ကမ္ဘာကြီးအတွက် သစ်ပင်စိုက်တဲ့ ကဗျာဆရာအတွက် ကဗျာ

အမှန်အတိုင်းပြောရရင် ကျမ ကဗျာ မရေးတတ်ပါဘူး။ ဒါပေမယ့် အကြောင်း တိုက်ဆိုင်သွားတဲ့အတွက် မနေ့က (၂၀၁၁ ရဲ့ ကမ္ဘာ့ကဗျာနေ့) မှာ ကဗျာလေးတပုဒ်ရေးဖြစ်ပါတယ်။ အကြောင်းတိုက်ဆိုင်တယ်လို့ ပြောရတာက မနေ့က ရန်ကုန်မှာရှိတဲ့ သူငယ်ချင်းကဗျာဆရာ တယောက်နဲ့ ဖုန်းပြောဖြစ်တော့ သူက “ဒီနေ့ ရန်ကုန်မှာ လုပ်မယ့် ကမ္ဘာ့ကဗျာနေ့ပွဲက သစ်ပင်စိုက်တဲ့ ကဗျာဆရာတွေ လုပ်တဲ့ပွဲ” လို့ ပြောတဲ့အတွက် ကျမ အတွေးတစ ရသွားလို့ပါ။ သစ်ပင်စိုက်တဲ့ ကဗျာဆရာဆိုတာ တင်စားပြောလိုက်တာပါ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကို စိတ်ဝင်စားတဲ့ ကဗျာဆရာပေါ့။ အဲဒီမှာ ကျမ အရင်ဆုံးပြေးမြင်လိုက်တာ ကဗျာဆရာ မင်းထက်မောင်ပါ။ ကျမအစ်ကို တယောက်လို ခင်ရတဲ့ ကိုမင်းထက်မောင်က ကဗျာရေးကောင်းသလို သဘာဝပတ်ဝန်းကျင်ကိစ္စ တွေကိုလည်း တော်တော်စိတ်ဝင်စားပါတယ်။ အဲဒါကြောင့် ဒီကဗျာလေးကို ကျမ သူ့ကို ရည်ညွှန်းပြီး ရေးမိပါတယ်။ နောက်တခုက မနေ့ညက ကျမတို့အိမ်မှာ သူငယ်ချင်းတွေစုပြီး ကဗျာရွတ်ပွဲလေး လုပ်ဖြစ်ပါတယ်။ အဲဒီမှာ ရွတ်ဖို့ ကဗျာတပုဒ် ကိုယ့်ဘာသာ ရေးချင်နေပါတယ်။ ကျမတို့ သူငယ်ချင်းတွေထဲက တယောက်က ဒီပွဲမလုပ်ခင် တရက်မှာ ကဗျာနေ့မှာ ရွတ်ဖို့ ကဗျာရေးတဲ့အခါကျရင် လက်ရှိဖြစ်ပျက်နေတဲ့ ကမ္ဘာကြီးရဲ့ ရာသီဥတု၊ ပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင် စတာတွေကို ရေးရင်ကောင်းမယ်လို့ ပြောပါတယ်။ အဲဒါကြောင့်လည်း ကျမ အတွေးတစ ထပ်ရပါတယ်။ ဒါနဲ့ ဒီ ကဗျာကို ရေးဖြစ်တယ်လို့ ဆိုရမှာပါ။ ကဗျာဆရာ မောင်ချောနွယ်က သူ့ရဲ့ သစ္စာပန်းများနဲ့ မေလ ကဗျာမှာ “တဘဝ ကဗျာဆရာ” တဲ့ ကျမကတော့ တရက် ကဗျာ ဆရာပေါ့ :P

“ကမ္ဘာကြီးအတွက် သစ်ပင်စိုက်တဲ့ ကဗျာဆရာအတွက် ကဗျာ”

အချစ်တွေ လျော့လာတာနဲ့အမျှ

ကမ္ဘာကြီး ပူနွေးလာတော့တာပါပဲ

မြစ်ရေတွေလျှံကျ … ရေကြီးရတယ်ဆိုတာကလည်း

ရေခဲတောင်တွေ ငိုလို့ပါ...


