နင်လားဟဲ့ ရှိုင်းဟုတ် .. ငါလားဟဲ့ တူးတူးသာ

တကယ်ဆိုရင်တော့ ဒီတခါရေးတဲ့ ကမောက်ကမက အင်တာဗျူးဂျာနယ်က ထွက်တဲ့အကြောင်း ဖြစ်ရမှာ … ။ ဒါပေမယ့် တလောကမှ တခုသတိရသွားတာနဲ့ မထွက်သေးခင် ကြုံရတဲ့ ထူးထူး ခြားခြား အင်တာဗျူး တပုဒ်အကြောင်း ရေးပါဦးမယ်။ နောက်တခေါက်မှ ထွက်တာပေါ့လေ :P

စာနယ်ဇင်းသမားဘဝ ကမောက်ကမ ၉

အဲဒီကာလ ၂၀၀၁ ဆန်းလောက်မှာ .. အလင်္ကာ ဂျာနယ်ကို တခုတ်တရ ဖတ်သူတွေကတော့ မှတ်မိကြပါလိမ့်မယ်။ ထူးထူးခြားခြား ကြော်ငြာတခု ပါလာပါတယ်။ အဲဒါကတော့ ကုမ္ပဏီတခု နာမည်နဲ့ .. (အဲဒီကုမ္ပဏီနာမယ် မှတ်မိပေမယ့် ကျမ ထည့်မရေးတော့ပါဘူး) အကြောင်းအရာက “သီချင်းတွေဝယ်မယ်” ဆိုပဲ။

ဒီလိုပါ .. မြန်မာပြည် အနယ်နယ်အရပ်ရပ်က သီချင်းရေးကြတဲ့ ရွက်ပုန်းသီးတွေရှိနေရင် အဲဒီ ကုမ္ပဏီက တလတခါ ဝယ်ပါမယ်။ ဝယ်တဲ့သီချင်းအတွက် သီချင်းခ တပုဒ်ကို ကျပ် တသောင်း ရပါမယ်။ ဝယ်ပြီးတဲ့ သီချင်းတွေကိုလည်း ဆီးရီးထုတ်ပေးပါမယ်။ “သီချင်း” ဆိုတဲ့အသံ ကြားတော့ ကျမ အတော်လေး စိတ်ဝင်စားသွားတယ်။

ကုမ္ပဏီပိုင်ရှင်တွေကိုလည်း တော်တော်လေးစားသွားတယ်။ ဝါသနာအလျှောက် သီချင်းတွေ ရေးပြီး ဒီတိုင်း ဘာမှ မလုပ်ဖြစ်ဘဲ နေနေရတဲ့ .. ဘယ်ကဘယ်လို စရမှန်း မသိတဲ့သူတွေ အတွက် အခွင့်အရေး တရပ်ပဲလေ။ အဲဒီမှာ စပ်စပ်စုစု ကျမလည်း အင်တာဗျူးလုပ်ဖို့ စတင် ပြင်ဆင် ပါတော့တယ်။

အဲဒီကုမ္ပဏီကနေ ဒီနေ့ သူများနဲ့မတူ တမူထူးခြားတဲ့ သီချင်းတွေနဲ့ နာမည်ရနေတဲ့ တယောက်ကို စီးရီးထုတ်ပေးထားကာစပါ။ အဲဒီစီးရီးကလည်း သူများနဲ့မတူတဲ့အတွက် အတော်အောင်မြင်တယ် လို့ပြောရမယ်။ ကုမ္ပဏီ ပိုင်ရှင်က နိုင်ငံကျော် အဆိုတော် အကယ်ဒမီ မင်းသမီးကြီး တယောက်ရဲ့ ညီမပေါ့ .. သူ့ ယောက်ျားကလည်း ဘေ့စ် ဂစ်တာသမားပါ။

သူတို့ကုမ္ပဏီက တာမွေပလာဇာမှာပါ။ အဲဒါနဲ့ ကျမလည်း အင်တာဗျူးအတွက် ပြင်ဆင်ပါတယ်။ ပြင်ဆင်ပြီး သူ့ကိုချိန်းတော့ လာခဲ့ဖို့ပြောတာနဲ့ .. မနက် ရုံးမသွားခင် ဝင်သွားလိုက်ပါတယ်။

သူနဲ့တွေ့ရော ဆိုပါတော့ ..။ အဲဒီအမျိုးသမီးက ကျမရဲ့ အင်တာဗျူးကို စိတ်ရှည်လက်ရှည် ဖြေပါတယ်။ အဓိကကတော့ လူငယ် ရွက်ပုန်းသီး တေးရေးတွေကို မြေတောင် မြှောက် ပေးမှာ ဖြစ်လို့ .. သူတို့ လုပ်ငန်းကြီးကို ဘယ်အခြေအနေထိ ရည်မှန်းထားတယ် ဆိုတာတွေ ပြောပါတယ်။ သူက စကားပြောလည်းကောင်းပါတယ်။

အလင်္ကာ ဂျာနယ်ကနေတဆင့် သီချင်းတွေကို ဝယ်ပြီး ..ဘယ်သူ့သီချင်းတွေ ဝယ်တယ်ဆိုတာ လည်း လစဉ်ဖော်ပြပေးနေတယ်။ လူငယ်တွေထဲက သီချင်းရေး ဝါသနာပါတဲ့သူတွေအတွက် သတင်းကောင်းပေါ့။ ကျမလည်း အတော်ဝမ်းသာပါတယ်။ ဘာလို့ဆိုတော့ ကျမတို့ လင်မယား အပါအဝင် ကျမတို့ သူငယ်ချင်းတွေထဲမှာ အဲဒီပိုးတွေ ရှိတာကိုး (ငါတို့ သီချင်းလေးတွေလည်း ပို့ကြည့်ဦးမှလို့ စိတ်ထဲက တေးထားလိုက်သေးတာ ဟီဟိ)

ပြောရင်းပြောရင်းကနေ ဘာတွေရောက်သွားလဲ ဆိုတော့ သူတို့ လင်မယား နှစ်ယောက်ဟာ ဂီတကို ဘယ်လို ဝါသနာပါကြောင်း .. သူဆိုရင် အသံ ဘယ်လိုကောင်းကြောင်း .. သူ့အစ်မ နိုင်ငံကျော် အဆိုတော်ကြီးနဲ့ အသံတူလွန်းလို့ လိုက်ကာနောက်မှာဆိုရင် လူမှားကြောင်း (လိုက်ကာရှေ့တော့ ထွက်လို့မရဘူး ဟိုက မင်းသမီး .. သူက အတော်လေး မည်းတယ်)

တခါတလေများ .. သူ့အစ်မ ဆိုရမယ့် ဇာတ်ဝင်တေးတွေဘာတွေ သွင်းဖို့ဖြစ်ဖြစ် မြန်မာ့ အသံမှာ ဆိုရဖို့ပဲ ဖြစ်ဖြစ် .. တပြိုင်ထဲ ၂ နေရာ လက်ခံထားမိလိုက်ရင် လူလုံးမပြရတဲ့ နေရာမျိုးမှာ သူက လူစား ဝင်ဆိုပေးရ ဆိုပဲ။ ကျမမှာ “ဒီလိုကိစ္စမျိုးတွေရှိလား” ဆိုပြီး ပါးစပ်ကလေး အဟောင်းသား ပေါ့။

ကျမက အင်တာဗျူးပါး မဝသေးတော့ စကားကို ဘယ်နေရာမှာ ဘယ်လိုဖြတ်ရမယ်ဆိုတာ မသိသေးဘူးလေ (နောက်တော့လည်း အတော်ကျွမ်းသွားပါတယ်။ ဂလိုပဲ အလုပ်ကသင်တယ် ဆိုရမှာပေါ့)

သူ့စကားကျောက သီချင်းကနေ တမျိုးပြောင်းသွားပါတယ်။ အဲဒီတမျိုးက တော်တော်ဆိုးတဲ့ တမျိုးပါ။ ရှိုင်းဟုတ် လင်ဇီးဆိုတာကို သိကြလားမပြောတတ်ဘူး။ မြန်မာပြည်မှာ လွန်ခဲ့တဲ့ ၈ နှစ် ၉ နှစ်လောက်က ခေတ်စားခဲ့တဲ့ လိမ်နည်းတမျိုးပေါ့ (အဲ့လိုပြောလို့ နာတဲ့သူတွေရှိရင်လည်း အဲဒီလူ များကို ရည်ရွယ်တယ်လို့မှတ်ပါ)

အဲဒီဆေးက ကိုးဆယ့်ခြောက်ပါးသော ရောဂါအပြင် အေအိုင်ဒီအက်စ် ကိုပါ ပျောက်နိုင်သတဲ့။ ၉၆ ပါးထဲ အေအိုင်ဒီအက်စ် မပါလောက်ဘူး ထင်ပါတယ်နော်။ အဲဒီဆေးဟာ မီဒီယာတွေ၊ ဂျာနယ်တွေ မှာ မကြော်ငြာစရာ မလိုလောက်အောင် ကောင်းတယ်ဆိုပဲ။ တိုတိုပြောရရင် ဒီ ဆေးကောင်း မကောင်း ဆိုတာထက် .. ဒီဆေးကို ရောင်းဖို့ လူရှာတဲ့အလုပ်ပါ။

ဘယ်သူ့ယောက္ခမရဲ့သူငယ်ချင်း ဘယ်သူဌေးကဖြင့် ကင်ဆာရောဂါကို ဘယ်လို အမြစ်က ပြတ်သွားတာ၊ ဒီဆေးကို စွဲသောက်ရင်းနဲ့ ဘယ်လိုရောဂါတွေ စင်တာဆိုပြီး မစားရ ဝမခန်း ကြော်ငြာရတယ်။ အဲဒီဆေးက အတော်လည်း ဈေးကြီးတယ်။ အဲဒီအချိန်က သိန်း ဆယ်ဂဏန်း ဖိုးလောက် ဝယ်သောက်ရပါတယ် (ပျောက်တယ် ဆိုတဲ့သူကို ဘယ်သူမ မမြင်ဖူးဘူး၊ ကြားပဲ ကြားဖူးကြတာပါ။ တယောက်ကတယောက် တဆင့်ပေါ့)

အဲဒီဆေးကို ကြော်ငြာတဲ့သူက လူတွေကို စိတ်ပါလာအောင် ဆွယ်ရပါတယ်။ တယောက်က ၂ ယောက်ကို ဆွယ် .. နောက် ၂ ယောက်က ၄ ယောက်ကို ထပ်ဆွယ် .. ဒီလိုနဲ့ ပွားရပါတယ်။ လူများများ ဆွယ်နိုင်လေ အဆင့်မြင့်လေပေါ့။ ဘယ်အဆင့်ရောက်ရင် လစာ ဘယ်လောက် ရမယ်၊ ဘယ်အဆင့်က မာစီဒီး စီးရမယ် ဆိုတာတွေလည်း ပါပါတယ်။

ကျမပါ အဲဒီရှိုင်းဟုတ်ရဲ့ လင်ဇီးဆေးအကြောင်း ကြော်ငြာသလိုဖြစ်နေပြီလားမသိဘူး။ ဒီလိုပါ .. ခုဏက ကျမအင်တာဗျူးတဲ့ အန်တီတို့ လင်မယားက အဲဒီ ရှိုင်းဟုတ်အဖွဲ့မှာ အတော်လေး အဆင့်မြင့်ရာထူး ရထားသူတွေပါပဲ။ သူ့ဘာသာသူ အဆင့်မြင့်မြင့် အတွင်းအားပဲရရ ကျမနဲ့ မဆိုင် ပေမယ့် သူတို့အဖွဲ့ဝင်ဖို့ ကျမကိုဆွယ်တာကျတော့ အတော်လေး ဆိုင်နေပါပြီ။

အဲဒီဆေးအကြောင်းက ကျမလည်းအတော်လေး သိထားပြီးပြီ။ ကျမသူငယ်ချင်းတချို့ .. ညီအစ်မ ဝမ်းကွဲတချို့ တောင် အဲဒီအလုပ်ထဲ မျောပါနေခဲ့ပြီ ..။ သိပေမယ့် ကျမကို စာရွက်တွေချရှင်းနေတဲ့ သူ့ကို ငြင်းဖို့ကျတော့ ကျမအားနာနေပါတယ်။ ကျမ နာရီကို တကြည့်ကြည့်လုပ်ရင်း အလုပ် သွားချင်နေပေမယ့် ထိုင်ရာကလည်း မထရဲသေးဘူး။ အားနာတဲ့အမှု (စာနယ်ဇင်းပါး မဝသေးတာ လည်း ပါတယ်)

သူကတော့ စိတ်ပါလက်ပါနဲ့ ကျမကို ၁ နာရီနီးပါးလောက် ဆွယ်တရားဟောပါတယ်။ သူတို့ရဲ့ ဟောပြောပွဲကိုလာဖို့လည်း ဖိတ်ပါတယ်။ တော်ရုံလူဆိုရင်တော့ ကြွေသွားလောက်ပြီ။ ကျမ ကတော့ အစကတည်းက အဲဒါကိုသိပြီး လုံးဝ စိတ်မဝင်စားတဲ့သူမို့လို့ သူ့စကားကို အားနာပါးနာ ထိုင်နားထောင် နေရုံကလွဲပြီး စိတ်ညစ်နေရုံပါပဲ။ အလုပ်ကလည်း သွားချင်နေပြီ။

အဲဒီအချိန်မှာ ကယ်တင်ရှင်တယောက် ရောက်လာပါတယ်။ ကံကောင်းစွာနဲ့ သူ့ဆီကိုဧည့်သည် အမျိုးသမီး တယောက် လာတဲ့အချိန်မှာ အခွင့်ကောင်းယူပြီး (အဲ့ကနေစပြီး ဘယ်လို ရှောင်ရ တိမ်းရမယ်ဆိုတာ သိတာပဲ) နှုတ်ဆက် ထလစ်ခဲ့တာပါ။

ရုံးကိုရောက်တာနဲ့ သူ့အင်တာဗျူးကိုရေး .. ဂျာနယ်မှာ နောက်တပတ် ထည့် .. ပြီးတော့ ဘာမှ မကြာဘူး အလင်္ကာက လစဉ်ပါနေကျ သီချင်းဝယ်တဲ့ အစီအစဉ်လည်း ဘာသံမှ မကြားရတော့ဘူး .. ၊ တာမွေပလာဇာက သူ့ရုံးခန်းလည်း ဘာဖြစ်သွားတယ်မသိဘူး။ အဲ … နောက်တော့ ဘာတွေ ဖြစ်ကုန်မှန်းကို မသိပါဘူး။

အင်း မြန်မာပြည်မှာ သမားရိုးကျ မဟုတ်တာတွေ ထထ မလုပ်နဲ့ … လို့ သတိပေးလိုက်သလိုပဲ။ ကျမလည်း သင်္ခန်းစာအသစ်တွေ ရလို့ပေါ့ … ။

ဟီဟိ .. အချုပ်ဆိုရရင် .. ကျမတို့လည်း သီချင်း ၃ ပုဒ် ရောင်းဖို့ သွားပေးထား လိုက်သေးတယ်။ အစတောင် ရှာမရပါဘူး .. ကမောက်ကမ နိုင်လိုက်ပုံများ ဆိုတာ ..။ ။


8 comments:

Phyo Maw said...

ပုလဲ ဆိုတဲ့ network marketing တော့ သေချာကြုံဖူးရဲ့။
ရှိုင်းဟုတ် လင်ဇီးလဲ ကြားဖူးတာ ကြာပါပြီ :D
စာနယ်ဇင်းသမား အင်တာဗျူဝါ ပါး ၀တယ်ဆိုတာ အဖြတ်အတောတ် အရှောင်အသိမ်း ကောင်းတာကို ဆိုလိုတာကိုး...

မိုးခါး said...

:D အတွေ့အကြုံလေး ဖတ်သားသွားပါတယ်

Anonymous said...

အမ မှတ်သားစရာပါပဲ အင်တာဗျုးမယ့်လူ marketing အဆင်းခံလိုက်ရတယ်။ တော်သေးတာပေါ့ဗျာ။ အရှောင်အတိမ်းကျွမ်းပေလို့..

:P said...

လင်ဇီးနဲ့မမိပေမယ့် သီချင်း (၃ )ပုဒ် ဆုံးသွားတာကိုး.. အိ

တီချမ်း said...

အပေါဂိုဏ်းချုပ်ထိပ်ခေါင် မမတူးတူးသာ ခင်ဗျား
ဒီနေ့ နေ့လယ်က မဆုမွန် က သူ့ဂျီတော့ခ် ရဲ့ မက်စေ့ခ်ျ မှာ အမ ရေးထားတယ်ဆိုတဲ့ စာလေး တပိုင်းတစ ကိုတင်ထားပါတယ်

အဲဒါလေးကို ကျတော် က မြင်ပြီးသကာလ
ဘာမှန်းမသိ ညာမှန်းမသိ နဲ့ ကောက်ပြီးလက်တန်းလေး ဒီလိုဆက်စပ်ထားပါတယ်
အစကတော့ ဦးမွန် (မဆုမွန် ကိုကျတော်ခေါ်တာပါ) ရေးတာထင်လို့ပါ
ပြီးတော့ ဆက်စပ်ပြီးမှ ဦးမွန်က မဟုတ်ဘူးအမ ရေးထားတာ လို့ပြောပြပါတယ်
အဲဒါလေး ကျတော် ပေ့ဂ်ျ မှာတင်ချင်တာ အမ ရဲ့ ခွင့်ပြုချက်လိုချင်လို့ပါ
ကဗျာ က ဒွေးချိုးလိုလို ဘာလိုလို ဖြစ်သွားပါတယ်
အမ သဘောမတူရင်တော့ မတင်ပါဘူးခင်ဗျာ...

ကျေးလက်မြို့ပြ

လယ်တောကအပြန်
စားချင်တယ် ဖာပေါင်းစင်းဆိုလို့
မောင်ရိုက်ကာပေး
မနက်တုန်းဆီက
ကျော့ဆုံးကိုမောင်မြင်တော့
သူ့စားပွဲမှာ ဟမ်ဘာဂါနဲ့
ဂုဏ်တင့်တယ်လေး ...။ ။

Central ကအပြန်
ဝယ်လာတယ် Burger King
ချစ်တဲ့သူမင်းအတွက်
ဝယ်ခဲ့တဲ့မောင်မောင့်မှာ
စားပွဲပေါ်လက်ဖက် ကိုတွေ့တော့
ရင်ခွင်ကို ခြေစုံကစ်သလို
မျက်မှောင်က တင်း။ ။

တီ ချမ်း

မေဓာဝီ said...

အခုမှဖတ်လိုက်မိလို့ အမရေ ..
ကျမရဲ့ အမေလည်း အဲဒီအမျိုးသမီးကြီးလေကြောမှာ မျောခဲ့ရဖူးတယ်။
ဒေါ် - ပြုံး မဟုတ်လား။ :)
သူက အိမ်တိုင်ယာရောက်ကို လာပြောတာ။ အမေကတော့ အားနာလို့ သူ့ဆီက လက်ဖက်ခြောက်ထုတ်တွေ ၀ယ်လိုက်သေးတယ်။ နောက်တော့ သိပ်တောင် မသောက်ဖြစ်ဘူး။ မှိုတက်သွားလို့။

nyimuyar said...

nice experience :D

Unknown said...

မြန်မာပြည်မှာ ရှိုင်းဟုတ် ပေါက်သွားတာ

အလုပ်လက်မဲ့တွေများတော့ အဲဒါကိုစိတ်ဝင်စားသွားတယ် ထင်ပါတယ်

စည်းရုံးရေးကတော့တကယ်ကောင်း အဟောကောင်း အပြောကောင်း ရောဂါအတွက် ကောင်းမကောင်း မသိ
အစည်းအဝေးတခုခုဆိုရင် ညောင် နှစ်ပင်ထက်တောင်ပို သေး မန်းမှာဆို ရှယ်ဆောက်ထားတာ ရောက်ရင် ၀င်ကြည့်ပါအုံး