ဆီလီကွန်အချစ်
ညနေထမင်းစားဝိုင်းမှာ စက်ရုပ်ဇနီးသည်ကို ပေါင်းသင်းနေကြတဲ့ သူတွေအကြောင်း ဒေါ့ကူမန်ထရီနဲ့ ပတ်သက်လို့ ပြောနေရာက အတွေးတစရပြီး ဒီဝတ္ထုကို ဖန်တီးပါတယ်။
ဝတ္ထုတို ၂၂
သူ့မျက်ခွံများလေးလံလာသည်။ စောစောက စားထားသည့် မျှစ်ချဉ်နှင့် ဝက်သားက တန်ခိုးပြနေပြီထင့်။ အမြင်အာရုံများက တဖြည်းဖြည်းဝေဝါးလာပြီး ငိုက်ကနဲဖြစ်သွား ချိန်တွင် “ဒေါက်တာ ဒေါက်တာ” ဟူသောအသံကြောင့် လန့်သွားသည်။ မော်နီတာက တဆင့်ကြည့်လိုက်တော့ ဟိုဘက်တလမ်းကျော်က လူပျိုကြီး ကိုသာမညဖြစ်နေသည်။
သူထိုင်နေသည့် ကုလားထိုင်လက်တန်းပေါ်က ခလုတ်တခုကို နှိပ်လိုက်တော့ တံခါးကရှောခနဲ ပွင့်သွားရာ ကိုသာမညဝင်လာသည်။ သူက မေးဆတ်ပြလိုက်တော့ ကိုသာမညက သွားကလေးဖြီးပြသည်။ “ဟိုဒင်းဗျာ ခင်ဗျားဆီမှာ စက်ရုပ်အော်ဒါမှာလို့ရတယ် ကြားလို့” သြော လတ်စသတ်တော့ ဒီလူကြီး စက်ရုပ်အော်ဒါ မှာချင်တာကိုး။ အင်းပေါ့လေ သူက တကိုယ်တည်း လူပျိုကြီးဆိုတော့ လိုချင်ရှာပေမပေါ့။
“ရတယ် ခင်ဗျားက ဘယ်လို စက်ရုပ်မျိုး လိုချင်တာလဲဗျ”
သူ့အမေးကိုဖြေဖို့အတွက် ကိုသာမညက တောင်ကြည့်မြောက်ကြည့် ကြည့်လိုက်သေးသည်။ တကယ်က ဘေးမှာ ဘယ်သူမှလည်းရှိတာမဟုတ်။ သူ့အိမ်ကလည်း ၁၀၀ ရာခိုင်နှုန်းအသံလုံစနစ် တပ်ဆင်ထားတာ။
“ဒီလိုဗျာ မာရီလင်မွန်ရိုး အသက် ၂၀ အရွယ်က ဆိုဒ်အတိုင်းနဲ့ မျက်နှာကတော့ ခင်သန်းနု အသက်၂၀ က ရုပ်ပေါ့ဗျာ ဟဲဟဲ” ရတာမှသိပ်ရသပေါ့။ သို့သော် ဒီလူပျိုကြီးကို နည်းနည်းတော့ ငွေညှစ်ရမည်။ ဈေးကိုင်ထားမှ။ သူ ဒီစီလီကွန်စက်ရုပ်များလုပ်နေခဲ့တာ ကြာပြီ။ အော်ဒါတွေလည်း လာလိုက်သည့်ဖြစ်ချင်း။
စီလီကွန်က အထိအတွေ့ ညက်ညောသည်။ စက်ရုပ်ဖြစ်သည့်အတွက် ကိုယ်ကြိုက်သလို မှာယူနိုင်သည်။ တချို့ဆို ကိုရီးယားမင်းသမီးလေးတွေ ပုံစံမှာကြသည်။ အွန်စောကတော့ အမှာအများဆုံးပေါ့။ ခုဆို သူအွန်စော ရုပ်လုပ်ပေးခဲ့တာ ၃၃၉ ရုပ်ရှိသွားပြီ။ ခက်တာက သူ့စက်ရုပ်များနှင့် အတူနေထိုင်ဖူးသူများ အားလုံး လူသားများနှင့် မနေချင်ကြတော့။ အဲဒီ့အတွက် သူကတော့ ပိုက်ဆံရသည်ပေါ့။
လူသားတို့၏ သဘာဝကို တော်လှန်ရာကျနေမလားလို့ ခဏခဏ စဉ်းစားရသည်။ သို့သော်လည်း အချိန်တန်လို့ အမှာရောက်လာရင် သူ့လက်တွေက ကွန်ပျူတာဆီ အလိုလို ရောက်သွားမြဲ။ သူက ပရော်ဖက်ဆာကြီးဆိုပေမယ့် ရှေးဟောင်းပစ္စည်းများကိုတော့ မြတ်နိုးလှသည်။ သူများတွေကို စက်ရုပ်ဇနီးတွေ စက်ရုပ်ခင်ပွန်းတွေ ဖန်တီးပေးနေပေမယ့် သူကတော့ တကယ့်လူသားဇနီးသည်ကို ပေါင်းနေသူဖြစ်သည်။
“ကဲ ဒေါက်တာ ဘယ်တော့ရမလဲ။ ဘယ်လောက်ကျမလဲ။ စရံ ဘယ်လောက် ပေးခဲ့ရမလဲ”
ကိုသာမညအသံက သူ့အတွေးကို ဖြတ်တောက်လိုက် သည်။ သူ့ခေါင်းထဲတွင် ပေါင်းနှုတ်မြှောက်စား အမြန်လုပ်ပြီး ပြောလိုက်သည်။ “ဒေါ်လာ ၆ သောင်း ကျမယ်ဗျ” သူ့စကားကြောင့် ကိုသာမညက နည်းနည်းတော့ တွန့်သွားသည်။ တွန့်ပေမပေါ့။ ဒီစက်ရုပ်ဇနီးသည်ကိုလိုချင်လွန်းလို့ နှစ်ပေါင်းများစွာ စုဆောင်းလာသည့် ငွေတွေ တထိုင်တည်း ကုန်တော့မှာကိုး။
သို့သော် တန်ပါသည်။ စက်ရုပ်ဇနီးသည်က လူသားဇနီးသည်လို စကားလည်းမများ၊ နောက်ဆုံးပေါ် အဆင်ဆန်းဝတ်ချင်လှချည် ရဲ့လည်း မပူဆာ၊ ထမင်းလည်းကျွေးစရာမလို၊ ရုပ်ရှင်လည်း လိုက်ပြဖို့မလို။ ဒါပေမယ့် ဒီစက်ရုပ်ဇနီးသည် ဆီကတော့ ကိုယ်လိုအပ်သလောက် ချမ်းသာသုခ အပြည့်အဝ ရနိုင်သည်။ ပြီးတော့ အိမ်မှု ကိစ္စတွေလည်း နိုင်နင်း လိုက်သည့်အမျိုး။ အသက်ကလည်း ကိုကသာ ကြီးချင်သလောက်ကြီးလာမည် သူတို့က ဒီအရွယ်က ဒီအရွယ်။ ဘယ်လောက် ကောင်းလိုက်သလဲ ဆိုတာ။
ကိုသာမညက စရံ ဒေါ်လာ တသောင်းထုတ်ပေးရင်း တိုးတိုးကပ်ပြောသည်
“ကျနော့်ကို မောင်တော်ဘုရားလို့ ခေါ်အောင် ထည့်ပေးထားနော်။ အသံကတော့ ကြိုးကြာလေးရဲ့ အသံပေါ့ဗျာ”
သူ့စက်ရုပ်တွေ ဘယ်လောက်တောင် လူကြိုက်များလိုက်သလဲ ဆိုရင်။ တချို့များ အဲဒီစက်ရုပ် ပိုင်ဆိုင်ပြီးနောက်ပိုင်း ရှိထားသည့် လူသားမိန်းမများနှင့် ကွာ၊ ရည်းစားများနှင့် ပြတ်သည်အထိဖြစ်ကြသည်။ တအိမ်ကျော်က ကိုဆွေကတော့ အရုပ် ၂ ရုပ်မှာထားသည်။ တရုပ်က မို့မို့မြင့်အောင် ၁၆ နှစ်သမီးက မျက်နှာနှင့် နန္ဒာလှိုင် ၂၀ အရွယ်ကိုယ်လုံးတဲ့။ နောက်တရုပ်ကတော့ အွန်စောမျက်နှာနှင့် မိုးဟေကိုဆိုဒ်၊ အသားအရောင်က မေသန်းနုလို။
သူ့ဆီကို ထူးဆန်းသည့် အမျိုးသမီး ၂ ယောက်လည်း လာဖူးသည်။ သူတို့က သတ်သတ်စီ တနေရာစီက လာကြတာဆိုပေမယ့် မှာတော့ ကီဗင်ကော့စနာ နဲ့ တပုံစံထဲတူတဲ့ ယောက်ျားလိုချင်သည်ဟုဆိုသည်။ သူက လုပ်ပေးရတာ အပမ်းမကြီး။ အွန်စောတောင် ၃၃၉ ရုပ် လုပ်ပေးခဲ့တာပဲ။ ကီဗင်ကော့စနာ ၂ ရုပ်လောက်များ၊ ဘာမှမခက်။ သို့သော် ခက်နေတာက ထိုအမျိုး သမီးများဖြစ်သည်။ သူ့ရှေ့တွင် သူအရင်မှာတာ၊ ကိုယ်အရင်မှာတာ ဖြစ်ကုန်သည်။ သူက ၂ ရုပ်လုပ်ပေးပါမည် ဆိုတော့ လက်မခံ။ တရုပ်ထဲဖြစ်စေရမည်တဲ့။ ရန်ထဖြစ် လိုက်တာ ကြွက်ကြွက်ညံသွားသည်။ နောက်ဆုံးမနည်းတောင်းပန်ပြီး မဲစနစ်နှင့် လုပ်ခိုင်းရသည်။ မဲမပေါက်တဲ့သူကိုတော့ ဘရက်ပစ်ပဲယူပါဟု ပြောလိုက်ရသည်။
မိန်းမ ကတော့ သိပ်မလာ။ ကြည့်ရတာ လူယောက်ျားတွေကိုပဲ ကြိုက်နေတုန်းထင်သည်။ ခက်တာက ယောက်ျားတွေဖြစ်သည်။ သူတို့လိုအပ်ချက်က ဆန်းကျယ်လွန်းလှ၏။ လိုအပ်ချက်က ပြည့်ပဲမပြည့်နိုင်ကြ။ ခုဏ ကိုသာမညပဲကြည့် မောင်တော်ဘုရားလို့ခေါ်အောင် လုပ်ပေးရမယ်တဲ့။
ကိုဆွေ ကျတော့တမျိုး သူ့စက်ရုပ်မ နှစ်ရုပ်ကို သဝန်တိုတတ်တဲ့စိတ် ထည့်ပေးထားရမယ်တဲ့။ ကြံကြံဖန်ဖန်။ တော်တော်အနုစိတ်ရတာ ဆိုတော့ ဒေါ်လာ ၅ ထောင် ပိုယူလိုက် သည်။ ကိုဆွေကတော့ သူဌေးဆိုတော့ အေးဆေးပဲ ထုတ်ပေးပါသည်။ သဝန်တိုစိတ် ထည့်ပေးထားတဲ့ မို့မို့မြင့်လှိုင်နဲ့ အွန်စောကိုနု တို့က အသက်ဝင်လာတာနဲ့ တယောက်ကို တယောက် စောင်နေကြ တော့သည်။ ကိုဆွေက တယောက်အနားကို ကပ်ရင် နောက်တယောက်က ငြူစူစောင့်အောင့်သည်၊ နှုတ်ခမ်းစူ စိတ်ကောက်သည်။ တခြား တယောက်နားကပ်ရင် ကျန်တယောက်က ပစ္စည်းတွေကို ဆောင့်ချသည်။ မျက်စောင်းထိုးသည်။ ကိုဆွေကတော့ ကျေနပ်လို့။
သူကတော့ ဒီစက်ရုပ်တွေတီထွင်ရင်း ပိုက်ဆံတွေ ထားစရာ နေရာမရှိတော့။ သို့သော်လည်း သူ့ကြောင့် ကမ္ဘာ့လူဦးရေ လျော့ကျမှုကြီး ဆက်တိုက်ဆိုသလို ဖြစ်လာနေပြီ။ ကြာလျှင် လူသားများ မျိုးသုဉ်းသွားပြီး ပုရွက်ဆိတ်နှင့် လင်းပိုင်များသာ ကြီးစိုးသော ကမ္ဘာကြီးဖြစ်တော့မည်ဟု တချို့ပညာရှင်များက မှန်းဆနေကြသည်။ ထို့အတွက် ရှေးရိုးအယူအဆရှိသူတို့က ယတြာ ခြေကြသည်။
သူ့အတွေမဆုံးခင် ဇနီးသည် သူ့အနားရောက်လာသည်။ ကော်ဖီလင်ဗန်းကလေးကို ကိုင်ရင်း သူ့နားမှာ ထိုင်လိုက်သည်။ သူ့ဇနီးက ငယ်ငယ်က တော်တော်လှသည်။ ခုတော့ အသက်အရွယ်အရ အလှတွေပျောက်ဆုံးကုန်ပြီ။ ငယ်ငယ်ကအလှက နည်းနည်းသာ ရိုးတိုးရိတ်တိတ်လေး ကျန်တော့သည်။ သူ့ဇနီးကိုကြည့်ရင်း သူ့စိတ်ထဲ အာသီသ တခုဖြစ်ပေါ်လာသည်။ သူ့စက်ရုပ်တွေကို သူခိုင်းချင်တိုင်း ခိုင်းလို့ရ၊ ပြောချင်တိုင်းပြောလို့ရနေတာ။ တခါလောက်တော့ လူသားဇနီးသည်ကို ခိုင်းကြည့်ဦးမှ ဆိုသည့်စိတ်ကလေး ဖြစ်၏။ ကိုသာမညပြောခဲ့သည့် စကားတခွန်းကို သတိရမိသွားသောကြောင့် ဇနီးသည်ကို ကြည့်ပြီး ပြောလိုက်သည်။
“ခင် ကိုယ့်ကို မောင်တော် ဘုရား လို့ ခေါ်ပါလားဟင်” ဇနီးသည်က ပြုံးပြုံးလေး ကြည့်နေသည်။ သူအားတက်သွား၏ “ခေါ်မလား။ အဲလိုခေါ်ပါနော်။ ကိုယ်က ခင်ရေဆိုရင် မောင်တော် ဘုရားလို့ ထူးပေါ့”
ထိုစဉ် အုံးကနဲ အသံကြီးတသံ ကြားလိုက်ရသဖြင့် လန့်သွားသည် “ဟင် သေနာကျ အိပ်နေလိုက်တာ ကုလားသေ၊ ကုလားမော။ ဒင်းကိုများ ကျုပ်က မောင်တော်ဘုရားလို့ ခေါ်ရမယ်တဲ့ ဟုတ်လား။ ကဲကဲ ခေါ်မယ်။ မောင်တော်ဘုရားရေ ဒီနေ့ မီးမလာတော်မူတဲ့နေ့ မို့လို့ ထမင်းကို မီးသွေးတော်မွှေးပြီးချက်ရမယ်။ ချိုးရေတော်တွေလည်း မရှိတော့ဘူး။ အဲတော့ ရပ်ကွက်ရေတွင်းက ရေသွားခပ်ဖို့ ဒီမှာ ရေပုံးတော်ကြီး။ သွားတော်မူတော့။ ရှင်ရဲ့ ရေးလက်စ နှစ်ကြောင်းတောင် မပြီးသေးတဲ့ စာမူတော်ကြီးကို ညကျမှ ဖရောင်းတိုင်တော်ထွန်းပြီး ဆက်ရေးပေါ့ ဟုတ်ပြီလား”
ပြောပြီးဘောက်ဆတ်ဘောက်ဆတ် ထွက်သွားတဲ့ သူ့မိန်းမရဲ့ ထဘီစကို ဆွဲလို့ လိုက်သွားတာကတော့ သူ့ရဲ့ မတိမ်းမယိမ်း ဘု၊ စု၊ ခရု သုံးကောင်။ အင်းလေ စက်ရုပ်တွေ မတီထွင်နိုင်သေးတော့လည်း လူသား မျိုးသုဉ်းမှု အန္တရာယ် မကြုံရဘူးပေါ့။

Wednesday, February 25, 2009
|
Labels:
ဝတ္ထုတို
|
This entry was posted on Wednesday, February 25, 2009
and is filed under
ဝတ္ထုတို
.
You can follow any responses to this entry through
the RSS 2.0 feed.
You can leave a response,
or trackback from your own site.
Subscribe to:
Post Comments (Atom)
14 comments:
အမရေ မောင်ငယ်လေး ဖတ်တော်မူသွားတယ်
ရီတော်မူပြီး ပြန်တော် မူသွားတယ်
အမစဉ်းစားတော်မူတာ တော် တော်မူတယ်။
လေးစားတော် မူတယ် အမတော်း)
အမတော်လို သရော်တော်တော်လေးတွေ
ရေးတတ်ချင်တော် မူတယ် အမတော်ရယ်း)
ကိုယ့်အမတော်ရဲ့ ဝတ္ထုတော်ကို ဖတ်တော်မူပြီးသကာလ စက်ရုပ်တော်တခုလောက် မှာတော်မူမလားလို့.......
အုံး ကနဲ ဆိုလို့ အမြောက်နဲ့များ ထုလိုက်သလား မှတ်တယ်... စိတ်ထဲတော့ ထင်နေသား...း)
အတွေးဆန်းသလောက် အရေးလန်းပါပေတယ် :D
ဂွတ်ဒ် ဂွတ်ဒ်!
မဖုရားလေးတိုင်းခန်းလှည်.လယ်လာတယ်၊
တယ်ဟုတ်ပါလား၊မဖုရားလေးလည်း
ဇော်ဝင်းထွဋ် မျက်နှာ၊ ကိုနေကိုတိုး အရပ၊် သပြေသီးဖူး(အဲ)ပြေတီဦး အသံ၊ အိုဗားမာ ပါဝါ၊ bill gate ဥိးနှောက် နှင်. စက်ရုပ်အလိုရှိတော်မူကြောင်းပါ။
ဈေးဝယ်၊ဟင်းထမင်းချက်၊အိမ်သန်.ရှင်းရေးအတွက်
Paris Hilton,Victory Backham,တို.ကို
ယောင်လို.တောင် လက်ဆောင်တော် မပသတော်မူလိုက်ပါနဲ.နော်..
ကေလာမမ
ဎတ္ထုရော၊ ကောမန့်တွေရော.. ရယ်လိုက်ရတာ အူနာရော
စက်ရုပ်တော်မှာတော်မူရင် သတိတော့ထား ကိုမောင်ကမ္ဘာရေ့။ တော်ကြာ ကိုယ့်အစ်မတော်ရဲ့ အစ်မတော်နဲ့ တွေ့သွားလို့ မီးပွင့်တော်မူနေဦးမယ် .. :P
စက်ရုပ်များများမှာ ဖို့ ပိုက်ဆံစုတော့မယ်ဗျို့ ။ :D
ခုမှပဲ နာ့အကိုတော် ကိုသာမညအကြိုက်ကို သိတော်မူတော့တယ်.. ဟဲဟဲ....
အင်း ကေဗင်ကော့စနာကိစ္စကလည်း တချို့ကို စောင်းပြောတော်မူတယ်ထင်ပါ့ :P
ဟားဟားဟား .. အရမ်းကို ရီတော်မူသွားပါတယ်ဗျို့ .. :D:D:D
ပြောချင်တာက မိန်းမတွေက လိုဘက်မပြည့်တာလား။
ယောက်ျားတွေက လိုဘက်မပြည့်တာလားဟင်။
မိန်းမတွေ လိုချင်သလောက် ယောက်ျားတွေ မဖြည့်ဆည်းပေးနိုင်တာကိုပဲ ပြောရမလား။
ယောက်ျားတွေ ပေးနိုင်သမျှနဲ့ မရောင့်ရဲနိုင်တဲ့ မိန်းမကိုပဲ ပြောရမလား။
သိတော့ဘူး ကြက်မနဲ့ ကြက်ဥ ဖြစ်နေပြီ။
ခေါင်းမူးပြီး ပြန်သွားပြီ။
လက်ခုပ်တီးပါတယ်ဗျာ...
တကယ့်ကို ပါရမီထူးတဲ့ အရေးအသားနဲ့ ထိုးဖောက် စဉ်းစားတဲ့ အိုင်ဒီယာပါပဲ။
အခုလက်ရှိအချိန်ထိတော့ လူသားမျိုးမတုံးမှာတော့ အသေအချာပါပဲ။ ဘယ်အချိန်မှာ ဘယ်လိုဖြစ်လာမလဲ ဆိုတာတော့ မပြောတတ်သေးဘူးပေါ့။
အကျင့်က မပျောက်ဘူး
ဝတ္ထုရေးတာတောင် အစောင်းအချိတ်ကလေးနဲ့။
အဟဲ...
ကျနော်တော့ တိုက်တန်းနစ် မတိုင်ခင် ကိတ်ဝင်းစလက် တစ်ရုပ်လောက်လိုချင်ပါတယ်။
တခြားမဟုတ်ပါဘူး။ ဘီယာ ငှဲ့ခိုင်းဖို့ပါ။
Post a Comment