လူထွက်လိုက်ရတာပဲ အဖတ်တင်တယ်

မေ့လောက်မှ တခါ ရောက်ရောက်လာတယ်လို့တော့ ပြောကြတော့မယ်။ တကယ်လည်း အဲဂလိုဖြစ်နေတာကိုး။ ရေးပြီးဆိုရပ်မရဘူးလို့ ပြောပြီး ရပ်ထားလိုက်တာ အနောက်သားတွေရဲ့ နှစ်ကူးမှသည် ခု မြန်မာနှစ်ကူးထိ ရောက်လာတာကိုး။ အင်း ပြောသာပြောရတာပါ။ ကိုယ့်ကို သတိထားမိတဲ့သူလည်း ရှိချင်မှရှိမှာပါ။ နင့်ဟာနင် ရေးရေး မရေးရေး ငါတို့က သိတောင်သိဘူး ဆိုတဲ့သူတွေပဲ များမယ်ထင်တယ်။ အားငယ်လိုက်တာ :P

တကယ်တော့ သင်္ကြန်ကျတော့မယ်လည်း ဆိုရော ပြောချင်တာလေးက ရှိလာလို့ပါ။ တခါတုန်းက သင်္ကြန်မှာပေါ့။ သူများတွေလို ပိတောက်ပန်းနံ့လှိုင်လှိုင်မှာ ရင်ခုန်စရာ ဇာတ်လမ်းလေးတွေတော့ မဟုတ်ပါဘူး ...။ အဲ ... ရင်တုန်စရာ ဇာတ်လမ်းလို့ ပြောရမယ်ထင်ရဲ့။ ခု ရေးမယ့် စာထဲမှာပါမယ့် ဇာတ်ကောင်တွေကတော့ “အင်း မတူးကတော့ ရေးပြီဟေ့ ဒုက္ခပဲ” လို့ တွေးနေကြမလားမသိ။ ဒီလူနဲ့ပေါင်းမိမှတော့ စာရွက်ပေါ် ... အဲခုတော့ အင်တာနက်ပေါ် တခါလောက်တော့ နာမည်ကြီးရဦးမှာပ။

ကျော်စွာတယောက် ဘုန်းကြီးဝတ်နေတယ် ဆိုတဲ့သတင်းကြောင့် သူငယ်ချင်းတွေ စိတ်အားငယ်သွားကြတယ်။ တကယ်တော့ သူတို့က သင်္ကြန်မှာ စတိတ်ရှိုးတခု စီစဉ်မှာလေ။ ထုံးစံအတိုင်း သူတို့မှာ တီးမယ့်သူက အပြည့် ... အားလုံး အမာခံတွေ။ ဖိုးသိုက်က ဦးဆောင်တယ်၊ သူက ဒရမ်တီးမှာ။ ဝဏ္ဏကတော့ ဘေ့စ်၊ ကိုအောင် ကျော်ဇံကြီးက လိဒ်။ ဆိုမယ့်သူက ရှိတယ်ဆိုပေမယ့် ကျော်စွာ့ကို နည်းနည်း အားကိုးထားရတာ။ သူက အသံလည်းကောင်း၊ ဆိုလည်းဆိုတတ်တယ်ဆိုတော့ သူ့ကို ၅ ပုဒ် ၆ ပုဒ်လောက် ဆိုခိုင်းမယ် စဉ်းစားထားတာ။ ခု သူက ဘုန်းကြီးဝတ်တယ်တဲ့။ သင်္ကြန်ပြီးမှ ထွက်မယ်ဆိုပဲ။ ဖိုးသိုက်ကတော့ ဘာပဲဖြစ်ဖြစ် တရက်တော့ တီးဖြစ်၊ ဆိုဖြစ်အောင် လုပ်မယ် စဉ်းစားထားတယ်။ သူတို့ ပိုးတွေက သေးတာမဟုတ်ဘူးလေ။

