အက်ဆေး ၁

တကယ်တော့ ဘလော့ကလေးလုပ်ပြီးပြီဆိုရင် အမြဲ အပ်ဒိတ် လုပ်နေသင့်တာပါ။ လုပ်နိုင်တဲ့ သူတွေကို အရမ်းအားကျမိပေမယ့် အလွန်အပျင်းကြီးတဲ့ကျမက စိတ်ထဲကပဲ စာတွေရေး စာတွေတင် လုပ်နေပြီး လက်တွေ့မှာ တော်တော်လေး အလုပ်မဖြစ်ခဲ့ပါဘူး။ ပိုဆိုးတာက ဒီရက်ပိုင်းမှာ တခြားအလုပ်တွေနဲ့ ရှုပ်နေတော့ ဘလော့ကိုမလုပ်ဖြစ်ဖို့ ကိုယ့်ဖာသာ အကြောင်းပြစရာ ကောင်းကောင်းရနေတော့တာပေါ့။ တကယ်တော့လည်း ဘယ်သူကမှ ကျမကိုအပ်ဒိတ်လုပ်ပါလို့ ပြောနေတာ မဟုတ်ပါဘူး။ ပြောရအောင်လည်း ကျမဘလော့က ကြည့်တဲ့သူလည်း သိပ်ရှိပုံမရပါဘူး။ အဲဒီအတွက် အားလည်းမငယ်ပါဘူး။ စိတ်လည်းမညစ် ပါဘူး။ (မျက်နှာကတော့ ဒီလိုပြောင်တာ) မဂ္ဂဇင်းတွေမှာ ရေးတုန်းကတော့ သူငယ်ချင်းတွေကို အတင်းပဲ လက်ဖက်ရည်တိုက်ပြီး ဖတ်ချင်မှန်းမသိ မဖတ်ချင်မှန်းမသိ ဖတ်ခိုင်းတာပါ။ ခုတော့ လင့်တွေ အတင်းပို့ပေးလည်း ဖတ်ချင်ယောင်ဆောင်ပြီး မဖတ်ရင် ဘာမှမတတ်နိုင်ဘူးလေ။ လက်ဖက်ရည်လည်း တိုက်လို့မရ။ ဒီတော့ ကိုယ့်ပါခဲ့ဖူးတဲ့ ဝတ္ထုလေးတချို့ မှတ်တမ်းပုံစံလေး ရှိ ပြီးရောဆိုပြီး ကိုယ့်ဘာသာတင် ကိုယ့်ဘာသာ ဖတ်။ ကိုယ့်ကိုယ်ကိုယ် အားပေးပေါ့။ တနေ့ကတော့ မမိုးချိုသင်းရဲ့ဘလော့ကို သေသေချာချာ ဝင်ဖတ်မိတယ်။ အားပါး ကောင်း လိုက်တာဆိုတာ… ကောင်းလည်းကောင်း များလည်းများ..ကောင်းများပေါ့။ ဒါမျိုးက တော်တော် ရှားပါတယ်။ အဲဒါနဲ့ သူ့ကို ကောင်းတဲ့ အကြောင်းလေး လှမ်းပြော မိတော့.. သူက တနေ့တပုဒ် တင်ဖို့ ကြိုးစားတယ်တဲ့..။ ဘုရား ဘုရား အားကျလိုက်တာ..။ ကျမကတော့ အားကျတယ် အားကျတယ် အားကျရုံပဲ တတ်နိုင်ပါတော့တယ် ဆိုတဲ့သီချင်း ကိုပဲ အခါခါ ဆိုနေမိတော့တယ်။ ကိုယ်မှမလုပ်နိုင်ဘဲလေ။ စိတ်တော့ မပျက်ပါဘူး။ ဘယ်ရမလဲ။ အားကျတာ အရှိန်လေးရတုန်း တပုဒ်လောက်တော့ တင်ဦးမှ ဆိုပြီး အားတက်သရော စဉ်းစားမိတယ်။ ငယ်ငယ်က စာမေးပွဲကျရင် နောက်နှစ် ငါဒီလို မဖြစ်စေရဘူး ဆိုပြီး ကျုံးဝါးသလိုပေါ့။ နှစ်စမှာ စာတွေ အသည်းအသန်ကျက်။ နောက်တော့လည်း ဒုံရင်း ဒုံရင်း (ကျမလို ကျဖူးတဲ့သူတွေ သိမှာပါ)။ တင်မယ်ဟေ့ဆိုတော့ ကျမမှာ ဝတ္ထု လေးတွေက ရှိပေမယ့် စာရိုက်ပြီးတာ အဆင်သင့်ကမရှိပြန်… ။ ဒါနဲ့ ဇနက္ကထုံး နှလုံးမူပြီး မလျှော့သောဇွဲနဲ့ မိုးမခ မီဒီယာမှာ (ဇူးလူး) ဆိုတဲ့ ကလောင်နာမည်နဲ့ ရေးခဲ့တဲ့ အက်ဆေးလေးကိုပဲ အားကျိုးမာန်တက် ပြန်ဆွဲတင်လိုက်ပါတော့တယ်။ အဲဒီအက်ဆေးလေးက မှတ်မှတ်ရရ မနှစ်က ကျမအသက် ၃၆ နှစ် တိတိ ပြည့်တဲ့ အချိန်မှာ ရေးတာပါ။ ခု ဒီလမှာ ကျမအသက် ၃၇ နှစ်ပြည့်ပြီ။ မနှစ်ကထိ ကျမဟာ အကြိမ်ပေါင်း ၃၆၀၀ မက လိမ်ညာခဲ့ ဖူးတယ်ဆိုရင် ဒီနှစ်ထိဆိုတော့ ၃၇၀၀ ထက်မနည်း လိမ်ညာခဲ့ပြီလားလို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်မိတယ်။ (မေးသာမေးတာ ပြန်တော့မဖြေဘူးနော်)။ အဲဒီအက်ဆေးလေးက ကျမတို့ငယ်ငယ်က ရေးခဲ့တဲ့ My self ပေါ့။ “ကျမ၏ အ ကြောင်း ” ကို ကျမဘလော့ထဲ မျက်စေ့လည် လမ်းမှား ဝင်လာတဲ့သူတွေ ဖတ်ကြည့်ပေးပါဦး

