စိတ်ကူးတည့်ရာ ၁
အမေ..
ဒီတပတ်လုံး နာဂစ်ဆိုင်ကလုံး မြန်မာပြည်ကို ဝင်မွှေတဲ့ကိစ္စနဲ့ ရင်ထဲမှာ နာကျင်နေရတယ်။ ကျမတို့ မြန်မာပြည်သူတွေ ဒီလို တလုံးတခဲထဲ ဒုက္ခရောက်တာ၊ ဒီလိုအစုလိုက်အပြုံလိုက် သေကြေပျက်စီးရတာ မျက်ဝါးထင်ထင် မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။ ကျမရဲ့ဆွေမျိုးတွေ ကျမရဲ့မိသားစုတွေ အဲဒီလို ဆိုးရွားစွာ ဒုက္ခရောက်ရတဲ့ထဲမှာ မပါပေမယ့် ကျမအရမ်းခံစားရတယ်။ သူတို့နဲ့ထပ်တူ ဝမ်းနည်းရပါတယ်။
ကလေးငယ်လေးတွေ အတုံးအရုံး သေဆုံးနေတာကို ကြည့်ရင်း ကျမမျက်ရည်ကျရတယ်။ အဲဒီကလေးတို့ရဲ့ အမေတွေ အသက်ရှင်နေသေးတယ် ဆိုရင်တောင် ရူးကုန်မလား။ ကျမလည်း အမေတယောက်ဖြစ်လေတော့ မခံစားနိုင်ဘူး။ ကျမရဲ့ သားတွေ ဒီမုန်တိုင်းကြားမှာ ဖျားနေတယ်လို့ သတင်းကြားရုံနဲ့တင် အဝေးက ကျမ ဖျပ်ဖျပ်လူးချင်နေတာလေ။
ခု ကျမဒီပို့စ်လေးရေးနေချိန်က မေ ၁၁ ရက်နေ့ မနက် ၁ နာရီခွဲပြီ။ တနင်္ဂနွေနေ့၊ ဒုတိယအပတ် ဆိုတော့ အမေနေ့များနေ့ပေါ့။ ကျမအမေကိုလည်း သိပ်သတိရနေမိတယ်။ အမေကလည်း ကျမကို သတိရမှာပဲ။ အမေ့အိမ်က တချမ်းပြိုကျသွားခဲ့တယ်..။ မောင်လေးပို့လိုက်တဲ့ ဓာတ်ပုံထဲမှာ အမေ့အိမ်လေးက အမှိုက်ပုံ တပုံလိုပဲ.......။
အမေ ကျမကို သိပ်သတိရနေမှာ။ တဦးတည်းသော သမီးဖြစ်လို့ အမေက ကျမကို အားလည်းကိုး ချစ်လည်းချစ်တယ်ဆိုတာ ကျမသိတယ်။ အမေက ကျမကို ပွတ်သီးပွတ်သပ် နေစေချင်ပေမယ့် ကျမက ဘယ်တော့မှ အမေ့နား မကပ်ဘူး။ ဖာသိဖာသာ ခပ်စိမ်းစိမ်းနေတတ်တယ်။ အများရှေ့မှာ အမြဲမာကျောချင်ယောင် ဆောင်တတ်ပေမယ့် ကျမစိတ်ပျော့တာ မျက်ရည်လွယ်တာ ခံစားလွယ်တာကို အမေက သိနေတာဆိုတော့ ကျမ ခံစားနေရမယ်ဆိုတာ အမေမသိဘဲနေမှာတော့ မဟုတ်ဘူး။
ခုအချိန်မှာ ဖြစ်နိုင်ရင် အမေ့ရင်ခွင်ထဲမှာ ခေါင်းထိုးပြီး ငိုလိုက်ချင်တာ။ အမေတို့အိမ်လေးက နေလို့မဖြစ်တော့လို့ ကျမအဒေါ်အိမ်မှာ နေနေရတယ်လို့ ကျမမောင်လေးက ပြောပြတယ်။ အဲဒီအိမ်ကလည်း ကျမတို့အိမ်လောက် အဖြစ်မဆိုးပေမယ့် မိုးရွာရင် မလွယ်ဘူးတဲ့။ အမေက တဆင့်စကားနဲ့ ကျမကို အားကိုးတဲ့ စကားတွေ ပို့လွှတ်ပေမယ့် ကျမက ခေါင်းမာမာနဲ့ပဲ တဆင့်စကားနဲ့ ပြန်ပြီး အမေတို့ထက် ဆိုးရွားတဲ့ ဒုက္ခသည်တွေ၊ ရေငတ်နေတဲ့သူတွေ၊ ဗိုက်ဆာနေတဲ့သူတွေ အများကြီးရှိနေသေးတယ်လို့ အကြောင်းပြန်ခဲ့တာ။
အမေ့အိမ် အရေးထက် ကျမသူငယ်ချင်းပြောပြတဲ့ ကျမတို့ မြို့ကလေးက အိမ်မဲ့ယာမဲ့ ဒုက္ခသည်တွေကို ပိုစိတ်ဝင်စား၊ ကူညီဖို့ ကြိုးစားနေပေမယ့် တကယ်က ကျမ ဟန်ဆောင်နေတာပါ...။ ကျမရင်ထဲမှာ သားတွေ နေမကောင်းတာရယ် အမေ စိတ်ညစ်ပြီး အားငယ်နေမှာရယ်ကို တချိန်လုံး စဉ်းစားမိနေတာ။ ကျမကိုယ်ကျမ မှန်သလား မှားသလားလည်း မသိတော့ဘူး၊ အမေ ကျမကို စိတ်များနာနေမလား....။ အဲလိုတော့ အမေကစိတ်နာမယ် မထင်ပါဘူးလေ။ ကျမအမေက သိပ်မတော်ပေမယ့် သတ္တိရှိတယ်ဆိုတာ ယုံတယ်။ တကယ်ကို ဆိုးရွားတဲ့ အမေတွေ။ ကျမ သားတွေထက်ဆိုးဆိုးရွားရွား ခံစားနေရတဲ့ သားသမီးတွေ ရှိနေတယ် အမေရေ..။
သားသမီးတွေ ဆုံးရှုံးသွားရတဲ့အမေတွေ၊ အမေတွေ ဆုံးရှုံးလိုက်ရတဲ့ ကလေးတွေထက်စာရင် ကျမတို့ဘဝက အများကြီးတော်ပါသေးတယ်။ အဲဒီလို ကျမကိုယ်ကျမ ဖြေနိုင်တယ်တွေးလိုက်..၊ အမေတို့ကို သတိရလိုက်..။ ကိုယ့်ကိုယ်ကိုယ် ညာနေတာလေ..။
ကျမက အမေ့ရင်ခွင်ကို လွမ်းနေသလို ကျမရဲ့ အရွယ်မရောက်သေးတဲ့ သားတွေကလည်း သူတို့ အဖွားရင်ခွင်ကနေ သူတို့အမေ ကျမကို တမ်းတနေမလား...။ အဲလိုစဉ်းစားမိတော့ ကျမ နောက်ထပ်အမေတယောက်ကို သတိရသွားတယ်။ သူ့ကိုတွေးမိတော့ ကျမကိုယ်ကျမ တော်တော်လေး ရှက်သွားမိပါရဲ့။ ကျမက ဘာမှလည်း မဟုတ်ဘဲ၊ သူ့ခြေဖဝါးအောက်က ခြေမှုန်လေးလောက်တောင် အဆင့်မရှိဘဲ ကြီးကြီးကျယ်ကျယ်တွေ လျှောက်တွေးနေတာလေ။ ဒေါ်အောင်ဆန်းစုကြည်..၊ မနီလာသိန်း..၊ ပြီးတော့ ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့ရဲ့ အမေတွေ....။ အဲဒီအမေတွေနဲ့ နှိုင်းရင် ကျမအမေက ဘာမှမဟုတ်တော့သလို ကျမကပိုတောင် ဘာမှမဟုတ်သေး...။ ပါမွှား..၊ သေးသေးလေး၊ ပိစိကွေးပါ..။
