုံး ပြိုင်တူ ပြီးတော့ အားလုံး တပြိုင်နက် အော်လိုက်ကြသည် ..။
“ပြီးပြီ”
ကိန်းဂဏန်းများ ရေသံမကြားရတော့ ..။ ရန်သူ့စက်ရုပ်များအားလုံး လက်နက်များကို ကြမ်းပြင်ပေါ်သို့ ပစ်ချ လိုက်ကြသည်။
“ဟေး”
ဦးသက္ကကြီးအသံ ဟိန်းထွက်လာသည်။ ထိုင်နေရာမှ ဝမ်းသာအားရ ထခုန်ပြီး သူ့စက်ရုပ်များကို သြဘာပေး သည့်အနေနှင့် လက်ခုပ် တီး ဂုဏ်ပြုလိုက်သည်။
“ဖြောင်း .. ဖြောင်း .. ဖြောင်း .. ဖြောင်း .. ဖြောင်း …..”
လက်ခုပ် ငါးချက်တီးအပြီး ခြောက်ချက်မြောက် တီးမည်အလုပ်တွင် ဦးသက္က၏ လက်နှစ်ဘက်က လေထဲတွင် တန်းလန်းကြီး ရပ်တံ့သွား၏။
ဦးသက္က၏ မျက်လုံးများက ရွေ့လျားခြင်းမရှိ ငြိမ်သွားသည်။
“တွီ တွီတွီ .. ဂျစ် ဂျစ် .. ဂွစ်” ဆိုသော အသံများပေါ်လာပြီး ဦးသက္က၏ နဖူးတည့်တည့်မှ မီးနီကလေး အဝါရောင် ပြောင်းသွားကာ လုံးဝ မှိတ်သွားသည်။
သူ့နောက်ကျောတည့်တည့်မှ ကွန်ပျူတာ ဖန်သားပြင် ပေါ်တွင် လှုပ်ရှား သွားလာနေသော မြားကလေး လုံးဝ ငြိမ် သက်သွားပြီ။ ခဏအကြာတွင် ဖန်သားပြင်ပေါ်တွင် စာတန်းတတန်းပေါ်လာသည်။
Robot Number 100 … U Thet Ca out of service .. ဟူ၍ ဖြစ်သည်။
ထိုအချိန်တွင် လမ်းပေါ်တွင်အော်ဟစ်နေသော လူအုပ်ကြီးဆီက တခဲနက် အော်ဟစ်သံကြီး ပေါ်ထွက်လာသည် ။
“ဟက်ပီးနယူးရီးယား”
Friday, May 15, 2009
|
Labels:
ဝတ္ထုတို
|
This entry was posted on Friday, May 15, 2009
and is filed under
ဝတ္ထုတို
.
You can follow any responses to this entry through
the RSS 2.0 feed.
You can leave a response,
or trackback from your own site.
4 comments:
လေးစားလောက်ပါပေတယ် ဒေါ်လေးတူးရယ်။
copy သွားတယ် အိမ်ကျမှပဲ အေးဆေးဖတ်တော့မယ်..း) ဒါက ကောမန့်ဦးသွားတာ.. ဟိ
ဟုတ်တယ်။ ကော်ပီကူးသွားပြီးဖတ်ရမယ်။ ဘာဖြစ်သွားမှန်းကို မသိလိုက်ဘူး။ :(
ကတောက် ... လက်စသတ်တော့ . .ဒင်းဟာဒင်း .. တိုင်ပတ်နေတာကိုး ...
Post a Comment