ကျမ၏အကြောင်း
ဇူးလူး ဇန်န၀ါရီ ၁၂၊ ၂၀၀၈
၂၀၀၇၊ သြဂုတ်လတွင် ကျမအသက်၃၆နှစ်ပြည့်ပြီိ။ ကျမတွင် အမေ၊ အကိုတယောက်၊ မောင်တယောက်၊ ခင်ပွန်းသည်၊ သားနှစ်ယောက်တို့ ရှိသည်။ ကျမအသက်၃၆နှစ်တွင် ကျမ၌ သူငယ်ချင်း ၃၆ယောက်မက ရှိနေပြီး မိတ်ဆွေဟု ထင်ရသူလည်း ၃၆ယောက်မက ရှိနေကာ၊ ရန်သူဟုထင်ရသူ ၃၆ယောက်နီးပါးခန့် ရှိသည်။ (ထိုအချက်မှာ ကျမ၏ အထင်သာဖြစ်၏)။
တချို့သောသူငယ်ချင်းများမှာ ကျမကခင်၍ ကျမကိုမခင်သောသူများ ဖြစ်ကြပြီး အချို့မှာ ကျမကို သူတို့ကခင်၍ ကျမက ပြန်ခင်ချင်ယောင်ဆောင်သောသူများ ဖြစ်ကြပါသည်။ ထိုကဲ့သို့ ခင်ချင်ယောင်ဆောင်ရခြင်းမှာ ထိုသူတို့ စိတ်မကောင်းမှာ စိုးသောကြောင့် ဖြစ်၏။ ထို့အတွက် ကျမ အနည်းငယ် လိမ်လည်ရပါသည်။ ကျမသည် အသက် ၃၆နှစ်အရွယ်တွင် ပိပိရိရိ လိမ်ညာပြောဆိုနေတတ်ပြီဖြစ်သည်။ ယခုအချိန်ထိ ကျမ အကြိမ်ပေါင်း ၃၆၀၀ မက လိမ်ညာပြီးပြီ ဖြစ်သည်။
တချို့သောသူများမှာ အမှန်တရားကို ပြောဆို၍ မရသောကြောင့် လိမ်ညာရခြင်းသာဖြစ်ရာ ထို့အတွက် ကျမ အနည်းငယ် စိတ်မကောင်းဖြစ်ရပါသည်။ သို့သော် ကျမနှုတ်ဖျားမှ လိမ်လည်သည့် စကားများကို ကျွမ်းကျင် ပိုင်နိုင်စွာ ပြောဆိုနေတတ်ပြီဖြစ်ကြောင်း အံ့သြစွာ သိလိုက်ရပါသည်။ ကျမ အသက်၃၅နှစ် အရွယ်တွင် ကျမ၌ သားတယောက်သာ ရှိသေးပြီး ထိုကာလက ကျမအတွက် တစုံတရာ ထူးထူးခြားခြား ဘာမှမဖြစ်ခဲ့ပါ။ ထူးထူးခြားခြား မဖြစ်ဆိုသော ကိစ္စရပ်များတွင် လိမ်ညာသည့် ကိစ္စရပ်များလည်း ပါပါသည်။ လိမ်ညာသည့် အလုပ်မှာ ကျမအတွက် ဘာမှ မထူးခြားသော အလုပ်ဖြစ်ပါသည်။
ကျမအသက် ၃၄နှစ်တုန်းက ကျမ၏ အကို အနည်းငယ် နေမကောင်းဖြစ်သည်။ ထိုနှစ်က ကျမ၏ ယောက္ခမကြီး အဆုတ်ကင်ဆာဖြင့် ကွယ်လွန်သည်။ ထို့အတွက် ကျမ စိတ်မကောင်း(အမှန်တကယ်) ဖြစ်ရသည်။ သူမနှင့်ကျမက ချွေးမနှင့် ယောက္ခမ ဆက်ဆံရေးထက် ပိုသောကြောင့်ဖြစ်၏။ ကျမက သူမကို သူငယ်ချင်းတယောက်လိုပါ ခင်သည်။ ကျမ၏အသက် ၃၃နှစ်၊ ၃၂နှစ်၊ ၃၁နှစ်၊ ၃၀ ပုံမှန် ရုန်းကန်လှုပ်ရှားမှုများဖြင့် ထူးခြားမှု တစုံတရာမရှိလှပါ။ ထိုအချိန်ကလည်း လိမ်ညာမှုများ ရံဖန်ရံခါ ပြုလုပ်နေပြီိး သိပ်မထူးခြားသော ကိစ္စရပ်များထဲတွင် ထိုလိမ်ညာမှုကို ထည့်သွင်း၍ ရနေပြီဖြစ်သည်။
ကျမ၏အသက်၂၉နှစ်တွင် သားကြီးကို မွေးသည်။ ထိုကိစ္စရပ်ကတော့ ကျမအတွက် အလွန်ထူးခြားသည့် ဖြစ်ရပ် တခုဟု ဆိုနိုင်သည်။ သားဦိးဖြစ်သောကြောင့် ကျမတို့လင်မယား အရူးအမူးဖြစ်ကာ ကလေးနှင့်သက်ဆိုင်သည့် အဆိုအမိန့်များကို အိမ်အနှံ့ လိုက်လံ ချိတ်ဆွဲကြသည်။ ထိုအထဲတွင် ပါးရှန်းကဗျာဆရာတယောက်၏ အဆိုအမိန့်တခုလည်း ပါလာသည်။ ထိုအဆိုအမိန့်က “လိမ်တာမကြိုက်ရင် အမှန်တရားကို လက်ခံလိုက်ပါ” ဟူ၍ဖြစ်၏။ ကျမ ထိုစာတန်းကို အလွန်သဘောကျသည်။ သားနှင့် ပတ်သက်၍ ထိုစကားအတိုင်း လိုက်နာကျင့်သုံးကြရန် ကျမတို့ လင်မယား ကတိပြုခဲ့ကြသည်။ သို့သော် ကျမတို့နှစ်ယောက်စလုံး ထိုကတိကို မတည်ခဲ့ကြပါ။ တဦးကိုတဦးလိမ်ညာ၍ ကတိပေးခဲ့ကြခြင်းသာဖြစ်သည်။
အသက်၂၈နှစ်အရွယ်တွင် ကျမ စာပေလောကသို့ စတင်ခြေချမိသည်။ ကျမကချစ်သော၊ ကျမကိုချစ်သောသူနှင့် လက်ထပ်သည်။ (ထိုအချက်မှာ ကျမ၏ထင်မြင်ချက်သာ ဖြစ်သောကြောင့် မှားချင်လည်း မှားနိုင်ပါသည်။ သို့သော် အသက်၃၆နှစ်အရွယ်၊ အိမ်ထောင်သက်ရှစ်နှစ်တွင် ကျမ ထိုစကားကို အနည်းငယ် ရဲရဲဝံ့ဝံ့ ပြောနိုင်နေပြီဖြစ်၏။) ထိုကာလများတွင်လည်း လိမ်လည်ပြောဆိုမှုတချို့ ရှိခဲ့ပါသည်။ သို့သော် မကောင်းသည့် ရည်ရွယ်ချက် တစုံတရာမပါပါ။
အသက်၂၇နှစ်တွင် ကျမကိုချစ်သောသူတယောက်ကို ကျမကမချစ်ဘဲနှင့် ချစ်ပါသည်ဟု ပြောမိခဲ့သည့်အတွက် အမှန်တရား ပေါ်ပေါက်ခဲ့ရသည်။ ထိုဖြစ်ရပ်မှာ ကျမ၏လိမ်လည်မှု မတတ်ကျွမ်းခဲ့သောကြောင့်ဟု ထင်ပါသည်။ သို့သော် ထိုသူက ကျမကို ဆက်လိမ်စေချင်ခဲ့သည်။ ကျမက ကြာကြာ မလိမ်နိုင်ခဲ့ပါ။
ကျမအသက်၂၆ နှစ်တွင်တော့ ငါးနှစ် တိတိ ကိုယ့်ကိုယ်ကိုယ် လိမ်ညာခဲ့သည့် ဖြစ်ရပ်တခုကို ဖြေရှင်းခဲ့သည်။ ကျမသည် တပါးသူများကို မလိမ်ခင်ကပင် ကိုယ့်ကိုယ်ကိုယ် ငါးနှစ်လိမ်ခဲ့သည်။ ထို့အတွက်ပဲ လိမ်ခြင်းအတတ်ပညာ၌ တဖက်ကမ်းခတ်ခဲ့သည်လားမသိ၊ ငါးနှစ်တိတိ လူတယောက်ကိုချစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် လိမ်ညာခဲ့ပြီးမှ ကံကောင်းထောက်မစွာ ထိုဖြစ်ရပ်ပေါ်ပေါက်၍ ဖြေရှင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျမ၏ အသက် ၂၆ မှ ၂၁နှစ်အချိန်များကို ကျမကိုယ်ကျမ ပြန်လည်လှည့်ဖျားကာ မေ့ထားလိုက်ပါမည်။
၂၁နှစ်အရွယ်တွင် ကျမ၏ဘ၀၌ ကြီးမားသောအပြောင်းအလဲကြီးတခု ဖြစ်ပေါ်ခဲ့သည်။ ကံကြမ္မာ၏လှည့်ဖျားမှုကို အကြီးအကျယ်ခံခဲ့ရသည်။ ထိုနှစ်က ကျမ၏အဖေ ကွယ်လွန်ခဲ့သောကြောင့် ဖြစ်သည်။ ထိုဖြစ်ရပ်မှာ ကျမအတွက် အစားထိုးမရနိုင်သော ဆုံးရှုံးမှုကြီးတရပ်လည်း ဖြစ်၏။
ထို ရှေ့နှစ်ပိုင်းများတွင်မူ ကျမ၏ဘ၀မှာ သာသာယာယာ၊ အပူအပင် ကင်းမဲ့လှသည်။ ချမ်းချမ်းသာသာဖြင့် မနေရသော်လည်း မိခင်၊ ဖခင်တို့၏ အရိပ်အောက်တွင် စိတ်ချမ်းမြေ့ခဲ့ရသည်။ ထိုကာလများက ကျမတွင် အသေးစား လိမ်ညာမှုလေးများ ရှိခဲ့သော်လည်း ကျမ၏ မပိရိမှုကြောင့် ပေါ်ပေါက်ခဲ့ရသည်က များသည်။ မပြောပလောက်သဖြင့် မဖော်ပြလိုတော့ပါ။
ခုအချိန်တွင် ကျမသည် လိမ်ခြင်းအတတ်ပညာကို တဖက်ကမ်းခတ် တတ်မြောက်ခဲ့သလို၊ လိမ်ရသည့်အလုပ်ကိုလည်း အတော်ပင် ၀ါသနာပါခဲ့ပြီဖြစ်သည်။ ကျမ၏နှုတ်ဖျားမှ အလိမ်အညာများ ရှောရှောရှူရှူ ထွက်သွားတတ်ပြီး တခါတရံ ထိုအလိမ်အညာတို့ကို အမှန်တရားဟုပင် ထင်နေမိသေးသည်။ ၀တ္ထုရေးရသည်ကို ၀ါသနာပါလှသော ကျမအနေဖြင့် လိမ်လည်ခြင်းက တော်တော်လေး အထောက်အကူ ဖြစ်ပါသည်။
ကျမတွင် အမှန်တရားကြောင့် ပြဿနာဖြစ်ရသည်က လိမ်လည်ခြင်းကြောင့် ပြဿနာ ဖြစ်ရသည်ထက် အကြိမ် ပိုများနေသည်မှာ ထူးခြားလှသည်။ သူငယ်ချင်းတယောက်၏ အကြောင်းကို အမှန်အတိုင်း နောက်ပြောင်၍ စာထဲ ထည့်ရေးလိုက်မိသောကြောင့် ခြောက်လလောက် မခေါ်မပြောဘဲနေသည်ကို ခံရဖူးသည်။ ထို သူငယ်ချင်းကို ချော့သည့်အနေဖြင့်မဟုတ်ဘဲ မြှောက်ပင့်ရေးပေးလိုက်ရာ သူက ပြန်ခေါ်သည့်အပြင် သူ့သူငယ်ချင်းများထဲတွင် ကျမကိုအခင်ဆုံးဟုပင် ဆိုလိုက်သေးသည်။ ထို့ကြောင့် တခါတရံ မလိမ်ချင်ပါဘဲ မဖြစ်မနေ လိမ်လိုက်ရသည်များလည်း ရှိနေပြန်သည်။ စိတ်မကောင်းပါ။
ကျမကလိမ်သလောက် ကျမကိုလိမ်မှာကိုတော့ အလွန်ကြောက်ပါသည်။ ကျမ၏ခင်ပွန်း၊ ကျမ၏သားတို့က ကျမကို အသေးစားလိမ်ညာမှုကလေးများ ပြုလာလျင်ပင် ကျမ ခွင့်မလွတ်ပါ။ ကျမကို လိမ်လို့မရအောင် ဘက်ပေါင်းစုံက ထောင့်စေ့စေ့ အကာအကွယ်များ ယူထားပါသည်။ သို့သော် တချို့သော လိမ်ညာမှုများကိုမူ အရှုံးပေးရသည်။ ကျမအရှုံးပေးရသော လိမ်ညာမှုများတွင် ဗြောင်လိမ်ခြင်းများ ပါဝင်သည်။ လိမ်နေသည်ကို သိသိကြီးနှင့် ခံရခက်စွာ ငြိမ်နေရသည့် အခါမှာတော့ ကျမအနေဖြင့် ၀ဋ်လည်သည်ဟုသာ ခံယူနိုင်တော့သည်။
ကျမအသက် ၃၆ နှစ်တွင် အကြိမ်ပေါင်း ၃၆၀၀ မက လိမ်ညာပြီးသောအခါ ရှေ့ဆက် ကျမ ဘယ်လောက် လိမ်ရဦးမလဲ ကျမသိချင်လာသည်။ သေချာတာကတော့ ကျမအသက်ရှင်နေသ၍ ဆက်လိမ်နေရဦိးမည်။ ကျမက မလိမ်ချင်တာတောင် အလိမ်ခံချင်သူများ ရှိနေသဖြင့် လိမ်ကိုလိမ်ရမည်ဖြစ်သည်။ ကျမ၏ဘ၀စာစီစာကုံးထဲတွင် “လိမ်” ဟူသောစကားကို ဖယ်ထုတ်လိုက်ပါက ဘာမှ ကျန်တော့မည်မဟုတ်ကြောင်းကို ၀မ်းနည်းစွာ သိလိုက်ရချိန်တွင် ကျမအသက် ၃၆နှစ် တင်းတင်း ပြည့်ပြီဖြစ်သည်။ ထို့ကြောင့် ဤစာကို ကျမရေးဖြစ်ပါသည်။
မှတ်ချက်။ ။ စာဖတ်သူကို ၀န်ခံစရာတခု ရှိသေးသည်၊ ထိုအရာမှာ ကျမရေးခဲ့သော အထက်ပါစာစုတခုလုံး အမှန်များချည်းဟု မယူဆစေလိုခြင်းပင်။
(အသက်၃၆နှစ်အရွယ်တွင် ကိုယ့်ကိုယ်ကိုယ် အလိမ်ပါရဂူဘွဲ့ အပ်နှင်းလိုက်သော ဇူးလူး ကိုယ်တိုင် ရေးသားသည်။)