အမေတွေကို သူတို့ရဲ့ သားသမီးတွေနဲ့ မခွဲခွာစေချင်တော့ဘူး။
တကယ်တော့ ကျမ ပင်ပမ်းလှပါပြီ။ ဟန်ဆောင်ရတာလည်း မောလှပြီ။ အမှန်အတိုင်းပြောရရင် ကျမအိမ်ရှိရာကို အပြေးသွားလိုက်ချင်ပြီ။ အမေ့ရင်ခွင်ထဲမှာ ချုံးပွဲချပြီး ငိုလိုက်ချင်ပြီ။ ပြီးတော့ အမေ့ကို အားပေး နှစ်သိမ့် ချင်တယ်။ အဲဒါကတော့ စိတ်ကူးသက်သက်ပါ။ ဘာလို့လဲဆိုတော့ ကျမက အမေ့ကို အားပေးစကား ပြောဖို့တောင် ရှက်နေတတ်တဲ့ မိန်းမလေ..။
အဖြစ်မှန်က ကျမ အိမ်ပြန်လို့မရဘူး..၊ ပြီးတော့ ကျမအိမ်ထက် အရေးကြီးတဲ့ အရေးပေါ် မကူညီမဖြစ်တဲ့ သူတွေကို ကူညီရမယ် (ကျမက တတ်နိုင်လို့ မဟုတ်ပေမယ့် တတ်နိုင်တဲ့ သူငယ်ချင်းတွေကို အကူအညီ တောင်းရမယ်)၊ ပြီးတော့ လူမဆန်တဲ့ အစိုးရကြောင့် အကူအညီ ပေးမယ့်သူရှိပါလျှက်ကယ်နဲ့ အကူအညီမရတဲ့ ဒုက္ခသည်တွေအတွက် ကျမတတ်နိုင်သလောက် စာတွေရေးရအုံးမယ်..။ မီဒီယာမှာ လုပ်ခွင့်ရနေသရွေ့ ကျမတို့လို ကြားခံ သတင်းသမားတွေကတဆင့် လူတွေသိအောင် ပြောပြရဦးမယ်။ (မဆီမဆိုင် ဘီလ်ဂိတ်ကတောင် ကျမတို့ မြန်မာနိုင်ငံက လေဘေးဒုက္ခသည်တွေအတွက် ရာဟူးကိုဝယ်မယ့်ဟာ မဝယ်တော့ဘဲ ဖောင်ဒေးရှင်းတခု ထူထောင်ပေးသေးတာ ကျမက သူ့လက်သည်းထိပ်ဖျားစာ ကလေးလောက်ပဲ ဖြစ်ဖြစ် လုပ်လို့ရသလောက်တော့ လုပ်ရမှာပဲ)
စိတ်ပျော့သလောက် ခေါင်းမာတဲ့ ကျမကို အမေကော သားလေးတွေပါ ခွင့်လွှတ်မယ် ထင်ပါရဲ့။ ။
Sunday, May 11, 2008
|
Labels:
စိတ်ကူးတည့်ရာ
|
This entry was posted on Sunday, May 11, 2008
and is filed under
စိတ်ကူးတည့်ရာ
.
You can follow any responses to this entry through
the RSS 2.0 feed.
You can leave a response,
or trackback from your own site.
Subscribe to:
Post Comments (Atom)
2 comments:
I love the way you write ,
AWESOME!!!!
Rooting for u sis
HayMar
အမ.. ဒါလဲထိတာပဲ နောက်နေ့မှ လာပြန်ဖတ်တော့မယ်..
Post a Comment