ဝတ္ထုတို ၃

ဒီခရီးကို ကျမ ပထမတခေါက် သွားခဲ့ဖူးပြီးသားပါ။ ဒါပေမယ့် အခြေအနေချင်းက လုံးကကွဲပြားတယ်။ ပထမတခေါက်က ကိုယ်ပိုင်ကားသေးလေးပေါ်မှာ စကားပြောဖော် လေးယောက်နဲ့ ရပ်ချင်ရာရပ်၊ သွားချင်သလိုသွား၊ သီချင်းတွေဖွင့်၊ ကိုယ်တိုင်လည်း လိုက်အော်ဆိုနဲ့။ ပြင်ပကအခြေအနေကလည်း ခြောက်သွေ့ပြီး ကြည့်လေရာ သစ်ပင်တိုင်းက အရိုးအပြိုင်းပြိုင်း၊ တချို့နေရာတွေမှာ မြေသားပြောင်ပြောင် ဂတုံးသက်သက်။ မွဲခြောက်ခြောက် မြင်ကွင်းက နေရာတိုင်းကို ကြီးစိုးလို့။ လှတာဆိုလို့ ကျမအရမ်း သဘောကျတဲ့ ဘာပန်းလို့နာမည် မခေါ်တတ်တဲ့ ခရမ်းရောင်ပန်းတွေ နေရာတိုင်းမှာ ဝေနေတာလေး တခုပဲ တွေ့ရတယ်။

ခုတခေါက်ကကျတော့ နွေခေါင်ခေါင်ဆိုပေမယ့် မုန်တိုင်းကြောင့်လားမသိ မိုးက အုံ့မှိုင်းလို့၊ ဘတ်စ်ကားကြီးပေါ်မှာ လူတွေအပြည့်ပါပေမယ့် ကျမနဲ့စကားပြောဖော် တယောက်မှမပါ၊ အပြင်ကိုငေးလိုက် ပါလာတဲ့စာအုပ်ကိုဖတ်လိုက်နဲ့ ဘေးပတ်ဝန်းကျင် မြင်ကွင်းက အစိမ်းရောင် ခပ်များများ။ သစ်တော ခပ်စိပ်စိပ်က မျက်စိကို အေးလို့။ တောင်တက်လမ်း ရောက်တော့ မိုးကသည်းလာ…။ ကျမသွားရမယ့် ခရီးဆုံးနဲ့ နီးလာလေ ညနေမတိုင်သေးပဲ မှောင်လာလေမို့ ကျမ စာအုပ်ဖတ်မရတော့ဘူး။ အပြင်ကိုပဲ ငေးမောမိတယ်။ မှောင်တာက သစ်ပင်ကြီးတွေ အုပ်မိုးလာလို့လေ…။ ရဲရဲတောက် စိန်ပန်းနီနီ တွေကို ကြိုကြားကြိုကြား တွေ့ရသေးတယ်။ တောင်ပေါ်ရောက်တော့ ကျမကို ပါးစပ်အဟောင်းသားဖြစ်အောင် မြင်ကွင်းတခုက ဆီးကြိုနေတော့တယ်။ တိမ်တွေ……… အဆုပ်လိုက် အဆုပ်လိုက်…….ကျမဘေးမှာ..ပြီးတော့ ကျမတို့ ကားကြီးရဲ့ တဖက်အောက် ချောက်ထဲမှာ သစ်ပင်တွေကို ချိတ်တွယ်နေတဲ့ တိမ်တွေ…၊ တောင်ချွန်း တောင်ဖျားကို ကွေ့ဝှိုက်နေတဲ့ တိမ်တွေလေ…။ ပန်းချီကားတွေထဲမှာတွေ့ဖူးတဲ့ နတ်ပြည်လိုမျိုးပဲ.. ဘုံတွေ ပြာဿာဒ်တွေ မပါတာကလွဲရင်… ကိုယ့်ကိုယ်ကိုယ် နတ်ပြည်ရောက်နေသလားတောင် ထင်မိတယ်…။

ပြီးတော့ ကျမတို့ ကားကြီးက နှင်းတောထဲ တိုးဝင်ဖို့ ကြိုးစားနေပါလေရော..။ တကယ်ပါ..။ အချိန်အားဖြင့်တော့နွေ…။ အခြေအနေက မိုးတွေသည်းလို့…။ ဒါပေမယ့် ကားမှန်ကို ဖြတ်ပြီး ကျမမြင်တာက ဆောင်းတွင်း မနက်ခင်း နှင်းတွေ ဝေနေသလိုပဲ။ လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က ဆောင်းတွင်းကြီးမှာ မနက်စောစော ကျမတို့မြို့လေးရဲ့ နှင်းမှုံတွေဝေနေတဲ့ လမ်းတွေကို ဖြတ်ပြီး ကျမတယောက်ထဲ စက်ဘီးတစီးနဲ့ ကလေးမလေးတယောက်ကို စာသွားသွား ပြပေးခဲ့ရတယ်။ အဲဒီတုန်းက ကျမ “နှင်းနဲ့ နေခြည်” ဆိုပြီး ဝတ္ထုတိုလေး တပုဒ်ရေးဖူးတယ်။ အဲဒီဝတ္ထုတိုလေးကို ဘယ်မဂ္ဂဇင်းကိုမှ မပို့လိုက်ရဘဲ ပျောက်သွားခဲ့တယ်။ တနှစ်ကတော့ ကျမတို့မြို့က လူငယ်လေးတွေ ချစ်သူများနေ့အတွက် ကဗျာစာအုပ်ကလေး ထုတ်ဖို့ ကျမဆီက ကဗျာတပုဒ်တောင်းတာနဲ့ ကျမက “နှင်းနဲ့ နေခြည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာလေး တပုဒ် ရေးပေးလိုက်တယ်။ အဲဒီကဗျာလေးက ကျမရဲ့ ဝတ္ထုတိုလေးနဲ့ အကြောင်းအရာ အတူတူပါပဲ။ အခုလည်း ကျမ “နှင်းနဲ့နေခြည်” ဆိုတဲ့ ဝတ္ထုလေးတပုဒ် ရေးပါမယ်။ အကြောင်း အရာတူ ခံစားချက်တူ စကားလုံးတွေပဲ ကွဲမှာပါ။ အခု ဒီဝတ္ထုကိုရေးနေချိန် အပြင်ဘက်မှာ မိုးတွေသည်းနေတယ်။ ဧပြီအကုန် မေအကူး နွေ နော်။ ဒါပေမယ့် တကယ်ကိုကျမ ညနေက နှင်းတောထဲ ဖြတ်ခဲ့ရတာပါ……။

နှင်းနဲ့နေခြည်

မင်းကို ကိုယ် ဝံ့ဝံ့စားစား မကြည့်ရဲဘူးနေခြည်။ မင်းက သိပ်တောက်ပလွန်းတယ်။ သိပ်လှပ လွန်းတယ်။ ကိုယ်က သစ်ရွက်ကြို သစ်ရွက်ကြားကနေ မင်းကို ချောင်းကြည့်တဲ့အခါ မင်းက ဟက်ဟက်ပက်ပက်ရယ်မောလို့။ ကိုယ့်ကို လှောင်ပြောင်မယ်မဟုတ်လား။ ကိုယ့်ကို စနောက် ပြီး ပန်းပွင့်လေးတွေပေါ် မြက်ခင်းတွေပေါ်မှာ မင်း ကခုန်ပြေးလွှားသွားတဲ့အခါ ကိုယ်က ရင်သပ်ရှုမော ဖြစ်ရပြန်တယ်။ အဲဒီလို ကိုယ့်ရဲ့ မဝံ့မရဲမှုတွေကို ကြည့်ရင်း မင်းပျော်ရွှင်တဲ့ အခါ ကိုယ်ကပါ ရောပြီးပျော်ရွှင်ရတယ် နေခြည်။

မင်းရောက်မလာခင် မနက်စောစောမှာသာ ကိုယ်က ရဲရဲတင်းတင်း နေရဲတာပါ နေခြည်ရယ်။ သစ်ရွက်ကလေးတွေ ပန်းပွင့်လေးတွေက ကိုယ့်ကို အလိုရှိတယ်လို့ ကိုယ်ထင်တယ်လေ..။ သူတို့က ကိုယ့်ကို မျှော်သလို မင်းကိုလည်း မျှော်ကြပါတယ်။ ဒါပေမယ့် ကိုယ်ကတော့ မင်းကို ကြောက်တယ်။

မင်းက သိပ်ကိုခမ်းနားလွန်းတယ်လေ။ မင်းလာမယ့်လမ်းကို လင်းလက်မှုတွေနဲ့ ရှေ့တော်ပြေး ခင်းကျင်းပေးကြရတယ် မဟုတ်လား။ အဲဒီမင်းရဲ့ရှေ့တော်ပြေး အရောင်အဝါတွေက ကိုယ့်ကို ပါ ရောရောင်တောက်ပ စေခဲ့တယ်နေခြည်။ ကိုယ်ကတော့ အဲဒီလိုအချိန်ဆို ပျော်ရွှင်မှုတဝက် ထိတ်လန့်မှု တဝက်နဲ့ ငြိမ်ငြိမ်သက်သက်ကို မနေရဲတော့ဘူး။ ကိုယ့်ကို မင်းကဖမ်းစား တော့မယ်။ ပြီးတော့ ကိုယ်က မင်းရဲ့ခြေရင်းမှာ လုံးဝဝပ်စင်း ပျောက်ကွယ်ရတော့မယ် ဆိုတာ သိသိကြီးနဲ့ပဲ ကိုယ်ပျော်ရွှင်ရတာပါ။

အစပိုင်းမှာတော့ မင်းကငြင်သာပါရဲ့…။ ကိုယ့်ကို ကလူမလို ကျည်ဆယ်မလိုနဲ့ မင်းရဲ့နွေးထွေးတဲ့ လက်တံတွေနဲ့ ပွေ့ဖက်လို့ ကိုယ့်ကို ကျေနပ်နှစ်သိမ့်စေတယ်လေ။ ဒါပေမယ့် ထူးဆန်းတယ် နေခြည်…မင်းဟာ ကိုယ့်ကို အနိုင်ယူမယ်၊ ရက်စက်မယ် ဆိုတာ သိသိကြီးနဲ့ကိုပဲ ကိုယ်က မင်းကို ချစ်နေမိတာပါ။ မင်းရဲ့နွေးထွေးမှုတွေက ကိုယ့်အတွက် ခဏသာပဲဆိုတာ သိလျက်သားနဲ့ကိုပဲ မင်းကိုကိုယ် စောင့်မျှော်မိခဲ့တာပါ။

မင်းဟာ အချိန်မရွေး အပြောင်းအလဲတွေနဲ့ ပျော်မွေ့နေတယ်ဆိုတာကို နားလည်လျက်သား နဲ့ပဲ ကိုယ်က ကြည်နူးနေမိတာပါ။ အစပိုင်းမှာ ငြင်သာသလောက် တဖြည်းဖြည်းနဲ့ မင်းအစ ကြမ်းလာတဲ့အချိန်မှာ ကိုယ်က တဖြည်းဖြည်း အငွေ့ပျံ ပျောက်ကွယ်လုနီး ဖြစ်နေရပြီလေ။ မင်းက သိပ်လှတယ်။ ပြီးတော့မင်းကိုယ်မင်း တန်ဖိုးရှိတယ်ဆိုတာကို သိတယ်။ ကိုယ်ကတော့ ဘာတန်ဖိုးမှမရှိတဲ့ကောင်ပါ..။ အေးစက်စက် မှုန်မှိုင်းမှိုင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းပါးတဲ့သူ တယောက်ပါ နေခြည်ရယ်။

