အလံတဝက် လွှင့်ထူပြီ


၁၉၈၈ ခုနှစ် အခုလို အချိန်လောက်ကို ပြန်လှည့်ကြည့်မိတော့ ... ကျမ ဆယ်တန်း ဒုတိယအကြိမ်ဖြေထားပြီးချိန်၊ အောင်စာရင်းကို စောင့်နေချိန်၊ စာအုပ်တွေ လှိမ့်ဖတ်နေတဲ့ နွေနေ့လယ်ခင်းတွေကို ပြန်သတိရမိတယ်။ မနှစ်က ကျခဲ့ပေမယ့် ဒီနှစ်တော့ အောင်မယ်ဆိုတာ သေချာသလောက် ကိုယ့်ကိုယ်ကိုယ် သိနေခဲ့တယ်။ စိတ်ထဲမှာ အေးအေး ဆေးဆေးပဲ။ အဲဒီအချိန်က နိုင်ငံရေးအခြေအနေ တအုံနွေးနွေးနဲ့ ... ပေါက်ကွဲလု ဗုံးတလုံးကို ထိုင်ကြည့် နေရတဲ့ အချိန်လိုပါ ...။ ၁၉၈၇ ခုနှစ်မှာ ငွေစက္ကူ အရေးအခင်းဖြစ်လို့ ကျမတို့ ဆယ်တန်း စာမေးပွဲတွေကို မတ်လမှာ မစစ်နိုင်တော့ဘဲ ဧပြီလအထိ ရွှေ့ခဲ့ရတယ်။ အစိတ်တန်၊ ၇၅ ကျပ်တန် ငွေစက္ကူတွေ သိမ်းတော့လည်း ကျမတို့အိမ်က ချမ်းသာသမျှ တရွက် တည်းသော အစိတ်တန်ကလေး ပါသွားခဲ့ရဖူးပြီ ...နောက်တော့ မတ်လ ၁၃ ရက်နေ့မှ ဖုန်းမော်အရေးအခင်း ဖြစ်ခဲ့တယ်။

၁၉၈၈ သင်္ကြန်က သင်္ကြန်မပီသလိုပဲ။ လူကြီးတွေ ပါးစပ်က ကုန်ဈေးနှုန်းတက်တယ် ဆိုတဲ့ အသံတွေပဲ ကြား နေရတာ။ ဆန်ဈေးတွေ ဆီဈေးတွေ တရိပ်ရိပ်တက်လာတော့ အဖေကတော့ တခုခု ဖြစ်တော့မှာလို့ နိမိတ်ဖတ်နေချိန်။ ကျမတော့ ဘာမှသိပ်မသိတဲ့ ကလေးသာသာစိတ်နဲ့ ... အမေ့ရဲ့ မူကြိုကျောင်းကလေးက ကလေးတွေကြားမှာ ငှားလာတဲ့ စာအုပ်တွေကို တအုပ်ပြီး တအုပ်လှမ့်ဖတ် ... အဲဒီမှာ ဆရာမင်းလူ၊ ဆရာမ နုနုရည် အင်းဝတို့ မိုးမိုးအင်းလျားတို့နဲ့ ကျမ စာအုပ်တွေကနေတဆင့် ရင်းနှီးခဲ့ရ ...။

ပန်းကျောင်း ... ငှက်ကလေး ... သံယောဇဉ် အဖွဲ့ကနေစပြီး မင်းလူစာအုပ်တွေကို တအုပ်ပြီးတအုပ် အာသာ ငမ်းငမ်း လိုက်ရှာဖတ်နေခဲ့တယ်။ အဲဒီတုန်းက စာအုပ် ဝယ်ဖတ်ဖို့ဆိုတာ စိတ်ကူးတောင် မယဉ်နိုင်တဲ့ကာလ။ အငှားဆိုင်တွေ အားကိုးပြန်တော့လည်း မင်းလူစာအုပ်ကို တင်တဲ့ဆိုင်ကတင် ... မတင်တဲ့ဆိုင်က မတင်နဲ့ ...။ ဒါပေမယ့် အဖေ့ ကျေးဇူးနဲ့ အဖေငှားဖတ်နေကျ ကောက်ရိုးနွယ်ဆိုတဲ့ စာအုပ်ဆိုင်ကလေးကို ဝင်မွှေခွင့်ရခဲ့ပြီး ကျမ စိတ်ကြိုက် စာအုပ်တွေ ဖတ်ခွင့်ရခဲ့တယ်။

အဲဒီနွေက အခု ပြန်စဉ်းစားကြည့်တော့ တော်တော်လွမ်းစရာ ...။ ဂစ်တာကလေးကလည်း တီးတတ်ခါစဆိုတော့ ကျမမှာ စာအုပ်တွေရယ်၊ ထူးအိမ်သင် သီချင်းလေးတွေရယ်နဲ့ တော်တော်လေးတော့ ပြည့်စုံခဲ့ပါတယ်။

ဂစ်တာတီးရင်း (ဂစ်တာက ကိုယ်ပိုင်တော့ မဝယ်နိုင်ဘူး၊ ကျမအစ်ကို သူငယ်ချင်းတွေ ခဏ ထားထားသွားတဲ့ ဂစ်တာကို ယူတီးရတာ) ... စာအုပ်တွေဖတ်ရင်း ဒီလိုနဲ့ ၁၉၈၈ ခုနှစ်ရဲ့ သြဂုတ်လထဲမှာ ... တိုက်ဆိုင်စွာပဲ ... အရေးအခင်း ဆိုတာကြီးမစခင် ဆရာမင်းလူရဲ့ စာအုပ်သစ်တအုပ် ထွက်လာခဲ့တယ်။

“ရင်ခုန်သူများ” ဆိုတဲ့ စာအုပ်ပါ။ အဲဒီခေတ်က စာဂျပိုးလူငယ်တွေ မှတ်မိကြလိမ့်ဦးမယ်လို့ ထင်ပါတယ်။ ကျမကတော့ အဲဒီစာအုပ်ကို တော်တော်လေးကြိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီစာအုပ်ထဲမှာ ဆရာ မင်းလူတို့ ငယ်သူငယ်ချင်းတွေရဲ့ ကဗျာလေးတွေကို ကြားညှပ် ဖော်ပြထားလို့ပါ။

စားကောင်းသောက်ဖွယ်များ
စားရသောအခါဝယ် ...
ချစ်သူကို သတိရ တမ်းတမိတယ်
ခုများတော့ကွယ် မုန်းလို့ရယ်ဟုတ်ဘူး
စားကောင်းသောက်ဖွယ်ဆိုတာ
ဘယ်လိုဟာ မသိတာကြောင့်
မင်းကိုမေ့နေရပါကြောင်း
တောင်းပန်စိတ်ကူး ... ။

ဒါကတော့ ဆရာ့ကဗျာလေးပါ။ နောက်ပိုင်းမှာ သားကြီးမောင်ဇေယျရဲ့ ကဗျာလို့ သိရတဲ့ ကဗျာလေးတပုဒ် ရှိသေးတယ်။

ကျွန်တော်ပြန်ပါတော့မယ်

“သွားတော့မယ်နော်”
“ပြန်တော့မှာလား”
“၀ိုးဝါးမပီ
နေ၀င်ပြီလေ”
“နေပါအုံးဟယ်”
“စောပါသေးတယ်”
“ပြန်မယ်..ပြန်မယ်
အခုပြန်မယ်ဟာ”
အခါပေါင်းများစွာ
ငါကြေညာရင်း
သက်ပြင်းကလေးမှုတ်
ခေါင်းကုတ်ကာ ငိုင်တိုင်တိုင်နဲ့
ဟောကြည့် .......
ပြန်ထိုင်မိပြန်ပြီ။

အများသောအားဖြင့် အချစ်ကဗျာလေးတွေပါ။ နောက်ပိုင်း သူတို့သူငယ်ချင်းတွေ (မင်းလူ၊ တိုးမိုး၊ မြင့်ကောင်း၊ သားကြီးမောင်ဇေယျ၊ မောင်မောင်စနေ) စုထုတ်တဲ့ “ရွှေနှလုံးသား” ဆိုတဲ့ ကဗျာစာအုပ်ထဲမှာပါပါတယ်။

မနေ့တနေ့က ဆရာမင်းလူရဲ့ သမီးငယ် ယုယနဲ့ စကားပြောမိတော့ သူက “အဲဒီကဗျာလေးတွေက ဇာတ်လမ်း လေးတွေနဲ့တူတယ်။ သမီးတို့ငယ်ငယ်က ကဗျာမှန်းမသိဘူး။ သီချင်းလို လုပ်ဆိုခဲ့တာ” လို့ ပြောပြတယ်။

အဲဒီ ရင်ခုန်သူများထဲက ကဗျာတွေကို ဟိုမှာ၊ သည်မှာ ပြန်တွေ့ရပေမယ့် ... လုံးဝ ပြန်မတွေ့ရတော့တဲ့ ကဗျာ တပုဒ်အကြောင်းကို ကျမ ပြောချင်တာပါ။ မင်းလူရဲ့ အဲဒီတုန်းက ပရိသတ်တွေ သတိထားမိမယ်လို့ ထင်ပါတယ်။ ရင်ခုန်သူများ ဒုတိယအကြိမ် ပြန်ထုတ်ခွင့်ရတော့လည်း အဲဒီကဗျာက စိစစ်ရေးက ခွင့်မပြုခဲ့ဘူး ...။ တခြားသော ကဗျာပေါင်းချုပ် စာအုပ်ကလေးတွေ ထုတ်တော့လည်း အဲဒီကဗျာ ပါမလာဘူး။

အဲဒီကဗျာကို ကျမ ပြန်ရှာနေတာကြာပါပြီ ...။ ရင်ခုန်သူများ ပထမ ဗားရှင်းကလည်း ကျမမှာ မရှိတော့ဘူးလေ။ အခုတော့ ယုယရဲ့ ကျေးဇူးနဲ့ ပြန်တွေ့ပါပြီ။ အဲဒီ ကဗျာလေးက “ဝမ်းနည်း မှတ်တမ်း” လို့ အမည်ရပါတယ်။ ရင်ခုန်သူများဟာ ... အချစ်ဝတ္ထု ရိုးရိုးလေး တပုဒ်လို့ ပြောလို့ ရပေမယ့် ခေတ်ကို ထင်ဟပ်နေတဲ့ ဝတ္ထုတအုပ်ပါ ...။ ဒီ ဝမ်းနည်းမှတ်တမ်းဟာ အဲဒီ ခေတ်ကြီး တခုလုံးကို ထင်ဟပ် ပြနေခဲ့ပါတယ်။ အဲဒီကဗျာကို ဖတ်လိုက်ရုံနဲ့ အဲဒီတုန်းက တက္ကသိုလ်ကြီးရဲ့ အခြေအနေကို မြင်နေရပါတယ်။ အဲဒီတုန်းက ကျမက တက္ကသိုလ်ကျောင်းသူ မဟုတ်သေးပါဘူး။ ဒါပေမယ့် ဒီကဗျာလေးကို ဖတ်ပြီး ဘာကို ဆုံးရှုံးမှန်းမသိ ... တခုခု ဆုံးရှုံးလိုက်ရတယ်ဆိုတာကို သိခဲ့တယ်။ အဲဒီကဗျာလေးကိုလည်း အလွတ် မရွတ်နိုင်ပေမယ့် ကျမ လုံးဝ မမေ့ခဲ့ဘူး။ အခွင့်သာတိုင်း ပြန်ရှာနေမိတယ်။ မှတ်သားမိသလောက် ဆရာမင်းလူ အဲဒီရင်ခုန်သူများ စာအုပ်ကို ရေးပြီးတဲ့အချိန်က ၁၉၈၈ ခုနှစ် မေလပါ။

ဝမ်းနည်းမှတ်တမ်း


တပေါင်းနွေတွင်
ကြွေလွင့်မျောလျက်၊ နွေသစ်ရွက်ရယ်
မင်းတွက် လွမ်းတေး ဆိုပါမည်။

ဥသြငှက်လျှင်၊ မျှော်စင်ထက်မှ
အမျှပေးဝေ တောင်းဆုချွေဆဲ

အင်းလျားကန်က မှန်သားမျက်နှာ
လက်ဖြင့်ကာလျက် မရှုရက်နိုင်

ဘွဲ့နှင်းသဘင် မရွှင်မပျ
မျက်လွှာချလျက် နှုတ်မဆက်နိုင်

ကြေးခြင်္သေ့သည် မျက်လုံးနီလျက်
မျက်ရည်တစ ထိန်းမရတော့

အဓိပတိ မချိသဖြင့်
ရင်နင့်လှိုင်းထ မောပန်းလှပြီ

ကံ့ကော်တောအုပ် အပူရုပ်ဖြင့်
စုတ်သပ်မစဲ ယိုင်လဲမတတ်

မင်းအချစ်ဦး လိပ်ပြာရူးပြီ
ဟိုကူးဒီလာ ဆတ်ဆတ်ခါစဉ်

သစ်ပုတ်ပင်သည်
ရင်မှပေါက်ဖွား သူ၏သားတွက်
ဖားလျားပင်ယံ ပန်းမပန်ဘဲ
အလံတဝက် လွှင့်ထူပြီ။

တပေါင်းနွေတွင်
ကြွေလွင့်မျောလျက် နွေသစ်ရွက်ရယ်
မင်းတွက် လွမ်းတေး ဆိုပါမည် ...။

ရင်ခုန်သူများ စာအုပ်နောက်ကျောဖုံး အတွင်းမှာ သီးသန့် ... ဝတ္ထုနဲ့မဆိုင်ဘဲ ဖော်ပြခဲ့တဲ့ ဒီကဗျာလေးကို ဖတ်ပြီး ကျမ မောသွားတယ် ... ဝမ်းနည်းမှတ်တမ်းဟာ ... အဲဒီခေတ် အစိတ်စိတ်အမွှာမွှာ ဖြစ်ရတော့မယ့် အမိတက္ကသိုလ်ကြီးရဲ့ မှတ်တမ်းလည်း ဖြစ်ပါတယ် ....။

(ကဗျာလေးတွေ ရှာပေးတဲ့ ညီမလေး ယုယကို ကျေးဇူးတင်ပါတယ်) မတ်လ ၂၁ ရက်နေ့ဟာ ကမ္ဘာ့ကဗျာနေ့ပါ ... ကဗျာနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီစာကို တင်ဆက်ပါတယ်။
တူးတူးသာ


3 comments:

sosegado said...

ကဗျာကြောင်းလေးဖတ်သွားပါသည်

IDIOT-Ki said...

တကယ့်ကို ဝမ်းနည်းစရာကောင်းတဲ့
လတပေါင်း ပါပဲ ။
တော်လှန်သူ တို့  ရဲ့ တော်လှန်ရေး မှာလည်း ပူလောင် ပြင်းပြ ဒီနွေတွေမှာ စခဲ့ကြတယ် မဟုတ်ပါလား။ မတ် ၁၃ ရက် ဟာလည်း ၊ ဝမ်းနည်း မှတ်တမ်းထဲက နေ့  တ နေ့ ပါ ပဲ။

( ကဗျာလေးကြိုက်လို့  ကူးယူသွားပါတယ်။ ခွင့်ပြုပါ နော် ။)

မကိ

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog