ကိုနိုင်နဲ့ပဲနေတော့မယ့် ယုဇနပန်းကလေး ၁

ယုဇန ပန်းကလေးတွေက မွှေးသလောက် … ချစ်စရာကောင်းသလောက် … ဘာလို့ ကြွေလွယ်ရတာလဲ ...။ မိုးကြောင့်ပဲ သူက ဖွေးဖွေးလှုပ်အောင် ပွင့်ပြပြီး … မိုးစက်မိုးပေါက်တွေ ဒဏ်ကို မခံနိုင်ပြန်တာလည်းသူ ...

မြေမှာ ပြန့်ကျဲနေတဲ့ ယုဇန ပွင့်ဖတ် ကလေးတွေက ကျမကို ပြောတယ် … “ညီမလေး … မယု … ကိုယ်ဝန် ရှိနေပြန်ပြီ” တဲ့။


သူ့ဖေဖေက သူ့ကို သမီး အကြီးဆုံးမို့ သိပ်ချစ်ဟန်တူတယ်။ သူ့နာမည်ကို သိပ်မလှပေမယ့် သိပ်ချစ်စရာကောင်းတဲ့ … သိပ်ကို မွှေးမြတဲ့ ပန်းလေးရဲ့ နာမည်ပေးထားတယ် … ယုဇန … တဲ့။

သူငယ်တန်း တက်ကြတော့ သူ့မေမေက ကျမတို့ ညီအစ်မ သုံးယောက်ကို ကျောင်းလိုက်ပို့တယ်။ ဟုတ်တယ် … ကျမတို့ မေမေတွေက ဝန်ထမ်းတွေ ဆိုတော့ ကျမတို့ကို သူ့မေမေ …၊ ကျမမေမေရဲ့ ညီမ ကြီးမာ ကပဲ ကျောင်းလိုက်ပို့ … ကျောင်းကြို၊ ထမင်းလာကျွေး ပေါ့ ...။ ကျမတို့ ဆိုတာက ကျမရယ် သူရယ် မနီရယ် ...။ ကျမက အငယ်ဆုံး … မနီက အကြီးဆုံး။ ကျမက သူတို့ကို မယု၊ မနီ လို့ ခေါ်တယ်။ တကယ်တော့ ကျမတို့သုံးယောက်က တဝမ်းကွဲတွေ ဆိုပေမယ့် … ရှေ့ဆင့်နောက်ဆင့် လပဲ ငယ်ပြီး မွေးလာတဲ့ သူငယ်ချင်းတွေဆိုလည်း မမှားဘူး။

ကျမရဲ့ ငယ်ဘဝမှာ မနီရယ်၊ မယုရယ် … ကျောက်သင်ပုန်း၊ ကျောက်တံလေးတွေရယ် … အရိုက်ကြမ်းတဲ့ ဆရာကြီးရယ်၊ ပုံပြောပြတဲ့ ဆရာမ ဝတုတ်ကြီးရယ် … ပြီးတော့ ကြီးမာရယ် … သူတို့က တလှည့်စီ ပေါ်လာလိုက် ပျောက်သွားလိုက် ...

စကားနည်းပြီး များများ မှတ်တတ်တဲ့ ကျမက ဆရာမတွေအမြင်မှာ အေးတဲ့သူ။ တကယ်လည်း ကျမက ပြဿနာ ဖြစ်ရမှာ ကြောက်တတ်တဲ့သူ ...။ မနီနဲ့ မယုကတော့ တနေ့ကို အနည်းဆုံး ငါးခါလောက် ရန်ဖြစ် ...။ ရန်ဖြစ်ပြီးရင် ပြန်ခေါ်။ ပြန်ခေါ်ပြီး ပြန်ရန်ဖြစ် ...။ သူတို့ကြားမှာ ကျမက ကြားနေ ...

ညီမလေး … ယုနဲ့ မနီနဲ့ စကားမပြောဘူး … သူ့ကို မခေါ်နဲ့ သိလား” လို့ မနီက လာပြောရင်လည်း ကျမက ခေါင်းညိတ်။ “ညီမလေး မနီနဲ့ မယု ရန်ဖြစ်ထားတယ် သူ့ကို မခေါ်နဲ့နော်။ ခေါ်ရင်တော့ အသိပဲ” လို့ မယုက ဆိုလာရင်လည်း ကျမက ခေါင်းညိတ်။ ဒီအစ်မနှစ်ယောက်ကြားမှာ ကျမက လည်သလို … အဆင်ပြေသလို နေခဲ့ရင်း ကျမရဲ့ မူလတန်း နေ့ရက်တွေကို ကျော်ဖြတ်ခဲ့ရတာ ...။ သူတို့ နှစ်ယောက်ကတော့ ကျောက်တံလုရင်း၊ ပေတံ ချိုးရင်း၊ ကျောက်သင်ပုန်း ခွဲရင်း၊ ဝလုံးတွေ မညီမညာ ရေးကြရင်း မတည့်အတူနေတွေပါ။

နွေကျောင်းပိတ်ရက်တွေကတော့ ကျမတို့အတွက် ဖုန်တထောင်းထောင်းကြားမှာ ကစားနည်း ပေါင်းစုံကို ငယ်သံပါအောင် အော်ဟစ် ဆော့ကစားကြရတဲ့ အပျော်လွန် နေ့ရက်တွေပေါ့ ...

မနီက ညီအစ်မချည်းပဲ ၆ ယောက်မှာ ၅ ယောက်မြောက်ဆိုတော့ အစ်မတွေအားကိုးနဲ့ ကျမတို့ကစားဝိုင်းကို မကြာခဏ ဆန့်ကျင်တတ်တယ်။ နောက်ဆုံးမှာ … အိုးခွက်လေးတွေနဲ့ … ဒါမှမဟုတ် … ထိုးလက်စ ကုလားမစည်းနဲ့ ကျန်ခဲ့ရတာက မယုနဲ့ ကျမ ...။ တယောက်ပဲ့သွားလို့ ငြိမ်သွားတဲ့ ကစားဝိုင်းကို ကြီးမာက ခပ်ကြမ်းကြမ်း သိမ်းခိုင်းပြီး … သရက်သီးစိတ် တွေကို ငံပြာရည်ဖျော်နဲ့ ကြွေးတဲ့အခါ … ခုနက ကစားဝိုင်းကို ကျမတို့ မေ့သွားကြတာပါပဲ။ အဲဒီတုန်းကတော့ လူကြီးတွေ ကြားမှာ ကျမတို့ နားမလည်နိုင်တဲ့ အေးစက်မှုတွေ ရှိနေပါလားလို့ မသိလောက်အောင် ငယ်ကြသေးတယ်။

အစပ်ကြောက် ပေမယ့် သရက်သီးစိတ်နဲ့ ငံပြာရည်ဖျော် စပ်စပ်ကိုကျတော့ အငမ်းမရ စားလို့ ချွေးသီးချွေးပေါက်တွေကျ၊ တရှုးရှုးနဲ့ ဖြစ်နေတဲ့ ကျမကို မယုက တဟားဟားရယ်ရင်း သဘောကျတတ်တယ်။ ပြီးရင်တော့ ကြီးမာက ကျမတို့ ခေါင်း နှစ်လုံးကို ဇိုးခနဲ ဇတ်ခနဲ ဆွဲယူပြီး သန်း … တိုက်ပေးတော့တာပဲ။

စာရွက်ဖြူ တရွက်ပေါ် တဖွဲဖွဲ ကျလာတဲ့ သန်းမကြီးတွေ၊ သန်းပြ လေးတွေဟာလည်း ကျမတို့ရဲ့ ငယ်ဘဝ ဇာတ်ကောင်တွေထဲမှာ ပါလေရဲ့ ...