သစ်တောတွေကတော့

ငိုချိန်တောင်မရလိုက်ရှာဘူး

နာရီဝက်ကို ၁၀ ပင်တဲ့ …

လွှကြော်ငြာထဲက မော်ဒယ်မလေးခမျာ

ဘီလူးဆိုင်းနဲ့ ကနေရမှန်း မသိဘူးတဲ့ကွယ်

သစ်တပင်ခုတ် ထောင် ၆ နှစ် …


ချစ်တယ်ဆိုတာ ဘာခက်တာလိုက်လို့


ဟိုမှာတော့ ဆူနာမီတဲ့

ဒီမှာတော့ ငလျင်တဲ့

အဲဒါ မချစ်တော့လို့ပေါ့

ဒါမှမဟုတ် မချစ်တတ်လို့ပေါ့။


ရေဒီယိုသတ္တိ ကြွကြွ မကြွကြွ

အက်ဆစ် မိုးမိုး မမိုးမိုး

ဝေလငါး ကုန်တော့လည်း ငါးမန်းစားမပေါ့

ငါးမန်းကုန်တော့လည်း ငါးတန်တို့ ငါးမြစ်ချင်းတို့ …

နောက်ဆုံး … အမေ့ ဒယ်အိုးထဲမှာ ချက်စရာ ငါးတော့ ရှိဦးမှာပါ။


ဒီလိုပါပဲ

ဒိုင်နိုဆောသေတော့လည်း

ဘာနိုဆော ညာနိုဆောတွေ ရှိခဲ့တာပဲ

အခုတောင် သူတို့မျိုးနွယ် တကောင်က အိမ်ခေါင်မိုးပေါ်က

စုတ်ထိုးပြနေလေရဲ့ ...


ဒီလိုပါပဲ

ပျဉ်းမတွေ ကြွေပေမယ့်

ချင်းမိုင်ဟာ ချင်းမိုင်ပါ။


မြောက်ဝင်ရိုးစွန်းဆိုတာ

ချင်းမိုင်နဲ့ အဝေးကြီး …

ဂျပန်ဆိုတာလည်း ဝေးပါသေးတယ်

နယူးဇီလန် … ဟေတီ … ဝေးပါတယ် … ဝေးကြပါတယ် …

ဝေးရင်တော့ ကောင်းပါတယ်။


သူများကို နည်းနည်းချစ် … ကိုယ့်ကိုယ်ကိုယ် များများချစ်

ဒီလိုနဲ့ မသိမသာ ကိုယ့်ကိုယ်ကိုယ် မုန်းသလို ဖြစ်မှန်းမသိ ဖြစ်


မပူပါနဲ့

ကဗျာဆရာတွေ သစ်ပင်စိုက်နေပါတယ်

ချစ်တတ်တဲ့ ကဗျာဆရာတွေပေါ့။


ဒါပေမယ့် ကဗျာဆရာရေ

လွှတွေက ကဗျာဆရာထက်များနေပါပေါ့လား။

ကဗျာဆရာတွေက ကဗျာဆရာလောက်ပဲ ရှိပေတာကိုး။


ကမ္ဘာမြေကြီး ဆိုတဲ့ သတို့သမီးက

တခြားသူနဲ့ လက်ထပ်သွားပြီ ကဗျာဆရာရေ

ဟို သီချင်းထဲကလို ၂၅ မိနစ်တောင်မဟုတ်ဘူး

၂၅ နာရီလည်း မဟုတ်ဘူး။

သူ့ခမျာ ၂၅ နှစ်လောက် စောင့်ခဲ့ပါရဲ့ …။


အချစ်တွေ လျော့သွားမှတော့ …

ရေခဲတောင်ကြီး ငိုပြီပေါ့ ကဗျာဆရာ …


(အစ်ကို ကဗျာဆရာ မင်းထက်မောင်အတွက်)

မတ် ၂၁၊ ၂၀၁၁






1 comments:

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog