ကျမသည် ဆပ်ပြာတတုံး
စာနယ်ဇင်းသမား ကမောက်ကမ ၅ မှာ ကျမစာနယ်ဇင်းလောကထဲ ဝင်ခါစက ရေးခဲ့တဲ့အက်ဆေးလေး ဆင်ဆာ ထိတဲ့အကြောင်း ရေးထားမိပါတယ်။ အဲဒါကတော့ ဆပ်ပြာညစ်ပတ်ရင် ဘာနဲ့ဆေးမလဲ လို့ အမည်ရတယ်ပေါ့ လေ။ သို့သော် အဲဒီအက်ဆေးလေးကိုပဲ အတွေ့အကြုံရင်ကျက်လာတဲ့ တချိန်မှာ လိမ်လိမ်မာမာ ပါးပါး နပ်နပ်နဲ့ ပြန်ရေးတော့ စိစစ်ရေးက လွတ်ခဲ့ပါတယ်။ အဲဒီအက်ဆေးလေးကို ၂၀၀၅ ခုနှစ်ထဲမှာ ထုတ်ခဲ့တဲ့ ဖတ်စရာ ဂျာနယ် အမှတ် ၂၇ မှာ ဖော်ပြခွင့်ရခဲ့ပါတယ်။ ကျမအစွမ်းနဲ့ဆို ဒီအက်ဆေးလေး ဘယ်ရောက်နေမှန်း မသိလို့ ရှာလို့တောင် တွေ့မှာ မဟုတ်ဘူး။ ခုတော့ ညီမ မေ က ဒီအက်ဆေးလေးကို သူ့ဘလော့မှာ တင်ထားပေးပါ တယ်။ ပျော်လိုက်တာမှ။ အဲဒီအတွက် မေ့ ကို ကျေးဇူး အများကြီးတင်ပါတယ်။
အက်ဆေး ၅
တီဗီမှ လာသည့် ဆပ်ပြာကြော်ငြာတစ်ချို့ကို သတိထားကြည့်လျှင် တွေ့နေရသည်။ ဆပ်ပြာဖြင့် ဆေးလိုက်လျှင် ရာခိုင်နှုန်း အတော်များသော ပိုးမွှားများနှင့် အညစ်အကြေးများ ဆပ်ပြာရည်နှင့် အတူပါသွားသည်။ သန့်စင် သွားကြသည်။ ဆပ်ပြာဆိုတာ အညစ်အကြေးများကို သန့်စင်အောင် ဆေးကြောပေးနိုင်သော အရာဟူ၏။
အက်ဆေး ၅
တီဗီမှ လာသည့် ဆပ်ပြာကြော်ငြာတစ်ချို့ကို သတိထားကြည့်လျှင် တွေ့နေရသည်။ ဆပ်ပြာဖြင့် ဆေးလိုက်လျှင် ရာခိုင်နှုန်း အတော်များသော ပိုးမွှားများနှင့် အညစ်အကြေးများ ဆပ်ပြာရည်နှင့် အတူပါသွားသည်။ သန့်စင် သွားကြသည်။ ဆပ်ပြာဆိုတာ အညစ်အကြေးများကို သန့်စင်အောင် ဆေးကြောပေးနိုင်သော အရာဟူ၏။
တစ်နေ့က ကျွန်မ ရေချိုးဆပ်ပြာ တိုက်နေစဉ် ဆပ်ပြာတုံး လက်ထဲမှ လျှောကျသွားသည်။ ကျွန်မတို့ အိမ်က ရေချိုးခန်းနှင့် ချိုးရတာ မဟုတ်။ သဲမြေပေါ်တွင် ကျောက်ပြားခင်းကာ ရေစည် ချပြီး ရေချိုးရခြင်း ဖြစ်သည်။ ဆပ်ပြာက ကျောက်ပြားပေါ်မှ တဆင့် သဲပေါ်သို့ ကျသွားသည်။ ကျွန်မ၏ ဆပ်ပြာမွှေး ခရမ်းရောင်တုံးကလေး ညစ်ပေသွားသည်။ ဆပ်ပြာတုံးလေးကို ရေလောင်းချလိုက်တော့ အပေါ်ယံ အညစ်အကြေးများသာ ပါသွားပြီး သဲများကတော့ ကပ်မြဲ ကပ်လျှက် ရေဆေး၍ မရတော့။
ကျွန်မ ဆရာတစ်ယောက်က ပြောဖူးသည်။ “ဆပ်ပြာဆိုတာ အညစ်အကြေးကို ဆေးကြောရာမှာ သုံးတာဆိုပေမယ့် ဆပ်ပြာကိုယ်တိုင်က ညစ်ပတ်နေရင် ဘာနဲ့ဆေးကြမလဲ ”
ကျွန်မကိုယ်တိုင်က ဆပ်ပြာတစ်တုံးလား။ တစ်ခါတစ်ရံမှာတော့ ကျွန်မကိုယ် ကျွန်မ ဆပ်ပြာ တစ်တုံးလို သဘောထားကာ တစ်ပါးသူ၏ အညစ်အကြေးများကို ဆေးကြောပေးချင်နေမိ တတ်တာကို သတိရမိသည်။ ဘယ်အရာဝတ္ထုမဆို ညစ်ပတ်နေလျှင် ဆပ်ပြာနှင့် ဆေးကြောပစ်၍ ရသည်မဟုတ်ပါလား။ ချွင်းချက်ဖြစ်သော အစွန်းအထေးများမှ လွဲ၍ပေါ့။
ဆပ်ပြာကိုယ်တိုင်က ညစ်ပတ်နေပြီ ဆိုရင်တော့ ဘယ်အရာကမှ ကူညီဆေးကြောနိုင်မည် မဟုတ်ပါ။ တကယ်လို့ ဆပ်ပြာပေါ်မှာ ပေနေတဲ့အရာများကို လုံးဝပြောင်စင်အောင် ဆေးကြော ချင်သည်ဆိုလျှင် အဲဒီ ဆပ်ပြာလေးကို အတိုင်းအတာ တစ်စုံတစ်ခုအထိ ပုံမှန် မဟုတ်သော ပွန်းပဲ့မှုမျိုးနဲ့ ပွန်းပဲ့စေရတော့မည်။
ကျွန်မသည် စာရေးဆရာတစ်ယောက် အလွန်ဖြစ်ချင်မိသည်။ ကျွန်မ၏ ကလောင် ပိစိကွေးလေး နှင့် တစ်စုံတစ်ခုသော အကျိုးကို ပြုချင်နေမိသည်။ ထို့ကြောင့် ကျွန်မကို ကျွန်မ၏ ဆရာက ...
“ ဆပ်ပြာဆိုတာ အညစ်အကြေးကို ဆေးပေးတာဆိုပေမယ့် ဆပ်ပြာကိုယ်တိုင်က ညစ်ပတ် နေရင် ဘာနဲ့ဆေးကြမလဲ” ဟု ပြောခြင်းဖြစ်သည်။ သူတစ်ပါးရဲ့ အညစ်အကြေးတွေကို ဆေးကြောပေးတဲ့ ဆပ်ပြာလေးကို ကျွန်မ အားကျမိတာ ၀န်ခံပါသည်။ ဘာကြောင့်လဲဆိုတော့ ဆပ်ပြာဟာ မိမိရဲ့ ကိုယ်ခန္ဓာကို အပွန်းအပဲ့ခံပြီး သူတစ်ပါးကို စင်ကြယ်စေတဲ့ အရာလေ။ ကြီးကြီးကျယ်ကျယ် ဆိုရရင် ကိုယ်အနစ်နာခံပြီး သူတစ်ပါးကို အကျိုးရှိအောင် ဆောင်ရွက်ပေး ရတာ မဟုတ်လား။
ညစ်ပေသွားတဲ့ ဆပ်ပြာလေးတော့ မဖြစ်ချင်ပါ။ ဆပ်ပြာလေး ညစ်ပတ်သွားရင် ညစ်ပတ်တဲ့ အတိုင်းပဲ ထားရတော့မှာ။ ဒါမှမဟုတ် ဆပ်ပြာလေးကို ပုံသဏ္ဌာန် ပျက်သွားတဲ့အထိ ပွန်းပဲ့စေရ တော့မှာလေ။
ကျွန်မသည် ဆပ်ပြာတစ်တုံးလေလား .... မဖြစ်နိုင်ပါ။ ဆပ်ပြာတုံးလေးမှာ ခြေထောက်ရှိလျှင် သူ့ခြေဖျားကိုပင် ကျွန်မ မမှီနိုင်ပါ။ ဆပ်ပြာတုံးလေးဖြစ်ရန် ကျွန်မ အများကြီး ကြိုးစားရဦးမည်။ ဆပ်ပြာတုံးလေး၏ ပေးဆပ်မှုမျိုးကို စိတ်ကူးနှင့်တောင် မလုပ်နိုင်သေးပါ။ ဒီတော့ ဆပ်ပြာတုံးလေး ဖြစ်ဖို့ ကျွန်မ ကြိုးစားချင်ပါသည်။ ကြိုးစားနေမိသည် ဟုသာ ထင်ရပါသည်။ ဆပ်ပြာတုံးလေး ဖြစ်ခွင့်ရသွားရင်တော့ မညစ်ပတ်အောင် ဆက်ကြိုးစားရဦးမည်ပဲ။
ကျွန်မ၏ ဆပ်ပြာ ခရမ်းရောင်တုံးကလေးမှာ သဲများ ပေနေသည်။ ဓါးထက်ထက် တစ်လက်ကို ယူကာ ဆပ်ပြာလေးပေါ်မှ သဲများကို ကုန်စင်အောင် ခြစ်ထုတ်လှီးဖြတ် လိုက်ရသည်။ ပုံသဏ္ဌာန် ပျက်ယွင်း သွားသော်လည်း ဆပ်ပြာလေးကို သန့်စင်စွာ တွေ့လိုက်ရသည်။ သူ့မူလ အခြေအနေ၊ ပုံသဏ္ဌာန် မဟုတ်လေတော့၊ ထောင့်စွန်းများ၊ ကျင်းချိုင့်များဖြင့် မျက်နှာပြင်မှာ အဖုအထစ်များ ဖြစ်နေလေပြီ။
သို့ငြား ဤအခြေအနေ သွင်ပြင်ရုပ်ကလည်း အညစ်အကြေးများကို သန့်စင်ပေးနိုင်သည်သာ။
ဖတ်စရာဂျာနယ်၊ အမှတ် (၂၇)၊ ၂၀၀၅၊ ဇူလိုင် ၁၉
Thursday, February 26, 2009
|
Labels:
အက်ဆေး
|
This entry was posted on Thursday, February 26, 2009
and is filed under
အက်ဆေး
.
You can follow any responses to this entry through
the RSS 2.0 feed.
You can leave a response,
or trackback from your own site.
Subscribe to:
Post Comments (Atom)
9 comments:
ဘာတံဆိပ်လဲဗျို့ ။ :D
"ဆပ်ပြာတုံးလေးမှာ ခြေထောက်ရှိလျှင် သူ့ခြေဖျားကိုပင် ကျွန်မ မမှီနိုင်ပါ။"
အတွေးလေးနဲ့ အဲဒီ့အရေးအသားလေး ကြိုက်တယ်ဗျ။
ရွှေဝါတူးတူးသာ (သို့) ကာဘော်လစ် တူးတူးသာ ပေါ့နော်။
ဆပ်ပြာတုန်းဆို သဲပေမှာ .. ပီးတော့လည်း ... ဓါးနဲ့ဂျိုစောင်းကို အလှီးခံရအုံးမှာ .. ဒီတော့ စပ်ပြာရည် ပြောင်းဖြစ်လိုက် .... ဟိ
အတွေးလေးကို ကြိုက်တယ်...:)
အတွေးလေးကောင်းလိုက်တာ .. ကိုယ်တိုင် မညစ်ပေအောင် အရင်ကြိုးစားဦးမယ်အမရယ် .. အများကိုလည်း ဖြူစင်မှုပေးနိုင်အောင် ကြိုးစားဦးမယ် .. နောက်တော့ နောက်တော့ပေါ့ ..
ကျမသည် ဆပ်ပြာတစ်တုံးလို ပြောင်ချော်ချော်ကြီး ဖြစ်နေသည်ပေါ့ ။
အဲ့ပို့စ်ကို ဖတ်စရာမှာလည်းမဟုတ် မမေဆီမှာလည်း မဟုတ်ဘဲ.. ဖတ်ဖူးနေသလိုပဲ.. ဖြစ်နိုင်လားဟင်
ဆပ်ပြာတုံးပေတော့ ဘာနဲ့ဆေးမလဲဆိုတာ... အမပြောဖူးတာလား တစ်နေရာမှာ ဖတ်ဖူးတာလားမသိ
Post a Comment