တို့ … ကျော်စွာကို ပြောင်းရတော့မယ်” လို့ မယုက တုံးတိတိပြောတော့ … နွေကျောင်းပိတ်ရက်တွေမှာ အဖော်မဲ့တော့မယ့် အဖြစ်ကို တွေးမိပြီး ကျမ မျက်ရည်တွေ ဝဲ နေတယ်။

ဒယ်ဒီကလည်းဟာ … ဘာလို့ ပြောင်းရတာလဲ မသိပါဘူး”

မယုမသိသလို ကျမလည်း မသိဘူးလေ ...။ အဲဒီတုန်းက ကြီးမာကလည်း သမီးမိန်းကလေးဆိုလို့ မယုတယောက်တည်း မွေးထားသေးတာ၊ ကျမ မေမေကလည်း ကျမ တယောက်တည်း မိန်းကလေး မွေးထားတာဆိုတော့ မနီတို့ ညီအစ်မတွေ အုပ်စုဖွဲ့တာကို ယှဉ်နိုင်ဖို့ ကျမမှာ မယုရှိမှ ဖြစ်မှာ ဆိုတာတခုပဲ သိတယ်။ လေးတန်းဆိုတဲ့ အရွယ်က ကစားဖို့နဲ့ စားဖို့ပဲ သိသေးတာ မဟုတ်လား။

စာရေးနော် … မယု … တို့လည်း ရေးမယ်သိလား”

အဲဒီတုန်းက ကျမရဲ့ ချစ်လှစွာသော အစ်မဟာ လေးတန်းနဲ့ စာဆက်သင်လို့မရလောက်အောင် ဥာဏ်ရည် မမီတဲ့သူ ဆိုတာ ဘယ်သိပါ့မလဲ။

ကျမက တတန်းပြီး တတန်းအောင် … မူလတန်းကနေ အထက်တန်း ကျောင်းကြီးကိုရောက်၊ အလယ်တန်းက စာတွေနဲ့ ပိနေတဲ့အချိန် … မယုက ကျော်စွာမှာ ကျောင်းဆက်မနေတော့ဘူး ဆိုတဲ့သတင်း ကြားလိုက်ရ … ဒါပေမယ့် အမှုမဲ့ အမှတ်မဲ့ … ကျမအတွက် မယုဆိုတာ မှိန်ဖျော့စပြုခဲ့ပြီ။

အလယ်တန်း တက်စ … လမ်းအဝေးကြီး လျှောက်ရတဲ့ အထက်တန်းကျောင်းကြီးကို ပြောင်းတက်ရတော့ တယောက်တည်း ဖြစ်နေတဲ့ကျမကို မနီတို့ ညီအစ်မတွေ ပညာအမျိုးမျိုး ပြတာကို ကြိတ်ခံရင်း မယုသာရှိရင် ကျမကို ကာကွယ်မှာဆိုတဲ့ သတိရ စိတ်ကလေး နည်းနည်းတော့ ဖြစ်ခဲ့သေးတယ်။

ကျောင်းသွားဖို့ ဝင်ခေါ်မယ်ပြောထားလို့ စောင့်နေတဲ့ကျမကို တမင် မခေါ်ဘဲ တိတ်တိတ် ထွက်သွားကြလို့ ကျမ ကျောင်း အခါခါ နောက်ကျရတာ၊ ထမင်းစားချိန် ကျမကို မခေါ်ဘဲ မနီတယောက်တည်းကို သူ့အစ်မ တွေက ကွက်ခေါ်သွားလို့ အဖော်မပါဘဲ ထမင်းစားရင်း မုန့်တန်းကို မဆင်းရဲ ဖြစ်ခဲ့ရတာတွေ အကြိမ်ကြိမ် ထပ်လာတော့ ကျမဘာသာ ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ့်ပြဿနာ ကိုယ်ရှင်းဖို့ ကြံစည်တဲ့အချိန်မှာတော့ ကျမ မယုကို မေ့စပြုပြီ ...

သူငယ်ချင်း ဆိုတာ တော်တော် ချစ်စရာကောင်းပါလားလို့ သိစပြုတဲ့အချိန်မှာ … ညီအစ်မ ဆိုတာတွေကို ကျမစိတ်ထဲက လုံးဝ ထုတ်လိုက်ဖို့ ကြံစည်မိပြီ ...။ ကျောင်းကို ဘယ်သူမှမပါဘဲ ကျမတယောက်တည်း သွားရဲခဲ့တဲ့နောက် ထမင်းကို သူငယ်ချင်းတွေနဲ့ ဝေမျှစားရတာ … စာတွေကို သူငယ်ချင်းတွေနဲ့ အတူဖတ် မှတ် သင်ကြားရတာ… ဝယ်လာတဲ့ မုန့်တွေကို တယောက်နဲ့ တယောက် မျှစားရတာဟာ ဘယ်လောက် ချိုမြိန်တယ်ဆိုတာ သိလာတဲ့နောက် ကျမဘဝမှာ ညီအစ်မဆိုတာ လိုကို မလိုအပ်တော့တာ ...

အဆိုးဆုံးကတော့ ကျမ ရှစ်တန်းကို ဒီ ၂ လုံးနဲ့ အောင်တဲ့နှစ် ...။ အဲဒီနှစ်က မနီ ရှစ်တန်းကျတယ်။ သူ့အစ်မတွေက မနီကို ပေါ်ပေါ်တင်တင်ပဲ ကျမနဲ့ မခေါ်ဖို့ အမိန့်ပေးလိုက်တာ ...


တကယ်တော့ ကျမရဲ့ အလယ်တန်း နေ့ရက်တွေထဲမှာ မယုရဲ့ မညီညာတဲ့ လက်ရေးနဲ့ သတ်ပုံ မမှန်တဲ့ စကားလုံးတွေလည်း အကျုံးဝင်ခဲ့တာပါ ...။ ကျမကသာ ကျမရဲ့ ဘဝထဲက အမျိုး၊ ညီအစ်မ ဆိုတာတွေကို ဆွဲထုတ်ရင်း မယုကိုပါ မသိမသာ ဆွဲ ထုတ်ခဲ့မိတာလေ ...


ညီမလေ

မယု စာရေလိုက်ပါတယ်။ နေကောင်ကျရဲ့လာ။ မယုတော့ နေကောင်တယ်။ မာမီတော့ နေနဲနဲ မကောင်းဘူ။ ညီမလေး။ မယုမရှတော့ ညီမလေ ပျင်နေမှာပေါ။ မယုလဲ ကျော်စွာမှာ မပျောဘူး။ တညင်ကိုပဲ သတိရတယ်။ ကြီးကြီးကော နေကောင်လား။ ကိုရဲလေးကော နေကောင်းလာ။ ဦးဦကော နေကောင်လား။ ဗညားက အရမ်ဆိုတယ်။ ဝဏ္ဏက လိမ်မာတယ်။ ငပျော်ပင်စိုက်တာ ငပျော်သီမှည့်တော့ ရောင်းစားလို့ရတယ်။ မနီကို ခေါ်လား။ မဇူးက အရမ်စွာတယ်နော်။ မေအေးကလည်း အမြင်ကတ်စရာကြီးနော်။ ညီမလေး မယုကို သတိရရင် စာရေးပါ။ မာမီကလည် သတိရနေတယ်။ တညင်ကိုလာချင်တယ်။ကျောင်းပိတ်ရင် ကျော်စွကိုလာခဲပါလာ။

ချစ်သော်အမ

မယူ

အဲဒီလို မသေမသပ်လက်ရေးနဲ့ မမှန်တဲ့စာလုံးပေါင်းတွေနဲ့ စာကလေးတွေဟာ မယုဆီကနေ ကျမကို လစဉ်နီးပါ ရောက် ရောက် လာတတ်တယ်။ ကျမကတော့ မေ့လောက်မှ တခါ ပြန်တတ်တယ်။ ကျမဘဝမှာ မယုက မှေးမှိန်နေပြီကိုး … ကျမအတွက် ခင်စရာကောင်းတဲ့ သူငယ်ချင်းတွေလည်း ရနေပြီးကိုးလေ။ မယုကတော့ မသိရှာဘူး။ ကျမဆီကို စာမှန်မှန် ရေးဆဲပဲ ...

သူ့ စာထဲက ကိုရဲလေး ဆိုတာက ကျမမောင်အငယ်ဆုံးကောင်။ ဗညားဆိုတာက ကိုရဲနဲ့ ရွယ်တူ သူ့မောင်အငယ်၊ ဝဏ္ဏကတော့ သူ့ရဲ့ မောင်အကြီးပေါ့။ မဇူးဆိုတာက မနီအထက်ကအစ်မ။ မေအေး ဆိုတာက ကြီးမာတို့ ကျမ အမေတို့ရဲ့ ယောင်းမ … မနီရဲ့ အမေ … ဒီဇာတ်လမ်းမှာ အဓိက ဇာတ်ကောင်ဖြစ်လာမယ့် သူတယောက်ပါ။ မယုစာထဲမှာ အတင်းတွေ ပါလာတတ်ခဲ့ပြီ။

ညီမလေး

မယု သတိရစွာနဲ့ စာရေလိုက်ပါတယ်။ ညီမလေးနေကောင်းရဲလာ။ ညီမလေက အခု ၈ တန်းအောင်တယ်ဆိုး။ တော်တယ် ညီမလေးက မနီကမတောဘူး ညီမလေးဆရာဝန်မကြီလုပ်နော မယုကတော့ စာမတော်ဘူး ကျောင်ထွက်လိုက်ရတယ်။ မာမီကအခု ဗိုက်ကြီနေပြီ။ မဇူက လာနေပေးတယ်။ ဒါပေမယ့် မဇူးက အရမ်းနန့်တယ် သိလား။ ကိုသက်တင်က ချော်တယ်။ မဇူက ကိုသက်တင်ကို ကြိုက်နေတာ။ မယုတော့ အမြင်ကတ်ပါတယ်။ ကိုသက်တင်က ခင်ဖိုကောင်းတယ်။ ညီမလေ စာကြိုးစားနော်။ ကိုသက်တင်က ကျောင်ဆရာ တော်တယ် မယုကိုအရမ်းခင်တယ်။ မယုအခု မပျင်းတော့ဘူ။ ဝဏ္ဏက ခရမ်းချဉ်သီး ပင်တွေလည်းစိုက်တယ်။ ရောင်းရတယ်။ ကိုသက်တင်က ဝဏ္ဏကိုပြောပြတယ်။ မဇူးက အပျင်းထူ။ အလကားပဲ။ ညီမလေးက ဘာလို့ကျော်စွကိုမလာတာလဲ။ လာခဲ့ပါဦး။ လူကြုံရှိရင် နှုတ်ခမ်နီပေးလိုက်ပါ။

ချစ်သော မယု

မယုအမေ ကြီးမာက ကျမ ၉ တန်းနှစ်မှာ ညီမလေး တယောက်မွေးတယ်။ မဇူးက သွားစောင့်ရှောက်ပေးတယ်။ မယုက မဇူးကို ကြည့်မရဘူးဆိုတာ ပေါ်လွင်နေတယ်။ သူ့စာထဲမှာ ကိုသက်တင်ဆိုတဲ့ သူစိမ်းတယောက်အကြောင်း မိုးမွှန်အောင် ပါလာပါပြီ။ ကိုသက်တင် ချောကြောင်း၊ တော်ကြောင်း၊ ကျောင်းဆရာဖြစ်ကြောင်းကို သူရေးတတ်သလို ရေးပြပါတယ်။ ကျမကတော့ စာလုံးပေါင်း မမှန်တဲ့သူစာကို ဟာသတပုဒ်လောက်ပဲ သိပ်အလေးအနက်ထား မဖတ်မိတာ အမှန်ပဲ။ ပြီးတော့ သိပ္ပံတွဲ စသင်ရတဲ့ နှစ်မို့ နောက်နှစ် ၁၀ တန်းအတွက်ပါကြိုပြီး စာတွေနဲ့ ပိနေတဲ့အချိန် ...

ကျမတို့ တဖြည်းဖြည်း အရွယ်ရောက်လာတယ်ဆိုတာ ကိုယ့်ဘာသာ သတိမပြုမိသေးတဲ့ အချိန်မှာ ကျောင်းသွားကျောင်းပြန် … မနီကို ကောင်လေးတွေ လိုက်စတာ တွေ့ရတော့မှ … ကောင်လေးတွေရှေ့ရောက်ရင် မနီရဲ့ စကားပြောတဲ့အသံ ပြောင်းသွားတာ၊ မျက်လုံးအကြည့်တွေ မငြိမ်တာ၊ လမ်းကို နှေးနှေးလေး လျှောက်တာ၊ ရယ်စရာမဟုတ်ဘဲ အသံထွက် ရယ်တာတွေကို တွေ့တော့မှ အံ့သြတကြီး ဖြစ်ခဲ့ရ ...

ကိုးတန်းနှစ်ရဲ့ တခုသောရက်မှာ … ကျမဘဝရဲ့ အပြောင်းအလဲကြီးတရပ်ကို ရင်ဆိုင်လိုက်ရပြီး … ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် မိန်းကလေးပါလား ဆိုတာကို အထိတ်တလန့် သိလိုက်ရတော့မှ … ကျမလည်း သစ်ရွက်လှုပ်တာကို မြင်ရင် ရယ်ချင်တာ၊ အချစ်ကဗျာလေးတွေ ဖတ်ချင်တာ ကာတွန်းစာအုပ်တွေအစား အချစ်ဝတ္ထုတွေ ခိုးဖတ်ချင်မိတာကို သတိထားမိ….

ချစ်သူ ရည်းစား ဆိုတာကို ဘာမှန်းလည်းမသိ မြည်းလည်း မမြည်းစမ်းရဲဘဲ … စိတ်ကူးရေယာဉ်ကျောမှာ မျောချင်တဲ့ စိတ်ကို ဓာတုဗေဒ၊ ရူပဗေဒ၊ ဘိုင်အိုဆိုတဲ့ ဘာမှန်းအတင်းနားလည်အောင် လုပ်နေရတဲ့စာတွေနဲ့ အစားထိုး ဖြတ်တောက်ရတဲ့ ကာလတခု ...။ အဲဒီကာလမှာလည်း ကျမ မယုကို လုံးဝ မေ့ထားခဲ့တယ် ...

အသက်ကငယ် …. စာတွေက လေးပင်ဖိစီးပြီး … မနိုင်မနင်းဖြစ်နေရာက ကျမ ဆယ်တန်းကို တနှစ်ကျ ...၊ ငွေစက္ကူ အရေးအခင်းကို ကျော်ဖြတ် … သစ်ရွက်လေတိုးသံတွေကို သဘာဝပဲလို့ သေချာ သိမှတ်ပြီး စာပြီးရင်း စာ …၊ ကိုယ့် ကိုယ်ကိုယ် ဒဏ်ခတ်အရေးယူ … ပျော်စရာတွေနဲ့ ဖြတ်တောက်လို့ … ၁၀ တန်းဆိုတာကြီးကို ကျမ လွတ်လွတ်ကျွတ်ကျွတ် အောင် သွားချိန်မှာ … မယုက အချစ်စာမေးပွဲတွေ ဖြေဖို့ လေ့ကျင့်ခဏ်းတွေ သင်္ခန်းစာတွေနဲ့ လုံးထွေးနေမှန်း ကျမ လုံးဝ မသိခဲ့တာ။

(ဆက်လက်ဖော်ပြပါမည်)

2 comments:

ကိုကိုမိုးဇော် said...

စောင့်ဖတ်နေမယ်ဗျာ။ မိသားစု ကျန်းမာပျော်ရွှင်ပါစေကြောင်း ။။။

ပန်းခရမ်းပြာ said...

အချစ် ဇာတ်လမ်းလေးပါလား ညီမရေ့  ...
ကိုနိုင်က ခုထိ ပေါ်မလာသေးဘူး။
အမြန် ဆက်ရေးပါဦး။

မချို