ဒါပေမယ့် ကိုယ် မင်းကိုချစ်တယ်…။ ကိုယ်ကချည်း ဆုံးရှုံးရမယ် ဆိုတာ သိသိကြီးနဲ့ ကိုယ်ချစ်တာပါ။ ကိုယ့်ကို မင်းရဲ့ အကြည့်လေးတချက်လောက် ပို့လွှတ်ရုံနဲ့တင် သေပျော်ပြီလို့ ထင်နေတဲ့သူတယောက်ပါ နေခြည်။ ကိုယ့်ကို မြက်ပင်လေးတွေက ကောင်းကောင်း သိပါတယ်။ သစ်ရွက်ကလေးတွေကလည်း ကိုယ့်ဘက်မှာနေပေးချင်ကြပါတယ်။ ပန်းပွင့်လေးတွေကဆို ကိုယ်မလာတဲ့နေ့တွေမှာ မှိုင်တွေငေးငိုင်လို့… သူတို့ရဲ့ ပင်ကိုယ်အလှ တွေကိုတောင် သူတို့ သတိမရတော့တဲ့ထိပါ။ သူတို့က ကိုယ့်ကိုတွေ့မှ ပျော်မယ်ဆိုသလို ကိုယ်ကလည်း မင်းနဲ့ တွေ့ရမှ ပျော်တဲ့သူပါနေခြည်။

တကယ်ပါ....။ ကိုယ့်ကို ပိုးအိမ်လေးတွေကတောင် သတိထားမိတယ်။ သူတို့လည်း မင်းကိုမျှော်တဲ့သူတွေပါပဲ။ ဒါပေမယ့် သူတို့က မင်းကြောင့် ကိုယ် ခံစားနေရတာ မကြည့်ရက်ကြဘူးတဲ့..။ တတ်သလောက်မှတ်သလောက် သူတို့ ကိုယ့်ကို ကာကွယ်ပေးဖို့ ကြိုးစားကြပါရဲ့.. ဒါပေမယ့်လဲ ကိုယ်လိုကောင်က အမှတ်မှမရှိဘဲ နေခြည်ရယ်..။ မင်းရဲ့မျက်ဝန်းတွေနဲ့ ဆုံဖို့ အလူးအလဲ ကြိုးစားရင်း ဆုံခွင့်ရတိုင်း အလဲအကွဲပါပဲ။

ကိုယ်ကြေကွဲတတ်တာ သိပေမယ့် မင်းက ရယ်မောချင်တယ် မဟုတ်လား..။ ကိုယ်ခံစားရတာကိုပဲ မင်းက ပြက်ရယ်ပြုချင်တယ်ဆိုတာ ကိုယ်သိပါတယ်။ နေခြည်.. ကိုယ်ဟာ မင်းရယ်မောပျော်ရွှင်ဖို့ ခဏလေးပဲဖြစ်ဖြစ် အသက်ရှင်ပေးချင်တဲ့သူပါ။ ခဏလေးပါ နေခြည်ရယ်..။ အဲဒီခဏလေး အသက်ရှင်ရရုံ၊ မင်းကို မြင်တွေ့ခွင့်ရရုံ၊ မင်းနားမှာနေခွင့်ရရုံ နဲ့တင် ကိုယ့်အတွက်က လုံလောက်နေပါပြီ။

တကယ်တော့ အစပိုင်းမှာ ကိုယ်ကပဲ ကြီးစိုးနေသလို ဘာလိုလိုနဲ့ တဒင်္ဂတော့ ကိုယ်က အားလုံးကို ဖုံးလွှမ်းထားနိုင်ခဲ့ပါရဲ့ ဒါပေမယ့် အဆုံးသတ်မှာတော့ မင်းကို အားလုံး အရှုံးပေးရတာပါ..။ မင်းရေးတဲ့ ဇာတ်ညွှန်းကိုပဲ ကိုယ်က ကရတာပါ။ တခါတခါမှာ ကိုယ့်ရင်ထဲ နာကျင်ရလွန်းလို့ ငိုကြွေးမိတယ်။ ကိုယ့်မျက်ရည်တွေကို မြက်ပင်လေးတွေ သိပါတယ်။ ကိုယ့်ငိုသံတွေ မင်းဆီမရောက်အောင် ပန်းကလေးတွေ တချို့က သိမ်းဆည်း ပေးထားကြတယ်။

မနက်ခင်းမှာ စိမ်းစိုနေတဲ့ မြက်ပင်ကလေးတွေ၊ လန်းလတ်နေတဲ့ ပန်းပွင့်ကလေးတွေဟာ မင်းကြောင့် ကိုယ်ငိုကြွေးရကြောင်း ပြတဲ့ သက်သေတွေပါ။ မင်းရဲ့ ဒေါသမျက်စောင်းတွေကို တော့ ကိုယ်အကြောက်ဆုံးပါပဲ။ ကိုယ့်ကို နေစရာမရှိအောင် လုပ်တဲ့နေရာမှာတော့ မင်းက တော်ပါပေတယ်။ ကိုယ့်မှာ မင်းကိုချစ်လွန်းလို့ မင်းနဲ့တွေ့ရဖို့ အချိန်တွေကို လက်ချိုးရေရင်း စောင့်ရတယ်။ မင်းက ကိုယ့်ကို လျှစ်လျှူရှုမယ်…၊ မင်းကြောင့် ကိုယ် ငိုကြွေးရမယ် ဆိုတာ သိသိကြီးနဲ့ပေါ့။ မင်းရောက်လာပြန်တော့လည်း တဖြည်းဖြည်း မှိန်ဖျော့ ပျောက်ကွယ်ရတာ ကိုယ်ပါ။

အဲဒါပါပဲ နေခြည် ကိုယ်လို မှုန်မွှားမွှား အေးစက်စက် ကောင်တကောင်က မင်းလို တလောကလုံးကို အပေါ်စီးက ဝင့်ဝင့်စားစား ကြည့်တတ်တဲ့ သူကို ချစ်တယ် ဆိုတာ ဆန်းပြားကောင်း ဆန်းပြားနေနိုင်ပါတယ်။ ဟုတ်တယ် ကိုယ်တို့ နှစ်ယောက်က ဆန့်ကျင်ဖက် တယောက် ရောက်လာရင် တယောက်ကပျောက်ကွယ်ရတာ… ဟင့်အင်း အဲလိုတော့မဟုတ်ဘူး မင်းလာရင်သာ ကိုယ်က ဘေးဖယ် ပျောက်ကွယ်ရပေမယ့် မင်းက ကိုယ်လာလို့ ပျောက်ကွယ်တာမဟုတ်ဘူးလေ။ ကိုယ်ကသာ မင်းမရှိတော့လို့ လာရဲတာပါ။

တခုတော့ ကိုယ်သိချင်တယ်နေခြည် မင်းကိုယ့်ကို နည်းနည်းပဲဖြစ်ဖြစ် ချစ်လား ဆိုတာကိုပေါ့။ ဒါလည်း မမျှော်လင့်သင့်တဲ့အရာ ဆိုတာ ကိုယ်သိပါတမယ်။ ဒါမေပမယ့် ကိုယ် သိချင်ရုံလေး သိချင်တာပါ..။ မင်းကကိုယ့်ကို နည်းနည်းပဲဖြစ်ဖြစ် ချစ်တယ်ဆိုရင် ကိုယ့်လောက်ပျော်တဲ့သူ ဒီလောကမှာရှိမယ်မထင်ဘူး နေခြည်..။ နောက်ဆုံး မင်းက စနောက်လို့ပဲဖြစ်ဖြစ်..ကွယ်ရာမှာ ဟားတိုက်ရယ်မောဖို့ပဲဖြစ်ဖြစ် ကိုယ့်ကို ချစ်တယ်ဆိုရင်တောင် ကိုယ်ပျော်ရွှင်လှပါပြီ။

ဒါပေမယ့် နေခြည်..။ မင်းက ကိုယ့်ကို ချစ်ချစ်မချစ်ချစ် ကိုယ်မင်းကိုသိပ်ချစ်ပါတယ်…။ ကိုယ်ဟာ နှင်းပါ………….။


0 comments: