ကိုနိုင်နဲ့ပဲနေတော့မယ့် ယုဇနပန်းကလေး (ဇာတ်သိမ်း)
“ညီမလေး … ဟိုသေနာကျကို မယု လိုက်ရှာလိုက်ဦးမယ် … ကလေး ခဏ ကြည့်ထားပေးဟာ”
မယု … ကိုနိုင်နဲ့ သမီးလေး တယောက် မွေးပြီးတဲ့နောက်မှာ မကြာခဏ ကြားရတဲ့ စကားပါ။
“ကိုနိုင့်ကို ဘယ်မှာ လိုက်ရှာမလို့လဲ ..”
“ဘယ်မှာရှာရမှာလဲဟယ် … ဒီနားက အရက်ဆိုင်တွေမှာပဲပေါ့။ ဒင်းတော့လား … တွေ့လို့ကတော့ အသေကို လုပ်လိုက်ဦးမယ်”
“ကဲ ကဲ ရှာရင်လည်း သွားရှာလေ … ဟန်နီလေးကို ညီမလေးနဲ့ ထားခဲ့။ ရန်လည်း ဖြစ်မနေနဲ့ဦး”
မယုသမီးငယ်လေးက မယုနဲ့ တပုံစံတည်း ...။
သူတို့မိသားစု သုံးယောက်နေကြတဲ့ ဘကြီးခြံထဲက တဲကလေးက ကျမတို့ ဆွေမျိုးတွေ စုနေတဲ့ နေရာနဲ့ဆို ၄၊ ၅ မိုင်လောက် ဝေးပါတယ်။ မနက်တိုင်းမှာ ကိုနိုင်က ဟန်နီလေးကို ပခုံးပေါ်မှာ ထမ်း မယုကို လက်တွဲပြီး လျှောက်လာတဲ့ မြင်ကွင်း မြင်ရသလို … ညနေတိုင်းလည်း အဲဒီလိုပုံစံနဲ့ အိမ်ပြန်ကြတဲ့ သူတို့မိသားစုကို မြင်နေကြ ...။
ကျမက အိမ်ထောင်ကျစ … မနက်ခင်း လင်မယားနှစ်ယောက် လက်ဘက်ရည်ဆိုင် ထိုင်နေတဲ့ အချိန်ဆို မယုတို့ မိသားစု အဲဒီ လက်ဘက်ရည်ဆိုင်ရှေ့က ဖြတ်လျှောက်ကြမြဲ … ။ တခါတလေမှာ ကျမတို့ လက်ဘက်ရည်ဝိုင်းမှာ သူတို့ ဝင်ထိုင်ကြတတ် သလို … တခါတလေတော့လည်း … မထိုင်တော့ဘဲ အော်ဟစ် နှုတ်ဆက်ပြီး ဆက်လျှောက်သွားတတ်တယ်။
ညနေပိုင်းတွေမှာတော့ တခါတလေ ကိုနိုင် အလုပ်ကောင်းတဲ့အခါ အရက်ဆိုင်ကို ရောက်နေတတ်လို့ မယုက ကလေးကို ကျမနဲ့ အပ်ပြီး လိုက်ရှာရတာမျိုးရှိတတ်တယ်။ အဲဒီအခါမျိုးမှာ ကိုနိုင်က မယုပြောဆိုသမျှကို ငြိမ်ပြီး ခံနေလေ့ရှိတယ်။ နောက်ဆုံး မယုပဲ မောပန်းပြီး သူ့စကားကို သူ အဆုံးသတ် … ကိုနိုင်က ကလေးကို ကောက်ချီပြီး အိမ်ပြန်ကြတော့ တာပါပဲ။
အဲဒီ ပုံစံအတိုင်း ကျော်ဖြတ်သွားလိုက်တာ … နေ့တွေ၊ ညတွေက တပုံစံတည်းလားတောင် ထင်ရရဲ့ ...။ ကျမ သားကြီး ကိုယ်ဝန်ဆောင်တော့ မယုသမီး ဟန်နီလေးတောင် ၅ နှစ်ပြည့်လို့ သူငယ်တန်းစတတ်ပြီ။ မိဇာလေးက အလယ်တန်းတောင် ရောက်ပြီ … ။
ကျမ သားကြီးမွေးတော့ မယုရောက်လာပြီး ထဘီက အစ မရွံမရှာ လျှော်ပေးတာပါ။ အဲဒီလို ရှိသမျှ အလုပ်တွေ သိမ်းကျုံး လုပ်ရင်းက သူ့ထုံးစံ ကြားထားသမျှ အတင်းတွေတော့ ပြောတတ်တာပေါ့လေ ...။
တခါတော့ ကလေး နီတာရဲလေးကို ထွေးပွေ့ထားတဲ့ ကျမကို စေ့စေ့ … တွေငေး ကြည့်ရင်းက “မယုလည်း ကလေးလေး တယောက် ထပ်မွေးချင်လိုက်တာ” လို့ ပြောလာတယ်။
“မမွေးပါနဲ့ မယုရယ်။ မယုတို့ အဆင်ပြေကြတာလည်း မဟုတ်ဘူး။ ဟန်နီ တယောက်တည်းနဲ့တောင် တော်တော် ရုန်းကန်ရတာ။ နောက်တယောက်ဆို ဘယ်နိုင်မလဲ” လို့ ကျမ ပြန်ပြောမိတယ်။ မယုက သက်ပြင်းကို ဟင်းခနဲချရင်း “ကိုသက်တင် တယောက်လည်း ဘယ်ရောက်နေလဲ မသိဘူးနော်” လို့ အစပ်အဆက်မဲ့ ပြောတယ်။ ပြီးတော့ “မယုလေ … မေအေးကို တခါတခါ တော်တော် စိတ်နာတယ်” တဲ့။
သူ့ရင်ထဲမှာ ဘာတွေရှိနေလဲ ကျမ သေချာမသိပေမယ့် သူ ခံစားနေရတာကို ကျမ နားလည်သလိုလိုပဲ ...။ သူ ကိုယ်တိုင်လည်း သူ ဘာဖြစ်နေတယ်ဆိုတာ သေချာ မဖွင့်ချပြတတ်တဲ့ ကျမ အစ်မကို ကြည့်ရင်း ကျမရင်ထဲမှာ ဆို့ ကျပ်လာတယ်။ ကျမကသာ ဆို့ကျပ်လာတာ သူကတော့ ပြောချင်တာ ပြောပြီး ဘာမှ မဖြစ်သလိုပဲ “ညီမလေး … ပြီးရင် မယု ဈေးသွားမယ်။ ပုစွန်နဲ့ ချဉ်ပေါင်ဝယ်ခဲ့မယ်။ ညီမလေး ချဉ်ပေါင်ကြော် စားမယ်မဟုတ်လား” လို့ အေးအေး ဆေးဆေးပဲ ပြောနေတယ်။
ယုဇနပန်းကလေးတွေက သူ့ဘာသာ အပင်မှာ လန်းဆန်းပြီး မွှေးမြချိန် ဘာလို့ တိုတောင်းရတာလဲ ကျမ သိချင်လိုက်တာ။
“ညီမလေး … မယုမှာ နောက်ထပ် ကိုယ်ဝန်ရှိနေပြီ”
“ဘယ်လို ဖြစ်တာလဲ မယုရယ် … တို့ သေချာ ပြောထားရဲ့ သားနဲ့။ တော်ကြာ အဆင်မပြေ ဖြစ်နေဦးမယ်”
“အဟီး … မကော … ကိုနိုင်ကော နောက်ထပ် ကလေးလေးတယောက် လိုချင်လာလို့ဟ”
“အင်းလေ … မယုတို့ အဆင်ပြေရင်ပြီးတာပါပဲ”
“ပြောသာ … ပြောရတာ။ မယုလည်း ခပ်လန့်လန့်ပဲ သိလား။ တကယ်တော့ မယုတို့ တဲကလေးက မိုးတောင် လုံတာ မဟုတ်ဘူး”
ကျမ သနားသွားတယ်။ တကယ်တော့ ကျမတို့ ညီအစ်မဝမ်းကွဲ တတွေ ရှေ့ဆင့်နောက်ဆင့် ကလေးတွေ ရလာတာကို ကြည့်ပြီး သူလည်း တဒင်္ဂ ကလေးလိုချင်စိတ်နဲ့ ယူလိုက်တယ်လို့ပဲ တွေးလိုက်ပါတယ်။
ဒါပေမယ့် … အဲဒီနောက်မှာ အဖြစ်အပျက်တွေက ရုပ်ရှင်ကားတကားကို ဖလင် အမြန်ဆွဲပြီး ပြလိုက်သလိုပဲ ဖျတ်ခနဲ ဖျတ်ခနဲ မြန်ဆန်လွန်းလှတယ်။
ကိုယ်ဝန်သုံးလမှာ … မယု ကေသီပန် သွေးပုပ်ချဆေးတွေ သောက်ပြီး ဆေးရုံရောက်သွားတယ် ဆိုတဲ့သတင်း ကျမဆီ ရောက်လာတယ်။
“ဘာလို့ အဲဒီလို လုပ်တာလဲ မယုရယ်။ အန္တရာယ်ရှိတယ်ဟ”
“မသိဘူးဟာ။ တကယ်တကယ်တော့ ကလေးယူဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ”
“အဲဒါဆိုလည်း အစကတည်းက ...”
ကျမ စကားမဆက်နိုင်တော့ဘူး … သူ့မျက်ဝန်းက မျက်ရည်တွေကြောင့်ပါ ...။ ကိုနိုင်ကတော့ သူ့မိန်းမကို အရိပ်တကြည့်ကြည့် ကြည့်ရင်း လက်ကလေးကို မလွှတ်တမ်း ဆုပ်ကိုင်ထားတယ်။
တခါတုန်းက သူကိုယ်တိုင် ရှိမှန်း မသိလိုက်တဲ့ ကိုယ်ဝန်ကို ဖျက်ချဖို့ သူများတိုက်တဲ့ ဆေးတွေကို သွန်ပစ်တဲ့သူက အခု သူကိုယ်တိုင် သေချာ ယူခဲ့တဲ့ ကိုယ်ဝန်ကို ပျက်ကျအောင် ဆေးတွေ ဘာကြောင့် သောက်ရတာတဲ့လဲ။ သူ့မျက်ရည်တွေ ဘာကြောင့် ကျတယ် ဆိုတာ မိခင်တယောက် ဖြစ်နေတဲ့ ကျမ နားလည်လိုက်ပါတယ်။
မယု ဆေးရုံက ဆင်းဆင်းခြင်း တိုက်ဆောက်နေတဲ့ နေရာမှာ ဘိလပ်မြေ သွားသယ်တယ် …
မယု မျက်နှာက ဖောယောင်နေတာပဲ … ကိုနိုင် ဆေးခန်း လိုက်ပြနေရတယ် …
မယု နည်းနည်း သက်သာလာပြီ … ခါတိုင်းလိုပဲ ကိုနိုင်နဲ့ ဟန်နီလေးနဲ့အတူ လမ်းလျှောက်လာ၊ လမ်းလျှောက် ပြန်ကြတယ်။
မယု ကိုနိုင်အရက်သောက်တဲ့ ဆိုင်တွေမှာ လိုက်ရှာရပြန်ပြီ။
မယုတို့ တဲကလေးကို ဓနိမိုး ပြန်မိုးနေရလို့ ကြီးမာအိမ်မှာ တရက် လာအိပ်ကြတယ်။
မယုတို့ တဲကလေး ဓနိအသစ် မိုးပြီးပြီ။
မယုရယ် ကိုနိုင်ရယ် ဟန်းနီရယ် လက်တွဲလို့ … လျှောက်သွားတာ တွေ့လိုက်တယ်။
ကိုနိုင်အရက်သောက်တဲ့ ဆိုင်ထဲမှာ မယု သွားသောင်းကျန်းတယ်တဲ့။
မယုတို့သတင်းတွေကို အမျိုးမျိုး ကြားနေရပေမယ့် မယုနဲ့ ကျမ အဲဒီရက်ပိုင်းက မဆုံဖြစ်ကြဘူး။ မယုနဲ့ ဆုံဖြစ်တော့ … ခါတိုင်းနဲ့မတူဘဲ ပိန်ချုံးနေတဲ့ မယုကို အံ့သြတကြီး တွေ့လိုက်ရတယ်။။
“ကျန်းမာရေး ဂရုစိုက်ပါဦး မယုရယ်”
“မယုက ဘာမှ မဖြစ်ပါဘူး ညီမလေးရဲ့ … ကိုနိုင့်ကြောင့်စိတ်ညစ်နေရတာ။ ပင်ပမ်းတယ်ဆိုပြီး အရက်တွေ အရမ်း သောက်တာပဲ”
မယုရဲ့ စကားသံက ချောင်းတဟွတ်ဟွတ်နဲ့ ရောထွေးလို့ ...။
“ဆေးခန်းလေး ဘာလေး ပြကြည့်ပါဦးဟာ”
“ဘာမှ မဖြစ်ပါဘူး။ ညီမလေး ဘာစားမလဲ … မယု ချက်ပေးမယ်လေ”
မကျန်းမမာ ဖြစ်နေတဲ့ ပုံစံနဲ့တောင် အငြိမ်မနေဘဲ ကျမအိမ်က လျှော်စရာတွေကို အတင်း ယူလျှော်နေလို့ ကျမ အတင်းလိုက်ဆွဲရပြန်တယ်။
“ကိုနိုင်ကသိပ်ရယ်ရတယ် သိလား … သူက မူးလာပေမယ့် မယု ဆူရင် ငြိမ်နေရော။ ပြီးရင် မယုကို အတင်း လိုက်ချော့တယ်။ သူ့ သမီးတော့ သူ အရမ်းချစ်တယ်လေ။ သူ့သမီးက ဒယ်ဒီ အရက်သောက်ရင် ဟန်းနီ မခေါ်တော့ဘူးလို့ ပြောရင် ပျာ နေတာပဲ”
သူ့ယောက်ျားအကြောင်း ပြောနေတဲ့ မယုမျက်နှာက ကြည်လင်လို့ … ပြုံးလို့။ ကိုသက်တင်ကို သူ မေ့သွားပြီ ...။ ကျမ သူ့လက်ထဲကို ထည့်ပေးလိုက်တဲ့ ငါးရာတန်တရွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း … “မယု ဈေးသွားလိုက်ဦးမယ် သိလား … ညီမလေးကော ဘာမှာမလဲ။ ကိုနိုင်က ငါးဟင်း စားချင်တယ်ဆိုလို့ … ဈေးသွားပြီး အိမ်ပြန်ချက်လိုက်ဦးမယ်” လို့ ပြောနေတဲ့ မယုမျက်နှာက ပြုံးရွှင်လို့ ...။
“မမှာတော့ပါဘူး မယုရယ် … ကိုနိုင့်အတွက်ပဲ ပြန်ချက်လိုက်ပါ နော်”
ကျမ သိသလောက်တော့ မယု ချက်ပေးတဲ့ ငါးဟင်းကို ကိုနိုင် မစားသွားရ ရှာဘူး ...။
အဲဒီနေ့က ကိုနိုင် အရက်တွေ မူးပြီး အိမ်ပြန်လာချိန် တော်တော် နောက်ကျတယ်။ မယုတို့ သားအမိတောင် အိပ်နေကြပြီတဲ့။ နွေ … ညဘက်ကြီး … ပူလို့ဆို ရေချိုးပြီး ဘာမှတောင် မစားတော့ဘဲ ဝင်အိပ်လိုက်တဲ့ ကိုနိုင့်မှာ အရင်ကတည်းက သွေးတိုးရှိနေတယ် ဆိုတာလည်း မယုက ကြိုမသိထားပါဘူး။ သိရင်တောင် ဘယ်လို နေရထိုင်ရမယ်ဆိုတာ မယု ဘယ်ပြောတတ် ပါ့မလဲ။ ဦးနှောက် သွေးကျော ပြတ်တယ်ဆိုတာလည်း တော်တော့်ကို မြန်တဲ့ ရောဂါ တခုပါ။
ရုတ်တရက်ကြီး မယုတို့ ဘဝထဲက ကိုနိုင် ထွက်သွားလိုက်ပုံများ … နုတ်ဆက်ချိန်တောင် မရဘူးလေ။
အချစ် ဆိုတာ တော်တော်ပဲ ဆန်းကျယ်ပါသလား ...။ ရင်ကွဲနာကျတယ်ဆိုတာကို ကျမ တသက်နဲ့တကိုယ် ဝတ္ထုတွေထဲမှာ ဖတ်ဖူးတာကလွဲရင် … တခါမှ မျက်မြင်ကိုယ်တွေ့ မမြင်ဘူးတာပါ။
ကိုနိုင် ဆုံးပြီးတဲ့နောက် မယု အိပ်ရာထဲမှာ ဘုံးဘုံး လဲပြီး … အစာ မဝင်တော့တာ၊ မယု ကယောင်ကတန်းတွေ ပြောတာ … ကျမကိုတောင် မမှတ်မိတော့တာတွေဟာ ထူးဆန်းတယ်လို့ ဆိုရမလား။
“ကိုသက်တင်ကို ပြောလိုက်ပါ။ ကိုနိုင်နဲ့ပဲ နေတော့မယ်လို့ … နော်”
သတိလက်လွတ်ဖြစ်နေချိန်မှာ မယု မကြာခဏ ပြောတတ်တယ်။
သူ့ကို ဆေးတိုက်တဲ့ အခါမှာ … “အဲဒီဆေးတွေ မသောက်ချင်ဘူး … သွား။ ငါ့ ကိုယ်ဝန် ပျက်ကျသွားလိမ့်မယ်” လို့လည်း ပြောတတ်တယ်။
ကျမက “မယု … ညီမလေး ကျွေးတာစားနော်။ ညီမလေး ခွံ့ကျွေးမယ်” ဆိုပြီး စားစရာ တခုခု ခွံ့ကျွေးရင်တော့ သူ နည်းနည်း စားတတ်တယ်။ ဒါပေမယ့် “ကိုသက်တင်ကို ပြောလိုက်ပါ … ကိုနိုင်နဲ့ပဲ နေတော့မယ်” ဆိုတဲ့ စကားကိုတော့ သူ တတွတ်တွတ် ပြောမြဲ ...။
ရင်ကွဲနာ ဆိုတာကို ကျမ မကြုံဖူးပေမယ့် ယုံလိုက်ရပြီ …။ ကိုနိုင် ဆုံးပြီး သုံးလ တိတိ ပြည့်တဲ့နေ့မှာ … မယုလည်း တကယ်ကို လိုက်ပါ သွားခဲ့ပြီ ...။ သူပြောသလိုပဲ … ကိုနိုင်နဲ့ပဲ နေတော့မယ် ဆိုတာ တကယ်ပဲ ထင်ပါရဲ့ ...။
တရှုပ်ရှုပ်ငိုနေတဲ့ မိဇာလေးရယ်၊ ဘာမှ နားမလည်သေးတဲ့ ဟန်းနီရယ် … သူတို့ နှစ်ယောက်စလုံး ကြီးမာရဲ့ သမီးတွေ ဖြစ်သွားကြပြီ … ။
ယုဇန ပန်းလေးတွေက ချစ်တတ်ပါသလား … ။
မြေမှာ ပျံ့ကျဲနေတဲ့ ယုဇနပန်းလေးတွေကို တွေ့တိုင်း … တချိန်က ယုဇနပန်းကလေး တပွင့်ကို ကျမ သတိမရဘဲ မနေနိုင်ဘူး။ အဲဒီယုဇန ပန်းလေးဟာ … တချိန်တုန်းက အပင်ပေါ်မှာ တကယ်ကို မွှေးမြခဲ့ဖူးတယ်။
သူက … မိုးကို ချစ်ပြီး မိုးကြောင့် ပွင့်အာရပေမယ့် … မိုးကြောင့်ပဲ … အကြွေလွယ်ရတဲ့ ပန်းကလေးပါ ...။ အဲဒီ ယုဇနပန်းကလေးက ကိုနိုင်နဲ့ပဲ နေတဲ့ ယုဇနပန်းကလေးပေါ့။ ။
Thursday, October 07, 2010 | Labels: ဝတ္ထုရှည် |
This entry was posted on Thursday, October 07, 2010 and is filed under ဝတ္ထုရှည် . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.
3 comments:
သနားစရာပဲ
အရေးအသားလေး ကောင်းတော့ တကယ့်အဖြစ်လားလို့တောင် ထင်မိတယ်..
စိတ်မကောင်းစရာပဲနော်...
ဇာတ်လမ်းကသနားစရာလေးနော်... အရေးအသားကလဲ ကောင်းတော့ ဖတ်လို့ ကောင်းတယ်...
း-)
Post a Comment