တပိုင်းကိုလျှော်မယ် တပိုင်းကို မီးပူတိုက်မယ်

ခုတလောမှာ ဆိုရှယ်ခေတ်တုန်းက အကြောင်းတွေ စကားစပ်မိပြီး ပြန်ပြန် ပြောဖြစ်ကြ တယ်။ တနေ့ကလည်း နှင်းဆီရင်ခွင် အငြိမ့်ကြည့်မိတော့ “ထမင်းအဝစား နှစ်ကျပ်ခွဲ” “ဘယ်မှာလဲ ဘယ်မှာလဲ ဗိုက်ကားအောင် စားလိုက်မယ်” “ဦးတို့ ငယ်ငယ်တုန်းကကွယ်၊ ဦးတို့ငယ်ငယ်တုန်းကကွယ် လွမ်းမိုးဆွေဆွေ၊ လွမ်းမိုးဆွေဆွေ လွမ်းငွေ့တဝေဝေ” ဆိုလို့ ရယ်လိုက်ရတာ ...။

ကျမတို့ငယ်ငယ် .. ဆိုရှယ်လစ်ခေတ်ကာလတုန်းက ဆန်တပြည် ၂ ကျပ် ပြား ၂၀ နဲ့ ပြည်သူ့ဆိုင်က ထုတ်ခဲ့ဖူးတယ် ဆိုတယ်ရင် ခုလူငယ်တွေက “ဘာကြောင်တာလဲ” လို့များ ဆိုလေမလားမသိဘူး။ ၈၈ တုန်းကတောင် “ဆန်တပြည် ၂ ကျပ်ခွဲ စိန်လွင့်ခေါင်းကိုခွဲ” လို့ တကယ်ကြီးကို အော်ခဲ့ကြသေးတာပဲ။ သြော် ခုတော့လည်း သူမဟုတ်သလို။

ကျမတို့ငယ်ငယ်က ကျမ မေမေက “ငါတို့မင်္ဂလာဆောင်ကာစက ရွှေတကျပ်သားကို ၁၅၀” လို့များ လွမ်းလွမ်း ဆွေးဆွေး ပြောရင် ကျမတို့ ခွက်ထိုးခွက်လှန် ရယ်ခဲ့ကြတာ။ တကယ်တော့ စနစ်ကို လွမ်းတာ မဟုတ်ပါဘူး၊ ခေတ်ကို ပြန်လွမ်းမိကြတာ။

ကျမ ဆယ်တန်းတက်တဲ့နှစ် ၁၉၈၆ တုန်းက ပါပါက သင်္ချာ ကျူရှင်ပြတော့ နည်းနည်းချောင်လည်တယ်လို့ ပြောလို့ရတယ် (အရင်ထက် စာရင်ပေါ့လေ) အဲဒီတုန်းက ကျမ ဆယ်တန်းကျောင်းသူကြီးက မုန့်ဖိုး တကျပ် တိတိ ခံစားခွင့်ရှိပါတယ်။ တကျပ်ရရင် ကျမက နေ့ခင်းကျောင်းမှာ ၅ မူးဖိုး မုန့်ဝယ်စားပြီး ကျန်တဲ့ ၅ မူးကို စုထားပါတယ်။ ကျောင်းမှာက ကြံတချောင်းလုံးမှ တမတ်၊ စံရွှေမြင့်တို့ ရွှေအိုးတို့ ဇီးထုပ်က တမတ်၊ ဒါမှမဟုတ် ထန်းလျှက်ချောင်း ၁၅ ပြားတန်းလေး စုတ်လို့လည်း ရသေးတယ်။ ထမင်းစားပြီး အချိုတည်းရုံဆိုတော့ ၅ မူးနဲ့တင် အလုပ်ဖြစ်တယ်လေ။

၅ မူးကို ဘာလို့စုလည်းဆိုတော့ ညနေ ကျူရှင်ချိန်မှာ သူငယ်ချင်းတွေနဲ့ မုန့်ဟင်းခါးဆိုင်တို့၊ အအေးဆိုင်တို့ ထိုင်ပြီး ဟန်ရေးပြချင်လို့။ ရယ်တော့ရယ်ရသား ... အဲဒီတုန်းက ကျမတို့ သန်လျင်မှာ မိန်းကလေးတွေ လူကြီး မပါဘဲ လက်ဖက်ရည်ဆိုင်မထိုင်ရဲသေးဘူးလေ။ လူကလည်း အပျိုပေါက်ဆိုတော့ ဟန်ရေးကလည်း ပြချင်၊ အစားအသောက် ရှားပါးတဲ့ခေတ်ဆိုတော့ (တကယ်က ခုက ပိုရှားတာ :P) စားကလည်း စားချင် ... အဲဒီတော့ ကျမက ၅ မူးကို ချန်ထားရတယ်။

၅ မူးချန်ရုံနဲ့ ညနေ စားသောက်ဆိုင်လေးတွေ ထိုင်နိုင်ပြီ ထင်ရင်တော့ မှားသွားမယ်။ မုန့်ဟင်းခါးက အကြော်မပါ ပြား ခြောက်ဆယ်၊ အကြော်နဲ့ သုံးမတ်၊ အအေးက ကျောက်ကျောဆို ပြားခြောက်ဆယ်၊ ကျန်တဲ့ ဇီးတို့၊ သစ်ခွ တို့ သံဗူးတို့က သုံးမတ်၊ ဖာလူဒါကတော့ အနားမကပ်နိုင်ဘူး ၁ ကျပ်ခွဲလောက်ရှိမယ်၊ ဆီချက်စားချင်ရင်တော့ ၅ မူးကို ၅ ရက်စုရတယ်၊ ၂ ကျပ်ခွဲကိုး။ သြော်ရှိသေးတယ် ဝက်ခေါင်းသုပ်က သုံးမတ်။

အဲဒီတုန်းက ကျမတို့အိမ်မှာ နည်းနည်းလေးချောင်လည်တယ် ဆိုပေမယ့် ကျမသူငယ်ချင်းတွေနဲ့ ယှဉ်လိုက်ရင် မပြောပလောက်ပါဘူး။ သူတို့ထဲမှာ တယောက်က သင်္ဘောသား သမီး၊ တယောက်က ကုန်ကားမောင်းတဲ့ ဒရိုင်ဘာရဲ့သမီး၊ တယောက်ကတော့ ရေနံချက်စက်ရုံ အရာရှိ သမီး ဆိုတော့ ဘာပဲပြောပြော ကျမထက်တော့ သာတယ်။ ဒါပေမယ့် သူတို့က ကျမကိုတော့ စောင့်ကြပါတယ်။ ဥပမာ ၂ ရက်ကို တခါလောက်ပဲ ဆိုင်တဆိုင် ဆိုင်မှာ ထိုင်ကြတယ်။ ကြိုချိန်းကြတယ်။

တရက်တော့ ကျမတို့ထဲက ပပ ဆိုတဲ့သူငယ်ချင်းက “နက်ဖြန် ဝက်ခေါင်းသုပ် စားရအောင်ဟာ” တဲ့။ အိုကေပေါ့ ကျမလည်း နက်ဖြန်တော့ အနည်းဆုံး သုံးမတ်ရှိရမယ်ပေါ့။ တခြား ယောက်ျားလေး သူငယ်ချင်းတွေကလည်း လိုက်မယ်တဲ့ ... ချိန်းထားလိုက်ကြတယ်။ ဒါ ကျမတို့ ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသူတွေ အတွက် မဟာ စွန့်စားခန်းကြီးတရပ်ပေါ့ ဟဲဟဲ ... ဟင်းဟင်း ခုလို ဒေးကလပ်တွေ မပေါ်သေးလို့ပေါ့ကွာ ...။

ချော်တောက ငေါ့ပြန်တော့မယ်၊ ဆက်ရရင် နောက်နေ့ သူငယ်ချင်း ၆ ယောက် ၇ ယောက်လောက်ရှိမယ် သန်လျင်မြို့ရဲ့ တခုတည်းသော ဝက်ခေါင်းသုတ် ဆိုင်လေးမှာပေါ့ ... ဒန်ဒန့်တန် ... အဲဒီမှာ ထိုင်မိတာနဲ့ ပပ က ဖောက်ပါလေရော ..

“ဦးလေး ဝက်လျှာရှိလား” တဲ့။ ဆိုင်ရှင် တရုပ်ကြီးက “ရှိတယ်၊ တပွဲစာပဲ ရမယ် တပွဲကို တကျပ်နော်” လို့ ပြန်ပြောပါတယ်။ အဲဒီမှာ ဇာတ်လမ်းက စတော့တာပဲ ... ပပ က “လျှာချည်းပဲ ကျမကို တပွဲပေးပါ” လို့ သုပ်ခိုင်းတယ်။

ပြဿနာက ဝက်လျှာဆိုတာ တကောင်လုံးမှာမှ တချောင်းတည်းပါတာ ဆိုတော့ ရှားလည်း ရှားတယ် ဈေးလည်း ကြီးတယ်၊ ပပ က သင်္ဘောသားသမီးဆိုတော့ ၁ ကျပ်လည်းမမှုဘူး စားနိုင်တယ်။ သို့သော် ရေနံအရာရှိသမီး ဖြစ်တဲ့ (ကျမတို့အခေါ်) မောင်ကြီးက တင်းသွားတယ်။ စားပွဲကို “ဝုန်း” ဆို တချက်ထုပြီး။ “ပပ နင် ဒါမျိုး မလုပ်သင့်ဘူး၊ ဦးလေး အဲဒီဝက်လျှာကို အားလုံးပုကန်ထဲ မျှ ထည့်ပေးပါ” လို့ အော်လိုက်တယ်။

ဟုတ်တာပေါ့ ဆိုရှယ်လစ်ခေတ်၊ သမဝါယမ စနစ်ကြီးနဲ့ ရှင်သန်နေကြရတဲ့အချိန်လေ ပပ ကို ပြန်မပြောရဲ ပေမယ့် ကျမစိတ်ထဲက မောင်ကြီးကို ကျေးဇူးတင်မိတယ်။ ထောက်လည်း ထောက်ခံမိတယ် (တော်တော် သတ္တိ ရှိတာနော် .. စိတ်ထဲကပဲ ထောက်ခံရဲတာ) ပပ ကတော့ မောင်ကြီးကို ဒေါသထွက်သွားပုံရတယ်၊ စွာကလည်း စွာတော့ “ဟေ့ ငါအရင်သတိရတာ၊ ငါစားနိုင်လို့ စားတာ နင်တို့အပူမပါဘူး။ ဦးလေး ကျမအတွက်ပဲ သုပ်ပေးပါ” ဆိုပြီး လုပ်ပါလေရော။

တရုပ်ကြီးလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ၊ တပွဲစာ ဝက်လျှာတုံးကလေးနဲ့ အူကြောင်ကြောင် ဖြစ်နေ ရှာတယ်၊ ယောက်ျားလေးသူငယ်ချင်းတွေ ပါပေမယ့် သူတို့လည်း ဘာပြောရမှန်းမသိဘူး၊ ဒါမျိုး ပြဿနာ ဘယ်သူမှ မကြုံဖူးကြဘူးလေ၊ ကြံကြံဖန်ဖန် ဝက်လျှာအမှုဆိုပြီး ပေါင်ချိန်ကြီးဆီ ပြေးရမလို။ ဘယ်သူမှ ဝင်မရှင်း ပေးနိုင်တဲ့ ပြဿနာဟာ ပပနဲ့ မောင်ကြီးတို့ရဲ့ ရန်ပွဲအဖြစ် အသွင်ကူးပြောင်းသွားပြီး နောက်ဆုံး ကျူရှင်ချိန် နီးလာတာနဲ့ ဘယ်သူမှ ဝက်ခေါင်းသုပ် မစားလိုက်ရဘဲ ပေါက်ဖော်ကြီးလည်း ဝက်ခေါင်းသုပ်မရောင်း လိုက်ရဘဲ ကျူရှင်ကို စိတ်ညစ်ညစ်နဲ့ သွားလိုက်ရတော့တယ်။ မောင်ကြီးနဲ့ ပပ ကတော့ တပတ်လောက် စကားမပြော ကြဘူး ...။ အင်း ဟိုးခေတ်က စာရေးဆရာကြီးတွေရဲ့ လေနဲ့ ပြောရရင် ဆိုရှယ်လစ်စနစ်ရဲ့ အမွေဆိုး တွေပေါ့။

ဟုတ်တော့လည်း ဟုတ်တယ်၊ ရှားပါးပုံများ ကြည့်ပါဦး ... အဲဒီတုန်းက ဝက်ခေါင်းသုပ်ဆိုင်က စုစုပေါင်း တဆိုင်တည်းဆိုတော့ လျှာကလည်း တချောင်းတည်း ရှိမှာပေါ့၊ ခုခေတ်ဆိုရင်တော့ ရွေးစရာတွေက ခပ်များများ၊ တဆိုင်မရရင် နောက်တဆိုင်သွားမပေါ့။ နောက်ပြီး အဲဒီတုန်းက အဲလိုအစားအစာတွေကိုပဲ အကောင်းလုပ် စားနေရတာလေ။

ဆိုရှယ်လစ်ခေတ်မှာ ကြီးပျင်းလာသူတွေရဲ့ အကျင့်ကို နည်းနည်း ပြောချင်သေးတယ်။ ခုဏက ပပနဲ့ မောင်ကြီးနဲ့ ဖြစ်တဲ့ ရန်ပွဲမျိုးမှာပေါ့ ... စိတ်ထဲက ပပ ဟာ တကိုယ်ကောင်းဆန်တယ်၊ မောင်ကြီးက အများအတွက် အမုန်းခံ ပေးတယ် (ကျမတို့လည်း ဝက်လျှာကိုနည်းနည်းတော့ စားချင်တာကိုး) ဆိုတာမျိုးရှိတယ်၊ သို့သော် ကျမတို့က မှန်တဲ့ဘက်က လိုက်မပြောရဲကြဘူး၊ ခေါင်းညိတ်တာ၊ လက်ယျာလက်ပြတာ အသားသေနေကြပြီ။ တခုခုဆို ထောက်ခံပါတယ်လို့ အော်တာ အကျင့်ပါနေပြီ။ ဆိုရှယ်လစ်ခေတ်ကလည်း ကျမတို့ကို အဲဒါပဲ သင်ပေး ထားတယ်။

ကျမအဖေက နှစ်စဉ် ရပ်ကွက်ကောင်စီရုံးမှာ ကျင်းပတဲ့ ရပ်ကွက်လူကြီး ရွေးပွဲတွေ သွားသွားတက်ရတယ်၊ ပြန်လာတိုင်း ကာတွန်းဆရာဖြစ်တဲ့ ပါပါက အဲဒီရွေးပွဲတွေရဲ့ ပေါက်တတ်ကရ အဖြစ်အပျက်တွေ ပြောပြပါ များလို့ ကြားဖူးနေကျပဲ။ လူရွေးတယ်သာဆိုတယ် အများသဘောမဟုတ်ဘူး၊ ရွေးပြီးသားလူကို ရပ်ကွက်နေ ပြည်သူလူထုကို ထောက်ခံခိုင်းတာ၊ ကန့်ကွက်ရင်ဘာဖြစ်မလဲ ဘာမှမဖြစ်ဘူး အဲဒီရွေးပြီးသား လူပဲ ရမှာပဲ။ ကန့်ကွက်တဲ့သူက ကံဆိုးရင် ထောင်ထဲဝင်ရနိုင်တယ်။

မနေ့ညက ကျမတို့ ဘော်ဒါတွေ ဆိုရှယ်လစ်ခေတ်အကြောင်း စကားစပ်မိကြပြန်တော့ ကျမရဲ့ ဇာတ်လိုက်ကြီး တဦးဖြစ်တဲ့ ကိုဟန်က ပြောပြတယ်။ တကယ်ဖြစ်ခဲ့တဲ့ ဆိုရှယ်လစ်ခေတ်က ပေါက်တက်ကရ အဖြစ်တခုပါ။

အပေါ်မှာ ဆိုခဲ့သလို ရပ်ကွက်တခုမှာ လူကြီးရွေးပွဲလား စည်းဝေးလား တခုလုပ်တော့ သဘာပတိက “ကန့်ကွက်မယ့်သူရှိပါသလားခင်ဗျား” လို့ မေးရမယ့်အစား “ထောက်ခံမယ့်သူရှိပါသလား ခင်ဗျား” လို့ မေးမိသတဲ့။ အဲဒီမှာ အောက်ကလူတွေကလည်း အကျင့်က ပါနေတော့ “မရှိပါဘူး” လို့ တပြိုင်တည်း ဖြေလိုက်တယ်။ သို့သော် သဘာပတိက ခပ်တည်တည်ပဲ “ထောက်ခံမယ့်သူမရှိတဲ့အတွက် အစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်းကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား” လို့ ဆိုသတဲ့။ ဖြစ်ပုံများ။

ကျမရဲ့ ပေါက်တက်ကရစာကို အဆုံးမသတ်ချင်သေးဘူး ... ဆိုရှယ်လစ်ခေတ်က ဖတ်ဖူးတဲ့ ကာတွန်းလေး တကွက်ကို သတိရမိလို့။ အဲဒီခေတ်က ဗဟို ပါတီကောင်စီဝင်တွေကို သရော်ထားတာပါ။ အဲဒီ လူကြီးတွေက ရိုးရိုး စကားပြောတာတောင် ပါတီဝင်လေသံလေးနဲ့မှ ပြောတတ်တာ ဆိုလားပဲ။ အစည်းအဝေးတွေမှာ “တပိုင်းကတော့ ကျတော်တို့ လမ်းစဉ်ပါတီဝင်တွေရဲ့ လုပ်ဆောင်မှုအပေါ်မှာ မူတည်ပါတယ်၊ တပိုင်းကတော့ အဖွဲ့ဝင်တွေရဲ့ သဘောထား ဘယ်လိုရှိတယ်ဆိုတာ စောကြောရပါမယ်” အဲဂလို ပြောလေ့ရှိကြတယ် (အန်ဒီကောင်ဆိုရင်တော့ တပိုင်းကတော့ ခုသောက်ဖို့ တပိုင်းကတော့ နေ့ဖို့ညစာ ချန်ထားဖို့လို့များ ပြောမလားဘဲ)

ခုဏက ကာတွန်းဆိုတာက ဒီလို ... မိန်းမလုပ်တဲ့သူက အိမ်ကထွက်ခါနီး ယောက်ျားကို “ရှင့်ရဲ့ ဒီအင်္ကျီအပေက ဘာလုပ်ရမှာလဲ” လို့မေးတော့ ယောက်ျားက “အေးအေး ... တပိုင်းကတော့ လျှော်မယ်၊ တပိုင်းက မီးပူ တိုက်မယ်” လို့ပြောသတဲ့။ ဒါနဲ့ မိန်းမကလည်း အမြင်ကပ်ကပ်ရှိလား မသိဘူး အင်္ကျီအပေကြီးကို တခြမ်းပဲ လျှော်ထားပြီး ကျန်တဲ့တပိုင်းကို ပြန့်နေအောင် မီးပူတိုက်ထားလိုက်တယ်တဲ့ ...။ သြော် ဆိုရှယ်လစ်ခေတ် ဆိုရှယ်လစ်ခေတ် ... ခုတော့ သူမဟုတ်ခဲ့သလိုပဲနော်။


8 comments:

SDL said...

ပြုံးသွားတယ်။
ငယ်ငယ်က စံရွှေမြင့်/ မိုးသကြားဆီးထုတ် တစ်ထုတ်မှ တစ်မတ်၊ သတိရလိုက်တာ။ :P

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

အကြောင်းအရာကပြုံးစရာ..ငယ်ဘဝကို သတိရစရာပါ..သတ်ပုံ..ဂရုစိုက်ပါဦး..ဗမာပြည်တွင်းက..စာနယ်ဇင်းတွေ..blog တွေက ပြည်ပက blog တွေ စာစောင်တွေလောက် သတ်ပုံ မမှန်တာ အမြဲတွေ့နေရတယ်..စ လုံး ဆ လိမ် ကွဲပြားအောင် သတိထားပါ..မိုးစိမ့်စိမ့်ကြာကြာရွာတာကို မိုးစွေ တယ်ခေါ်ပါတယ်..မိုးဆွေ မဟုတ်ပါ..လက်ယာ ကို လက်ျာ လို့ရေးပါတယ်..လက်ယျာ မဟုတ်ပါ..ပန်းကန် ဟာ ပုကန် မဟုတ်ပါ..စာနယ်ဇင်းနဲ့ ပတ်သက်သူမို့ အပြုသဘောပြောတာပါ..ပမာဒလေခ သွားတယ်လို့အောက်မေ့မိပါတယ်

little brook said...

ငယ်ငယ်က စာအုပ်နီတွေဖတ်ပီး ကျွန်တော်လည်း နီချင်တယ် .. ခုထိပဲ လူလည်း တပိုင်းမီးပူတိုက်ထားပီး တပိုင်းက လျှော်ထားသလို .. ဟားဟား

ရန်အောင် said...

ဆန်တပြည် ၁၆ ကျပ်ပါ ဘဲဥတလုံးနှစ်ကျပ်ခွဲပါ ၁၉၈၈ တုန်းက ဆန်တပြည် ၁၆ကျပ် စိန်လွင်ခေါင်းကိုဖြတ် ဘဲဥတလုံးနှစ်ကျပ်ခွဲစိန်လွင်ခေါင်းကိုခွဲ

မိုးခါး said...

အစ်မ ရဲ့စာတွေကိုတော့ ဖတ်ရတာ တကယ်ကြိုက်တယ် ..း))

pandora said...

နှင်းဆီရင်ခွင် အငြိမ့်ကို ကြည့်ပြီးမှ တခေါက်လာပြန်ဖတ်တယ်..
အော်.. မဆလ ခေတ်.. လွမ်းစရာ

မဆုမွန် said...

“ထောက်ခံမယ့်သူမရှိတဲ့အတွက် အစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်းကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား”



ဟိဟိဟိ အခုထက်ထိ ရယ်တာမရ့ပ်သေးဘူး သွားနာနေတာတောင် နော် ဟီးဟီး

Starless Sky said...

အရမ်းကြိုက်ပါတယ် အမ