4 comments:

Anonymous said...

အစ်မေ၇ အက်ဆေးလေး က တစ်ကယ်ကောင်းတယ် (လိမ်ပြောတာမဟုတ်မြှောက်ပြောတာလဲမဟုတ်)
မုသားမပါလင်္ကာမချောဆိုတဲ့စကားလဲရှိသကိုး :P

Moe Cho Thinn said...

ညီမရေ
မိုးမခမှာ အဲဒီအက်ဆေးလေးပါကတည်းက ဇူးလူးဆိုတာ ဘယ်သူပါလိမ့်လို့ တွေးနေတာ။ ကောင်းလွန်းလို့ပါ။ (မလိမ်ပါဘူး၊ ကိုယ်တကယ် အကောင်းပြောတာ..)
စာတွေရေးပါ ညီမ၊ ကိုယ် စိတ်ပါတုန်းလေး ရေးဖြစ်တာ၊ အမလဲ ဒီလိုပဲ၊ စိတ်မပါရင် ရေးချင်မှ ရေးတော့မှာ။ အခုတော့ ရေးချင်စိတ် ရှိနေတုန်းလေးမို့။ ရေးချင်စိတ်မရှိတော့ရင် ဘယ်သူဘယ်လို တိုက်တွန်းတွန်း၊ ရေးကို မရေးဘူး။

Htoo Myat said...

ကျွန်ုပ်၏ အကြောင်း ထက်စာရင် ကျွန်ုပ်လိမ်သည့် အကြောင်းများ ဆို ပိုမိုက်မယ်ထင်သဗျို့... တော်တော်ကောင်းတဲ့ အက်ဆေးလေးပါ။

စူး said...

အမရေ.. အရမ်းဖတ်ကောင်းတယ်။ နောက်နေ့မှ ကျန်တာတွေ လာဖတ်ရဦးမယ်
ကြိုက်လွန်းလို့ bookmark ထဲကိုထည့်ထားလိုက်ရပီ.