နောက်တခုက ပိုက်ဆံ။ သူတို့အားလုံး မိဘပိုက်ဆံနဲ့ ရပ်တည်နေရတာဆိုတော့ ရတာလေးတွေ စုပြီး ဝိုင်းငှားရတာ။ သင်္ကြန်မို့လို့လည်း မိဘတွေက နည်းနည်းပဲဆူအောင့်ပြီး ပေးတာမဟုတ်လား။ ဒီတော့ ရက်တိုင်း တီးနိုင်မှာမဟုတ်ဘူး။ အတက်နေ့ကျမှ တီးဖို့ စဉ်းစားထားတယ်။ ဖိုးသိုက်ကတော့ အိမ်တအိမ်မှာစုပြီး သီချင်းနုတ်တွေ ထုတ်နေပြီ။ ဘယ်ကောင် ဘယ်သီချင်းဆို ဆိုတာကအစ သူက သေချာ စီစဉ်နေပြီ။ ဒါပေမယ့် ခက်တာက ကျော်စွာဆိုနေကျ သီချင်းတွေ ဘယ်သူမှ မရဘူး။ ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားကြတယ်။ နောက်တော့ ကိုအောင်ကျော်ဇံကြီးပေးတဲ့ အကြံကိုယူလိုက်တယ်။ သူက အသက်အကြီးဆုံးလေ။

သူတို့ ၄၊ ၅ ယောက်စု ... အအေးတလုံးလောက်ဝယ်ပြီး ဦးပဉ္ဇင်းဆီသွားကြတယ်။ ဦးပဉ္ဇင်းက သိက္ခာတော်ရ ဆရာတော်ကြီးလိုပဲ မျက်လွှာတော်ချလို့။ အားလုံး ဘာစကားမှ မပြောရဲကြဘူး။ အအေးကပ်လိုက်တယ်။ အိနြေ္ဒသိက္ခာအပြည့်နဲ့ လက်ခံတယ်။ ပြီးတော့မှ ... ဖိုးသိုက်က မရဲတရဲနဲ့ ... စပြောတယ်။

“ဦးဇင်း ... အစစအရာရာ အဆင်ပြေရဲ့လားဘုရား”
“အိမ်းပြေပါတယ်၊ တကာကြီးတို့ကော”
“တင်ပါ့။ အခု တီးဝိုင်းအတွက် ပိုက်ဆံလည်း ကောက်ပြီးပြီ ဘုရား၊ ပြီးတော့ သီချင်းနုတ်တွေ ... တပည့်တော် ထုတ်နေပါတယ်”
ဦးပဉ္ဇင်းက ငြိမ်နေတယ်။ ဘာမှ မမိန့်ဘူး။ အဲဒီမှာပဲ အောင်နိုင်ကြီးက ...
“ဟုတ်ပါတယ် ဘုရား ... ဦးဇင်းဆိုမယ့် သီချင်းတွေတောင် နုတ်ထုတ်ထားပါတယ်” လို့ ပြောလိုက်တယ်။
ဦးပဉ္ဇင်းက ငြိမ်နေဆဲပဲ။ ဘာမှကို မမိန့်ဘူး။

အကျနေ့ကတော့ အေးဆေးညင်သာ ပြီးဆုံးသွားတယ်

အကြက်နေ့ ...

အဲဒီနေ့ကတော့ တော်တော့်ကို ဂြိုဟ်မွှေတဲ့နေ့ပဲ ... တခြားသူ ဟုတ်ရိုးလား ... ဝဏ္ဏပေါ့။ ကလန်ကလား အရပ်ကြီးနဲ့ တယောက်တည်း မူးနေလိုက်တာ ဆိုတာ။ မူးရုံတင်ဆို ဘာမှ မဖြစ်ပါဘူး။ သူက မူးပြီး ရဲတယောက်ကို သွားရမ်းတယ်။ ရမ်းရုံတင် အားမရဘူး ... သူ ရမ်းတဲ့နေရာနဲ့ နီးတဲ့ ... ကိုရဲတို့အိမ် ရောက်လာတယ်။ အိမ်မှာ ကိုရဲအမေပဲရှိတယ်။ ကိုရဲအမေကို ဘာမပြောညာမပြောနဲ့ မီးဖိုချောင်ထဲဝင်ပြီး ထမင်းစားတဲ့ ခက်ရင်းတချောင်းကိုင်ထွက်သွားတယ်။ ကိုရဲအမေကလည်း မပြောရဲဘူးလေ။ ဒါနဲ့ပဲ ....။

နောက်ဆုံးတော့ ဝဏ္ဏ ရဲစခန်းရောက်တယ်။ ခက်ရင်းကို သက်သေခံပစ္စည်းအဖြစ် သိမ်းလိုက်တယ်။ သူတို့ ပွဲပျက်တယ်။ ဝဏ္ဏမရှိတော့ ဘယ်သူဘေ့စ်တီးမလဲ။ တနေကုန် ကီးဘုတ်လိုက်ငှားတဲ့ အောင်နိုင်ကြီးက အဲဒီသတင်းကို မသိဘူး။ ဟီးဟီးဟားဟားလုပ်ပြီး ကိုရဲတို့အိမ် ရောက်လာတယ်။ ကိုရဲကို လာစတယ် ..

“ဟေ့ကောင် ငါ ကီးဘုတ်ငှားတာ အဆင်မပြေဘူးကွာ” တဲ့။

သူထင်တာက ကိုရဲ စိတ်ညစ်သွားမယ်ပေါ့လေ။ ကိုရဲက မညစ်တဲ့အပြင် “ဟာ ဟုတ်လား ကောင်းတယ်ကွ” လို့ ပြောလိုက်တော့ သူပြန်ညစ်သွားတယ်။ သူက ကီးဘုတ်ကြီးထမ်းလာရတာ။ ကိုရဲကို စဖို့ ဖွက်ထားရတာလေ။

ခြုံလိုက်တော့ ပွဲကမဖြစ်တော့ဘူး။

အတက်နေ့မနက်

ဦးပဉ္ဇင်းတဖြစ်လဲ ကျော်စွာတယောက် ထိုင်နေကျလက်ဖက်ရည်ဆိုင်ကို ရောက်လာတယ်။ ရိုးရိုးမဟုတ်ဘူး။ ကတုံးကို ပုဝါလေးစည်းလို့။

“ဟေ့ယောင်တွေ ငါ့အတွက် နုတ်ထုတ်ထားတယ်ဆို” တဲ့။ ။

ဒါပါပဲ ...။

မှတ်ချက်။ ။ ကျော်စွာရေ ... စကားနဲ့ လူတွေက နည်းနည်းလွဲချင်လွဲမယ်ဆိုပေမယ့် အဖြစ်အပျက်ကတော့ အမှန်ပဲနော်။

4 comments:

little brook said...

ဟားဟားဟား အမရယ် နှစ်ကူးမှာရူးပြီး ဘုန်းကြီးဝတ်လိုက်တာ လူထွက်လိုက်ရတာပဲအဖတ်တင်တယ် အဟ
ပို့စ်၂ပုဒ်ကို ပေါင်းလိုက်တာ အဲလို ရတယ်
ရေးထားတာ သိပ်ကောင်းး)

လေထန်ကုန်း said...

"နင့်ဟာနင် ရေးရေး မရေးရေး ငါတို့က သိတောင်သိဘူး "
အစစ်ပဲ..ခုမှမျက်စိလည်ရောက်လာတာ။ရှိမှန်းတောင်သိဘူး..

လေထန်ကုန်း said...

ပို့ စ်ကို ဖတ်ပြီးကြောင်း
အရေးအသားမဆိုးပါ။
အင်တာနက်မှာ ဒီလို လက်သွေးတာ ကလောင်သစ်တွေပေါ်လာဖို့ အလားအလာကောင်းပါပဲ
လာအားပေးပါဦးမည်။

Naing said...

I like your short stories, Ma Tu Tu Tha
Naing Myint