ဝတ္ထုတို ၂၁

ပေါက်ကရ မရေးတာကြာသွားလို့ ရေးကြည့်တာပါ။ ခုတလော စိတ်ထဲမှာ ငယ်ငယ်က ဖတ်ဖူးခဲ့တဲ “ဂြိုဟ်မွှေတဲ့ဂြိုဟ်” ဆိုတဲ့ ဝတ္ထုတိုလေး စွဲနေတယ်။ အဲဒါနဲ့ ဘော်ဘော်တယောက် ကို ပြန်ရှာကြည့်ပေးဖို့ အကူအညီတောင်းမိတော့ အဲ့ဝတ္ထုလေး ပြန်ရတယ်။ ပျော်လိုက်တာမှ။ သို့သော် စာတမျက်နှာလိုနေသေးတာနဲ့ ဖြန့်ဝေချင်သော်ငြား မဖြန့်ဝေနိုင်သေးဘူး ဖြစ်နေ ပါတယ်။ ဒီလိုနဲ့ အဲဒါ မတင်နိုင်ခင် ပေါက်တတ်ကရတပုဒ်တော့ ရေးဦးမဟဲ့ဆိုပြီး ဒီဝတ္ထုတိုကို ရေးပါတယ်။ မရေးခင် တူတော်မောင်ထူးမြတ်ရဲ့ ပရိုဂရမ်သွင်းထားတဲ့ လူ ဆိုလား အဲဒီပို့စ်ကို လည်း ဖတ်ဖြစ်သေးတော့ကာ .. အနည်းငယ် ခိုးချလိုက် ပါသေး တယ်။ သက်ငယ်စကား သက်ကြီး ကြားပေါ့ :P (ငါ့တူကြီးရေ ခိုးတယ်ဆိုတာ ဝန်ခံတယ် ခွင့်လွှတ်နော်)။ ခေါင်းစဉ်ကိုလည်း အဲဒီဝတ္ထုတိုလေးစွဲလန်းနေတာက တကြောင်း၊ အသစ်ရှာဖို့ ပျင်းတာက တကြောင်း ကြောင့် အဲဒီခေါင်းစဉ်ကိုပဲ ဗမာမှုပြု .. အဲ ခိုးချ မှီငြမ်း စု၊ တု၊ ပြု လိုက်ပါတယ်။ ကိုင်း ဖတ်ကြည့်ပါဦး။

ဂြိုဟ်မွှေတဲ့ အင်္ဂါဂြိုဟ်သား

“အင်္ဂါဂြိုဟ်က ဂြိုဟ်သားတွေ ရောက်နေတယ် ကြားတယ်သိလား”

ကလေးနို့တိုက်နေသည့် မသွယ်ထံမှ ဆိုင်းမဆင့်ဗုံမပါ ပြောလိုက်သော စကားကြောင့် ကိုစီတုတ် ရုတ်တရက် အံ့သြသွားပြီး ရေအိုးစဉ်ဆီ သွားနေတဲ့ ခြေလှမ်းတွေ တုံ့ခနဲ ဖြစ်သွားတယ်။ ဆိုက်ကား နင်းမကောင်းလို့ စိတ်ညစ်နေရတဲ့ ကြားထဲ ဒီမိန်းမ ရူးများသွားပလားပေါ့။ သူ့မိန်းမပုံစံက အတည်ပေါက်။ အင်းလေ မသွယ်က နောက်တတ်တဲ့သူမှမဟုတ်တာ။

“နင်ဘယ်က ပေါက်ကရတွေကြားလာပြန်ပြီလဲဟာ။ ကိုဖေ့စကားတော့ မယုံနဲ့နော်”

ခုတလောမှာ သိပ္ပံနဲ့ ပတ်သက်တာတွေ ကြီးကြီးကျယ်ကျယ်ပြောနေတာ ကိုဖေ တယောက် တည်း ရှိတာဆိုတော့ ကြိုပိတ်ရတယ်။ မဟုတ်ရင် ကိုဖေက ပေါက်ကရတွေပြော .. မသွယ်က ယုံပြီး လိုက်ဖြန့်နဲ့ ရပ်ကွက်ထဲမှာ ခဏခဏ ဇာတ်လမ်းတွေ ရှင်းရပေါင်းများပြီ။

“သြော် ကိုဖေပြောတာ မဟုတ်ပါဘူး။ ရှင်မကြားဘူးလား။ ခု ဒေါ်ဘူချီတို့တောင် ပြောနေကြပြီ”
“အင်္ဂါဂြိုဟ်သားတွေက တို့ဆီလာပြီး ဘာလာလုပ်မှာလဲဟ”
“အလုပ်သမားတွေဘာတွေ လာရှာတာနေမှာပေါ့တော်”
“ဟာ ပေါက်ပေါက်ရှာရှာ .. တခြားနိုင်ငံက လူတွေဖြစ်မှာပါ။ မလေးရှားတို့၊ စင်ကာပူတို့၊ ကိုရီးယာတို့၊ အဲဒီနိုင်ငံကလူတွေ လူလာရှာတာကို နင့် တယောက်ယောက်က နောက် သလားမှ မသိတာ”
“အလိုတော် ကိုစီတုတ်ရယ် .. ကျမက မဟုတ်ဘဲပြောမလား။ ခုဟာက ရှင်တယောက်ပဲ လောကကြီးနဲ့ အဆက်ပြတ်နေတာ။ ရပ်ကွက်ထဲမှာ အားလုံး မသိချင်မှ အဆုံးပဲ”

ကိုစီတုတ် နည်းနည်းတော့ ချောက်ခြားသွားတယ်။ ဟုတ်တယ်လေ .. ရပ်ကွက်သတင်းက သူသိပြီးမှ သူ့မိန်းမ သိတဲ့ဥစ္စာ ..။ ခု သူတောင် ဘာမှ မကြားတဲ့ကိစ္စ .. သူ့မိန်းမက ကျော် တက်သွားပြီ။ ဒါမျိုးတော့မရဘူး။

“ငါအပြင်ခဏသွားဦးမယ်ဟေ့” လို့အော်ပြီး ခပ်သုတ်သုတ်ပြန်ထွက်ခဲ့တယ်။ နောက်မှာတော့ မသွယ်ရဲ့ “ခုမှပြန်လာတာ ဘယ်သွားဦးမလို့လဲ။ ထမင်းစားအမီပြန်ခဲ့နော်” ဆိုတဲ့ အသံက ကျန်ခဲ့တယ်။

* * * *

“ကဲကိုဖေရှင်းစမ်းပါဦးဗျာ၊ ကျနော်တော့ ဘာမှကို နားမလည်တော့ဘူး”

အစမရှိအဆုံးမရှိ အလယ်သက်သက်လွှတ်လိုက်တဲ့ ကိုစီတုတ် စကားတွေကြောင့် ကိုဖေ ကြောင်သွားတယ်။

“ရှင်းရမှာက မင်း။ ဘာနားမလည်တာလဲကွ”
“သြော် အင်္ဂါဂြိုဟ်သားတွေ ရောက်နေတဲ့ကိစ္စလေ။ လူတိုင်း ပြောနေကြတာဆို”
“အေးလေကွာ။ ငါကမင်းသိပြီးပြီမှတ်လို့မပြောတာ။ ဒါကသဘာဝပဲဟာ။ ဒီလိုပဲ ဖြစ်ရမှာပေါ့”
ကိုဖေက သူ့စတိုင်အတိုင်း အားလုံးသိတဲ့ပုံ ဆရာကြီးလေသံနဲ့ ပြောတယ်။
“ဘယ်လိုသဘာဝလဲဗျ။ ကျနော်ရှင်းအောင်ပြောပါ”
“ဟ တို့ လူသားတွေ နယ်သစ်ပယ်သစ်ရှာသလိုပဲပေါ့။ သူတို့လည်း ရှာတာနေမှာပေါ့”
“အင်္ဂါဂြိုဟ်သားဆိုတာ တကယ်ကောရှိလို့လားဗျာ”
“ရှိလို့ ရောက်တာပေါ့ကွ။ တကယ်တော့ အင်္ဂါဂြိုဟ်သားဆိုတာ လူလိုပဲကွ။ မသိခင်ကသာ အင်္ဂါဂြိုဟ်သားဆိုတော့ ပုံစံတမျိုးဖြစ်မယ်ထင်တာ။ လူနဲ့ ချွတ်စွတ်ပဲတဲ့ ကိုယ့်လူ”
“သူတို့က ဘာလာလုပ်ကြတာလဲဗျ”
“အဲဒါတော့ ငါလည်း ဘယ်သိမလဲ။ အလည်အပတ်လာတာလည်း ဖြစ်ချင်ဖြစ်မှာပဲ”
“မသွယ်ကတော့ အလုပ်သမားတွေဘာတွေ လာခေါ်တာဖြစ်မယ်တဲ့”
“အားပါး ကြည့်စမ်း ဒါကို ငါမစဉ်းစားမိဘူး။ မင်းမိန်းမတွေးတာ ဖြစ်နိုင်တယ်ကွ၊ အဲလိုသာ တကယ်ဆိုရင် ငါလည်းအင်္ဂါဂြိုဟ်မှာ ဆိုက်ကားသွားနင်းမယ်ကွာ”
“ဟာ ခင်ဗျားကလည်း ကျနော်လည်းလိုက်မှာပေါ့ဗျ။ အင်္ဂါဂြိုဟ်က လမ်းတွေကတော့ ကျနော် တို့ဆီကလမ်းတွေထက်တော့ သာမှာပဲ။ အုံနာကြေးတွေဘာတွေ သေချာစုံစမ်းဗျာ။ လိုက်မယ်”

ဘာပဲဖြစ်ဖြစ် အင်္ဂါဂြိုဟ်သားကိစ္စကတော့ သူတို့ရပ်ကွက်မှာ အတော်လေး သတင်းဖြစ်နေ တယ်။ အင်္ဂါဂြိုဟ်သားနဲ့ သူငယ်ချင်း ဆိုတဲ့ သူတယောက်လည်း ရှိတယ် ပြောတယ်။ အဲဒါကတော့ စာရေးကြီးကိုအေးပါ။ ခက်တာက သူက လောလောဆယ်မရှိဘူး။ တွံတေး ဘက်က ရွာတရွာကို မိန်းမတောင်းဖို့ကိစ္စ သွားတယ်။ သူမသွားခင် ဘယ်သူ့ကို ဆိုလားပဲ ပြောသွားတာတဲ့။ ကိုအေးက နောက်တတ်တဲ့သူ မဟုတ်တော့ ဒါ ဖြစ်နိုင်တယ်လို့ပဲ တထစ်ချ ပြောနေကြတယ်။

မသွယ်ကတော့ ကိုစီတုတ် အင်္ဂါဂြိုဟ်မှာ ဆိုက်ကားသွားနင်းမယ့်ကိစ္စ သိပ်သဘောမကျဘူး။ ကိုယ့်ဒေသမှာပဲ အေးအေးချမ်းချမ်း လုပ်စေချင်တယ်။ ကိုစီတုတ်ကတော့ စွန့်စားကြည့်ချင် တယ်။ သူတို့ တသက်လုံးဆင်းရဲနေတာ။ ကလေးနောင်ရေးလည်း ရှိသေးတယ်ဆိုတော့ ဒီလိုမှ မစွန့်ရင် ချမ်းသာဖို့မပြောနဲ့ လူမွေးလူတောင်ပြောင်ဖို့တောင် မလွယ်လှဘူးလေ။

လင်မယား စကားတောင် များရသေးတယ်။ နောက်ဆုံးမသွယ်က သူပါလိုက်မယ်တဲ့ အင်္ဂါဂြိုဟ်မှာ သူ မုန့်ဟင်းခါးရောင်းမယ်တဲ့။ ကလေးကို သူ့အမေနဲ့ ထားခဲ့မတဲ့။ တဂျီဂျီ လုပ်နေလို့ နောက်ဆုံး လိုက်ဟာလို့ ပြောလိုက်မှ ပြီးတော့တယ်။ ဒါတောင် သူက လုပ်လိုက်သေး “ရှင့်ကိုစိတ်မချလို့ပါ ကိုစီတုတ်ရယ်” တဲ့ .. ပြုံးစေ့စေ့နဲ့။ မိန်းမတွေများ တတ်လည်း တတ်နိုင်ပါပေ့။

* * * *

မသွယ်က အင်္ဂါဂြိုဟ်မှာ ငှက်ပျောအူတို့ဘာတို့အလွယ်ရပါ့မလား စိုးရိမ်နေတာ။ ကိုဖေက ငှက်ပျောပင်ရှိလိမ့်မယ် .. အင်္ဂါဂြိုဟ်က ကမ္ဘာလိုပါပဲ ဆိုမှ သက်ပျင်းချနိုင်တယ်။ မုန့်ဟင်းခါး ဆိုတာ ငှက်ပျောအူလေး ပါမှ ကောင်းတာလေ။

ဒေါ်ဘူချီကလည်း ထမင်းဆိုင်လိုက်ဖွင့်မယ်တဲ့။ ဒီအဖွားကြီး အသက်ကြီးမှ အင်္ဂါဂြိုဟ် သွားဦးမယ် .. ဒုက္ခပါပဲလို့ ရပ်ကွက်ထဲကလူတွေ ပြောနေကြတယ်။

ကိုနောင်ကြီးရယ်၊ ကိုချင်းမြင့်ရယ်၊ ကိုအောင်မိုးရယ် လူပျိုကြီး သုံးယောက်ကတော့ အင်္ဂါဂြိုဟ်မှာ အရက်ဆိုင် ရှိမရှိ ငြင်းနေကြတယ်။ ကိုချင်းမြင့်က ရှိတာသေချာရင်တော့ အလုပ်လျှောက်မယ်တဲ့။ ကျန်တဲ့ ၂ ယောက်ကလည်း ကိုချင်းမြင့်နဲ့ တသဘောထဲပဲ။

သူတို့အသက်တွေက ၄၀ ကျော်ပြီဆိုတော့ အသက်အကန့်အသက်နဲ့ဆို ဖြစ်မှာ မဟုတ်ဘူးလို့ ချစ်ကောင်းက ကန့်ကွက်တယ်။

“အဖိုးကြီးတို့ အသက်တွေက မိုးထိုးနေပြီ။ ဒီအသက်အရွယ်နဲ့ ဘယ်သူကမှ အလုပ်မခန့်တော့ ဘူး။ ကျနော်တို့ အရွယ်ဆို ဟုတ်တုတ်တုတ်” လို့ ချစ်ကောင်းကပြောတာကို မခံနိုင်လို့ ကိုချင်းမြင့်နဲ့ ထိုးမယ် ကြိတ်မယ်အထိ ဖြစ်ကြသေးတယ်။ ခါတိုင်းလည်း ချစ်ကောင်းက ဒီလူကြီးကို အဖိုးကြီးလို့ ခေါ်နေကျပါ။ စိတ်လည် မဆိုးပါဘူး။ သူတို့ အရက်လည်း အတူ သောက်ကြတာပဲ။ ခုတော့ အင်္ဂါဂြိုဟ်ကိစ္စနဲ့ သူတို့ ခပ်တန်းတန်းဖြစ်ကုန်ကြပြီ။

တခုတော့ရှိတယ် ကိုချင်းမြင့် စိတ်ဆိုးမယ်ဆိုလည်း ဆိုးစရာ .. ဘောလုံးချိန်းကန်ကြရင် ချစ်ကောင်းတို့ ဘယ်တော့မှ ကိုချင်းမြင့်တို့ လူကြီးအုပ်စုကို မနိုင်ဘူး။ ခုကျမှ အသက်အရွယ် ဘာညာ စကားလာပြောနေတော့ ကိုချင်းမြင့်လည်း စိတ်ဆိုးတာပေါ့။ အင်္ဂါဂြိုဟ်ကိစ္စ ပေါ်ပြီးမှ သူတို့ ခပ်တန်းတန်း ဖြစ်သွားကြတယ်။ အရက်တောင် ခါတိုင်းလို တူတူသောက်တာ မတွေ့ တော့သလောက်ပဲ။

ရပ်ကွက်ထဲက ကောင်မလေးတွေတောင် အချိုးပြောင်းကုန်ပြီ။ အင်္ဂါဂြိုဟ်မှာ သွားအလုပ်လုပ် ဖို့ ကြိုးစားနေတယ် ဆိုတဲ့ ကောင်လေးကိုမှ အထင်ကြီးတယ် ဖြစ်ကုန်ပြီ။ တချို့ အင်္ဂလိပ်စာ သင်တန်း တက်နေတဲ့ သူတွေတောင် ဘာဆက်လုပ်ရမလဲ မသိတော့ဘူးဖြစ်ကုန်တယ်။ အင်္ဂလိပ်စာက ကမ္ဘာသုံးဆိုပေမယ့် အင်္ဂါဂြိုဟ်မှာ သုံးမသုံး မသေချာဘူးလေ။ အဲလို တခြား ကမ္ဘာတခုမှာ ဘယ်လိုပြောကြလဲ ဘယ်သူမှ မသိဘူးမဟုတ်လား။

အဲဒီကိစ္စကိုလည်း ကိုဖေကပဲ ဖြေရှင်းပေးလိုက်ပါတယ်။

“အင်္ဂါဂြိုဟ်မှာ ဘာသာစကားအတွက် ပူစရာမလိုဘူးကွ။ ဘာစကားပဲ ပြောပြော အကုန်နားလည်နိုင်တယ်။ သူတို့ပြောတာလည်း ကိုယ်က နားလည်တယ်။ ကိုယ်ပြောတာ လည်း သူတို့ကနားလည်တယ်။ အဲလိုဖြစ်အောင် အားလုံး ပရိုဂရမ်တွေက လုပ်သွားတာ။ မင်းတို့ အဲကို ရောက်ပြီဆိုတာနဲ့ မင်းတို့ထဲကို ပရိုဂရမ်တွေ သွင်းပေးလိုက်မှာ”

ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကိုဖေ့နားမှာတော့ ချာတိတ်တွေ ဝိုင်းနေတာပဲ။ ကိုဖေက ဆိုက်ကားသာ နင်းနေတာ။ အာရ်အိုင်တီဆင်း .. စာကလည်း မတရားဖတ်။ လေ့လာ လိုက်စား သုတေသနပြုမှုတွေလည်း မကြာခဏလုပ်တဲ့သူ ဆိုတော့ သူ့စကားကို ယုံကြတာ များတယ်။ မင်းတို့ထဲ ပရိုဂရမ်တွေ သွင်းပေးမှာ ဆိုတော့ ဘယ်ထဲကိုဘယ်လို သွင်းမှာလဲ ဘယ်သူကမှ မမေးရဲကြဘူး။ တော်ကြာ ကိုဖေက ပြောမပြတော့ဘူးဆိုမှ ဒုက္ခ။ ဟိုကြမှ ရောက်ရားပေါ့ ဆိုတဲ့သူတွေချည်းပဲ။

ချစ်ကောင်းအစ်မ အာရီးကတော့ သူ့မောင်တယောက်ထဲ စိတ်မချဘူး။ သူပါလိုက်ချင်တယ်။ အဲဒါကိုလည်း ကိုဖေက အင်္ဂါဂြိုဟ်မှာ မြေနေရာလွတ်တွေ အများကြီးပဲ၊ တကယ်တော့ ကမ္ဘာကြီး ကြပ်လာရင် အင်္ဂါဂြိုဟ်ကို လူတချို့တောင် ရွှေ့သင့်တယ်လို့ ပြောပြလိုက်လို့ အာရီး ဝမ်းသာနေတယ်။ ဟိုရောက်ရင် စိုက်ပျိုးရေးလေး ဘာလေးလုပ်မယ်လို့ စဉ်းစားထားတယ်။

* * *

ခက်တာက အင်္ဂါဂြိုဟ်သားကို ဘယ်သူမှ သေချာမမြင်ဖူးကြဘူး။ ဖြူသလား၊ မည်းသလား၊ ဝသလား၊ ပိန်သလားလည်း မသိဘူး။ ကိုဖေက လူနဲ့တူတူပဲဆိုလို့ ရပ်ကွက်ထဲ လူစိမ်း တယောက်တွေ့ရင် ဒါအင်္ဂါဂြိုဟ်သားများလား တွေးကြရတယ်။ သွားလည်း မမေးရဲကြ ပြန်ဘူး။ တော်ကြာ စိတ်ဆိုးသွားမှ အခက်။ သူတို့က အလုပ်မခန့်တော့ဘူးဆိုရင် အကုန် ပြဿနာတက်ကုန်မယ်။ အဲဒီတော့ ကိုအေး ပြန်လာတဲ့အထိပဲ စောင့်ရုံပေါ့။

ကိုအေးတယောက်ကလည်း မျှော်ပါတယ်ဆိုမှ ပေါ်မလာဘူး။ ခက်တာက သူသွားတာ မိန်းမ ယူဖို့ကိစ္စဆိုတော့ ဘယ်သူကမှ အနှောင့်အယှက် မပေးချင်ကြဘူး။ ၄၀ ကျော်မှ ကံပေါ်တဲ့ အပြင် အရင်ကလည်း နှလုံးသားရေးရာ ကံခေခဲ့ဖူးသူဆိုတော့ ဒီတခါ ထပ်အမှားအယွင်းဖြစ် ရင် သူတို့ရပ်ကွက်ပါ မီးနဲ့အတိုက်ခံရမလားမသိဘူး ဆိုတာမျိုး ထင်ကြေးပေးနေကြတယ်။ အမှားအယွင်းမဖြစ်ဖို့လည်း အားလုံးက ဝိုင်းဆုတောင်းပေးနေကြရတဲ့ အချိန်ဆိုတော့ ကိုအေးကို စိတ်ရှည်ရှည်နဲ့ စောင့်ရုံပဲ ရှိတော့တယ်။

ကိုအေးပြန်လာတော့ အရင်ဆုံး ရပ်ကွက်ထိပ်က ဆိုက်ကားဂိတ်ကို ဝင်လာတယ်။ ကိုစီတုတ် က သူ့အလှည့်မဟုတ်ပေမယ့် ခရီးဦးကြိုဆိုလိုက်တယ်။ ခုအလှည့်ကျတဲ့ ဆိုက်ကားဆရာ ဆီမှာလည်း သူ အလကားပို့ပေးမှာမို့လို့ပါဆိုပြီး ခွင့်တောင်းလိုက်တယ် အိုကေပဲ။ ဆိုက်ကား နင်းရင်း အင်္ဂါဂြိုဟ် ကိစ္စကိုမေးလို့ရပြီ။

ဒါပေမယ့် ကိုစီတုတ်က စကားစကာရှိသေးတယ် ကိုအေးက သူ့မင်္ဂလာကိစ္စကြွားနေတော့ အဲဒါကို အင်းလိုက်ပြီး သည်းခံနားထောင် ပေးနေရသေးတယ်။ သူ့ဟာက ခုမှ စေ့စပ်ခဲ့တာပါ။ ဒါပေမယ့် သူခမျာ ဝမ်းသာလုံးက ဆို့နေတာဆိုတော့ လွှတ်ပေးထားလိုက်တယ်။ စကားစ ပြတ်မှ ကိုစီတုတ်က စမေးရဲတယ်။

“ကိုအေး .. အင်္ဂါဂြိုဟ်သားက ဘာအတွက်လာတာလဲဗျ။ အလုပ်ကိစ္စဆို”
“ဗျာ .. အင်္ဂါဂြိုဟ်သား .. ဟုတ်လား ကိုစီတုတ်။ ကျနော်နားမလည်ဘူး။ ဘာပါလိမ့်”
“ခင်ဗျားသူငယ်ချင်း အင်္ဂါဂြိုဟ်သားတွေ ရောက်နေတယ်ဆို”
“မဟုတ်ပါဘူး .. ခင်ဗျားတခုခုတော့ လွဲနေပြီ ထင်တယ်”
“မလွဲပါဘူးဗျာ .. ခင်ဗျားခုမှ ပွဲစားခလိုချင်တာနဲ့ မသိယောင် ဆောင်မနေနဲ့။ ရပ်ကွက် ထဲမှာ အားလုံး ဒီကိစ္စပဲ ပြောနေကြတာ”
ခါတိုင်းဆိုရင်တော့ ကိုအေးမျက်လုံးကြီးပြူးပြီး ကြည့်တာကို ကိုစီတုတ်တို့ ခံရပြီပေါ့။ ဒါပေမယ့် ခုတော့ ကိုအေးက မင်္ဂလာကိစ္စဓာတ်ခံလေးရှိနေတာ ဆိုတော့ အလွန်ချိုသာတဲ့ အသံကို တမင်လုပ်ပြီး ပြန်မေးပါတယ်။

“ကိုစီတုတ်ရယ် တဆိတ်လောက် ကျနော်နားလည်အောင် ပြောပြပါခင်ဗျာ”
“ခင်ဗျားခုမှ ဘာမုန်လာဥလုပ်နေတာလဲ။ ခင်ဗျား ဇော်လေးကို မှာခဲ့တာလေ။ ဇော်လေးက ထိုင်ဝမ်ပြန်ခါနီး ပြောခဲ့တာ”
“ဇော်လေးကို ဟုတ်လား။ ဟာ ဒီကောင် ပြန်သွားပြီလား။ ဘာတွေပြောတာလဲဗျာ လုပ်ပါဦး”
“ခင်ဗျားသူငယ်ချင်း အင်္ဂါဂြိုဟ်သားလာမယ်တဲ့။ တခြား ၂ ယောက် ၃ ယောက် ထပ်ပါဦး မယ်တဲ့။ အလုပ်ကိစ္စတဲ့။ အလုပ်သမားလိုလို့တဲ့၊ ကဲ အဲဒီလောက် တိကျဦးမလား”

ကိုစီတုတ်ရဲ့ စကားအဆုံးမှာတော့ ကိုအေးတယောက် ပါးစပ်ကြီးအဟောင်းသားပွင့်သွား ပါတော့တယ်။ ၂ စက္ကန့်လောက် ဘာမှ မပြောနိုင်ဘဲ ငြိမ်သွားတယ်။ ပြီးတော့ ကိုအေးက သူ့ထုံးစံမဟုတ်တဲ့ လေအေးလေးနဲ့ ကိုစီတုတ်ကို ရှင်းပြတယ်။ ကိုအေးရဲ့ ရှင်းလင်းချက် အပြီးမှာတော့ ကိုစီတုတ်တယောက် ပါးစပ်အဟောင်းသား ပြန်ဖြစ်သွားတယ်။

* * *

ဇော်လေးဆိုတဲ့ကောင်က တရုတ်မကိုယူပြီး ထိုင်ဝမ်လိုက်သွားတာ ကြာပြီ။ ခုပြန်လာလည် တာ .. ကိုအေးအိမ်မှာ တည်းတာ။ ထိုင်ဝမ်မှာ အနေကြာတော့ တရုတ်စကားပြောပါများပြီး ဗမာစကားကို သိပ်မတတ်တော့ ဘူးလေ။ ဗမာပြည်လာလည်ခိုက်မှာလည်း ပြဿနာက ရှာလွန်းလို့ ကိုအေးက သူ့ကို “အင်္ဂါသား ဂြိုဟ်ကောင်” လို့ခေါ်တာ။

ကိုအေး မိန်းမ တောင်းဖို့ ကိစ္စက ရုတ်တရက်ပေါ်လာတဲ့အချိန်မှာ ကိုအေးဆီ စာတစောင် ဝင်လာတယ် .. အဲဒါက ကိုအေးရဲ့သူငယ်ချင်း ကိုဆွေက အပေါင်းအပါတစုနဲ့အတူ လာမယ်၊ အလုပ်ကိစ္စလည်း ပါတယ် ဆိုတဲ့စာ။ ကိုဆွေလည်း အင်္ဂါသားပဲ။ မွှေတဲ့နေရာမှာ သြချရ လောက်သူပဲ။

အဲဒါကြောင့် ကိုအေးက ဇော်လေးကို “ဟေ့ကောင် မင်းလိုပဲ အင်္ဂါသား ဂြိုဟ်ကောင်တကောင် လာဦးမယ်တဲ့ကွာ။ အလုပ်ကိစ္စ လို့တော့ ပြောတာပဲ” လို့ပြောထားတယ်။ ပြီးတော့ ကိုအေးက သွားမယ့်ရက်မှာ တိုက်တိုက်ဆိုင်ဆိုင် ကိုဆွေတို့ကလာတော့ ဇော်လေးကိုပဲ သွားကြိုပြီး မြို့ထဲက ဟိုတယ်တခုမှာ နေရာချထားဖို့ မှာခဲ့ရတာပေါ့။ အဲဒါဇော်လေးကလည်း မိန်းမက ပြန်ခေါ်လို့ ကမန်းကတန်းပြန်သွားရတော့ ရပ်ကွက်ထဲက သူသိတဲ့သူတွေကို “အင်္ဂါဂြိုဟ်သား တွေ ရောက်နေပြီ။ အလုပ်ကိစ္စပါတယ်” ဆိုပြီး ဗမာလို မပီကလာ ပီကလာနဲ့ ပြောခဲ့တာ။ ဒါပဲ။

ပြဿနာကတော့ ရှင်းသွားပြီး။ ခု ဘယ်သူကမှ အင်္ဂါဂြိုဟ်မှာ အလုပ်သွားလုပ်ဖို့ကိစ္စ မစတော့ဘူး။ ကိုချင်းမြင့်တို့ လူပျိုကြီး ၃ ယောက်လည်း အရင်လို ချစ်ကောင်းတို့ ချာတိတ် တွေနဲ့ အရက်တူတူ သောက်လို့ပဲ။ ဘယ်သူ့ဘယ်သူကမှလည်း အပြစ်မတင်ကြပါဘူး။ ကောင်မလေးတွေတောင် ရှက်ကိုးရှက်ကန်း နည်းနည်းဖြစ်ရုံကလွဲလို့ တပတ်လောက်နေတော့ ပုံမှန်ပါပဲ။

ဒါပေမယ့် ကိုဖေကတော့ လုံးဝမလျှော့ဘူး “အင်္ဂါဂြိုဟ်မှာ ဆိုက်ကားသွားနင်းဖို့ ခုကတည်းက ကျင့်နေတာ” လို့ လူစုံတိုင်း ပြောလေ့ရှိတယ်။ ကိုဖေပြောရင်က တကယ်လုပ်ဖြစ်တာ များ တယ် ဆိုတော့ ဘယ်သူကမှ မရယ်ကြဘူး။ ပါးစပ်က ထုတ်မပြောပေမယ့် အားလုံးရဲ့ စိတ်ထဲမှာ အင်္ဂါဂြိုဟ်မှာ သွားအလုပ်လုပ်ချင်နေကြတုန်းပဲဆိုတာ သိသာတယ်။ မသွယ်တောင် တခါတလေ ကိုစီတုတ်ကို “အင်္ဂါဂြိုဟ်ဆိုတာ ဘယ်လိုဟာလည်း မသိဘူးနော်” လို့ မေးသလို ပြောသလို လုပ်လေ့ရှိတယ်။ အဲဒီလိုအခါမျိုးမှာ ကိုစီတုတ်က ဘာမှပြန်မပြောဘဲ .. ရပ်ကွက် ထိပ်က အရက်ဆိုင်ကို ချီတက်တော့တာပဲ .. အဲဒီမှာ ကိုဖေ့ရဲ့ “အင်္ဂါဂြိုဟ်ဆိုတာ” အစချီတဲ့ တရားတွေ နာဖို့ပေါ့ ... ။ ။

မှတ်ချက်။ ။ မင်းလူရဲ့ တိုင်တလုံး ကို ခိုးချသလားလို့ အလုပ်ရှာ မေးခွန်းထုတ်နေမယ့်သူတွေ အလုပ်မရှုပ်ရအောင် .. အဲဒါကိုလည်း နည်းနည်းမှီးပါကြောင်း ဝန်ခံပါ၏ .. :P







12 comments:

ပုံရိပ် / Pon Yate said...

မတူးတူးသာ စုတုပြု ထားတဲ့ ၀တ္ထုလေး ဖတ်သွားပါတယ်။ ကိုယ်ကြားဖူး ဖတ်ဖူးတာလေးတွေ ပေါင်းရင် တခါတလေကျ ဖန်တီးမှု နောက်တစ်ခု ဖြစ်လာပါတယ်။

pandora said...

ဟားဟား
တတ်လည်းတတ်နိုင်တဲ့အစ်မကြီး
ရယ်ရတယ်ဗျို့..
အနော်တောင် ရယ်စရာတွေ ပြန်ရေးရရင်ကောင်းမလား။ ဓာတ်ကူးလာပြီ။

ဖိုးဂျယ် said...

;P ရီရတယ်ဗျ ခွိ ဖြစ်တတ်တဲ့ လူသဘာဝလေးကို
ရေးထားတာ တားးအမလို့ မပြောရဘူးတော်တယ်

မီယာ said...

အမရေ ရီလိုက်ရတာ... တကယ်စိတ်ကူးကောင်းတယ်

နန်းညီ said...

ကိုပီယူသွားတယ်.. အိမ်မှပဲ အေးဆေးဖတ်တော့မယ်.. ကိုဂျဲကတော့ ရယ်ရတယ်ဗြဲဆိုပဲ.. စိတ်ဝင်စားသွားပီ
ကလောက် ကလောက်

chanye` said...

ခွိခွိ..မှားတတ်ပါပေ့ကွယ် ။
အမက ၀တ္ထုတိုရေးတာကောင်းပဗျာ
သဘာဝကျကျ ဟာသမြောက်ပါပေတယ်

ပန်းခရမ်းပြာ said...

ဖတ်ရင်းနဲ့ တယောက်တည်း ပြုံးလိုက်၊ အသံထွက် ရယ်လိုက်နဲ့ တူးရေ။ စိတ်ညစ်တာနေတွေတောင် ပျောက်သွားတယ်။

Andy said...

ဝါးဟားဟား ဝူးဝူးဝူး ဂရုး
ဂါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

(အင်္ဂါဂြိုလ် စကားနဲ့မန့်သွားတာ)

Han Thit Nyeim said...

ခိုးတယ်ပဲပြောပြော... မှီးတယ်ပဲပြောပြော... မိုက်တယ်အစ်မရေ... ရေလည်ကို မိုက်တာ။

မောင်bee said...

ုစဆုံးဖတ်ပြီး ရီသွားတယ် အမရေ။

မိုးခါး said...

ဟီးဟီး .. မိုက်တယ်အမရေ .. ညီမရော အလုပ်လျှောက်ရင် ရနိုင်လားမသိဘူး :D

ကောင်းကင်ကို said...

အင်္ဂါဂြိုလ်မှာ ကဗျာသွားရေးတော့မယ်ဗျို့ ။ :D